← Chapters

ကြာပွင့်နီနတ်ဆိုးလှိုဏ်ဂူ

Vol. 12 Ch. 228

ကြာပွင့်နီနတ်ဆိုးလှိုဏ်ဂူ

Vol. 12 Ch. 228

ဟောင်တုန်းပိုင်၏ ရှင်းလင်းချက်မှာ အတော်ပင်ပြည့်စုံသည်ဟု ဆိုရမည်။ လျန်၊ ယွင် နှင့် ယန်နိုင်ငံများတွင် လှုပ်ရှားနေသည့် ကြာခုနစ်ပွင့်ဂိုဏ်းခွဲများမှာ သုံးခုရှိကြောင်း စသည့်အချက်အလက်များကို ကျန်းချန်ရွှမ်တို့နှစ်ဦးအနေနှင့် ယခုမှ သိရှိရခြင်းဖြစ်သည်။ ဆိုလိုသည်က ကျန်ဂိုဏ်းခွဲ ၄ ခုသည် ထိုသုံးနိုင်ငံမှအပ အခြားနိုင်ငံ၊ ဒေသများတွင် သောင်းကျန်းနေခြင်း ဖြစ်ပါလိမ့်မည်။ သို့ သော် ကျန်းချန်ရွှမ်အတွက် နားမလည်နိုင်သည့် အချက်များရှိနေပါသေးသည်။ ပထမဆုံးအချက် မှာ အဆိုပါသုံးနိုင်ငံ၏ ရွှေအမြုတေအဆင့် အဖွဲ့အစည်းများ ပူးပေါင်းလျက် ကြာခုနစ်ပွင့်ဂိုဏ်းခွဲ များ၏ ကျက်စားရာအသိုက်များကို ရှာဖွေစုံစမ်းရာတွင် ပေးဆပ်မှုများရှိခဲ့သည်ဟု ဟောင်တုန်းပိုင်ပြောခဲ့သည်။ ကျောက်စိမ်းရေဓားစင်မြင့်ကဲ့သို့ ရွှေအမြုတေအဆင့် အင်အားကြီးဂိုဏ်းများပင် ထိခိုက်မှုတချို့ရှိခဲ့သည်ဆိုလျှင် အဆိုပါပေးဆပ်မှုများမှာ အဘယ်အရာများဖြစ်သနည်း။

သို့မဟုတ် စုံစမ်းတွေ့ရှိသူမှာ ခွန်ရှုများလား။ ဒုတိယအချက်မှာ လျန်နိုင်ငံတွင် ကြာပွင့်နီဂိုဏ်းခွဲ တစ်ခုတည်းသာ လှုပ်ရှားနေရိုးမှန်လျှင် ကျင့်ကြံခြင်းမိသားစုများအားလုံးကို ဆင့်ခေါ်လျက် ပူးပေါင်းစစ်ဆင်ခိုင်းခြင်းမှာ သဘာဝမကျပါ။ အပ်နှင့်ထွင်းရမည့်အရေးကို ပုဆိန်နှင့်ပေါက်သလို ဖြစ်နေသည်။ သို့မဟုတ် ကျန်းချန်ရွှမ်တို့နှစ်ဦး မသိထားသည့်အချက်များ ရှိနေပါသေးလား။ ဟောင်တုန်းပိုင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဇဝေဇဝါဖြစ်နေကြသည်ကို နားလည်ဟန်ရှိပြီး ကုယွဲ့ဖန်းကို လှမ်းကြည့်လိုက်သည်။ ကုယွဲ့ဖန်းက သဘောတူဟန်နှင့် ခေါင်းညိတ်ပြလိုက်လျှင် ဟောင်တုန်းပိုင်က ရှင်းပြသည်။

“အမှန်အတိုင်းပြောရရင် ကြာခုနစ်ပွင့်ဂိုဏ်းခွဲ တစ်ခုတည်းကို ရှင်းပစ်ဖို့ ဒီလောက်ထိ အင်အားသုံးစရာမလိုပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်က လက်ရှိအခွင့်အရေးကို အသုံးချပြီး ကျုပ်တို့နိုင်ငံထဲမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူအားလုံးကို တစ်ပါတည်းနှိမ်နင်းဖို့ပဲ။ လာမဲ့ နတ်ဆိုးသား ရဲကပ်ဘေးမတိုင်ခင်အတွင်းပေါ့”

