← Chapters

ဝေစုခွဲခြင်း

Vol. 12 Ch. 240

ဝေစုခွဲခြင်း

Vol. 12 Ch. 240

ဟောင်တုန်းပိုင်တို့ ရွှေအမြုတေအဆင့် ခြောက်ဦးသည် အပြင်ရောက်ရှိလာချိန်၌ စကားများများ မပြောဘဲ သက်ဆိုင်ရာဂိုဏ်းတပည့်များကို ရတနာလှေများပေါ် အသီးသီးတက်စေပြီးနောက် အချင်းချင်းနှုတ်ဆက်စကားပြောပြီး လမ်းခွဲသွားကြသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ယို့ချန်းရှန်၊ ဟွမ်ယောင် အစရှိသည့် ကျီဖုအဆင့် ကျင့်ကြံသူများလည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျောက်စိမ်းရေဓားစင်မြင့်ကို ပြန်လည်ရောက်ရှိလာကြသည်။ သည်တစ်ခေါက်စစ်ဆင်ရေးတွင် သူတို့အားလုံး အလှည့်အပတ်၊ အနိမ့်အမြင့်များစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံးတွင် အောင်ပွဲခံနိုင်ခဲ့ကြသည်။ ထို့ကြောင့် တိုက်ပွဲမှ ရရှိခဲ့သည့် အကျိုးအမြတ်များကို စွမ်းဆောင်ရည် အလိုက် ဝေစုခွဲချိန်တန်ပြီ ဖြစ်သည်။

ကျောက်စိမ်းရေဓားစင်မြင့်၏ ဂိုဏ်းသခင်ဖြစ်သူ ဟောင်တုန်းပိုင်က လူအားလုံးကို စုဝေးစေပြီး ရတနာပစ္စည်းစာရင်းကို ဝေငှပေးလိုက်သည်။

“တာအိုမိတ်ဆွေအပေါင်းတို့၊ ခင်ဗျားတို့လက်ထဲက စာရင်းက ခင်ဗျားတို့ရဲ့ တိုက်ပွဲအတွင်းစွမ်း ဆောင်ရည်အပေါ် မူတည်ပြီး အကျိုးဆောင်ရမှတ်တွေနဲ့ လဲလှယ်လို့ရမဲ့ ပစ္စည်းတွေပါ၊ အားလုံး သဘောတူကြရဲ့လား”

ထိုအခါ ကျန်းချန်ရွှမ်တို့လည်း ပြိုင်တူမတ်တတ်ထရပ်လိုက်ကြပြီး သဘောတူကြောင်း တုံ့ပြန် လိုက်ကြသည်။ ထို့နောက်တွင် အားလုံး၏ အကြည့်မှာ လက်ထဲရှိ ရတနာစာရင်းစာရွက် အပေါ် ကို ကျရောက်သွားကြသည်။ အဆင့်တူ ကျီဖုနယ်ပယ် ကျင့်ကြံသူများအနက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်၍ အကျိုးဆောင်အမှတ် အများဆုံးကို ရရှိ ထားကြသည်။ သူတို့လဲလှယ်လိုသော ရတနာပစ္စည်းများတွင် အဆင့် ၃ ဝိညာဉ်ရတနာအများစု ပါဝင်ပြီး အရေးတကြီးလိုအပ်နေသည့် ‌ဝိညာဉ်ပဲ့တင်သံပန်းလည်း အပါအဝင်ဖြစ်သည်။ အထက် တွင် ဖော်ပြခဲ့သည့်အတွင်း အဆိုပါဝိညာဉ်ပန်းကို ရေဓာတ်ဆီးသီးနှင့် ပေါင်းစပ်ပြီး ကျီဖုအလယ် အဆင့် ကျင့်ကြံသူတစ်ဦးကို နောက်ဆုံးအဆင့်ထိ တက်လှမ်းစေနိုင်သော ရေဓာတ်ကျော်ဖြတ် ခြင်းဆေးပြားကို ဖော်စပ်နိုင်စွမ်းရှိသည်။

