မိစ္ဆာနှိမ်လက်သီး (၂)
Vol. 12 Ch. 233
ဆံပင်နီကျင့်ကြံသူသည် အခြေအနေမဟန်မှန်းသိလျှင် သွေးများကို လောင်ကျွမ်းလိုက်ပြီး သွေးစီးကြောင်းအသွင်ပြောင်းကာ ထွက်ပြေးရန်ကြိုးစားသည်။ ရှန်းရူယန်က နှာခေါင်းရှုံ့လိုက် ရင်း ကိုယ်ခန္ဓာပတ်လည်တွင် လျှပ်စီးကြောင်းများကို စက်ကွင်းပမာ ထုတ်ဖော်လိုက်သည်။ သို့ သော် ထိုလျှပ်စီးကြောင်းများကို မပစ်လွှတ်ရသေးခင်တွင် ထွက်ပြေးနေသည့် ဆံနီကျင့်ကြံသူက အသံနက်ကြီးဖြင့် အော်ဟစ်ညည်းတွားလိုက်သည်ကို မြင်လိုက်ကြရသည်။ ရောင်စုံအလင်းများ ပြိုးပြက်နေသည့် ဓားအလင်းတန်းတစ်ခုသည် သူ့ကိုယ်ခန္ဓာကို ပိုင်းဖြတ်လိုက်ပြီး သွေးမြူများအ ဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။ ထို့နောက်တွင်မှ ကျန်းချန်ရွှမ်တို့သည် အဖြစ်အပျက်အလုံးစုံကို နားလည်လိုက်သည်။ ထွက်ပြေးရန်ကြိုးစားနေသည့် ဆံနီကျင့်ကြံသူကို တစ်ချက်တည်းဖြင့် အ ဆုံးသတ်ပေးလိုက်သူမှာ ကျောက်စိမ်းရေဓားစင်မြင့်၏ အကြီးအကဲတစ်ဦးဖြစ်သူ ဟွားမန်ရုံပင် ဖြစ်သည်။
သူမသည် ဟွမ်းယောင်တို့အဖွဲ့ အခြေအနေမကောင်းသည်ကို မြင်သောကြောင့် အလျင်အမြန် စစ် ကူလာခြင်းဖြစ်သည်။ ဟွားမန်ရုံသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မြင်လျှင်
“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်း၊ ဒီနေရာတဝိုက်မှာ နတ်ဆိုးချီတွေရဲ့ ပမာဏနဲ့ သိပ်သည်းဆတွေ တိုးလာတာကို သတိထားမိလား”
ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပါအဝင် အနီးအနားရှိ ကျင့်ကြံသူများသည် အသက်ကို အောင့်ကာ ဝန်းကျင်တစ်ခုလုံးကို အာရုံခံစစ်ဆေးလိုက်သည်။ ဟွားမန်ရုံပြောသလိုပင် လေထုအ တွင်းရှိ နတ်ဆိုးချီများ၏ ပမာဏနှင့် သိပ်သည်းဆတို့သည် အချိန်နှင့်အမျှ တိုးတက်လာသည်ကို တုန်လှုပ်ဖွယ်မြင်တွေ့လိုက်ကြရတော့သည်။ ကျန်းချန်ရွှမ်တို့လည်း ဟွားမန်ရုံကို မေးခွန်းထုတ် သည့်အကြည့်နှင့် ကြည့်မိကြသည်။ ဟွားမန်ရုံက ခေါင်းခါပြလိုက်ပြီး
“အကြောင်းအရင်းကိုတော့ ကျွန်မလည်းမသိသေးဘူး။ အရေးကြီးတာက ကျွန်မတို့အားလုံးအ တွက် အချိန်မလောက်တော့တာပဲ။ ဒီတော့ မိစ္ဆာကျင့်ကြံသူတွေကို တတ်နိုင်သမျှ အမြန်ဆုံးနည်း နဲ့ သုတ်သင်ပစ်ဖို့လိုမယ်။ မဟုတ်ရင် အချိန်တွေကြာလာတာနဲ့အမျှ ကျွန်မတို့သယ်လာတဲ့ ကြက် သွေးနီနေမင်းဆေးပြားတွေ တဖြည်းဖြည်းကုန်ပြီး နောက်ဆုံးမှာ အားလုံးဒုက္ခရောက်ကုန်ကြမယ်”