ထိုအခါတွင်မှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့တွေးထင်ချက်မှာ မှန်ကန်ကြောင်း သိရှိ လိုက်ရသည့်အတွက် တစ်ချိန်တည်းတွင် မျက်နှာများ လေးနက်တည်ကြည်သွားသည်။ ဟောင် တုန်းပိုင်ဆိုလိုသည့် အဓိပ္ပာယ်အတိမ်အနက်ကို နှစ်ဦးလုံးနားလည်ပြီးဖြစ်သည်။ လမ်းမှန်ကျင့်ကြံ သူများနှင့် မိစ္ဆာကျင့်ကြံသူများအကြား တိုက်ပွဲသည် အကြီးစားစစ်မြေပြင်တစ်ခုပမာ အသည်းအ သန်တိုက်ခိုက်ရတော့မည် ဖြစ်ကြောင်းကို ရိပ်မိလိုက်ကြသည်။ လတ်တလော အနေအထားတွင် လမ်းမှန်ကျင့်ကြံသူများဘက်မှ အသာရရန် များနေသည်။ ထို့နောက် ဟောင်တုန်းပိုင်က ထပ်မံရှင်းပြပြန်သည်။

“အခုခင်ဗျားတို့လုပ်ရမှာက ကျုပ်တို့နဲ့အတူ ကြာပွင့်နီဂိုဏ်းခွဲရဲ့ အသိုက်နေရာကို ချီတက်တိုက် ခိုက်ဖို့ပဲ။ လျန်နိုင်ငံထဲက မိစ္ဆာကျင့်ကြံသူအများစုလည်း အဲဒီအသိုက်မှာ ခိုအောင်းနေတယ်လို့ သတင်းရထားတယ်”

“နားလည်ပါပြီ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လက်သီးဆုပ်လျက် ဂါရဝပြုလိုက်သည်။

“ခင်ဗျားတို့ဦးဆောင်မှုနောက်က ကျုပ်တို့လိုက်ပါ့မယ်”

“ကောင်းပါတယ်”

ထို့နောက် ကျန်းချန်ရွှမ်တို့လည်း ဟောင်တုန်းပိုင်နှင့် စီနီယာကုတို့ကို နှုတ်ဆက်လိုက်ပြီး ဟွားမန် ရုံနှင့်အတူ ဆင့်ခေါ်ထားသည့် ကျင့်ကြံသူများကို ဧည့်ခံသည့် တောင်ထွတ်သို့ ပျံသန်းလိုက်ကြ သည်။ ဟွားမန်ရုံက သူတို့နှစ်ဦးကို နေရာချပေးသည့် လှိုဏ်ဂူတစ်လုံးတွင် ယာယီတည်းခိုလိုက် ကြသည်။ နှစ်ရက်ကြာပြီးနောက် လျန်နိုင်ငံအတွင်းရှိ အဆင့်ခေါ်ခံ ကျင့်ကြံခြင်းမိသားစုများနှင့် ဂိုဏ်းများအားလုံး စုံစုံညီညီ ရောက်ရှိလာကြတော့သည်။ ထိုအထဲတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူ ယန်တို့၏ မိတ်ဆွေများဖြစ်သော မြူခိုးတိမ်စင်မြင့်မှ ဟွေ့လျန်နှင့် ဟွမ်းယောင်တို့လည်း ပါဝင်သည်။ ထို့အပြင် ကောင်းကင်နွေဦးဂိုဏ်းမှ ချန်းယွမ်၊ ရှေးဟောင်းဂိတ်တံခါးဂိုဏ်းမှ ဖန်စစ်ဟယ်၊ ယို့မိသားစုမှ ယို့ချန်းရှန်နှင့် ယန်မိသားစုမှ ယန်ဟွေ့ဖန်းကဲ့သို့ အသိအကျွမ်းဟောင်းများကိုလည်း တွေ့ရသည်။

