← Chapters

ရေဓာတ်တက်လှမ်းခြင်းဆေးပြားကို ဖော်စပ်ပြီ

Vol. 13 Ch. 242

ရေဓာတ်တက်လှမ်းခြင်းဆေးပြားကို ဖော်စပ်ပြီ

Vol. 13 Ch. 242

ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့သည် သည်တစ်ခေါက် ဂူပိတ်ကျင့်ကြံခြင်းကာလသည် ရှေး ကထက် များစွာကြာမြင့်နေသည့်အတွက် အံ့အားသင့်မိသလိုရှိသည်။ သို့သော် နတ်ဆိုးသားရဲ ကပ်ဘေးအတွက် ကျန်းချန်ရွှမ်တို့ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်၊ ကျန်းရန်ယီက ခေါင်းညိတ်လိုက်ပြီး

“မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ အရးကြီးကိစ္စမရှိဘဲနဲ့ မနှောက်ယှက်ပါဘူး”

ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် ကျန်းရန်ယီတို့ ညီအစ်ကိုနှစ်ယောက် အလိုက်တသိနှင့် ထွက်ခွာသွားကြသည်။ ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံလည်း ရှန်းရူယန်၏ လှိုဏ်ဂူသို့ ဝင်ရောက်ပြီး ဂူပိတ်ကျင့်ကြံမှု စတင်ရန် ပြင်ဆင်သည်။ သည်တစ်ခေါက် ဂူပိတ်ကျင့်ကြံခြင်း၏ အဓိကရည်ရွယ်ချက်သည် နှစ်ဦးလုံး၏ ကျင့်ကြံမှု အဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ ထိုအတွက် လိုအပ်မည့် အထောက်အကူပြု ဆေးပြား များကို အရင်ဆုံးဖော်စပ်ရမည်ဖြစ်သည်။ ပထမဆုံး ဦးစားပေးဖန်တီးရမည့် ဆေးပြားမှာ ရေဓာတ်တက်လှမ်းခြင်းဆေးပြားဖြစ်သည်။

သည်နှစ်ကာလများအတွင်း ကျန်းချန်ရွှမ်၏ အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ စွမ်းရည်၊ ကျွမ်းကျင်မှုများသည် တစ်ဟုန်ထိုး တိုးတက်လာကာ အဆင့် ၂ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာပြီဖြစ်သည်။ ရှန်းရူယန်ကဲ့သို့ အဆင့် ၃ နှင့်အထက် ဆေးပြားများကို ဖန်တီးနိုင်ခြင်း မရှိသေးသော်လည်း ထို ဆေးပြားဖော်စပ်ခြင်း လုပ်ငန်းစဉ်တွင် အရေးပါသည့် ဆေးရည်များကိုတော့ ပြုပြင်စီရင်နိုင်စွမ်း အထိုက်အလျောက်ရှိလာပြီဖြစ်သည်။ ထို့ပြင် ရှန်းရူယန်၏ ဆေးပြားဖော်စပ်ခြင်းလုပ်ငန်းတွင် ကူညီခြင်း၊ လေ့လာစောင့်ကြည့်ခြင်းတို့ဖြင့် ကျန်းချန်ရွှမ်၏ အဂ္ဂိရတ်ပညာဆိုင်ရာ စွမ်းရည်များ တိုးတက်လာနိုင်သေးသည်။