ဟွားမန်ရုံ၏ စကားကို ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဟွမ်းယောင်အပါအဝင် ကျင့်ကြံသူအားလုံး သဘောတူလိုက်ကြသည်။ သို့သော် အပြောထက် အလုပ်ကခက်သည်ဆိုသော ဆိုရိုးအတိုင်းပင် ဤမျှများပြားသော မိစ္ဆာကျင့်ကြံသူများကို အချိန်တိုအတွင်း ရှင်းလင်းပစ်ရန်မှာ ထင်သလောက် မလွယ်လှပါ။ ဟွားမန်ရုံက ထိုအတွေးကို ရိပ်စားမိဟန်နှင့် အစီအရင်အလံများစွာကို တစ်ခုပြီး တစ်ခုထုတ်ယူကာ အနီးအနားရှိ ကျင့်ကြံသူအားလုံးကို ဝေပေးလိုက်သည်။
“ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတာကို ကျွန်မဆရာနဲ့ အကြီးအကဲတွေ တွက်ချက် ပြီးသားပါ။ ဒီအလံတွေနဲ့ဆိုရင် မိစ္ဆာကျင့်ကြံသူတွေကို သုတ်သင်ရာမှ အဆပေါင်းများစွာ လွယ် ကူမြန်ဆန်လိမ့်မယ်”
ကျန်းချန်ရွှမ်တို့လည်း ဟွားမန်ရုံဝေပေးသည့် အစီအရင်အလံများကို အသေအချာ စူးစိုက်ကြည့် ရှုလိုက်ကြသည်။ အလံများ၏ မျက်နှာပြင်များတွင် အနုစိတ်ထွင်းထုထားသည့် မီးဓာတ်မှော် သင်္ကေတများကို အစီအရီတွေ့လိုက်ရသည်။ ထိုသင်္ကေတများထံမှ အလွန်အားကောင်းသည့် အင် အားတစ်ရပ် စီးထွက်နေသည်ကို ခံစားမိလိုက်ကြသည်။ ထိုအချိန်တွင် အလွန်ကြီးမားသည့် မီးလျှံအသွင်မြွေကြီးတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ကြောက်မက်ဖွယ် မီးဓာတ်အော်ရာများကို လွှင့်ထုတ်လိုက်သည်ကို အားလုံးမြင်လိုက်ကြရသည်။ အနီးအနားရှိ မိစ္ဆာကျင့်ကြံသူများသည် အဆိုပါ မီးလျှံမြွေကြီး၏ တဟုန်းဟုန်းတောက်လောင်နေသည့် မီးလျှံစက်ကွင်းများအကြား ရုန်းမရ ပြုမရနှင့် ဝါးမျိုးခံလိုက်ရတော့သည်။ ထိုမီးလျှံမြွေကြီးကို ဆင့်ခေါ်လိုက်သူမှာ အဖွဲ့တူ လမ်းမှန် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ကျန်းချန်ရွှမ်မှတ်မိလိုက်သည်။
ထိုလူစုသည်လည်း ဟွားမန်ရုံသူတို့ကို ပေးအပ်ထားသည့် အလံများနှင့် ဆင်တူသည့် အစီအရင် အလံများကို ကိုင်ဆောင်ထားကြောင်း သတိပြုမိလိုက်သည်။ ထိုအခါ ဟွားမန်ရုံက
“ခုနကအသုံးပြုလိုက်တာ ခုနစ်စင်ကြယ်မီးလျှံမြွေ အစီအရင်အလံပဲ။ တာအိုမိတ်ဆွေတို့ တွေဝေ နေဖို့ အချိန်မရှိဘူး၊ အမြန်လက်စသတ်ကြရအောင်”
ဟွားမန်ရုံသည် ပြောပြောဆိုဆိုနှင့် အစီအရင်အလံတစ်ခုကို ကိုင်ကာ ရှေ့ဆုံးမှ ဦးတည်ချီတက် သွားတော့သည်။ ကျန်းချန်ရွှမ်တို့လည်း နောက်မှ ဖဝါးထက်ကြပ်မကွာ လိုက်ပါသွားကြသည်။ မိ စ္ဆာကျင့်ကြံသူများ အစုအပြုံလိုက် တည်ရှိနေသော နေရာအနီးသို့ ရောက်လျှင် ဟွားမန်ရုံသည် သံကုန်ဟစ်ကြွေးလိုက်သည်။
“တာအိုမိတ်ဆွေတို့ တိုက်ခိုက်ကြ”
