ဝေစုခွဲခြင်း (၂)
Vol. 13 Ch. 241
ထိုအတွေးနှင့်အတူ ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့သည် ကျန်းချန်ရွှမ်တို့၏ လက်ထဲရှိ ကျီဖုကျောက်စိမ်းပြားအပေါ် အာရုံရောက်သွားသည်။ ကျန်းရန်ယီ၏ မျက်လုံးများ အရောင်လက်သွားသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ကျီဖုနယ်ပယ်အထိ တက်လှမ်းနိုင် ရန် ၅၀ ရာခိုင်နှုန်း အာမခံချက်ပေးနိုင်သည့်အပြင် မအောင်မြင်ခဲ့လျှင်တောင် အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့်အတွက် ထိုကျီဖုကျောက်စိမ်းပြားသည် ကျန်းရန်ယီလို အခြေခံတည် ဆောက်ခြင်းကျင့်ကြံသူ အားလုံးအတွက် မက်မောစရာကောင်းလှသည်။ ကျန်းရန်ယီ၏ အတွေး ကို ရိပ်စားမိသည့်အလား ကျန်းချန်ရွှမ်က ကျန်းရန်ယီကို ကြည့်ရင်းမေးလိုက်သည်။
“ဒီကျောက်စိမ်းပြားအကြောင်း မိတ်ဆက်ပေးစရာ မလိုဘူးထင်ပါရဲ့။ ဒီရတနာကို ဘယ်သူ့ကိုပေး သင့်တယ်ထင်လဲ ရန်ယီ”
ကျန်းရန်ယီက ဆိုင်းတွခြင်းမရှိဘဲ ဖြေသည်။
“ကျွန်တော့်အထင်မမှားရင် အကြီးအကဲလျူက လာမဲ့ငါးနှစ်အတွင်း ကျီဖုနယ်ပယ်ကို တက်လှမ်း နိုင်ပါလိမ့်မယ်။ ပြီးတော့ လက်ရှိမိသားစုမှာ လျူလင်းလုံက ကျီဖုအဆင့်ကို ရောက်ရှိနိုင်ချေ အများဆုံးဖြစ်တဲ့အတွက် သူ့ကိုပေးသင့်တယ်လို့ထင်ပါတယ်”
ကျန်းရန်ယီ၏ အဖြေကိုကြားလျှင် ကျန်းချန်ရွှမ်သာမက ရှန်းရူယန်ပါ အံ့အားသင့်သွားသည်။ ကျန်းရန်ယီသည် ကျီဖုကျောက်စိမ်းပြားကို လိုချင်မက်မောစိတ် ရှိပုံမပေါ်ဘဲ အကြီးအကဲလျူကို ပေးအပ်ရန် တိုက်တွန်းခြင်းကြောင့်ဖြစ်သည်။ ထိုအခါ ကျန်းရန်ယီက
“အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်လည်း ဒီကျောက်စိမ်းပြားကို လိုချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေအထားကို ကျွန်တော်သာ အသိဆုံးပါ။ ကျီဖုနယ်ပယ်ကို တက်လှမ်းနိုင်ဖို့က နောင်အနှစ်နှစ်ဆယ်လောက်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ပြီးတော့ အဲဒီအချိန်ရောက်ရင်တောင် ကျီဖုအဆင့် ကို တက်လှမ်းနိုင်မယ်လို့ ရာနှုန်းပြည့် မသေချာပါဘူး။ ပြီးတော့ ကျွန်တော်က မိသားစုအကြီးအကဲ တာဝန်ယူထားတဲ့အတွက် သဘောထားကြီးဖို့လိုပါတယ်။ စီနီယာဦးလေး၊ အဒေါ်တို့နဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူလို့ မသင့်တော်ပါဘူး။ ဒါကြောင့် မိသားစုရှေ့ရေးအတွက် အကျိုးရှိဆုံးက လျူလင်းလုံကို ဒီကျောက်စိမ်းပြား ချီးမြှင့်လိုက်ဖို့ပါပဲ”
ကျန်းရန်ယီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းချန်ရွှမ်တို့နှစ်ဦးလုံး နှလုံးသားထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားမိလိုက်သည်။ အစက သူတို့တွေးထင်မိသည်မှာ ကျန်းရန်ယီသည် သူ့အတွက် လတ်တလော မလိုအပ်သေးသော်လည်း ကျီဖုကျောက်စိမ်းပြားကို ပိုင်ဆိုင်ခွင့်ရရှိရန် ကြိုး စားလိမ့်မည် ဟူ၍ဖြစ်သည်။ သို့သော် သူသည် သူ့အတ္တထက် မိသားစုအနာဂတ်ကို ဦးစားပေးပြီး မိသားစုအကျိုးစီးပွားကိုသာ ဦးထိပ်ထားရန် ပြင်ဆင်ထားသူဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူ ယန်တို့သည် ကျန်းရန်ယီ၏ စိတ်နေစိတ်ထားကို ရှေးကထက် ပိုမိုနားလည်သွားကြသည်။ ထိုအချိန်တွင် ကျန်းရန်တောက်သည် အစ်ကိုဖြစ်သူ ကျန်းရန်ယီ၏ စကားကို ကြားပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။