ထို့ကြောင့် ရှန်းရူယန်တစ်ယောက် အဆင့် ၃ နှင့်အထက် ဆေးပြားများကို ဖန်တီးရာတွင် ကျန်းချန်ရွှမ်က ဘေးမှ အမြဲလိုလိုရှိနေတတ်သည်။ ရှန်းရူယန်သည် ရေဓာတ်တက်လှမ်းခြင်းဆေးပြား ဖော်စပ်ရာတွင် ပါဝင်ပစ္စည်းများဖြစ်သည့် ရေဓာတ်ဆီးသီး၊ မီးလျှံသစ်သားစိမ်းနွယ်ပင်၊ ဝိညာဉ်ပဲ့ တင်သံပန်းတို့ကို ထုတ်ယူခင်းကျင်းလိုက်သည်။ ရေဓာတ်တက်လှမ်းခြင်းဆေးပြားကို ရေဓာတ် ဆီးသီးတစ်လုံးနှင့် လဲလှယ်ခြင်းမပြုဘဲ ကိုယ်တိုင်ဖန်တီးရန် ဆုံးဖြတ်ရသည်မှာ အကြောင်းရင်း ရှိပါသည်။ ရေဓာတ်ဆီးသီးတစ်လုံး၏ တန်ဖိုးသည် ဆေးပြားထက် များစွာသာလွန်သည့်အပြင် လိုအပ်သည့် ပါဝင်ပစ္စည်းများလည်း အသင့်ရှိပြီးဖြစ်၍ ကိုယ်တိုင်ဖန်တီးပါက တိုက်ရိုက်လဲလျှင် ရရှိမည့်ဆေးတစ်ပြားထက် ပိုမိုသည့် ဆေးပြားအရေအတွက်ကိုလည်း ရရှိဦးမည်ဖြစ်သည်။

ကျန်းချန်ရွှမ်တို့၏ ရှေ့မှောက်တွင် ခြေသုံးချောင်း၊ လက်ကိုင်နှစ်ဖက်ရှိသည့် မီးဖိုတစ်ခု ပေါ်လာသည်။ ထိုမီးဖိုသည် စစ်မှန်မှုသစ်ဥမီးဖို ဟုခေါ်ပြီး ကျန်းချန်ရွှမ်ကိုယ်တိုင် ရှန်းရူယန်အတွက် ဝယ် ယူပေးထားသည့် အဆင့် ၃ အဂ္ဂိရတ်မီးဖိုတစ်ခုဖြစ်သည်။ ထိုမီးဖိုကို အသုံးပြုပြီး ဆေးပြားများဖော်စပ်လျှင် သာမန်အဂ္ဂိရတ်မီးဖိုတစ်လုံးကို အသုံးပြုသည်ထက် အောင်မြင်မှုနှုန်းနှင့် ရရှိလာ မည့်ဆေးပြားအရေအတွက်မှာ များစွာသာလွန်မည်ဖြစ်သည်။ ရှန်းရူယန်သည် ဝိညာဉ်မီးကို ဦး စွာထွန်းညှိလိုက်ရာ မီးဖိုထံမှ လိမ္မော်ရောင်အလင်းတစ်ခု ဖြာထွက်လာသည်။ တစ်ချိန်တည်း၌ အ လွန်မွှေးကြိုင်သည့် ဆေးနံ့တစ်မျိုး လေထုထဲသို့ ပျံ့လွင့်လာသည်။ အဆိုပါဆေးရနံ့သည် ဆေး ပြားများကို မရေတွက်နိုင်အောင် အကြိမ်ကြိမ် ဖော်စပ်ရာမှ ထွက်ပေါ်လာသည့် ရနံ့ဖြစ်သည်။

အဂ္ဂိရတ်လောကတွင် ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ တစ်ခါက ဝါရင့်အဂ္ဂိရတ်ပညာရှင်ကြီး တစ်ဦး သည် အဆင့် ၁ ဆေးပြားမီးဖိုတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ သုံးလေ့ရှိသည်။ ထိုမီးဖိုသည် နှစ်ရာချီ ဖြတ်သန်းပြီးနောက်တွင် ပြင်ပကုန်ကြမ်း အကူအညီများ မပါဝင်ဘဲ အဆင့် ၅ ဆေးပြားမီးဖို အဖြစ် အသွင်ပြောင်းသွားခဲ့သည် ဟုဆိုသည်။ ထိုဇာတ်လမ်းသည် အဂ္ဂိရတ်သမားများအကြားတွင် ပြောစမှတ်တွင်သည့် ဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ ထိုဖြစ်ရပ်အရ အဂ္ဂိရတ်မီးဖိုတစ်လုံး သည် နှစ်ကာလ အတိုင်းအတာတစ်ခုအထိ အဆက်မပြတ် အသုံးပြုပါက သူ့အလိုအလျောက် နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်သည်ကို ပြညွှန်းနေသည်။

