Chapters

ကြာပွင့်နီဂိုဏ်းခွဲ

Vol. 12 Ch. 222

ကြာပွင့်နီဂိုဏ်းခွဲ

Vol. 12 Ch. 222

ထိုအချိန်တွင် ရှေ့ဖုံးတွင် ကြာပွင့်နီသင်္ကေတ ခပ်နှိပ်ထားသည့် အနီရောင်ဝတ်ရုံရှည်ကို ဆင်မြန်း ထားသည့် နှာခေါင်းရှည်ရှည်လူတစ်ဦး ရုတ်တရက်ပေါ်လာသည်။ အနက်ရောင်ဝတ်လူများသည် ထိုသူကို မြင်လျှင် ဦးညွတ်လိုက်ကြသည်။

“နှုတ်ဆက်ပါတယ် ဂိုဏ်းထောက်”

ဂိုဏ်းထောက်ဆိုသူ နှာခေါင်းရှည်ရှည်လူသည် ဝတ်ရုံနက်များကို အကဲခတ်လိုက်ပြီးနောက်

“ဆရာသခင်က သွေးသလင်းကျောက်တွေကို ရတတ်သမျှ အမြန်ဆုံးစုဆောင်းဖို့ အမိန့်ပေးထား တယ်။ ဒီဈေးက ချီအန်းစီရင်စုထဲက ငါတို့ရဲ့နောက်ဆုံးပစ်မှတ်ပဲ၊ အမှားအယွင်းမရှိအောင် မင်းတို့ နဲ့အတူ ငါကိုယ်တိုင်ဝင်တိုက်မယ်”

ထိုသူ၏ လက်ထဲတွင် အစီအရင်ဖောက်ပုတီးတစ်လုံး ရုတ်တရက်ပေါ်လာသည်။

“ဒီပုတီးစေ့က အဆင့် ၂ အမြင့်ဆုံးအဆင့် ပုတီးပဲ။ အဆင့် ၂ အလယ်အလတ် ခံတပ်ကိုတော့ ကောင်းကောင်းဖြိုနိုင်လိမ့်မယ်။ မင်းတို့သိထားရမှာက အစီအရင်ပျက်တာနဲ့ ဈေးထဲက လူရော၊ နတ်ဆိုးသားရဲရော တစ်ကောင်မှမချန်ဘဲ အကုန်လက်စတုံးပစ်ဖို့ပဲ။ နားလည်လား”

ဝတ်ရုံနက်များက သံပြိုင်ဖြေကြားလိုက်ကြသည်။

“ဟုတ်”

ထို့နောက် နှာခေါင်းရှည်လူသည် အစီအရင်ဖောက်ပုတီးစေ့ကို အားကုန်သုံး၍ ပစ်လွှတ်လိုက်ပါ တော့သည်။ ထိုအချိန်တွင် ကျန်းယွင်ရောင်သည် ဈေးတစ်ခုလုံးကို နောက်ပါဂိုဏ်းတပည့်များနှင့် အတူ စစ်ဆေးလျက်ရှိသည်။ ထိုခဏတွင် သူမသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး တစ်ခုခုမှားယွင်းနေကြောင်း ရိပ်မိလိုက်သည်။ မျက်စိကျိန်းလောက်သည်အထိ စူးရှသည့် အလင်းတစ်ခု ရုတ်တရက်ပေါ်ပေါက်လာတော့သည်။

“မကောင်းတော့ဘူး။ အဆင့် ၂ အမြင့်ဆုံး အစီအရင်ဖောက်ပုတီးပဲ”

ဘုန်း….

