အခန်း (၂၉၉)
Vol. 20 Ch. 299
လျှို့ဝှက်နယ်မြေအား စူးစမ်းရှာဖွေရန် သွားခဲ့သော ကောင်းကင်ဘုရင် (၄) ယောက်တွင် (၂) ယောက်သာ ပြန်ရောက်လာခဲ့၏။ ကျန် (၂) ယောက်သေဆုံးသွားခြင်းမှာ ထင်ရှားသည်။ ထိုနှစ်ယောက်တွင် တစ်ယောက်က ယု မိသားစုမှ ဘိုးဘေးဖြစ်ပြီး ကျန်တစ်ယောက်မှာ ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးဟောင်းဖြစ်၏။
ထိုသတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ မုန်တိုင်းတစ်ခုအလား လျှင်မြန်စွာပျံ့နှံ့တိုက်ခတ်သွားလေသည်။
“ ယု မိသားစုဘိုးဘေး သေသွားပြီလား… အဲ့တာ နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူလေ…”
“ အဲ့တာက ဘာမှမဟုတ်သေးဘူး… ဗဟိုသူတော်စင်အကယ်ဒမီရဲ့ ဌာနမှူးဟောင်းလည်း သေဆုံးသွားပြီလို့ ငါသတင်းကြားတယ်...”
တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် သတင်းပို့ ကျောက်စိမ်းများဖြင့် သတင်းစကားများပလူပျံနေပြီး သတင်းမျိုးစုံ ပျံ့နှံ့နေသည်။
သိုင်းဒေသ ၊ ဟွမ်မိသားစု
ဟွမ် မိသားစုခေါင်းဆောင်လည်း ထိုသတင်းအားကြားသိခဲ့ရပြီးနောက် ဟွမ်ဘိုးဘေးထံသို့ သတင်းပို့ခဲ့သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်
ဘုန်း…
ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်အရှိန်အဝါက ကောင်းကင်ထက်မှထွက်ပေါ်လာခဲ့ပြီး ဟွမ်မိသားစုတစ်ခုလုံးအား တုန်ခါသွားစေခဲ့သည်။
“ မင်းပြောတာ အမှန်လား…”
ဟွမ်ဘိုးဘေးက သူ့အား ဦးညွတ်အရိုအသေပေးနေသော ဟွမ်မိသားစုခေါင်းဆောင်အား အနီးကပ်စိုက်ကြည့်ကာ မေးလိုက်သည်။
“ ဘိုးဘေးကို မလိမ်ရဲပါဘူး… ဒီသတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးမှာ ပျံ့နှံ့နေပြီ… ယုမိသားစု ဘိုးဘေးနဲ့ ဗဟိုသူတော်စင်အကယ်ဒမီက ဌာနမှူးဟောင်း လျှိ့ဝှက်နယ်မြေထဲမှာ သေဆုံးခဲ့ကြတယ်လို့ပြောနေကြတယ်… ကျွန်တော် စုံစမ်းဖို့တစ်ယောက်ယောက် စေလွှတ်ခဲ့လိုက်သေးတယ်… ယုမိသားစုထဲမှာ တော်တော်လေး ဖရိုဖရဲဖြစ်နေတယ်ဆိုတော့ သူတို့ ဘိုးဘေး သေဆုံးသွားဖို့က သေချာသလောက်ရှိတယ်…”
ထိုစကားအား ကြားလျှင် ဟွမ်ဘိုးဘေး၏ အပြုံးက တဖြည်းဖြည်းကျယ်ပြန့်လာပြီး သူ့မျက်ဝန်းများထဲ၌ အေးစက်သော သတ်ဖြတ်ငွေ့များ ပြည့်နှက်လာသည်။
“ ဗဟိုသူတော်စင်အကယ်ဒမီ ဌာနမှူးဟောင်း… ခင်ဗျား ကျုပ်ကို အများကြီး အရှက်ရစေခဲ့တယ်… ကျုပ် ဗဟိုသူတော်စင်အကယ်ဒမီကို ဖျက်ဆီးပစ်ချင်နေတာကြာပြီ…”
ဟွမ်ဘိုးဘေးက အေးစက်စွာပြောလိုက်ပြီးနောက် လက်အားဝှေ့ယမ်းလိုက်သည်။
“ဒါပေမယ့် ဗဟိုသူတော်စင်အကယ်ဒမီက ပေါ့သေးသေးတော့မဟုတ်ဘူး… အရမ်းနက်ရှိုင်းတဲ့ သမိုင်းကြောင်းရှိတယ်… တစ်ချိန်တုန်းက တောင်ပိုင်းတိုက်ကြီးမှာ နံပါတ် (၁) အကယ်ဒမီကြီးတောင် ဖြစ်ခဲ့သေးတာပဲ… မင်းအခြေအနေကို နည်းနည်းစမ်းသပ်ကြည့်လိုက်ပြီးတော့ သတင်းအတိအကျသိရအောင်လုပ်လိုက်…”
“ ကောင်းပါပြီ…”
