စနစ်မှမစ်ရှင်အသစ်ပေးခြင်း
Vol. 12 Ch. 231
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ စိတ်ထဲတွင် စနစ်မှအချက်ပေးသံတစ်ခုကို ကြားလိုက်ရသည်။
[စနစ်မှ မစ်ရှင်အသစ် ကြေငြာလိုက်သည်။ စနစ်ပိုင်ရှင် နတ်ဆိုးချီများကို အကြိမ် ၁၀၀ အထိ ခုခံမှုပြုပါ]
[လက်ရှိအခြေအနေ ၀ %]
[၁ % ၂ % ၃ % ]
မမျှော်လင့်သော အခြေအနေတွင် စနစ်မှ မစ်ရှင်အသစ် ပေးအပ်လာသည့်အတွက် ကျန်းချန်ရွှမ်တစ်ယောက် အံ့အားသင့်မိသည်။ သို့သော် လက်ရှိအခြေအနေတွင် ကြက်သွေးရောင်နေမင်းဆေးပြား၏ အစွမ်းကြောင့် မစ်ရှင်အသစ်သည် လွယ်လင့်တကူ ပြီးဆုံးသွားမည်ဟု တွေးမိသည်။ ထို့နောက် ကျန်းချန်ရွှမ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိလိုက်၏။ ဆေးပြား၏အာနိသင်သည် ပုံမှန်အားဖြင့် နှစ်နာရီမှ လေးနာရီအထိ ကြာမြင့်တတ်သော်လည်း သူ့အတွက်တော့ မိနစ်နှစ်ဆယ်မျှအတွင်း ဆေးအာနိသင်မှာ ယုတ်လျော့စပြုနေကြောင်း ခံစားမိနေသည်။ ထို့ပြင် အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆေးပြား၏ အာနိသင်ပြသနိုင်မှု ကာလသည် တိုသထက်တိုနေ ကြောင်း တုန်လှုပ်ဖွယ် မြင်တွေ့လိုက်ရတော့သည်။ ကျန်းချန်ရွှမ်၏ တွက်ချက်မှုအရ ဆေးပြား၏ အာနိသင်သည် အလွန်ဆုံးရှစ်မိနစ်အထိသာ တာရှည်ခံပါတော့မည်။
သူ့တွက်ချက်မှုမှန်ကန်ပါသည်။ ရှစ်မိနစ်ကြာပြီးနောက် ဆေးပြားအာနိသင်သည် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ ထိုခဏ၌ ဆိုးယုတ်ခြင်းနှင့် ဒုစရိုက်တို့ ပြွမ်းတီးနေသည့် အေးစက်စက်အော်ရာလှိုင်းများသည် သူ့ကိုယ်ခန္ဓာအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လှိုက်စားနေသည်ကို ခံစားမိလိုက်သည်။ ကျန်းချန်ရွှမ်၏ စိတ်အာရုံမြင်ကွင်းတွင် တောင်လိုပုံနေသော အရိုးစုများ၊ အလောင်းကောင်များ၊ စကားလုံးနှင့် ဖော်ပြနိုင်ခြင်းမရှိအောင် ယုတ်မာညစ်ထေးသည့် မြင်ကွင်း များကို တစ်ခုပြီးတစ်ခု မြင်တွေ့လာရသည်။ ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်လည်ပတ်မှုသည်လည်း နှေးကွေးလေးလံလာသည်။ သည်အတိုင်းဆက်ဖြစ်နေလျှင် စိတ်ဝိညာဉ်အတွင်းရှိ အသိစိတ်ပင်လယ်အထိ သက်ရောက်လာမည်ဖြစ်ကြောင်း ကျန်းချန်ရွှမ် ရိပ်မိလိုက်သည်။
