ကျောက်စိမ်းရေဓားစင်မြင့်သို့ နောက်ထပ်တစ်ခေါက် (၂)
Vol. 12 Ch. 227
လူအားလုံးသည် ကျန်းယွင်ရောင်၏ ကြေငြာသံကို ကြားလျှင် ဝမ်းသာအားရ သံပြိုင်ဟစ်ကြွေး လိုက်သည်။ ကြာခုနစ်ပွင့်ဂိုဏ်း၏ ကြောက်မက်ဖွယ်ဘေးမှ လက်မတင်လေး ရှင်ကျန်ခဲ့ပြီး နောက်တွင် ယခုလို ဆုလာဘ်မျိုးရရှိလိုက်သည့်အတွက် သူတို့အားလုံး ကျန်းချန်ရွှမ်ကို ကျေးဇူးတင်မိလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ဘိုးဘေးကျန်း”
ထို့နောက် ကျန်းချန်ရွှမ်တို့သည် လျူလင်းလုံတို့ ရောက်ရှိလာသည်အထိ မြစ်ဈေးတွင် ခေတ္တ စောင့်ဆိုင်းလိုက်သည်။ လျူလင်းလုံနှင့် ကျန်းမိသားစုအကြီးအကဲများ ရောက်ရှိလာသောအခါ ကျန်းချန်ရွှမ်သည် အနီးတဝိုက်တွင် အသက်ရှင်ကျန်ရစ်သော မိစ္ဆာကျင့်ကြံသူများ ရှိမရှိကို အထူးသတိပြုစစ်ဆေးရန် မှာကြားပြီးနောက် ရှန်းရူယန်နှင့်အတူ ကျန်းမိသားစုဌာနချုပ်ကို ပြန်လာခဲ့ ကြသည်။ ဌာနချုပ်ကိုရောက်ရှိလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချီဟို၊ ယို့လျန်နှင့် နှာခေါင်းရှည်လူတို့ထံမှ ရရှိခဲ့သော သိုလှောင်လက်စွပ်များနှင့် အိတ်များကို လှန်လှောကြည့်သည်။ ချီဟိုနှင့် ယို့လျန်တို့၏ သိုလှောင်လက်စွပ်များအတွင်း၌ ကြာပွင့်နီပုံ ထွင်းထုထားသည့် အကြီးအကဲ တံဆိပ်ပြားနှစ်ခုကို တွေ့ရသည်။
ထိုအချက်ကိုထောက်လျှင် ကြာခုနစ်ပွင့်ဂိုဏ်း၏ အကြီးအကဲတာဝန်ယူသူများသည် အနိမ့်ဆုံး ကျီဖုအဆင့်ရှိရမည်ဖြစ်ပြီး သူ့ထက် တစ်ဆင့်နိမ့်သည့် နှာခေါင်းရှည်လူကဲ့သို့ ဂိုဏ်းထောက်များသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများဖြစ်ပေလိမ့်မည်။ အကြီးအကဲထက် မြင့်မားသည့် ဂိုဏ်းအုပ်ဘုန်းကြီးများ၏ ကျင့်ကြံမှုအဆင့်သည် ရွှေအမြုတေအဆင့် သို့မဟုတ် ရွှေအမြုတေပဏာမအဆင့် အနည်းဆုံးရှိပါလိမ့်မည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်များမှာ အထူးပင်လေးလံသွားမိသည်။ ဂိုဏ်းအုပ်ဘုန်းကြီးများမှာ ဂိုဏ်းခွဲခြောက်ခုကို ဦးစီးရသည့်အတွက် ခြောက်ဦးရှိမည်ဖြစ်ပြီး သူတို့အားလုံးမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြစ် နေဖို့ ရာခိုင်နှုန်းအတော်မြင့်နေသည်။ ကြာခုနစ်ပွင့်ဂိုဏ်း၏ ဂိုဏ်းသခင်မှာမူ ရွှေအမြုတေအဆင့် ထက်ပင် မြင့်မားသည့် နယ်ပယ်တစ်ခုကို ရောက်ရှိနေပါလိမ့်မည်။
ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ဦးမျက်နှာ တစ်ဦးကြည့်လျက် သက်ပြင်းချမိ လိုက်ကြသည်။ ထိုအချိန်တွင် နှစ်ဦးသား၏ ဆက်သွယ်ရေးအဆောင်များမှာ ရုတ်တရက်လင်းလာ၍ ကောက်ယူဖတ်ရှုလိုက်မိသည်။ ပေးပို့သူမှာ ကျောက်စိမ်းရေဓားစင်မြင့်မှ ဟွားမန်ရုံဖြစ်ပြီး ကြာခုနစ်ပွင့်ဂိုဏ်း၏ အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် လာမည့်သုံးရက်အတွင်း ကျောက်စိမ်းရေဓားစင်မြင့်၏ ဌာနချုပ်တွင် လာရောက်စုဝေးကြရန် ညွန်ကြားထားခြင်းဖြစ်သည်၊ အဆိုပါသတင်းစကားကို စင်မြင့်၏ လွှမ်းမိုးမှုအောက်တွင်ရှိသည့် ဂိုဏ်းများ၊ မိသားစုများအားလုံးကို တစ်ပြိုင်နက်တည်း ပေးပို့ထားဟန်တူသည်။ လာရောက်ခြင်းမရှိပါက ကြာခုနစ်ပွင့်ဂိုဏ်းနှင့် ကြံရာပါများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းလည်း ပြောထားသေးသည်။
သတင်းစကားကို ဖတ်ရှုပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အချိန်တိုအတွင်း ခရီးထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ကျောက်စိမ်းရေဓားစင်မြင့်ကို မထွက်ခွာမီ လိုအပ် သည့် ပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်ရဦးမည်ဖြစ်သည်။ ရှေးဦးစွာ ချီဟိုနှင့် ယို့လျန်တို့၏ သိုလှောင်လက်စွပ်များကို စစ်ဆေးလိုက်သည်။ ဓမ္မရတနာ ခုနစ်ခုတွေ့လိုက်ရသော်လည်း အများစု မှာ မိစ္ဆာကျင့်ကြံခြင်း လက်နက်များဖြစ်၍ သူတို့အတွက် အသုံးမဝင်ပါ။ ထိုရတနာများကို အချိန် တစ်ခုပေးကာ အရည်ကျိုပြီးမှ ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူရန် စိတ်ကူးလိုက်သည်။ ထိုရတနာများအပြင် ဝိညာဉ်သစ်ဥသစ်ဖုများ၊ ဆေးပြားများ၊ အဖိုးတန်ကုန်ကြမ်းများကိုလည်း တွေ့ရ သည်။
ယို့လျန်၏ သိုလှောင်လက်စွပ်အတွင်းမှ စိတ်ဝင်စားဖွယ် ပစ္စည်းတစ်ခုကို အမှတ်မထင် မြင်လိုက်ရသည်။ မီးသစ်သားစိမ်းနွယ်ပင် ဟုခေါ်သည့် ရှားပါးဝိညာဉ်နွယ်ပင်တစ်ခုဖြစ်သည်။ ထိုနွယ်ပင်သည် ရေဓာတ်တက်လှမ်းခြင်းဆေးပြား ဖော်စပ်ရာတွင် အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင် သည်။ ယခုအခါ ကျန်းချန်ရွှမ်တို့အနေနှင့် နောက်ထပ်ပါဝင်ပစ္စည်းတစ်ခုဖြစ်သည့် ဝိညာဉ်ပဲ့တင် သံပန်းကို ရရှိလျှင် ရေဓာတ်တက်လှမ်းခြင်းဆေးပြားကို ဖော်စပ်နိုင်ပြီဖြစ်သည်။ ထို့ပြင် ချီဟို၏ သိုလှောင်လက်စွပ်အတွင်းမှ စာရင်းမှတ်တမ်းနှစ်ခုကိုလည်းတွေ့ရသည်။ ထိုမှတ်တမ်းထဲတွင် ချီဟိုနှင့် ယို့လျန်တို၏ လက်အောက်ရှိ ကြာခုနစ်ပွင့်ဂိုဏ်းဝင်တို့၏ အမည်နာမများကို ရေးသားထားကြောင်းတွေ့ရသည်။ ထိုမှတ်တမ်းနှစ်ခုသည် နောင်တစ်ချိန်တွင် ကြာခုနစ်ပွင့်ဂိုဏ်းအရေးကို ကိုင်တွယ်ရာတွင် အရေးပါလာမည်ဖြစ်သည်။