သို့သော် အဂ္ဂိရတ်ပညာရှင်အများစုသည် မိမိတို့၏ ပညာရပ်အဆင့်နှင့် ညီမျှလိုက်ဖက်သည့် မီးဖို ကိုသာ ဝယ်ယူအသုံးပြုကြသည်က များသည်။ ပုံပြင်ထဲက အဂ္ဂိရတ်ပညာရှင်ကြီးကဲ့သို့ မီးဖိုတစ် ခုတည်းကိုသာ စွဲစွဲမြဲမြဲ အသုံးပြုသူမှာ နည်းပါးလှသည်။ မိမိအသုံးပြုနေသည့် မီးဖိုကို သံယောဇဉ်တွယ်ကာ မခွဲမခွာရက်၊ မစွန့်ပစ်ရက် ဖြစ်နေခြင်းမရှိလျှင် ထိုလမ်းစဉ်မှာ လိုက်နာရန်ကောင်း သည့်အရာမျိုးမဟုတ်ပါ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အခြေခံကုန်ကြမ်းများကို ဦးစွာပြုပြင်ရန် စီစဉ်သည်။ ထိုလုပ် ငန်းတစ်ခုတည်းနှင့်ပင် လဝက်ကြာသွားသည်။ ထို့နောက်တွင် အဓိကပါဝင်ပစ္စည်းများဖြစ်သည့် ရေဓာတ်ဆီးသီး၊ မီးလျှံသစ်သားစိမ်းနွယ်နှင့် ဝိညာဉ်ပဲ့တင်သံပန်းတို့ကို ပြုပြင်သန့်စင်သည်။ ကျန်းချန်ရွှမ်သည် လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ရှန်းရူယန် ကိုင်တွယ်လုပ်ဆောင်ပုံကို အခါမလပ် လေ့လာနေသည်။ မီးဖိုထဲတွင် မီးလျှံများ အဆက်မပြတ် တောက်လောင်နေရင်းနှင့် သုံးလကုန် လွန်သွားခဲ့သည်။ သုံးလကြာပြီးနောက် ရှန်းရူယန်သည် ဆေးပြားဖွဲ့စည်းခြင်း မန္တန်များစွာကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။ ထိုခဏတွင် မီးဖိုသည် မသိမသာ တုန်ခါသွားပြီးနောက် အလွန်သိပ်သည်းပျစ်နှစ်သည့် ဆေးရနံ့တစ်မျိုး ထွက်ပေါ်လာတော့သည်။

ကျန်းချန်ရွှမ်သည် ထိုရနံ့ကိုရလျှင် ထခုန်မိမတတ် ပျော်ရွှင်သွားပြီးမှ စိတ်ကိုပြန်လည်ထိန်းချုပ် လိုက်သည်။ လက်ရှိအချိန်သည် ဆေးပြားဖော်စပ်ခြင်း လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအဆင့်ဖြစ် ပြီး ရှန်းရူယန်တစ်ယောက် သတိလက်လွတ် ဖြစ်သွားခဲ့လျှင် သူတို့အားထုတ်ထားသမျှ သဲထဲရေ သွန်ဖြစ်ကုန်မည်ဖြစ်သည်။ ကျန်းချန်ရွှမ်ခမျာ အသက်ကိုပင် ကျယ်ကျယ်မရှုဝံ့ဘဲ ငြိမ်ကုပ်နေရ သည်။ ရှန်းရူယန်ကိုယ်တိုင်လည်း သတိမလွတ်ရဲဘဲ သတိကြီးစွာ ကိုင်တွယ်နေရသည်။ သုံးရက် ကြာပြီးနောက် ရှန်းရူယန်သည် နောက်ဆုံးမန္တန်ကို ထုတ်ဖော်လိုက်သည်။

မီးဖိုသည် နောက်တစ်ကြိမ် တုန်လှုပ်သွားပြီးနောက် ချွင်ကနဲအသံထွက်လာပြီး မီးဖိုအဖုံးပွင့်သွား သည်။ ရှန်းရူယန်သည် လက်ကိုမြှောက်လိုက်ရာ မီးဖိုထဲမှ ဆေးပြားများ ပျံထွက်လာပြီး အသင့်ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ အလိုက်သင့်ဝင်သွားသည်။

***

All Chapters