← Chapters

ကြယ်အလင်းနှင့် ကိုယ်ခန္ဓာမွမ်းမံခြင်း (၂)

Vol. 13 Ch. 245

ကြယ်အလင်းနှင့် ကိုယ်ခန္ဓာမွမ်းမံခြင်း (၂)

Vol. 13 Ch. 245

ထိုတစ်ခဏတွင် ပထမဆုံးအကြိမ်ကထက် ခုနစ်ဆ ပိုမိုအားကောင်းသည့် စွမ်းအင်တစ်ရပ်သည် ကိုယ်တွင်းမှ လျှံထွက်လာကာ ကျန်းချန်ရွှမ်၏ အရိုး၊ ကြွက်သား၊ ကိုယ်တွင်းအင်္ဂါများကို အဆက်မပြတ် ဖိသိပ်လိုက်၊ မွမ်းမံလိုက် ပြုပြန်သည်။ တဖြည်းဖြည်းနှင့် ကိုယ်ခန္ဓာသည် ကျုံ့ဝင်စပြုလာ သည်။ နာရီအနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် ဆယ်ပေကျော်ရှိသည့် အရပ်မှ ပုံမှန်လူ တစ်ဦး၏ အရွယ်အစားသို့ ပြန်လည်ရောက်ရှိလာတော့သည်။ သို့သော် ခွန်အား၊ အမြန်နှုန်းများ သည် ပျောက်ကွယ်သွားခြင်းမရှိဘဲ ရှေးကထက်ပင် တိုးတက်လာသည်ကို ခံစားမိသည်။ ကျန်း ချန်ရွှမ်သည် လက်ကို ညင်သာစွာ ဆုပ်လိုက်ရာ လှိုဏ်ဂူအထက် တစ်နေရာတွင် ပေါက်ကွဲသံတစ် ခုကြားလိုက်ရပြီး ချိတ်ဆွဲထားသည့် အစီအရင်များပင် တဖျတ်ဖျတ် လင်းသွားကြသည်။

လက်ရှိ ကိုယ်ခန္ဓာသည် အကန့်အသတ်မဲ့ဘီး ဒုတိယအဆင့်ကို အောင်မြင်စွာ တက်လှမ်းပြီးသည့် နောက်တွင် ကြယ်အလင်းစွမ်းအင်ဖြင့် ထပ်မံမွမ်းမံထားသည့် နောက်ဆုံးရလဒ်ပင်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် အဆင့် ၃ အလယ်အဆင့် ဓမ္မရတနာတစ်ပါးဖြင့် ခန္ဓာကိုယ်ကို ထိုးနှက်လိုက်မိသည်။ ဓမ္မရတနာနှင့် ကိုယ်အရေပြားတို့ ထိတွေ့မိသည့်အခိုက် မီးစမီးနများ လွင့်စင်ထွက်လာတော့သည်။ ယခုအခါ ကျန်းချန်ရွှမ်သည် အဆင့် ၃ အလယ်အဆင့် ရတနာအားလုံး၏ တိုက်ခိုက် မှုကို မှုရန်မလိုတော့ပါ။ အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာကို အားကုန်အသုံးပြုလျှင်တောင် ကျန်းချန်ရွှမ်အနေနှင့် နာကျင်မှုအနည်းငယ်ကိုသာ ခံစားရပြီး ထိုမဖြစ်စလောက် ဒဏ်ရာသည်ပင် ခဏချင်း အနာကျက်သွားတော့သည်။

“ဒီအချိန်မှာ ကြာပွင့်နီနတ်ဆိုးဘုန်းကြီးနဲ့ ရင်ဆိုင်ရရင် ငါ့ဖက်က ဓမ္မရတနာတွေ၊ နတ်ဘုရားစွမ်း အားတွေကိုတောင် သုံးစရာမလိုတော့ဘူးထင်တယ်။ အထူးသဖြင့် ငါ့ရဲ့ ရုပ်ပိုင်းနတ်ဘုရားစွမ်းအားဖြစ်တဲ့ နဂါးဆင်ကိုသာ သုံးလိုက်လို့ကတော့…”

ဘုန်း…..