မကြာခင်အချိန်အတွင်း တိုက်ပွဲတစ်ခုဆင်နွှဲရလျှင် အဆိုပါသက်ရောက်မှုများကြောင့် ကျန်းချန် ရွှမ်၏ တိုက်ပွဲဝင်စွမ်းရည်ကိုပါ အကြီးအကျယ် ထိခိုက်လာတော့မည်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် မစ်ရှင်ပြီးမြောက်မှု အခြေအနေကို စစ်ဆေးလိုက်ရာ ၂၃ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ် ကြောင်း တွေ့လိုက်ရသည်။ တွက်ချက်မှုအရ မစ်ရှင် အလုံးစုံပြီးမြောက်သည်အထိ ဆေးပြားများကို သုံးစွဲလျှင်တောင် သူ့ထံတွင် ဆေးပြားနှစ်ပြား၊ သုံးပြားခန့်ကျန်နေဦးမည်ဖြစ်သည်။ မစ်ရှင်ပြီးမြောက်သည့်အခါ ရရှိမည့်ဆုလာဘ်သည် နတ်ဆိုးချီများကို ခုခံနိုင်သည့် စွမ်းရည်တစ်ခုဖြစ်ပါစေဟု ကျန်းချန်ရွှမ်ဆုတောင်းမိသည်။ ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ကြက်သွေးရောင်နေ မင်းဆေးပြားတစ်ပြားကို ထုတ်ယူသောက်သုံးလိုက်သည်။
ယခုအခါ ကျန်းချန်ရွှမ်တို့ ကျင့်ကြံသူအုပ်စုကြီးသည် လှိုဏ်ဂူ၏ အတွင်းနက်နက်အထိ ရောက်ရှိ လာကြပြီဖြစ်သည်။ သို့ရာတွင် ကြာပွင့်နီဂိုဏ်းသားများကို အရိပ်အယောင်မျှ မတွေ့ရပါ။ သူတို့ အားလုံး ဇဝေဇဝါဖြစ်လာကြသည်။ သူတို့မမြင်နိုင်အောင် ပုန်းအောင်းတိမ်းရှောင်းရင်း အချိန်ဆွဲ နေကြခြင်းများလား။ ထိုတွေးလုံးမှာ ဖြစ်နိုင်ချေများသည်။ ကျန်းချန်ရွှမ်အပါအဝင် လမ်းမှန်ကျင့် ကြံသူများသည် သူတို့နှင့် မကျွမ်းဝင်သည့် နေရာဒေသအစိမ်းတစ်ခုတွင် လှုပ်ရှားနေကြခြင်းဖြစ်သည်။ သည်နေရာတွင် အချိန်ကြာလာသည်နှင့်အမျှ ကြက်သွေးရောင်နေမင်းဆေးပြားများသည် လည်း တဖြည်းဖြည်းကုန်ဆုံးလာပြီး နောက်ဆုံးတွင် မိစ္ဆာကျင့်ကြံသူများ၏ လက်ခုပ်ထဲမှရေဖြစ် သွားနိုင်သည်။ ဟောင်တုန်းပိုင်၊ လီမင်ကောင်းနှင့် ခွန်ရှုတို့သည်လည်း အဆိုပါပြဿနာကို တွက်မိဟန်တူသည်။ ခွန်ရှုသည် မန္တန်တစ်ခုကို ရွတ်ဖတ်ရင်း အစီအရင်ပြားတစ်ခုကို ပစ်လွှတ်လိုက် သည်။ ထိုအစီအရင်ပြားထံမှ ဝိညာဉ်အလင်းများ ဖြာထွက်လာပြီး အလင်းတန်းများသည် အရပ်မျက်နှာတစ်ခုသို့ ဦးတည်ညွန်ပြလျက်ရှိသည်။
“အားလုံးပဲ၊ ကျုပ်အတွေးမမှားရင် ဒီကောင်တွေ ပုန်းအောင်းနေတဲ့နေရာက အဲဒီဘက်မှာ ဖြစ် လိမ့်မယ်”
ခွန်ရှုသည် သူ့စကားဆုံးလျှင်ဆုံးချင်း အလင်းတန်းညွှန်ပြသည့် အရပ်မျက်နှာသို့ ပျံသန်းသွား တော့သည်။ ကျန်လူများအားလုံးလည်း သူ့နောက်က ကပျာကယာ လိုက်ကြရသည်။ အလင်း တန်းညွှန်ပြရာနေရာသို့ ရောက်သည့်အခါ ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရပြီး နတ်ဆိုးချီ မီးလျှံများသည် ရုတ်တရက် ဟုန်းခနဲတောက်ကာ အနီးအနားရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြ့သူနှစ်ဦးကို ဝါးမြိုလိုက်တော့သည်။ ထိုနှစ်ဦးမှာ ငယ်သံပါအောင် နာကျင်စွာ ညည်းညူ အော်ဟစ်နေရင်းမှာပင် မီးလျှံများက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။ ထို့နောက်တွင် အဆိုပါမီးလျှံများသည် တစ်စထက်တစ်စ ကျယ်ပြန့်လာသည်ကို ကျင့်ကြံသူအားလုံး တုန်လှုပ် ဖွယ်မြင်လိုက်ကြရတော့သည်။ လီမင်ကောင်းသည် ရုတ်တရက် မျက်နှာပျက်သွားပြီး
