ရွှေအမြုတေအဆင့် တိုက်ပွဲ
Vol. 12 Ch. 234
ကျန်းချန်ရွှမ်ပြသလိုက်သည့် လက်သီးနည်းစနစ်ကြောင့် ကျင့်ကြံသူအားလုံး မှင်သက်ကုန်ကြ သည်။ ရှန်းရူယန်သည်လည်း ပါးစပ်အဟောင်းသားနှင့် ငေးမောကြည့်ရှုနေမိတော့သည်။ အဆိုပါ လက်သီးနည်းစနစ်သည် မိစ္ဆာကျင့်ကြံသူများကို နှိမ်နင်းထိန်းချုပ်နိုင်စွမ်း ရှိနေကြောင်း မျက်မြင်တွေ့လိုက်ရသည့် ကျင့်ကြံသူအားလုံး မှတ်ချက်ချမိသည်။ ဟောင်တုန်းပိုင်၊ ကုယွဲ့ဖန်းနှင့် ရွှေအ မြုတေအဆင့် အကြီးအကဲများသည်လည်း ကျန်းချန်ရွှမ်၏ လက်သီးနည်းစနစ်ကို နှစ်သက်စိတ် ဝင်စားဟန်နှင့် ကိုယ်စီခေါင်းညိတ်လိုက်ကြမိသည်။ ထိုအချိန်တွင် လမ်းမှန်ကျင့်ကြံသူများကို ဦးဆောင်လာသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခြောက်ဦးသည် ပြိုင်တူနီးပါး မျက်မှောင်များ ကြုတ်လိုက်ကြပြီး အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ မနီးမဝေးအရပ်တစ်နေ ရာတွင် အလွန်အားကောင်းသိပ်သည်းသည့် အော်ရာများ ချဉ်းကပ်ပျံသန်းလာကြောင်း ခံစားမိလိုက်ကြသည်။
ဟောင်တုန်းပိုင်တို့ ခြောက်ဦးလည်း တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ ခေါင်းညိတ်အချက်ပြလိုက် သည်။ ထိုရန်သူများကို သူတို့ခြောက်ဦးကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ထိုအခါ ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး ရှန်းရူယန်၏ မျက်နှာကို လှမ်းကြည့်လိုက် သည်။ ရှန်းရူယန်ကလည်း နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူများ ရောက်ရှိလာတော့မည်ဖြစ်သည်။ ကျီဖုအဆင့်နှင့်အောက် ကျင့်ကြံသူများသည် ကီလိုမီတာ ရာဂဏန်းအကွာအထိ နောက်ဆုတ်လိုက်ကြသည်။ မကြာခင်ဖြစ်ပွားတော့မည့် ရွှေ အမြုတေအဆင့် တိုက်ပွဲကြီးတွင် အချောင်ပါသွားမည်ကို စိုးရိမ်၍ဖြစ်သည်။ ထိုတိုက်ပွဲမှ လွင့်စင်ထွက်လာသည့် တန်ပြန်လှိုင်းတစ်ခုသည်ပင် သူတို့အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်လေ။
ဟွားမန်ရုံ၊ ဟွမ်းယောင်၊ ဟွေ့လျန်၊ ယို့ချန်းရှန်၊ ချန်းယွမ်နှင့် ကျန်လူများသည်လည်း ဘေးကင်း ရာအရပ်ကို အလျင်အမြန်ရွှေ့ပြောင်းလိုက်ကြသည်။ မကြာမီတွင် အနီရောင်မျက်ခုံး၊ အနီရောင် ဆံပင်ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်ပတ်လည်တွင် သွေးနီရောင်မီးလျှံများ ဝန်းရံထားသည့် လူတစ်ဦး သည် ဟောင်တုန်းပိုင်တို့၏ ရှေ့တည့်တည့် ကောင်းကင်ထက်တွင် ရပ်လျက်သား ပေါ်လာသည်။
“ကျောက်စိမ်းရေဓားစင်မြင့်၊ ကောင်းကင်ယွဲ့ဂိုဏ်း၊ ခွန်ရှုတောင်၊ ဟိုင်ကျန့်… လူစုံတက်စုံပါပဲ လား၊ ကောင်းတယ် ကောင်းတယ်”
ထိုသူသည် ကြာခုနစ်ပွင့်ဂိုဏ်း၏ ကြာပွင့်နီဂိုဏ်းခွဲ၏ ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်သည်။ ထိုလူက ကျန်းချန်ရွှမ်တို့အပါအဝင် ကျင့်ကြံသူအားလုံးကို ငုံ့ကြည့်လိုက်ပြီး အေးစက်စက်အသံဖြင့်