နောက်ထပ်ရတနာများမှာ အဆင့် ၃ အမြင့်ဆုံးအဆင့် ရတနာလှေနှင့် ကောင်းကင်ဘုံရတနာ နှင်းရေစက်ပုလင်းတို့ဖြစ်သည်။ ပုံမှန်အားဖြင့် အဆိုပါ အဆင့် ၃ ရတနာလှေမျိုးကို ဈေးကွက်အ တွင်း တွေ့ရလေ့မရှိဘဲ အခွင့်အခါသင့်မှသာ ပိုင်ဆိုင်နိုင်သော ရတနာမျိုးဖြစ်သည်။ နှင်းရေစက် ပုလင်းမှာ ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်များနှင့် တွဲဖက်အသုံးပြုနိုင်သည့် ဆေးဝါးရတနာဖြစ်ပြီး နောက်ထပ်ရတနာတစ်ခုမှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများအတွက် အရေးပါသည့် ကျီဖုကျောက်စိမ်းပြားဖြစ်သည်။ သို့သော် ဝိညာဉ်ပဲ့တင်သံပန်း၊ ရတနာလှေနှင့် ကောင်းကင်ဘုံ နှင်းရေစက်ပုလင်းတို့ကို လဲလှယ်ပြီးနောက်တွင် အကျိုးဆောင်အမှတ်များ အတော်လေးကုန်ခမ်းသွားပြီး ကျီဖုကျောက်စိမ်းပြားကို လဲလှယ်ရယူရန် မလုံလောက်တော့ပါ။

သို့သော် ကံကောင်းသည့်တစ်ချက်က ရှန်းရူယန်သည် ကျန်းချန်ရွှမ်ပြီးနောက် ဒုတိယမြောက် အကျိုးဆောင်ရမှတ် အများဆုံးပုဂ္ဂိုလ်ဖြစ်သည့်အတွက် ကျီဖုကျောက်စိမ်းကို လက်ဦးမှုရယူကာ လဲလှယ်နိုင်လိုက်သည်။ ထို့နောက် လျှပ်စီးသလင်းကျောက်နှင့် လက်နက်မွမ်းမံရာတွင် အသုံးပြု သည့် ကုန်ကြမ်းများကို ရယူလိုက်ပြီးနောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးပေါင်း ရ မှတ်များမှာ ကုန်သလောက်နီးနီးဖြစ်သွားသည်။ အလိုရှိသည့် ရတနာများကို ရွေးချယ်လဲလှယ် ပြီးနောက် ကျင့်ကြံသူအများစုသည် ကြာကြာမနေတော့ဘဲ ဟောင်တုန်းပိုင်ကို နှုတ်ဆက်ပြီး သက်ဆိုင်ရာမိသားစုများ၊ ဂိုဏ်းများထံ ပြန်သွားကြတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လို စင်မြင့်နှင့် ရင်းနှီးကျွမ်းဝင်သူများသာ ချက်ချင်းမပြန်သေးဘဲ နေရစ်ခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟွားမန်ရုံကို ချဉ်းကပ်၍ ယွင်နိုင်ငံနှင့် ယန်နိုင်ငံတို့၏ အခြေ အနေကို မေးမြန်းတီးခေါက်ကြည့်သည်။ ထိုနှစ်နိုင်ငံသည်လည်း သူတို့ လျန်နိုင်ငံကဲ့သို့ပင် မိစ္ဆာ ကျင့်ကြံသူများကို နှိမ်နင်းသည့် စစ်ဆင်ရေးကို တစ်ချိန်တည်းနီးနီး ဆောင်ရွက်ခဲ့ကြကြောင်း ကျန်းချန်ရွှမ်တို့ သိရှိပြီးဖြစ်သော်လည်း စစ်ဆင်ရေးအောင်မြင်သည်၊ ကျရှုံးသည်ကိုတော့ အ သေးစိတ်မသိရသေးပါ။ ထိုမေးခွန်းကိုကြားလျှင် ဟွားမန်ရုံ၏ မျက်နှာသည် ရုတ်တရက် တည် သွားသည့်အတွက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်ထဲတွင် လေးလံသွားကြသည်။ လောက တွင် ပြဿနာတစ်ခုဖြစ်ပွားမည်ကို တွေး၍ စိုးရိမ်နေလျှင် ထိုပြဿနာမှာ အမှန်တကယ် ဖြစ်လာ တတ်သည့်သဘောရှိပေသည်။