“အခြေအနေမကောင်းဘူးဟေ့။ သက်ခြွေနတ်ဆိုးမီးလျှံပဲ။ အားလုံး ဒီမီးလျှံနဲ့ လုံးဝမထိမိစေနဲ့”
ထို့နောက် လီမင်ကောင်းသည် ပင်လယ်ပြာရောင် ဘူးသီးခြောက်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုဘူးသီးခြောက်အတွင်းမှ အဏ္ဏဝါအပြာရောင် ရေစင်များ တလဟော စီးထွက်လာပြီး မီးလျှံကို ဖုံးလွှမ်းသွားသည်။ မီးနှင့်ရေတွေ့သောအခါ ရှဲခနဲမြည်သံများ ထွက်လာပြီး ထူထဲသောမီးခိုးများ ရုတ်ခြည်းထွက်ပေါ်လာသည်။ တစ်ဆက်တည်းတွင် ဟောင်တုန်းပိုင်၊ ဝမ်ရှုကျွန်း၊ ဟိုင်ကျန့်နှင့် ကျန်လူများအားလုံးသည်လည်း စတင်လှုပ်ရှားလိုက်ကြသည်။ တစ်ခဏချင်းတွင် ဓားအလင်း များ၊ လှံအရိပ်များနှင့် အရောင်အသွေးစုံလင်သည့် မန္တန်ပေါင်းစုံသည် နတ်ဆိုးမီးလျှံရှိရာသို့ စုပြုံ ကျရောက်သွားတော့သည်။ မကြာမီ နတ်ဆိုးမီးလျှံသည် အပြီးတိုင်ငြိမ်းသွားတော့သည်။ သို့သော် ထိုအခိုက်မှာပင် ကျင့်ကြံသူအားလုံး၏ နတ်ဘုရားစိတ်အာရုံများတွင် မိစ္ဆာကျင့်ကြံသူထောင်ဂဏန်း၏ ပုံရိပ်များကို တုန်လှုပ်ဖွယ် မြင်တွေ့လိုက်ရတော့သည်။
မိစ္ဆာကျင့်ကြံသူများ၏ အဆင့်အတန်းမှာ ချီသန့်စင်ခြင်းအဆင့်မှ ကျီဖုအဆင့်အထိ အမျိုးမျိုးပါ ဝင်သော်လည်း ရွှေအမြုတေအဆင့်ကိုတော့ တစ်ဦးတလေပင် မတွေ့ရချေ။ ရွှေအမြုတေအဆင့်ဟု ခန့်မှန်းရသည့် အစောပိုင်းက အသံပိုင်ရှင်သည်ပင် ထိုအုပ်စုအတွင်း၌ ရှိမနေပါ။ ဟောင်တုန်း ပိုင်က ကြာပွင့်နီဂိုဏ်းသားများ၏ ဗျူဟာမှာ အဆင့်နိမ့်မိစ္ဆာကျင့်ကြံသူများကို ရှေ့ပြေးအနေဖြင့် ချနင်းစတေးကာ သူတို့အားလုံး၏ ဓမ္မစွမ်းအင်များကို ကုန်ခန်းစေပြီးမှ ရွှေအမြုတေအဆင့်များ ထွက်လာပြီး သူတို့အားလုံးကို သုတ်သင်ပစ်မည့်အကြံဖြစ်ကြောင်း ရိပ်မိလိုက်သည်။ အဆိုပါ အဆင့်နိမ့်ကျင့်ကြံသူများကို ထိန်းချုပ်အစီအရင်တစ်ခုဖြင့် ခြယ်လှယ်ထားခြင်းကြောင့်သာ ထိုမိ စ္ဆာကျင့်ကြံသူများသည် ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူများအတွက် နယ်ရုပ်များအဖြစ် အ သုံးတော်ခံနေရခြင်းသာဖြစ်သည်။ အကယ်၍ အဆင့်နိမ့်မိစ္ဆာကျင့်ကြံသူများက ငြင်းဆန်ခဲ့ပါလျှင် သေပွဲဝင်ရမည်မှာ သေချာပါသည်။ ထို့ကြောင့် သူတို့အနေနှင့် သေဆုံးရန် ၁၀၀ ရာခိုင်နှုန်းအခြေ အနေနှင့် အမိန့်ကိုနာခံပြီး လမ်းမှန်ကျင့်ကြံသူများကို တိုက်ခိုက်လျှင် ရှင်သန်ရန်အခွင့်အရေးရှိ သည့် အခြေအနေနှစ်ရပ်အနက် ဒုတိယအခြေအနေကိုသာ ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။