“ငါ့ရဲ့ အထွတ်အမြတ်နယ်မြေကို ကျူးကျော်ဝံ့တယ်ဆိုတော့ အတော်လေးစွမ်းနေကြပုံပဲ။ စမ်း ကြည့်ရအောင်လား”
စကားဆုံးဆုံးချင်းတွင် နတ်ဆိုးဘုန်းကြီးသည် လက်ဖဝါးနှစ်ဖက်ကို စုစည်းလိုက်ရာ သွေးနီရောင် ကြာပွင့်တစ်ခု ရုတ်တရက်ဖြစ်တည်လာသည်။ ထို့နောက်တွင် ကြာပွင့်သည် နှစ်ခု၊ လေးခုမှသည် ရှစ်ခုအထိ ကွဲထွက်သွားပြီး ကြာပွင့်အလွှာများမှ ပူပြင်းတောက်ပသည့် အနီရောင်မီးလျှံများ စီး ဆင်းလာပြီး ဟောင်တုန်းပိုင်တို့လူစုထံ အရှိန်ပြင်းစွာ တိုက်ခိုက်လိုက်တော့သည်။ ထိုအခါ ဝမ်ရှု ကျွန်းသည် လက်ချောင်းအစုံကို လေထဲတွင် တို့ထိလိုက်ရာ အပြာရောင်ရေခဲပန်းတစ်ပွင့် ဖြစ် တည်လာပြီးနောက် မီးလျှံကြာပွင့်ကဲ့သို့ပင် ရှစ်ခုအထိ ကွဲထွက်သွားပြီး ကြာပွင့်နီရှစ်ပွင့်ရှိရာသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
“သူ့ကိုကျွန်မရှင်းမယ်”
ဝမ်ရှုကျွန်းသည် ဟောင်တုန်းပိုင်တို့လူစုကို လှည့်ကြည့်ပြီးပြောလိုက်သည်။ ဟောင်တုန်းပိုင်တို့ လည်း တွေဝေခြင်းမရှိဘဲ နတ်ဆိုးဘုန်းကြီး၏ နောက်ပါ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ကြ သည်။ မကြာမီ ရွှေအမြုတေအဆင့် တိုက်ပွဲကြီးတစ်ခုအဖြစ် အရှိန်မြင့်သွားတော့သည်။ ဓမ္မရတ နာများ ထိတွေ့မိရာမှ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းများသည် ကျန်းချန်ရွှမ်တို့လို ကျီဖုနယ် ပယ် ကျင့်ကြံသူများ အစောပိုင်းက ဆင်နွှဲခဲ့သည့် တိုက်ပွဲထက် ဆယ်ဆမက ပြင်းထန်နေသည်။ အထူးသဖြင့် ကုယွဲ့ဖန်းနှင့် မြွေမျက်လုံးကဲ့သို့ ကောက်ကျစ်သည့်မျက်လုံးပိုင်ရှင် မိစ္ဆာကျင့်ကြံသူ တို့အကြား တိုက်ပွဲပင်ဖြစ်သည်။ သူတို့နှစ်ဦး၏တိုက်ပွဲမှာ လတ်တလောတွင် အပြင်းထန်ဆုံး ဖြစ် နေသည်။ ထိုအချိန်တွင် ဟောင်တုန်းပိုင်နှင့် တိုက်ခိုက်နေသော နတ်ဆိုးစွန်းဟု အမည်ရသည့် မိစ္ဆာကျင့်ကြံသူသည် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံကို အားလုံးကြားလိုက်ရသည်။
ထိုနတ်ဆိုးစွန်းဆိုသူသည် တိုက်ပွဲမစခင်က လှိုဏ်ဂူရှေ့တွင် လမ်းမှန်ကျင့်ကြံသူများကို သွေးခွဲခဲ့ သည့် အသံပိုင်ရှင်ပင်ဖြစ်သည်။ နတ်ဆိုးစွန်း၏ လက်မောင်းတစ်ဖက်သည် ဟောင်တုန်းပိုင်၏ ဓားချက်ကြောင့် ပြတ်ထွက်သွားသည်ကို တိုက်ပွဲဝင်နေသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အပါအဝင် ကျင့်ကြံသူအားလုံး မြင်တွေ့လိုက်ကြရသည်။ ဟောင်တုန်းပိုင်သည် ရွှေအမြုတေနယ် ပယ်ကို တက်လှမ်းနိုင်သည်မှာ နှစ်တစ်ရာပင် မပြည့်တတ်သေးသော်လည်း နတ်ဆိုးစွန်းကဲ့သို့ ဝါရင့်မိစ္ဆာကျင့်ကြံသူတစ်ဦး၏ လက်မောင်းကို အလွယ်တကူဖြတ်တောက်ပြလိုက်ခြင်းမှာ အမှန် ပင် မှင်သက်စရာကောင်းနေသည်။ အထူးသဖြင့် ဟောင်တုန်းပိုင်သည် ဖုံးကွယ်အစီအရင်များကို သာအထူးပြုလေ့လာသူလည်း ဖြစ်နေသည်မဟုတ်ပါလား။