ဟွားမန်ရုံထံမှ သိရှိရသလောက် ယွင်နိုင်ငံနှင့် ယန်နိုင်ငံတို့၏ စစ်ဆင်ရေးသည် ချောချောမွေ့မွေ့ မဖြစ်ခဲ့ကြောင်းသိရသည်။ အထူးသဖြင့် ယွင်နိုင်ငံဖြစ်ပြီး လူရင်းတစ်ဦး၏ နောက်ကျောဓားနှင့် ထိုးခြင်းကို ခံခဲ့ရသည်ဟုဆိုသည်။ ထိုသစ္စာဖောက်မှာ ကျန်းချန်ရွှမ်ကို ဒုက္ခပေးရန် ကြံစည်ဖူးသူ ရှန်းကွမ်မန်ဂိုဏ်း၏ ခုနစ်စင်ကြယ်အဘိုးကြီးပင်ဖြစ်သည်။ ထိုအဘိုးကြီး၏ သက်တမ်းမှာ မကြာ မီ ကုန်ဆုံးတော့မည်ဖြစ်၍ သက်တမ်းဆွဲဆန့်ရန် အငမ်းမရ အလိုရှိနေသော ခုနစ်စင်ကြယ်သည် မိစ္ဆာကျင့်ကြံသူများနှင့် လက်တွဲလိုက်ပြီး ကြာပွင့်ဝါဂိုဏ်းခွဲ၏ အဓိပတိအကြီးအကဲတစ်ဦး ဖြစ် လာခဲ့သည်။ ထိုဖြစ်ရပ်သည် ယွင်နိုင်ငံသား ကျင့်ကြံသူအားလုံး၏ အရှိုက်ကို တည့်တည့်မတ်မတ် ထိမှန်သည့် ထိုးနှက်ချက်တစ်ရပ်လို ဖြစ်သွားသည်။

ယွင်နိုင်ငံ၏ အင်အားအကြီးဆုံး ရွှေအမြုတေအဆင့် ဂိုဏ်းသုံးခုအနက် ရှန်းကွမ်မန်ဂိုဏ်း၏ အဓိ ပတိအကြီးအကဲတစ်ဦး ရန်သူများဖက်သို့ ခိုလှုံသွားသည့်သတင်းသည် ယွင်နိုင်ငံသားများ အထူး သဖြင့် ရှန်းကွမ်မန်ဂိုဏ်းအတွက် လက်မခံနိုင်စရာပင်ဖြစ်သည်။ ထိုဖြစ်ရပ်အတွက် ယွင်နိုင်ငံ ကျင့်ကြံခြင်းလောကတွင် ရှန်းကွမ်မန်ဂိုဏ်းသည် လူအများစု၏ ဝေဖန်ရှုတ်ချခြင်းကို အလူးအလဲ ခံလိုက်ရသည်။ လွန်ခဲ့သော နတ်ဆိုးသားရဲကပ်တွင် ရှန်းကွမ်မန်ဂိုဏ်း၏ အဓိပတိအကြီးအကဲ ဖြစ်သူ စစ်တုကျန်သည် ဟုန်တျန်းချီနှင့် နန်းကုန်းပိုင်ကျန်တို့နှင့် လက်တွဲပြီး မိစ္ဆာကျင့်ကြံသူများ ကို နှိမ်နင်းကာ အရိပ်နတ်ဆိုး၏ ရုပ်ခန္ဓာကို ဖျက်ဆီးပေးခဲ့သည့် အချက်ကို ထောက်ထား၍သာ ရှန်းကွမ်မန်တစ်ဂိုဏ်းလုံး အထောင်းသက်သာသွားခြင်းဖြစ်သည်။

ယန်နိုင်ငံသည်လည်း ယွင်နိုင်ငံလောက် မဆိုးဝါးသော်လည်း သူတို့လည်း မသက်သာပါ။ သူတို့ ရင်ဆိုင်ရသည့် ကြာပွင့်စိမ်းဂိုဏ်းခွဲသည် မျှော်လင့်ထားသည်ထက် များစွာတောင့်တင်းနေသည့် အတွက် နှစ်ဖက်အင်အားစုများအကြား အနိုင်အရှုံးမကွဲပြားသေးဘဲ သောင်မတင်ရေမကျ အခြေအနေမျိုးဖြစ်နေသည်ဟုသာ ကြားသိရသည်။ နောက်ဆုံးသတင်းများကိုတော့ အသေးစိတ်မသိရ သေးပါ။ ထိုသတင်းများကို ကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်နှလုံးများ လေးလံသွားကြသည်။ ကြားသိရသလောက် နှစ်နိုင်ငံလုံး၏ အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထား ဖြစ်သည်။ နောက်ဆုံးတွင် နှစ်နိုင်ငံလုံး မိစ္ဆာကျင့်ကြံသူများကို အောင်ပွဲခံနိုင်မည်ဟု ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့ ယုံကြည်မိသော်လည်း ထိုအောင်ပွဲအတွက် ပေးဆပ်ရမည့်တန်ဖိုးမှာ နည်းမည်မဟုတ်ကြောင်း ဇနီးမောင်နှံနှစ်ဦးလုံး လက်ခံထားကြသည်။