မကြာမီ အင်အားစုနှစ်ရပ်တို့ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲကြီးတစ်ခု စတင်ပါတော့သည်။ လှိုဏ် ဂူအတွင်းရှိ စစ်မြေပြင်တွင် ဓမ္မလက်နက်ပေါင်းစုံ၊ ဓမ္မရတနာအမျိုးမျိုးတို့ တိုက်ခိုက်ပေါက်ကွဲမှု များကြောင့် မျက်စိကျိန်းမတတ် လင်းလက်နေသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း တိုက်ပွဲတွင် တက်ကြွစွာပါဝင်လျက် ကျီဖုအဆင့် မိစ္ဆာကျင့်ကြံသူများကို ရင်ဆိုင်နေကြသည်။ ထိုအထဲတွင် မီးခိုးရောင်ဝတ်ရုံရှည်ဝတ် မိစ္ဆာကျင့်ကြံသူနှင့် ဆံပင်အနီ ကျင့်ကြံသူတို့မှာ ကျီဖုနယ် ပယ်နောက်ဆုံးအဆင့်ထိ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ ဆံပင်နီ မိစ္ဆာကျင့်ကြံသူကို ရင်ဆိုင်နေကြသူများမှာ ဟွမ်းယောင်အမှူးရှိသည့် ကျန်းချန်ရွှမ်တို့၏ မိတ်ဆွေကျင့်ကြံသူများဖြစ် ပြီး တိုက်ပွဲအခြေအနေမှာ တစ်ဖက်စောင်းနင်းဖြစ်နေသည်။ ဆံနီကျင့်ကြံသူ၏ သွေးနီရောင်ဓား ရှည်ကြီး၏ ဆင့်ကဲတိုက်ခိုက်မှုအောက်တွင် ဟွမ်းယောင်တို့ အလူးအလဲခံနေရကာ နောက်သို့ တစ်ဆုတ်တည်း ဆုတ်နေရသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရင်ဆိုင်နေရသည့် ရန်သူမှာ မီးခိုးရောင်ဝတ်ရုံရှည်ဝတ် ကျင့်ကြံသူဖြစ်သည်။ ထိုသူ၏ တိုက်ခိုက်ပုံမှာ ကြမ်းတမ်းပြင်းထန်ပြီး အညှာအတာကင်းမဲ့သည်။ သူ၏ တံ စဉ်ပုံ ဓမ္မရတနာမှ မရေတွက်နိုင်သည့် တံစဉ်အရိပ်များ ဖြစ်တည်လာပြီး ကျန်းချန်ရွှမ်တို့၏ ဦး ခေါင်းများကို ဦးတည်ပစ်မှတ်ထားလျက် တိုက်ခိုက်လျက်ရှိသည်။ မီးခိုးဝတ်ရုံဝတ်လူ၏ နံဘေး တွင်လည်း ကျီဖုနယ်ပယ် ကနဦးအဆင့် မိစ္ဆာကျင့်ကြံသူနှစ်ဦးရှိနေပြီး ထိုလူများသည်လည်း ဓမ္မ ရတနာများကို အသက်သွင်းလိုက်ကြပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြားဖြတ်တိုက်ခိုက် လိုက်ကြသည်။ ရှန်းရူယန်သည် ဘေးကျပ်နံကျပ် အခြေအနေတွင် ကျရောက်နေသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ကောင်းကင်ဘုံအလင်းထီးကို ဆင့်ခေါ်လိုက်သည်။ ထိုအခါ တိမ်လွှာများ ထွက်ပေါ်လာပြီး ကျီဖုကနဦးအဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်သည် တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်သည် ရွှေနက်တုတ်ကို ဆင့်ခေါ်ကာ မီးခိုးရောင်ဝတ်ရုံလူ၏ တံစဉ်အရိပ်များကို ဆီးကြိုခုခံလိုက်သည်။
***