ထိုစဉ် နားကွဲမတတ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပြီး‌ မြေပြင်တစ်ခု လုံး သွက်သွက်ခါ တုန်ယမ်းသွားသလို မြေကြီးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကြသည်။ ဈေးအတွင်းရှိ အဆောက်အဦးများသည်လည်း ပေါက်ကွဲမှုလှိုင်းကြောင့် ပြိုလဲပျက်စီးကုန်သည်။ ကျင့်ကြံသူများသည် အပျက်အစီးများ ပြိုကျသည့်ဘေးမှ ရှောင်ရှားရန် ကောင်းကင်ထက်သို့ ခုန်တက်ပျံသန်းလိုက်ကြရသည်။ အခြေအနေကို ရိပ်စားမိသော ကျင့်ကြံသူများသည် တုံ့နှေးခြင်းမရှိ ဘဲ ဈေးမှ အမြန်ဆုံးပျံသန်းထွက်ခွာလိုက်ကြသည်။ သို့သော် ဈေး၏နယ်နိမိတ်အဝန်းသို့ ချဉ်းကပ်မိသောအခါ သွေးမျှင်ကဲ့သို့ အရာများက အဆိုပါကျင့်ကြံသူများအား ချုပ်နှောင်ဖမ်းဆီးလိုက်ကြတော့သည်။ တစ်ခဏချင်းတွင် ထိုသူတို့၏ သွေးများမှာ အကုန်အစင် စုပ်ယူခြင်းခံလိုက်ရပြီး မျက်စိရှေ့တွင်ပင် အလောင်းများသည် ခြောက်ကပ်သွားကြသည်။

ထိုမြင်ကွင်းကြောင့် ကျန်းမိသားစုဝင်အားလုံး တုန်လှုပ်သွားကြသည်။

“ဟီးဟီးဟီး…..”

ထိုအချိန်တွင် မသတီစရာ လှောင်ရယ်သံကြီးတစ်ခုကို သူတို့အားလုံးကြားလိုက်ရ၍ ကောင်းကင် ထက်သို့ ကမန်းကတန်း မော့ကြည့်မိလိုက်သည်။ အနက်ရောင်ဝတ်ရုံရှည်များ ဝတ်ဆင်ထားသူ များသည် မြစ်ဈေး၏ အထက်ကောင်းကင်ယံတွင် အလျှိုလျှိုပေါ်လာကြသည်။ ထိုသူတို့ကို ဦး ဆောင်သူမှာ အနီရောင်ဝတ် နှာခေါင်းရှည်လူဖြစ်သည်။ ကျင့်ကြံသူအားလုံးသည် ထိုလူကိုကြည့်ရင်း မွန်းကျပ်သည့် ခံစားမှုတစ်မျိုးကို ရရှိလိုက်သည်။ သို့သော် သူတို့ကြောက်ရွံနေသည်မှာ နှာခေါင်းရှည်လူတစ်ဦးတည်းမဟုတ်။ ဝတ်ရုံဝတ်များ၏ ကိုယ်ခန္ဓာမှ သွေးမျှင်များ ဖြာထွက်နေပြီး ကောင်းကင်ထက်တွင် တစ်မျှင်နှင့်တစ်မျှင် ချိတ်ဆက်လျက် ပိုက်ကွန်ကြီးသဖွယ် ဖြစ်တည်နေ ခြင်းဖြစ်သည်။

ထိုသွေးမျှင်ကွန်ရက်ကြီးသည် သတ္တဝါဆိုးကြီးတစ်ကောင် ပါးစပ်ကို ဖွင့်ဟထားသည်နှင့် အလား တူသည်။ တစ်ချိန်တည်းတွင် မြေပြင်ထက်ရှိ ကျင့်ကြံသူများသည် သူတို့ကိုယ်တွင်းရှိ သွေးများ ကြွတက်လာသည်ကို ခံစားမိလိုက်သည်။ ထိုသွေးများသည် သွေးမျှင်ပိုက်ကွန်ကြီး ရှိရာထံသို့ အချိန်မရွေးစီးထွက်တော့မည့် အသွင်ကိုဆောင်နေသည်။ ထိုအခါ ကျန်းယွင်ရောင်မှာ မျက်လုံး ပြူးသွားပြီး

“သွေးစတေးခြင်းအစီအရင်ကွက်ပဲ”

ကျန်းယွင်ရောင်သည် သွေးမျှင်ပိုက်ကွန်ကြီးကို မြင်ပြီးနောက် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကျန်းမိသားစုပိုင်ဈေးတစ်ခု၏ ဖြစ်အင်ကို ပြန်ပြောင်းသတိရမိသည်။ သူမသည် တုန်လှုပ်စွာဖြင့် အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်သည်။

“ကြာခုနစ်ပွင့်ဂိုဏ်း၊ နင်တို့အားလုံး ကြာခုနစ်ပွင့်ဂိုဏ်းသားတွေပဲ”

***