ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို တွက်ချက်ပြီ
Vol. 12 Ch. 221
“ဒါနဲ့ ကြာပွင့်နီအမှတ်တွေ့တယ်ဆို၊ ဘယ်နားမှာလဲ”
“ပြပါ့မယ် စီနီယာဦးလေး”
ကျန်းရန်ချွမ်က အနီရောင်ကြာပွင့် အမှတ်အသားတွေ့သည့်နေရာကို လိုက်ပြသည်။ လမ်းတွင် နောက်ဆုံးကြားသိထားသည့် သတင်းများကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရှင်းပြသည်။ ကြာခုနစ်ပွင့်ဂိုဏ်း၏ တိုက်ခိုက်မှုကို ခံစားရသည်မှာ ကျန်းမိသားစုတစ်ခုတည်း မဟုတ်ဘဲ ချိအန်းစီရင်စုရှိ ယို့မိသားစုလည်း ပါဝင်သည်။ သူတို့မိသားစုမှာ ကျန်းမိသားစုထက်ပင် အခြေအနေဆိုးနေသည်။ ယို့မိသားစုလက်အောက်ရှိ အဆင့် ၁ ဈေးသုံးခုအပြင် သေမျိုးလူသားများ နေထိုင်ရာမြို့နှစ်ခုကို ကြာခုနစ်ပွင့်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများ စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် သွေးချောင်းစီး ခဲ့ရသည်တဲ့။ ထို့ပြင် အနီးအနားရှိ တက်နေစီရင်စုနှင့် ခရမ်းရောင်မြစ် စီရင်စုများတွင်လည်း နတ်ဆိုးကျင့်ကြံသူများ၏ လှုပ်ရှားမှုတစွန်းတစကို တွေ့လိုက်ရသေးသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနေနှင့် ယခုတိုက်ခိုက်မှုများသည် ကနဦးအဆင့်သာရှိသေးပြီး မကြာခင်အချိန်အတွင်း လျန်နိုင်ငံတစ်ခုလုံးကို မွှေနှောက်တော့မည့် မုန်တိုင်းကြီး၏ ရှေ့ပြေးနိ မိတ်ဖြစ်သည့် တိမ်မည်းကြီးတစ်ခု စတင်အုပ်မိုးလာသည်နှင့် အလားတူကြောင်း ရိပ်မိလိုက်ကြ သည်။ မကြာခင် ကြာပွင့်နီတွေ့သည့် နေရာကို ရောက်ရှိသွားကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားကြသည်။ ကြာပွင့်နီသည် သွေးစက်တစ်ခုနှင့်တူပြီး နတ်ဆိုးအော်ရာနှင့် ဆိုးယုတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုကြာပွင့်ကို မြင်ရသူတိုင်းသည် မနှစ်မြို့ဖွယ် ခံစားမှုကို ရရှိကြမည်ဖြစ်သည်။ ကျန်းချန်ရွှမ်က သက်ပြင်းချလျက် မှတ်ချက်ချလိုက်သည်။
“ဒီလူတွေက ကြာခုနစ်ပွင့်ဂိုဏ်းရဲ့ အနီကြာပွင့် ဂိုဏ်းခွဲကဖြစ်မယ်”
ရှေးကဆိုခဲ့သလို ကြာခုနစ်ပွင့်ဂိုဏ်းတွင် နတ်ဆိုးဘုန်းကြီး ခုနစ်ဦး အုပ်ချုပ်ပြီး အရောင် ၇ မျိုးကို ကိုယ်စားပြုသည့် ဂိုဏ်းခွဲခုနစ်ခုရှိသည်။ အပြာ၊ အနီ၊ ခရမ်း၊ အစိမ်း၊ လိမ္မော်၊ နက်ပြာနှင့် အဝါတို့ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ထိုဂိုဏ်း၏ အခြေအနေကို အသေးစိတ်မသိရသေး ပေ။ ဂိုဏ်းခွဲများ၏ အင်အားနှင့် နတ်ဆိုးဘုန်းကြီးများ၏ ကျင့်ကြံမှုအဆင့် စသည့်အချက်များကို ရေရေရာရာ မသိရသေးပါ။ ကျန်းချန်ရွှမ်၏ မျက်နှာမှာ တည်ကြည်သွားပြီး လက်ချောင်းများတွင် ဝိညာဉ်အလင်းများ စတင်ကွန့်မြူးလာသည်။ ရှေ့မှောက်တွင် ရှိနေသည့် ကြာပွင့်နီကို သဲလွန်စအဖြစ် အသုံးပြုပြီး ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို အသုံးပြုကာ ကျူးလွန်သူလက်သည်ကို စုံစမ်းလိုက်ခြင်းဖြစ်သည်။