ဟွမ်မိသားစုခေါင်းဆောင်က ဦးညွှတ်လိုက်ပြီး နောက်သို့ တရွေ့ရွေ့ဆုတ်သွားခဲ့လေသည်။
…
တောင်ပိုင်းတိုက်ကြီး ခွန်ဒေသ ၊ ရှန်းမိသားစု အစည်းအဝေးခန်းမတွင်…
ငှက်မွှေးဝတ်စုံအား ဝတ်ဆင်ထားသည့် အမျိုးသမီးမျက်နှာဖြင့် အမျိုးသားတစ်ဦး ရုတ်တရက်ထွက်ပေါ်လာပြီး လူတိုင်းအား တုန်လှုပ်သွားစေခဲ့သည်။
၎င်းက ရှန်းမိသားစု၏ အနောက်ဘက်တောင်တန်းများထဲ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ရှန်းမိသားစု၏ ဘိုးဘေးဖြစ်သည်။ သူက တံခါးပိတ်ကျင့်ကြံနေသည်မှာ ကြာချေပြီ။
“ ရှောင်ရှန်း… ငါကြားခဲ့ရသလောက် ဗဟိုသူတော်စင်အကယ်ဒမီက ဟိုဟီ သေသွားပြီဆို…”
ထိုလူ၏လက်ထဲတွင် ငှက်မွှေးယပ်တောင်တစ်ချောင်းအား ကိုင်ထားပြီး ညင်သာစွာ ယပ်ခတ်ရင်း ရှန်းမိသားစုခေါင်းဆောင်၏ မျက်လုံးများအား စိုက်ကြည့်ကာ မေးလိုက်သည်။
ရှန်းမိသားစုခေါင်းဆောင်က ထိတ်လန့်သွားပြီး အနည်းငယ်ရှေ့သို့ တိုးလိုက်ကာ
“ ဘိုးဘေး… ဗဟိုသူတော်စင်အကယ်ဒမီက ကောင်းကင်ဘုရင် ဟိုဟီက အရမ်းညာဏ်များလွန်းတယ်… ကျုပ်တို့ သေချာစုံစမ်းဖို့ လိုဦးမယ်…”
ရှန်းမိသားစု ဘိုးဘေးက ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး လက်ထဲမှယပ်ဆောင်အား တစ်ချက်ပြီးတစ်ချက်ပုတ်ကာ သူ၏မျက်နှာထက်၌ နက်နဲသော အပြုံးတစ်ခုထွက်ပေါ်လာလေသည်။
“ သတင်းအတိအကျသိရအောင် စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်… သိရတာနဲ့ငါ့ကို ချက်ချင်းအသိပေးပါ…”
…
အန်ဒေသ ၊ ဖန်မိသားစု…
သန်မာတောင့်တင်းသော ခန္ဓာကိုယ်နှင့် ပေါက်ကွဲထွက်မတတ်အရှိန်အဝါများ ဖြာထွက်နေသည့် အမျိုးသားတစ်ဦးက ကောင်းကင်ထက်သို့ကြည့်ကာ အားပါးတရ ရယ်မောလိုက်သည်။ သူ၏ ရယ်သံက ဖန်မိသားစုတောင်ထိပ်မှတစ်ဆင့် ကောင်းကင်ထက်သို့ ကျယ်လောင်စွာ ပျံ့နှံ့သွား၏။
ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သောလူများ ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာဖြင့် ဖန်မိသားစုရှိရာသို့ လှည့်ကြည့်မိလိုက်ကြသည်။
တောင်ပိုင်းတိုက်ကြီး၏ ဒေသအမျိုးမျိုးမှ မိသားစုကြီးအများစုတွင် ဆင်တူဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေ၏။
၎င်းတို့တွင် ဘုံတူညီမှုတစ်ခုက ဗဟိုသူတော်စင်အကယ်ဒမီနှင့် ရန်ငြိုးများရှိခြင်းပင်။
ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးဟောင်းသက်ရှိထင်ရှားရှိနေခဲ့စဉ်က ၎င်းက အားလုံးကို ဖိနှိပ်ရန်အတွက် နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ခွန်အားကို အသုံးပြုခဲ့သည်။
ထို့ကြောင့် ထိုအင်အားစုများအားလုံး ဗဟိုသူတော်စင်အကယ်ဒမီအား ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ဝံ့ခြင်းမရှိပဲ အမြဲတစေ နောက်ကွယ်မှ တစ်စုံတစ်ခုအား လျှို့ဝှက်စွာလုပ်ဆောင်ရန် အမြဲတစေကြံဆနေခဲ့ကြသည်။
ယခုတွင်မူ…
သူတို့ အချိန် ရောက်လာချေပြီ။
….