ထိုသို့တွေးမိသည့်ခဏတွင် ကောင်းကင်နဂါးနှင့် ဆင်တစ်ကောင်တို့၏ ရုပ်ပုံလွှာသည် ကျန်းချန် ရွှမ်၏ နောက်ကျောတွင် ရုတ်တရက်ပေါ်လာတော့သည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်သည်လည်း ဆင့်ကဲ့ပြောင်းလဲသွားသည်။ ကြွက်သားများဖုဖောင်းလာပြီး ကိုယ်လုံးကိုယ်ထည်မှာ အဆမတန်ကြီးထွားသွားသည့်အပြင် ဆံပင်သည်လည်း ခါးနေရာထိ ရှည်လျားဖုံးလွှမ်းသွားသည်။ ယခု အချိန်တွင် ကျန်းချန်ရွှမ်သည် ပေသုံးဆယ်ကျော်မြင့်သည် လူ့ဘီလူးကြီးအသွင်သို့ ပြောင်းသွားသည်။ ရှေးကနှင့် နှိုင်းယှဉ်ပါက ရှစ်မီတာနီးပါး ပိုမိုကြီးထွားသွားသည်ဟု ဆိုနိုင်ပါမည်။ ထို့အပြင် ခွန်အား၊ အမြန်နှုန်း၊ တုံ့ပြန်မှု၊ ခံနိုင်ရည်တို့သည်လည်း ရှေးကထက် အဆပေါင်းများစွာ တိုးတက် လာပါသေးသည်။

လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်အနေနှင့် ရွှေအမြုတေ ပဏာမအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ရင်ဆိုင်နိုင်စွမ်းရှိလာပြီဟု ယူဆမိသည်။ အနီးကပ်တိုက်ခိုက်ရေး မူလဓမ္မရတနာတစ်ခုနှင့်သာ တွဲ ဖက်လိုက်ပါက သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် နောက်ထပ်နယ်ပယ်တစ်ခုကို တက်လှမ်းသွားနိုင် မည်မှာ သေချာသလောက်ရှိသည်။ လက်ရှိအချိန်မှအစပြု၍ ကျန်းချန်ရွှမ်၏ ခွန်အားသည် ကျီဖု နယ်ပယ်ကို ကျော်လွန်ပြီး နောက်တစ်ဆင့်ကို ရောက်ရှိသွားပြီဖြစ်သည်။

“ဒါဆိုရင် ငါဦးစားပေးလုပ်ရမှက နက်ရှိုင်းမြေဓာတ်လှံပုဆိန်ကို သွန်းလုပ်ဖို့ပဲ”

ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ဆက်သွယ်ရေးကျောက်စိမ်းပြားကို အသုံးပြုလျက် ကျန်း ရန်ယီနှင့် ကျန်းရန်တောက်တို့ကို ဆက်သွယ်လိုက်ပြီး မြေဓာတ်လှံပုဆိန် သွန်းလုပ်ရန် လိုအပ်နေ သည့် ကုန်ကြမ်းများကို စုဆောင်းခိုင်းလိုက်သည်။ ထို့နောက် စိတ်ကိုတည်ငြိမ်အောင် စုစည်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို စဉ်းစားသုံးသပ်သည်။ လတ်တလောတွင် ခန္ဓာကိုယ် မွမ်းမံခြင်းကျင့်စဉ်ကို ဒုတိယအဆင့်ထိ တက်လှမ်းထားပြီးဖြစ်၍ အချိန်တိုအတွင်း နောက်တစ် ဆင့်တက်လှမ်းရန်မှာ မဖြစ်နိုင်သေး။ ထို့ကြောင့် မူလကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်နှင့် အဂ္ဂိ ရတ်စွမ်းရည်ကို မြှင့်တင်ရန်သာ ကျန်သည်။