ဟွားမန်ရုံသည် လက်ထဲရှိ အစီအရင်အလံကို ဓမ္မစွမ်းအင်ကို အသုံးပြုအသက်သွင်းလိုက်ရာ အစီ အရင်အလံသည် ရုတ်တရက် လင်းလက်လာသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဟွမ်းယောင်တို့ အပါအဝင် နောက်ပါကျင့်ကြံသူများသည်လည်း ဟွားမန်ရုံနည်းတူ အလံများကို အသက်သွင်း လိုက်ကြသည်။ ထိုတစ်ခဏတွင် သူတို့ရှေ့မျက်နှာစာတွင် အစီအရင်အကွက်တစ်ခု၏ ပုံကြမ်း ပေါ်လာပြီး အောက်ခြေမျက်နှာပြင်မှ မီးလျှံစက်ကွင်းတစ်ခု လေထဲသို့ ဒေါင်လိုက်အတိုင်း မြင့် တက်လာသည်။ ထို့နောက်တွင် အစီအရင်အကွက်၏ အလယ်ဗဟိုနေရာမှ ဧရာမမီးလျှံနဂါးကြီး တစ်ကောင် တိုးထွက်လာပြီး မြင်မြင်သမျှသော မိစ္ဆာကျင့်ကြံသူများကို မွှေနှောက်ဖျက်ဆီးတော့သည်။
နဂါးကြီး၏ တိုက်ခိုက်မှုတစ်ချက်တွင် ဒါဇင်နှင့်ချီသော မိစ္ဆာကျင့်ကြံသူများ ခုခံချိန်ပင် မရလိုက် ဘဲ အစအနမကျန် ပျောက်ကွယ်ကုန်ကြသည်။ ကျန်းချန်ရွှမ်တို့အုပ်စုအပြင် အခြားသော လမ်း မှန်ကျင့်ကြံသူအဖွဲ့များထံမှလည်း အလားတူ မီးလျှံသတ္တဝါများ အလျှိုလျှို ပေါ်ပေါက်လာကြပြန် သည်။ ကျန်းချန်ရွှမ်အပါအဝင် ကျင့်ကြံသူအားလုံးသည် အစီအရင်အလံများ၏ စွမ်းအားကြီးမား ပုံကို ရင်သပ်ရှုမောဖြစ်မိကြသည်။ ဤသည်မှာ ရွှေအမြုတေအဆင့် ဂိုဏ်းများ၏ အခြေခံအုတ် မြစ်များပေလော ဟုပင်တွေးမိကြသည်။ လှိုဏ်ဂူတစ်ခုလုံးတွင် မိစ္ဆာကျင့်ကြံသူများ၏ ငရဲပွက်သ လို အော်ဟစ်သံများနှင့် ညံစီလျက်ရှိသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ စိတ်ထဲတွင် စနစ်မှ အချက်ပေးသံတစ်ခုကို ကြားလိုက်ရသည်။
ဒင် !
[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ နတ်ဆိုးချီများကို အကြိမ် ၁၀၀မြောက်အထိ ခုခံမှုပြုလုပ်ပြီးပါပြီ။ ဆုလာဘ်အနေနှင့် နတ်ဆိုးချီကို ခုခံနိုင်စွမ်း + ၁ နှင့်အတူ မိစ္ဆာနှိမ်လက်သီးနည်းစနစ်ကို ရရှိ ပါမည်]
[နတ်ဆိုးချီကို ခုခံနိုင်စွမ်း +၁ သည် အခြေတည်ဝိညာဉ်အဆင့် အောက်ရှိ နတ်ဆိုးချီအားလုံးကို ခု ခံနိုင်စွမ်းအား တိုးမြှင့်ပေးပါမည်]
[မိစ္ဆာနှိမ်လက်သီးသည် ချေမှုန်းရေးကို အထူးဦးစားပေးသည့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ် ပြီး ကျင့်ကြံသူတွင် လိုက်ဖက်ညီသည့် ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်တစ်ခု ရှိထားမှ ကျင့်ကြံနိုင် မည်ဖြစ်သည်။ ဤနည်းစနစ်သည် မိစ္ဆာကျင့်ကြံသူများ၊ တစ္ဆေများနှင့် အမှောင်နည်းစနစ်များကို အထူးနှိမ်နင်းထိန်းချုပ်နိုင်သည့် အာနိသင်ရှိသည်]
ဒင်!