ကိစ္စအားလုံးပြီးစီးသည့်နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းရန်တောက်အား ရွှမ်းမင်တောင်ထွတ်သို့ အမြန်လာရောက်ရင် ဆင့်ခေါ်လိုက်သည်။ ကျန်းရန်တောက်လည်း အပြေးအ လွှားရောက်ရှိလာသည်။ ကျန်းချန်ရွှမ်က ဟွားမန်ရုံပေးပို့သည့် သတင်းစကားကို ရှင်းပြလိုက်ရာ ကျန်းရန်တောက်က အံ့အားသင့်စွာ မေးခွန်းထုတ်သည်။
“စီနီယာဦးလေး သူတို့ခေါ်ရတဲ့ကိစ္စက ဟိုဟာများလား”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပြိုင်တူခေါင်းညိတ်လိုက်သည်။ ကျန်းချန်ရွှမ်က
“အဲဒီကိစ္စပဲဖြစ်ဖို့များတယ်၊ လတ်တလောမှာ အသေးစိတ်တော့မသိရသေးဘူး။ ကျုပ်နဲ့ ရူယန်တို့ အဲဒီကိုသွားနေတဲ့ အတောအတွင်း ကျန်းမိသားစုကို ခင်ဗျားလက်ထဲအပ်ခဲ့မယ်”
ထို့နောက် ကျန်းချန်ရွှမ်သည် အဆင့် ၃ ရွှေမြားအဆောင်ကို ကျန်းရန်တောက်ကို ကမ်းပေးလိုက်ရင်းပြောသည်။
“ရန်တောက်၊ ဒီအဆောင်ကို ယူထားပါ။ မိသားစုကို အန္တရာယ်တစ်ခုခု ကျရောက်လာရင် ဒီရွှေမြားအဆောင်ကို အသုံးပြုနိုင်တယ်”
ကျန်းရန်တောက်သည် ဘိုးဘေးဖြစ်သူက သူ့အား ယခုလို တန်ဖိုးကြီးအဆောင်တစ်ခုကို ပေးအပ် လိမ့်မည်ဟု မထင်ထား၍ အံ့အားသင့်သွားသည်။ တစ်ချိန်တည်းတွင် ဘိုးဘေးနှစ်ဦး၏ သူ့အပေါ် ယုံကြည်စိတ်ချမှုအတွက်လည်း စိတ်တွင် ကြည်နူးဂုဏ်ယူမိသွားသည်။ ထို့ကြောင့် ခေါင်းကို သွက်သွက်ကြီး ညိတ်လိုက်ရင်း
“စိတ်မပူပါနဲ့ စီနီယာဦးလေးနဲ့ အဒေါ်၊ ဒီမိသားစုကို အစွမ်းကုန် ကာကွယ်ပါ့မယ်”
“ကောင်းတယ်”
ထို့နောက် ကျန်းချန်ရွှမ်တို့သည် အချိန်မဆိုင်းတော့ဘဲ ကျောက်စိမ်းရေဓားစင်မြင့်သို့ ခရီးနှင်လိုက်ကြသည်။ စင်မြင့်၏ ဌာနချုပ်ကို ရောက်သောအခါ ကျင့်ကြံခြင်းမိသားစုနှင့် ဂိုဏ်းများမှ ကိုယ်စားလှယ် အတော်များများ ရောက်ရှိနှင့်ပြီး ဖြစ်သည်ကိုတွေ့ရသည်။ ထိုသူအားလုံးသည်လည်း ဟွားမန်ရုံ၏ သတင်းစကားကို ရရှိကြဟန်တူသည်။ ဌာနချုပ်သို့အဝင် တောင်တံခါးဝတွင် ဟွားမန်ရုံကို တွေ့ရသည်။ သူမက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဖော်ရွေစွာ နှုတ်ဆက်လိုက် ပြီး
“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့ ရောက်ကြပြီနော်။ စင်မြင့်သခင်ကြီးနှင့် ကျွန်မဆရာတို့နှစ်ဦးက ရှင်တို့နှစ်ယောက်ကို လက်ခံတွေ့ဆုံဖို့ စောင့်နေကြပါတယ်”
“ဘာကြောင့်များလဲ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟွားမန်ရုံ၏ စကားကြောင့် အံ့အားသင့်မိသွားသည်။ ဟွားမန်ရုံက ရှင်းပြသည်။
“မြစ်ဈေးမှာ ဖြစ်ပွားခဲ့တာတွေကို စင်မြင့်သခင်နဲ့ ဆရာနှစ်ဦးလုံး သိပြီးပါပြီ။ ကျွန်မနောက်ကို လိုက်ခဲ့ကြပါ”