ယို့ချန်းရှန်သည် လွန်ခဲ့သည့်ရှစ်နှစ်က ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ယို့မိသားစုဘိုးဘေးဖြစ် သူ ယို့ကျန်းဖန်မှာမူ လွန်ခဲ့သည့်ခြောက်နှစ်က ကွယ်လွန်ခဲ့သည်။ ယို့ချန်းရှန်နှင့် ဟွမ်းယောင်တို့ အပါအဝင် အဆိုပါမိတ်ဆွေအားလုံးသည် ကျန်းချန်ရွှမ်တို့စုံတွဲကို မြင်လျှင် ဝမ်းသာအားရ နှုတ်ဆက်လိုက်ကြသည်။ ယို့ချန်းရှန်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို လက်သီးဆုပ်လျက် အရိုအ သေပေးလိုက်ပြီး

“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်း၊ ခင်ဗျားတို့ မြစ်ဈေးမှာ ကြာခုနစ်ပွင့်ဂိုဏ်းသားတွေကို ရှင်းလင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလူတွေရဲ့လက်ထဲမှာ ကျုပ်တို့ ယို့မျိုးနွယ်စုဝင်တွေ တိမ်းပါးခဲ့ရတယ်။ ကျုပ်ရဲ့ ဦးညွတ်အရိုအသေပေးမှုကို လက်ခံပေးပါ”

ယို့ချန်းရှန်၏ အမူအရာမှာ ဟန်ဆောင်ခြင်းကင်းပြီး သူ၏ ခံစားမှုအစစ်အမှန်ကို ချပြလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ အကြောင်းမသိသေးသော ကျင့်ကြံသူများသည် ယို့ချန်းရှန်က ကျန်းချန်ရွှမ်တို့စုံတွဲကို ဂါရဝပြုလိုက်သည်ကို မြင်သောအခါ အံ့အားသင့်ကုန်ကြပြီး စူးစမ်းသည့် အကြည့်များဖြင့် ကွက်ကြည့်ကွက်ကြည့်လုပ်ကြသည်။ အကြောင်းသိပြီးဖြစ်သည့် ဟွမ်းယောင်တို့လူစုမှာမူ အံ့အားသင့်ခြင်းမရှိပါ။ ယို့ချန်းရှန်ပြောသလိုပင် ကြာပွင့်နီဂိုဏ်းခွဲလက်ချက်ဖြင့် ယို့မိသားစုဝင်များ သေဆုံးခဲ့ရသလို ကျန်းမိသားစုနှင့် ယို့မိသားစုအကြား ဆက်နွှယ်မှုကိုလည်း သိရှိပြီးဖြစ်၍ အထူးအထွေ အံ့အားသင့်မိခြင်းမဖြစ်ကြပါ။ ထိုစဉ် ဟွမ်းယောင်က ရှေ့ထွက်လာပြီး

“အားလုံးပဲ။ မကြာခင် ကျောက်စိမ်းရေဓားစင်မြင့်က ဦးဆောင်ပြီး ကျွန်မတို့အားလုံး ကြာပွင့်နီဂိုဏ်းခွဲရဲ့ အသိုက်ကို ချီတက်တိုက်ခိုက်ရတော့မယ်။ ဒီတိုက်ပွဲက ခက်ခဲကြမ်းတမ်းမှာ သေချာပါတယ်။ ကျွန်မတို့အားလုံးလည်း တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းကြပြီးဖြစ်လို့ ဒီတိုက်ပွဲမှာ အားလုံး တညီတညွတ်တည်း လက်တွဲရင်ဆိုင်တိုက်ခိုက်ကြရအောင်၊ ဘယ်လိုသဘောရကြလဲ”

ဟွမ်းယောင်၏ တိုက်တွန်းစကားကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပါအဝင် ကျင့်ကြံသူအားလုံး ကန့်ကွက်ခြင်းမရှိ တညီတညာတည်း သဘောတူလိုက်ကြသည်။ ထိုအချိန်တွင် အဝေးကောင်းကင်တစ်နေရာမှ အလွန်အားကောင်းပြင်းထန်သည့် ဝိညာဉ်ဖိအားနှစ်ရပ်ကို ခံစားမိလိုက်ကြ၍ ကျင့်ကြံသူအားလုံး၏ မျက်နှာများမှာ ရုတ်တရက်တည်ကြည်လေးနက်သွားကြသည်။ အဆိုပါဖိ အားနှစ်ခုသည် ကျောက်စိမ်းရေဓားစင်မြင့်၏ ရွှေအမြုတေအဆင့် အဓိပတိအကြီးအကဲနှစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အားလုံးရိပ်မိလိုက်ကြသည်။

***

All Chapters