“ဘယ်လိုလဲ၊ ရန်တောက်။ အမြင်မတူတာ ရှိလို့လား”
ကျန်းချန်ရွှမ်၏ အမေးကို ကျန်းရန်တောက်က အရိုးသားဆုံး ဖြေကြားလိုက်သည်။
“မရှိပါဘူး စီနီယာဦးလေး၊ ကျွန်တော့်အစ်ကိုအတွက် စိတ်မကောင်းဖြစ်မိရုံပါ”
ကျန်းရန်တောက်သည် အစ်ကိုဖြစ်သူ ရန်ယီ၏ စိတ်နေစိတ်ထားကို ကောင်းစွာနားလည်ပြီး ဖြစ်သည်။ ကျောက်စိမ်းပြားအား သွေးသားရင်းဖြစ်သူ ကျန်းရန်ယီကိုသာ ပိုင်ဆိုင်စေလိုသော်လည်း အစ်ကိုလည်းဖြစ်၊ မိသားစုအကြီးအကဲလည်းဖြစ်သူ၏ ဆုံးဖြတ်ချက်ကို လေးစားရုံသာရှိပါသည်။ ကျန်းချန်ရွှမ်က ကျေနပ်ဟန်နှင့် ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရမိလိုက်သည့် အတွက် ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့ကို စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့ ရန်ယီနဲ့ ရန်တောက်၊ အကြီးအကဲလျူအပေါ် ဘယ်လိုမြင်ကြလဲ”
ထိုအခါ ကျန်းရန်ယီတို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။ သို့သော် ကျန်းချန်ရွှမ် ဘာကိုဆိုလိုသည်ကို ကျန်းရန်ယီတစ်ယောက် တစ်ခဏချင်း နားလည်သွားပြီး
“စီနီယာဦးလေးခင်ဗျား၊ လျူလင်းလုံရဲ့ ကျန်းမိသားစုအပေါ် သစ္စာစောင့်သိမှုက ယုံမှားဖွယ်မရှိပါ ဘူး၊ သူသာ သစ္စာပျက်တတ်ရင် ကျွန်တော်တို့ ကျန်းမိသားစု ဒုက္ခရောက်နေချိန်ကတည်းက စွန့် ခွာသွားပြီးပေါ့။ နောက်ပြီး သူတို့က ကျန်းမိသားစုထဲမှာပါ ကျွန်တော်တို့နဲ့အတူ ကြီးပြင်းလာခဲ့သူပါ။ သူ့အနေနဲ့ ကျန်းမိသားစုကို ဘယ်တော့မှ သစ္စာပျက်ယွင်းမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော့်ရဲ့ တာအိုလမ်းစဉ်နဲ့ အသက်ကိုပါ ကျိန်ဆိုပြီး အာမခံရဲပါတယ်”
ကျန်းရန်ယီ၏ ရဲရဲတောက် အာမခံချက်ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လျူလင်းလုံအပေါ်အမြင်သည် ရှေးကထက် တိုးတက်ကောင်းမွန်လာသည် ဟုဆိုရမည်။ ကျန်းရန်ယီ၏ ကိုယ်ကျင့်တရားကို သူတို့နှစ်ဦးလုံး ယုံကြည်မိသည့်အပြင် ကျန်းမိသားစုနှင့် သူတို့နှစ်ဦး ပထမဆုံးအကြိမ် ဆုံဆည်းချိန်က အခြေအနေကို ပြန်ပြောင်းသတိရမိခြင်းကြောင့်လည်း ပါဝင်သည်။ ထိုကဲ့ သို့ သေရေးရှင်ရေး အခြေအနေမှာပင် လျူလင်းလုံသည် မိသားစုကို ပစ်မသွားဘဲ အဆုံးစွန်ထိ သစ္စာစောင့်သိခဲ့သည်။ သည်တစ်ချက်တည်းနှင့်ပင် လျူလင်းလုံသည် ဤကျောက်စိမ်းပြားနှင့် ထိုက်တန်ကြောင်းထင်ရှားပါသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် ခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီ၊ ဒါဆို ကျီဖုကျောက်စိမ်းပြားကို လျူလင်းလုံကိုပဲ ပေးလိုက်မယ်၊ ပြီးတော့…”
ကျန်းချန်ရွှမ်သည် ကျောက်စိမ်းတိုကင်တစ်ခုကို ထုတ်ယူလိုက်ပြီး
“ဒီတိုကင်ထဲမှာ ကျုပ်နဲ့ရူယန်တို့ ကျီဖုနယ်ပယ်ကို တက်လှမ်းစဉ်က အတွေ့အကြုံတွေကို မှတ် တမ်းတင်ထားတယ်။ ဒီတိုကင်ကိုပါ တစ်ခါတည်းပေးလိုက်ပါ။ အကြီးအကဲလျူအတွက် အကူအ ညီဖြစ်ပါလိမ့်မယ်၊ ပြီးတော့ ကျန်သေးတယ်။ ကျုပ်နဲ့ ရူယန်တို့ ဂူပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်။ တိုရင် ဆယ်နှစ်လောက်ကြာမယ်၊ ရှည်ရင်တော့ နတ်ဆိုးသားရဲကပ်ဘေး မကျခင် တစ်ရက်အလိုမှ ထွက်လာနိုင်လိမ့်မယ်။ ဒီကြားထဲမှာ မိသားစုအတွက် သေရေးရှင်ရေး အခြေအနေမျိုးကလွဲပြီး ဘယ်လိုအကြောင်းရင်းမျိုးနဲ့မှ ကျုပ်တို့ကို အနှောက်အယှက်မပေးပါနဲ့။ နားလည်လား”
***