ထို့နောက်တွင် ကျန်းချန်ရွှမ်တို့လည်း အထွေအထူး မေးမြန်းမနေတော့ဘဲ ဟွားမန်ရုံ ခေါ်ဆောင်ရာနောက်သို့ လိုက်သွားကြသည်။ ခေတ္တအကြာတွင် လှိုဏ်ဂူတစ်လုံး၏ တံခါးဝသို့ သုံးဦးသား ရောက်ရှိလာကြသည်။ ဟွားမန်ရုံက ဂူပြင်တွင်ရပ်၍ သတင်းပို့ပြီးနောက်တွင် လှိုဏ်ဂူအတွင်းသို့ သုံးဦးစလုံး ဝင်ရောက်လိုက်ကြသည်။ လှိုဏ်ဂူထဲတွင် ကုယွဲ့ဖန်းအပြင် စင်မြင့်သခင်ကြီး ဟောင် တုန်းပိုင်လည်း ရောက်ရှိနေကြောင်း တွေ့ရသည်။ ကုယွဲ့ဖန်းက ကျန်းချန်ရွှမ်တို့ကို မြင်လျှင် ခေါင်းညိတ်ရုံမျှ နှုတ်ဆက်သော်လည်း ဟောင်တုန်းပိုင်က ဖော်ရွေစွာပြုံးလျက် နှုတ်ဆက်သည်။
“ခင်ဗျားတို့ စွမ်းဆောင်ခဲ့တာကို ကျုပ်တို့သိပြီးပါပြီ။ တော်ပါတယ်၊ ဒါနဲ့ ကျုပ်တို့အတွက် အသုံး ဝင်မဲ့ သတင်းအချက်အလက်တွေ ရခဲ့လား”
ကျန်းချန်ရွှမ်က ချီဟိုနှင့် ယို့လျန်တို့ထံမှ သိမ်းဆည်းရမိသည့် စာရင်းမှတ်တမ်းနှစ်ခုကို ဟောင် တုန်းပိုင်အား ကမ်းပေးလိုက်သည်။
“ဒါတွေက ကြာခုနစ်ပွင့်ဂိုဏ်းရဲ့ အနီရောင်ကြာပွင့်ဂိုဏ်းခွဲက အကြီးအကဲနှစ်ဦးဆီက သိမ်းမိထားတာပါ။ စီနီယာဟောင်နဲ့ စီနီယာကု တို့ ကြည့်ကြည့်ပါဦး”
ဟောင်တုန်းပိုင်က စာရင်းနှစ်ခုကို လှမ်းယူလျက် အပြန်ပြန်အလှန်လှန် ဖတ်ရှုပြီးနောက် ကုယွဲ့ဖန်းကို ကမ်းပေးလိုက်သည်။ ထို့နောက် ဟောင်တုန်းပိုင်သည် ကျေနပ်နှစ်သိမ့်ဟန်နှင့် ကျန်းချန်ရွှမ်တို့နှစ်ဦးကို ချီးကျူးလိုက်သည်။
“ခင်ဗျားတို့သိမ်းလာတဲ့ မှတ်တမ်းတွေက အနာဂတ်စစ်ဆင်ရေးအတွက် အသုံးဝင်လာပါလိမ့် မယ်”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး
“ဒါဆိုဝမ်းသာပါတယ်၊ ဒါနဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ။ ကျုပ်တို့အားလုံး ဘာလုပ်သင့် လဲ”
ကျန်းချန်ရွှမ်၏ မေးခွန်းမှာ သူတင်မက ဆင့်ခေါ်ခြင်းခံရသော ကျင့်ကြံသူများအားလုံး သိချင်နေ ကြသော မေးခွန်းဖြစ်သည်။ ဟောင်တုန်းပိုင်က သူသိရှိသမျှကို အမှန်အတိုင်း ဝေမျှရန် ဆုံးဖြတ် လိုက်သည်။
“ကျုပ်တို့သိထားသလောက် ဒီ လျန်နိုင်ငံမှာ အဓိကလှုပ်ရှားနေတာ ကြာခုနစ်ပွင့်ဂိုဏ်းရဲ့ ကြာပွင့်နီဂိုဏ်းခွဲပဲ။ ယွင်နိုင်ငံနဲ့ ယန်နိုင်ငံကို အဓိကဒုက္ခပေးနေတာက အဝါရောင်နဲ့ အစိမ်းရောင်ဂိုဏ်းခွဲ တွေပဲ။ လက်ရှိအချိန်မှာ သုံးနိုင်ငံပူးပေါင်းပြီး ဒီဂိုဏ်းခွဲသုံးခုရဲ့ အဓိကလှုပ်ရှားကျက်စားရာ အသိုက်နေရာတွေကို စုံစမ်းအတည်ပြုနိုင်ခဲ့တယ်။ ဒီအတွက် ကျုပ်တို့ဘက်က ပေးဆပ်ခဲ့ရတာတွေလည်း ရှိတယ်။ အခုကျုပ်တို့လုပ်ရမှာက ကျုပ်တို့ပိုင်နက်ထဲမှာ တည်ရှိနေတဲ့ အသိုက်နေရာတွေကို စုပေါင်းတိုက်ခိုက်ဖို့ပဲ”
***