နတ်ဆိုးသားရဲကပ်ဘေး ကျရောက်လာတော့မည့် ယခုလိုကာလမျိုးတွင် ထိုဖြစ်ရပ်မျိုးသည် ဖိအားတစ်ခု တိုးလာခြင်းလည်းဖြစ်သည်။ အရာအားလုံး အဆင်ပြေချောမွေ့ပါစေဟု မျှော်လင့်ရုံမှ အပ ကျန်းချန်ရွှမ်တို့ တတ်နိုင်သည့်အရာမရှိပါ။ သို့နှင့် ဟောင်တုန်းပိုင်၊ ကုယွဲ့ဖန်းတို့ကို နှုတ် ဆက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ကျန်းမိသားစုထံ ပြန်လည်ထွက်ခွာလိုက်ကြ သည်။ ကျန်းမိသားစုဌာနချုပ်ကို ရောက်လျှင်ရောက်ချင်း ကျန်းရန်ယီတို့လူစုကို ဆင့်ခေါ်ပြီး မိသားစုအခြေအနေကို အသေးစိတ်မေးမြန်းသည်။ ကံကောင်းစွာနှင့် သည်အတောအတွင်း ကြီး ကြီးမားမား ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေသည်။ ကျန်းချန်ရွှမ်က လည်း ဖြစ်ပွားခဲ့သမျှ အကြောင်းစုံကို မိသားစုဝင်အားလုံးကို အသိပေးလိုက်သည်။

ကြာပွင့်နီဂိုဏ်းခွဲနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်းကို အသေးစိတ် သိလိုက်ရသောအခါ ကျန်း ရန်ယီ၊ ကျန်းရန်ချွမ်းအပါအဝင် ကျန်းမိသားစုဝင်အားလုံး တုန်လှုပ်ခြောက်ချားသွားကြသည်။ တိုက်ပွဲမှာ ပြင်းထန်မည်ဖြစ်ကြောင်း သူတို့အားလုံး မျှော်လင့်ထားသော်လည်း လက်တွေ့ဖြစ်စဉ်သည် သူတို့ထင်ထားသည်ထက် များစွာကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရသည်။ ရွှေအမြုတေအဆင့်တိုက်ပွဲသည် သူတို့အတွက်တော့ မှင်သက်ဖွယ် အန္တရာယ်များလှသည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်စုံတစ်ရာ မထိခိုက်သည့်အတွက်‌ သူတို့အားလုံး စိတ်သက်သာ ရာရလိုက်သည်။ သို့သော် ယွင်နိုင်ငံနှင့် ယန်နိုင်ငံတို့အကြောင်း ကြားလိုက်ရချိန်တွင်တော့ သက်ပြင်းကိုယ်စီချမိလိုက်ကြသည်။ အဆိုပါတိုက်ပွဲနှစ်ခုတွင် ယွင်နိုင်ငံနှင့် ယန်နိုင်ငံတို့ ရှုံးနိမ့်ခဲ့လျှင် သော်လည်းကောင်း၊ သို့မဟုတ် အဆင့်မြင့်ကျင့်ကြံသူများ ကျဆုံးခဲ့လျှင်သော်လည်းကောင်း မကြာခင်ကျရောက်တော့မည့် နတ်ဆိုးသားရဲကပ်ဘေးအတွက် သက်ရောက်မှုကြီးမားလိမ့်မည် ဖြစ်သည်။ သို့သော် လတ်တလောတွင် သူတို့တတ်စွမ်းနိုင်သည့် အရေးမျိုးမဟုတ်၍ မိမိတို့အင် အားကိုသာ တောင့်တင်းနိုင်သမျှ တောင့်တင်းအောင် ဖြည့်ဆည်းရန်သာရှိသည်။

***

စာစဉ် ၁၂ ပြီးပါပြီ။

All Chapters