တစ်ချိန်တည်းတွင် ခေါင်းဆောင်ဖြစ်သူ နတ်ဆိုးဘုန်းကြီးနှင့် ရင်ဆိုင်နေသော ဝမ်ရှုကျွန်းသည် လည်း တိုက်ပွဲတွင် အသာရလျက်ရှိသည်။ ရေခဲပန်းရှစ်ပွင့်သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းမိ ပြီး အပြာရောင်ရေခဲအလင်းတန်းအဖြစ်နှင့် မီးလျှံကြာပွင့်များအကြား လူးလာဆန်ခတ်ပြီး ကြာ ပွင့်များကို အေးခဲလိုက်သည်။ မကြာမီ မှန်ကွဲသလို အသံများထွက်ပေါ်လာပြီး ဘုန်းကြီး၏ ကြာ ပွင့်ရှစ်ခုအနက် ခုနစ်ပွင့်အထိ ပျက်စီးသွားပြီး ကျန်တစ်ခုသာ နတ်ဆိုးဘုန်းကြီး၏ လက်ထဲသို့ အရောင်မှိန်လျက် ပြန်လည်ရောက်ရှိလာတော့သည်။ ဘုန်းကြီးသည် သွေးတစ်လုပ်ကို ပါးစပ်အ တွင်းမှ အန်ထုတ်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ကျန်မိစ္ဆာကျင့်ကြံသူများ တုန်လှုပ်သွားကြပြီး မကြာခင် အသက်ငယ်ရွယ်ဟန်ရှိသည့် ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးသည် တိုက်ပွဲ ကို ရုတ်တရက်ရပ်လိုက်ပြီး ကြာပွင့်နီလှိုဏ်ဂူအတွင်းနက်နက် အထဲကို ထွက်ပြေးသွားသည်။
ထိုသူ၏ လုပ်ရပ်ကြောင့် ကျန်ရှိနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများပါ တုန်လှုပ်ဟန်နှင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ လှိုဏ်ဂူအတွင်းပို်ငးကို အပြေးအလွှားဆုတ်ခွာသွားကြ တော့သည်။ ထိုအထဲတွင် နတ်ဆိုးဘုန်းကြီးနှင့် ကုယွဲ့ဖန်းတိုက်ခိုက်နေသည့် မြွေမျက်လုံးပိုင်ရှင် မိစ္ဆာကျင့်ကြံသူပါ ပါဝင်သည်။ ထိုသူများ ထွက်ပြေးရာအရပ်တွင် ထောင်ချောက်များဆင်ထား နိုင်သည်ကို ဟောင်တုန်းပိုင်တို့တွေးမိသော်လည်း ထိုအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၍ နတ်ဆိုးဘုန်းကြီးတို့လူစုပြေးရာနောက်ကို ထက်ကြပ်မကွာ လိုက်ရန်ဆုံးဖြတ်လိုက်ကြသည်။ ဟောင်တုန်းပိုင်တို့သည် မထွက်ခွာမီ ကျန်းချန်ရွှမ်တို့အား ဂူအတွင်း ကျန်ရှိနေသည့် မိစ္ဆာကျင့်ကြံ သူများကို အကုန်အစင် ရှင်းလင်းပစ်ရန် မှာကြားခဲ့သေးသည်။ ထိုသို့မှာကြားရခြင်းမှာ ကျန်းချန် ရွှမ်တို့ကို သူတို့နောက်သို့ လိုက်မလာစေလိုခြင်းကြောင့် မဟုတ်ဘဲ ဂူအတွင်း၌ ရွှေအမြုတေအ ဆင့်အောက် မိစ္ဆာကျင့်ကြံသူ အရေအတွက်မနည်း ကျန်ရှိနေသေးခြင်းကြောင့်ဖြစ်သည်။ ထိုမိစ္ဆာ ကျင့်ကြံသူများကို အပြီးတိုင်သုတ်သင်ပစ်ရန် တာဝန်သည် ကျန်းချန်ရွှမ်တို့ ကျီဖုအဆင့်ကျင့်ကြံ သူများ၏ ပုခုံးပေါ်သို့ ကျရောက်လာတော့သည်။
အစီအရင်အလံ အမြောက်အများကို သုံးစွဲပြီးနောက်တွင် ဂူအတွင်းရှိ မိစ္ဆာကျင့်ကြံသူများမှာ ကုန် သလောက်နီးနီးဖြစ်သွားသည်။ နာရီအနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်တို့သည် စီနီယာ ရွှေ အမြုတေအဆင့် ကျင့်ကြံသူများ ထွက်ခွာသွားသည့်နောက်သို့ လိုက်မီသွားတော့သည်။
***