တစ်ဖန် ကျန်းချန်ရွှမ်သည် မကြာသေးမီက ကျီဖုနယ်ပယ် ဆဌမအဆင့်ကို တက်လှမ်းပြီးစဖြစ်၍ ထိုအဆင့်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံရန်မှာ အချိန်တစ်ခုပေးရပါဦးမည်။ ထို့ကြောင့် အဂ္ဂိ ရတ်စွမ်းရည်ကိုသာ အဆင့်မြှင့်တင်ရန်သာ ကျန်ပါတော့သည်။ ကျန်းချန်ရွှမ်သည် မစဉ်းစားတော့ ဘဲ အဆင့် ၂ အမြင့်ဆုံးအဆင့် မီးဖိုတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ကျောက်မီးသွေးမှတဆင့် မီး လျှံတစ်ခု ထွန်းညှိပြီးနောက် အဆင့် ၂ ဝိညာဉ်သစ်ဥသစ်ဖုများကို ထုတ်ယူခင်းကျင်းလိုက်သည်။ ထိုပစ္စည်းများဖြင့် ဦးစွာ သွေးပူလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သည် ဂူပိတ်မကျင့်ကြံမီကပင် ကုန်ကြမ်း၊ ရင်းမြစ်များ အလုံအလောက် စုဆောင်းထားပြီးဖြစ်၍ ထိုပြဿနာနှင့် ပတ်သက်၍တော့ စိုးရိမ်စရာမလိုပါ။

မကြာမီ ကျန်းချန်ရွှမ်သည် အခြေခံတည်ဆောက်ခြင်းဆေးပြား တစ်သုတ်ကို အောင်မြင်စွာ ဖန်တီးလိုက်နိုင်သည်။ အရေအတွက်မှာ ငါးပြားတိတိရှိပြီး ငါးပြားလုံး အရည်အသွေးမြင့် ပစ္စည်းများ ဖြစ်သည်။ ထို့နောက်တွင် အဆင့် ၂ အလယ်အဆင့်နှင့် အမြင့်ဆုံးအဆင့် ဆေးပြားများကို ဆက် လက်ထုတ်လုပ်ပြန်သည်။ အချိန်ကျပြီဟု ယူဆမိသောအခါ ကျန်းချန်ရွှမ်သည် အဆင့် ၃ ဝိညာဉ် သစ်ဥသစ်ဖုများကို ထုတ်ယူလိုက်တော့သည်။ သူ့ရည်ရွယ်ချက်မှာ အဆင့် ၃ သာမန်ဆေးပြားများ ကို ဖန်တီးရန်ဖြစ်သည်။ ထိုဆေးပြား၏ အမည်မှာ အဆီအနှစ်ပျိုးထောင်ဆေးပြား ဟုခေါ်တွင်ပြီး ကျီဖုနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူများ၏ ဓမ္မစွမ်းအင်တိုးတက်စေရန် အဓိကအသုံးချသည်။

သို့သော် ဆေးပြားသည် ကျင့်ကြံသူ၏ ကိုယ်တွင်းသို့ ရောက်ရှိသည်နှင့် ကိုယ်ခန္ဓာက အလိုအ လျောက် ခုခံတတ်သည့် သဘောရှိသည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ဦးသည် အများဆုံး နှစ်ပြားမှ သုံးပြားအထိသာ သုံးစွဲနိုင်ပြီး ထိုထက်သုံးစွဲလိုက်ပါက ဆေးအာနိသင်မှာ တစ်မုဟုတ်ချင်း လျော့ ကျသွားပြီး အဆုံးသတ်တွင် အာနိသင်လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့သော် ကျင့်ကြံသူတစ်ဦးသည် ကျီဖုအဆင့်သို့ တက်လှမ်းပြီးမကြာခင် ဓမ္မစွမ်းအင်တိုးတက်ရန်အတွက် ပထမဆုံး ရွေးချယ်အသုံးပြုသည့် ဆေးဝါးမှာ ထိုဆေးပြားပင်ဖြစ်သည်။

***

All Chapters