ဗဟိုသူတော်စင်အကယ်ဒမီ၌ ဌာနမှူး လက်ထဲတွင် အဆောင်ကျောက်စိမ်းတစ်ခုအားကိုင်ဆောင်ထားပြီး မျက်နှာက အလွန်ပင် ဖြူလျော့နေလေသည်။
ဗဟိုသူတော်စင်အကယ်ဒမီက ဌာနမှူးဟောင်းသေဆုံးသွားသည့်သတင်းက အစပိုင်းတွင် သိပ်ပြီးဘာမှ ထူးထူးခြားခြားမဟုတ်ခဲ့သော်လည်း တဖြည်းဖြည်းကြာလာသည်နှင့်အမျှ ပြင်ပကမ္ဘာသို့ ခရီးထွက်ခွာနေသော ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများအမဲလိုက်သတ်ဖြတ်ခံရသည့် သတင်းများ ဆက်တိုက်ထွက်ပေါ်လာ၏။
အမျိုးမျိုးသော အင်အားစုများက ဗဟိုသူတော်စင်အကယ်ဒမီ၏ လှုပ်ရှားမှုကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေခဲ့ကြပြီး လှုပ်ရှားရန်အသင့်ဖြစ်နေကြချေပြီ။
ဘုန်း…
ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူး မွန်းကျပ်စွာဖြင့် အော်ဟစ်လိုက်ပြီး နံဘေးမှခုံအား အားကုန် ရိုက်ချလိုက်လေသည်။
၎င်းတို့က ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးဟောင်းအား ထွက်လာရန် ဖိအားပေးနေသည်မှာ ထင်ရှားသည်။
တောင်ပိုင်းတိုက်ကြီးမှ အင်အားစုအများအပြားက ဗဟိုသူတော်စင်အကယ်ဒမီအား ဖျက်ဆီးချင်နေသည်မှာ ကြာချေပြီ။ ယခုအချိန်တွင် ၎င်းတို့က ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးဟောင်းသေဆုံးသည့်သတင်းအား အတည်ပြုရန်အတွက် ပြင်ပကမ္ဘာသို့ရောက်ရှိနေသည့် ကျောင်းသားများအား လိုက်လံအမဲလိုက်သတ်ဖြတ်နေကြသည်။
အကယ်၍ ဌာနမှူးဟောင်းသာ ရှိနေသေးလျှင် ထိုသို့ပြုလုပ်ခံရပါက ၎င်းတို့အား ပညာပေးရန် ကိုယ်တိုင်ထွက်သွားပေလိမ့်မည်။ သို့သော် ယခုတွင် ဌာနမှူးဟောင်း အမှန်တကယ်သေဆုံးသွားပြီဖြစ်ရာ ဗဟိုသူတော်စင်အကယ်ဒမီအနေဖြင့် ထိုလူများအား ဟန့်တားရန် မစွမ်းသာတော့ချေ။
အကယ်၍ သူသာ လှုပ်ရှားလိုက်သည်နှင့် ရန်သူများက ၎င်းတို့စမ်းသပ်နေသည့် အဖြေကို ချက်ချင်းသိရှိသွားပေလိမ့်မည်။ ထို့နောက်တွင် ဗဟိုသူတော်စင်အကယ်ဒမီအား ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတော့မည်ဖြစ်၏။
“ အကယ်ဒမီက ကျောင်းသားတွေအားလုံးကို အခုပြန်လာဖို့ပြောလိုက်ပါ…”