[ကျင့်ကြံသူတွင် မိစ္ဆာနှိမ်လက်သီးနည်းစနစ်ကို ကျင့်ကြံရန် လိုက်ဖက်ညီသည့် ကိုယ်ခန္ဓာမွမ်းမံ ခြင်းကျင့်စဉ်တစ်ခု ရှိနှင့်ပြီးဖြစ်ကြောင်း အတည်ပြုသည်။ ဤနည်းစနစ်ကို ယခုချက်ချင်း ကျင့် ကြံပါမည်လား]
[ကျင့်ကြံမည် မကျင့်ကြံပါ]
ထိုအခါ ကျန်းချန်ရွှမ်လည်း မဆိုင်းမတွဘဲ ကျင့်ကြံမည်ဟု ရေရွတ်လိုက်သည်။ ထို့နောက်တွင် အဆိုပါနည်းစနစ်နှင့် ပတ်သက်သည့် အချက်အလက်များသည် သရုပ်ဖော်မြင်ကွင်းများနှင့်တကွ ကျန်းချန်ရွှမ်၏ စိတ်အာရုံထဲသို့ စီးဝင်လာတော့သည်။ ထိုအချက်အလက်များ၏ ကျေးဇူးကြောင့် ကျန်းချန်ရွှမ်သည် တစ်ခဏချင်းတွင် မိစ္ဆာနှိမ်လက်သီး၏ ပထမအဆင့်ကို ကောင်းစွာသိမြင်နား လည်သွားသည်။ နောက်ထပ် အဆင့်များကို တက်လှမ်းလိုပါက ကျန်းချန်ရွှမ်အနေနှင့် သူ၏ ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်ကို အရင်ဆုံးမြှင့်တင်ရန် လိုပါလိမ့်မည်။ သို့သော် လက်ရှိအနေအ ထားနှင့်ပင် ကျီဖုအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးကို သေစေနိုင်လောက်သည့် စွမ်းအားမျိုးကို ထုတ် ဖော်နေနိုင်ပြီဖြစ်သည်။
ထိုစွမ်းအားကို ယခုပင်ထုတ်ဖော်စမ်းသပ်ရန် ကျန်းချန်ရွှမ်ဆုံးဖြတ်လိုက်သည်။ သူ၏ ပုံရိပ်သည် လူမြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားပြီး ကျီဖု ပဉ္စမအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ ရှေ့ မှောက်တွင် ပြန်ပေါ်လာသည်။ ထိုမိစ္ဆာကျင့်ကြံသူသည် ကျန်းချန်ရွှမ်ကို မြင်သည်နှင့် လက်ထဲရှိ ဓမ္မရတနာနှင့် အားကုန်ခုတ်ပိုင်းလိုက်သည်။ ကျန်းချန်ရွှမ်၏ ကိုယ်မှ အော်ရာလှိုင်းများသည် ရုတ်တရက်မြင့်တက်လာပြီး လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။ လက်သီးတစ်ချက်တည်း ဖြင့် မိစ္ဆာကျင့်ကြံသူ၏ ဓမ္မရတနာသည် အဝေးသို့ အဟုန်ပြင်းစွာ လွင့်ထွက်သွားတော့သည်။ ကျန်းချန်ရွှမ်၏ လက်သီးချက်သည် ဤတွင်ရပ်မသွားဘဲ မိစ္ဆာကျင့်ကြံသူ၏ အကာအကွယ် ဓမ္မ စွမ်းအင်စက်ဝန်းကိုပါ ဖောက်ထွင်းသွားသည်။ ကြောင်ငေးလျက်ရှိသော မိစ္ဆာကျင့်ကြံသူသည် လေးကိုင်းမှ မြားတစ်စင်း ပစ်လွှတ်ခံရသည့်ပမာ အဝေးသို့ လွင့်စင်သွားတော့သည်။
ထိုသူ၏ ပါးစပ်အတွင်းမှ သွေးများထွက်ကျလာပြီး လွင့်စင်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် သွေးရောင်စွပ်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အနီးတွင် တုန်လှုပ်မှင်သက်စွာ ကြည့်ရှုနေမိသည့် မိစ္ဆာကျင့်ကြံသူများထံမှ အံ့အားသင့်စွာ ရေရွတ်သံများ ထွက်ပေါ်လာကြသည်။ ကျန်းချန်ရွှမ်သည် ထိုမိစ္ဆာကျင့်ကြံသူကို တုံ့ပြန်ခွင့်မပေးဘဲ လက်သီးများကို ဆက်တိုက်ပစ်လွှတ်လိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်း၌ လက်သီးချက်ရာ ဂဏန်းကို ပစ်သွင်းပြီးဖြစ်သည်။ နောက်ဆုံးလက်သီးချက် ထိမှန်ပြီးနောက် မိစ္ဆာကျင့်ကြံသူ၏ ကိုယ်ခန္ဓာအတ္တဘောကြီးသည် သွေးမြူအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားတော့သည်။
***