ထိုခဏတွင် ကျန်းချန်ရွှမ်၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ထူးဆန်းသည့်စွမ်းအားတစ်ခုက သူ့အမြင်ကို ကာဆီးလျက်ရှိသည်။ တစ်ဖက်ရန်သူတွင် တွက် ချက်ခြင်းနည်းစနစ်ကို တန်ပြန်နိုင်မည့် ရတနာ သို့မဟုတ် နည်းစနစ်တစ်ခု ရှိနေပုံရသည်။ ဘေး တွင် ရပ်ကြည့်နေသည့် ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို စိုးရိမ်စွာ ကြည့်လိုက်သည်။ တွက်ချက် ခြင်းနည်းစနစ်များသည် တစ်စုံတစ်ခု မှားယွင်းသွားပါက အသုံးပြုသူကို တန်ပြန်ဒုက္ခပေးနိုင်၍ ဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ် အသုံးပြုသည့် နည်းစနစ်မှာ သာမညောင်ည နည်းစနစ်မျိုး မဟုတ်၍ ကံကောင်းသွားသည်ဟု ဆိုရမည်။ ကျန်းချန်ရွှမ်က ရှန်းရူယန်ကို မစိုးရိမ်ရန် မျက်စပစ်လိုက်ပြီး တွက်ချက်ခြင်းကို အာရုံစိုက်ကာ အရှိန်မြှင့်လိုက်ပြန်သည်။
လက်ချောင်းဖျားရှိ ဝိညာဉ်အလင်းများသည် ပို၍တောက်ပလာပြီး ခန္ဓာကိုယ်မှ ထူးဆန်းသည့် အော်ရာတစ်မျိုး ထုတ်လွှတ်လျက်ရှိသည်။ ခဏအကြာတွင် ဝိညာဉ်အလင်းများ တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားပြီး ကျန်းချန်ရွှမ်သည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ရှန်းရူယန်က စိုးရိမ်ပူပန်စွာမေးသည်။
“ယောက်ျား ဘယ်လိုလဲ။ ဘာဖြစ်သွားသေးလဲ”
ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
“ဘာမှမဖြစ်ဘူး၊ ကိုယ်အဆင်ပြေတယ်”
ထိုအခါမှ ရှန်းရူယန်တစ်ယောက် သက်ပြင်းချနိုင်သည်။
“ဒါနဲ့ တစ်ခုခုသိခဲ့ပြီလား”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး
“ကိုယ့်အထင်မမှားရင် ဒီလူတွေ ချိအန်းစီရင်စုအတွင်းမှာပဲ ရှိသေးတယ်။ သူတို့ရဲ့ နောက်ထပ်ပစ် မှတ်က..”
ထိုနေရာအရောက်တွင် ကျန်းချန်ရွှမ်၏ မျက်လုံးများမှာ ဝင်းဝင်းတောက်သွားသည်။
“နောက်ထပ်ပစ်မှတ်က ကျန်းမိသားစုပိုင် အဆင့် ၁ မြစ်ဈေးပဲ”
ထိုအခါ ကျန်းရန်ယီနှင့် ကျန်းရန်ချွမ်းတို့သည် ဒေါသဖြစ်စွာ ရေရွတ်လိုက်သည်။
“ဘာလဲ၊ ဒီကောင်တွေ လာဦးမှာလား”
“ကျုပ်တို့ကျန်းမိသားစုကိုများ ရာရာစစ”
ထို့နောက် ကျန်းရန်ယီက
“ဒါဆိုဘယ်လိုလုပ်ကြမလဲ စီနီယာဦးလေး၊ မြစ်ဈေးကို ခုချက်ချင်းသွားကြမလား”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“မြစ်ဈေးကို ခုပဲသွားရမယ်။ ဒါပေမဲ့ ခင်ဗျားတို့သွားဖို့မလိုပါဘူး။ ကျုပ်နဲ့ ရူယန်ဆိုရင် လုံလောက်ပါပြီ၊ ဒါနဲ့…”
ကျန်းချန်ရွှမ်က တစ်စုံတစ်ခုကို အမှတ်ရလိုက်ပြီး
“ဒီကိစ္စအသေးစိတ်ကို ကျောက်စိမ်းရေဓားစင်မြင့်ကို အကြောင်းကြားလိုက်ပါ။ ပြီးတော့ ကြာခု နစ်ပွင့်ဂိုဏ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းထားပါ၊ အချိန်မရှိတော့ဘူး၊ ကျုပ်တို့ခုပဲသွားမယ်”
ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မြစ်ဈေးသို့ ဦးတည်ပျံသန်းလိုက်ကြသည်။ မြစ် ဈေးသည် ကျန်းမိသားစုလက်အောက်ရှိ အဆင့် ၁ ဈေးတစ်ခုဖြစ်ပြီး တာဝန်ယူအုပ်ချုပ်နေသူမှာ ကျန်းယွင်ရောင်ဆိုသူ အမျိုးသမီးဖြစ်သည်။ သူမသည် လွန်ခဲ့သည့်ငါးနှစ်အတွင်းက အသစ်ထွက် ပေါ်လာခဲ့သည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအနက် တစ်ဦးဖြစ်သည်။
ထိုအချိန် မြစ်ဈေး၏ အပြင်ဘက် တစ်နေရာတွင်ဖြစ်သည်။ ကြာပွင့်နီပုံ အနားသတ်များရှိသည့် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လူတစ်စုသည် သူတို့ရှေ့မှောက်ရှိ မြစ်ဈေးကို ချောင်းမြောင်းကြည့်ရှုနေရင်း အာသာရမ္မက်များဖြစ်ပေါ်နေကြသည်။
***