ဌာနမှူး အံကြိတ်ရင်း အမိန့်ပေးလိုက်၏။
လက်ရှိတွင် အဓိက ဒေသကြီးများသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်နေသည့် ကျောင်းသားတိုင်း အလွန်အစွမ်းထက်ကြသူများဖြစ်ရာ ၎င်းတို့၏ သေဆုံးမှုက ဗဟိုသူတော်စင်အကယ်ဒမီအား များစွာ ထိခိုက်စေနိုင်စွမ်းရှိသည်။ အကယ်၍ ဤသို့သာ လိုက်သတ်ခြင်း ဆက်တိုက်ခံနေရမည်ဆိုလျှင် ဗဟိုသူတော်စင်အကယ်ဒမီ၌ အနာဂတ်ရှိတော့မည်မဟုတ်ပေ။
ဌာနမှူး၏ အမိန့်အရ ပြင်ပကမ္ဘာသို့ ခရီးထွက်နေကြသည့် ကျောင်းသားများထဲမှ တစ်ချို့တစ်ဝက်က မိသားစုထံသို့ ပြန်သွားကြပြီး ကျန်လူများက ဗဟိုသူတော်စင်အကယ်ဒမီသို့ ပြန်လာခဲ့ကြသည်။
ထိုအပြုအမူက ဗဟိုသူတော်စင်အကယ်ဒမီ၏ ရန်သူများ မျက်လုံးများကို တောက်ပသွားစေခဲ့သည်။
“ ဗဟိုသူတော်စင်အကယ်ဒမီက ဌာနမှူးဟောင်း အမှန်တကယ်သေဆုံးသွားတာဖြစ်မယ်…”
“ဟား..ဟား..ဟား….. ဒါက ဒီလိုပဲဖြစ်သင့်တယ်လေ… ဒီလောက်ထိကျဆင်းဆုတ်ယုတ်နေပြီဖြစ်တဲ့ အကယ်ဒမီတစ်ခုက ဘာကြောင့်ဆက်ပြီး တည်ရှိနေရဦးမှာလဲ… ပျက်ဆီးဖို့အချိန်တန်ပြီ…”
ဗဟိုသူတော်စင်အကယ်ဒမီနှင့် ရန်ငြိုးရှိသော မူလဘုရင် နှင့် လူသားဘုရင် အဆင့်ကျင့်ကြံသူများပင် အားလုံးအတူတကွ စုစည်းလိုက်ကြ၏။
၎င်းတို့အရေအတွက်က အလွန်များပြားပြီး ထိပ်တန်းအင်အားစုကြီး (၁၀) ခုမှလွဲလျှင် ကျန်အင်အားစုများအား ခြိမ်းခြောက်ရန်လုံလောက်သော်လည်း ဗဟိုသူတော်စင်အကယ်ဒမီကိုမူ ခြိမ်းခြောက်ရန် လုံလောက်မှုမရှိသေးချေ။
ထို့ကြောင့် ၎င်းတို့အားလုံးစုစည်းပြီးနောက် ဗဟိုသူတော်စင်အကယ်ဒမီနှင့်ရန်ငြိုးရှိသော ကောင်းကင်ဘုရင်အင်အားစုများနှင့် ဆက်သွယ်လိုက်ကြ၏။ နောက်ဆုံးတွင် ဗဟိုသူတော်စင်အကယ်ဒမီ၏ ရန်သူများအားလုံး စုစည်းမိခဲ့ကြသည်။ ၎င်းတို့အား သိုင်းဒေသမှ ဟွမ်မိသားစု ၊ ခွန်ဒေသမှ ရှန်းမိသားစု နှင့် အန်ဒေသမှ ဖန်မိသားစုတို့က ဦးဆောင်ထားပြီး တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး ၏အခြေအနေတည်ငြိမ်လေးနက်နေကာ ၎င်းတို့က ဗဟိုသူတော်စင်အကယ်ဒမီအား တိုက်ခိုက်ရန် အသင့်ဖြစ်နေကြချေပြီ။