လျူလင်းလုံ ကျီဖုအဆင့်ကို တက်လှမ်းခြင်း (၂)
Vol. 13 Ch. 248
ထို့နောက်တွင် မိုးခြိမ်းသံလို အသံသဲ့သဲ့တစ်ခု ကြားလိုက်ရပြီး ဝိညာဉ်ချီဝဲကတော့ကြီးသည် လျူလင်းလုံရှိနေသည့် လှိုဏ်ဂူအတွင်းသို့ စုပ်ယူခံလိုက်ရသလို ဝင်ရောက်သွားသည်။ မကြာမီ ကျီဖုအဆင့်ကျင့်ကြံသူများသာ ပိုင်ဆိုင်သည့် ဝိညာဉ်ဖိအားလှိုင်းတစ်ခု လွင့်ပျံလာတော့သည်။ ထိုအခါတွင် ကျန်းရန်ယီတို့လူစုမှာ အထူးပင်ဝမ်းမြောက်သွားကြသည်။ ကျန်းမိသားစုတွင် လေးဦး မြောက် ကျီဖုအဆင့် ပေါ်ထွန်းလာပါတော့မည်။ ထိုအချိန်မှာပင် ဂူတံခါးပွင့်လာပြီး လျူလင်းလုံ တစ်ယောက် သူတို့ရှိရာသို့ လျှောက်လာသည်ကို မြင်ရသည်။ အဖြူနှင့် ပန်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ပုခုံးထက်တွင် ဆံနွယ်များ ဖြာကျလျက်ရှိသည်။ မျက်ခုံးနှစ်ဖက်အကြားတွင် အနီရောင်အစက်တစ်ခုလည်း ရှိနေပါသေးသည်။
“ကျီဖုအဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် အကြီးအကဲလျူ”
မိသားစုအကြီးအကဲ ကျန်းရန်ယီက ရှေ့ဆုံးမှနေ၍ နှုတ်ဆက်လိုက်သလို ကျန်းရန်ချွမ်းတို့လည်း အသီးသီး ဂုဏ်ပြုနှုတ်ဆက်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်”
လျူလင်းလုံကလည်း လက်သီးဆုပ်၍ ပြန်လှန်ဂါရဝပြုလိုက်သည်။ ကျီဖုအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပြီးနောက် လျူလင်းလုံသည် စိတ်လက်ပေါ့ပါးနေပြီး မိသားစုဝင်များနှင့် နွေးထွေးစွာ စကားစမြည်ပြောလိုပါသော်လည်း သူမအတွက် အချိန်မရှိပါ။ ရရှိပြီး ကျင့်ကြံမှုကို အခြေခိုင်စေရန်နှင့် အော်ရာကို ထိန်းသိမ်းနိုင်ရန် နောက်တစ်ဖန် ဂူပိတ်ကျင့်ကြံရပါဦးမည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရှိနေသည့် ရွှမ်းမင်တောင်ထွတ်အရပ်မှ ဝိညာဉ်အလင်းတန်းနှစ်ခု ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အ သံများသည် လေထုမှတဆင့် ပဲ့တင်ထပ်လာသည်။
“ဂုဏ်ပြုပါတယ် အကြီးအကဲလျူ၊ မင်းအတွက် ဂုဏ်ပြုလက်ဆောင်အနေနဲ့ အဆင့် ၃ အမြင့်ဆုံး အဆင့် အဆီအနှစ်ပျိုးထောင်ဆေးပြားနဲ့ အဆင့် ၃ အနိမ့်စား ဓမ္မရတနာ အဇူရာမှော်ဓားကို ပေး လိုက်ပါတယ်။ လက်ခံလိုက်ပါ”
လျူလင်းလုံသည် ထိုပစ္စည်းနှစ်ခုကို ဖမ်းယူလိုက်ပြီးနောက် ဟန်မဆောင်နိုင်လောက်အောင် ပျော်ရွှင်သွားမိသည်။ လတ်တလောတွင် ထိုပစ္စည်းနှစ်ခုသည် သူမအတွက် အလိုအပ်ဆုံးရတနာများ ဖြစ်နေသည် မဟုတ်ပါလား။ အဆီအနှစ်ပျိုးထောင်ဆေးပြားသည် ရရှိပြီး ကျင့်ကြံမှုအဆင့်ကို အခြေခိုင်စေရန် ကူညီပေးနိုင်ပြီး အဇူရာမှော်ဓားကို အဓိက တိုက်ခိုက်ရေးလက်နက်အဖြစ် အသုံးပြုနိုင်သည်။ ကျီဖုအဆင့်ကို ရောက်ရှိပြီးဖြစ်၍ လျူလင်းလုံအနေနှင့် ရှေးယခင်ကလို ဓမ္မ လက်နက်များကို ဆက်လက်သုံးစွဲရန် မသင့်တော်ပါ။ လျူလင်းလုံသည် ကျန်းချန်ရွှမ်တို့ ရှိနေသည့် ရွှမ်းမင်တောင်ထွတ်ကို မျက်နှာမူရင်း ဦးညွတ်အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အဓိပတိအကြီးအကဲတို့၊ အစွမ်းကုန် ကြိုးစားကျင့်ကြံပြီး ကျန်းမိသားစုကို ကာကွယ်ပေးပါ့မယ်”
ထို့နောက်တွင် ကျန်းရန်ယီတို့လည်း နှုတ်ဆက်စကား အသီးသီးဆိုပြီးနောက် ပြန်ကုန်ကြသည်။ လျူလင်းလုံလည်း ဂူအတွင်းသို့ ပြန်ဝင်ပြီး ကျင့်ကြံမှုကို စတင်လိုက်တော့သည်။ ဤသို့နှင့် ဆယ်နှစ် ကုန်လွန်ခဲ့ပြန်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဂူပိတ်ကျင့်ကြံနေသည်မှာ နှစ်နှစ်ဆယ်နီး ပါးရှိနေပြီဖြစ်သည်။ ထိုအတောအတွင်း ကျန်းမိသားစုသည်လည်း ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦး တိုးလာသောကြောင့် သိသိသာသာပင် အင်အားကောင်းလာသည်။ မိသားစု၏ အင်အားတိုးတက်လာသည်နှင့်အမျှ ကျန်းမျိုးနွယ်စုဝင်တို့၏ အင်အားမှာလည်း တစ်ဟုန်ထိုး ဖွံ့ဖြိုးလာပါသည်။
လက်ရှိအချိန်တွင် ကျန်းမိသားစုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ်အထိရှိလာပြီး အများစုမှာ ကနဦးအဆင့်များသာ ဖြစ်သော်လည်း မကြာခင် နောက်ဆုံးအဆင့်များ ပေါ်ပေါက်လာရန် အခွင့်အလမ်းကောင်းနေသည်။ အသိသာဆုံးပြောင်းလဲမှုမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင်ဖြစ်သည်။ နှစ်၂၀ ကာလအတွင်း ဇနီးမောင်နှံနှစ်ဦးသည် ကျီဖုနယ်ပယ် နှောင်း ပိုင်းအဆင့်များကို အသီးသီး တက်ရောက်နိုင်ခဲ့ကြသည်။ ကျန်းချန်ရွှမ်သည် ကျီဖု သတ္တမအဆင့်ကို ရောက်ရှိခဲ့သလို ရှန်းရူယန်သည် အဌမအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ သူတို့နှစ်ဦး၏ မူလဓမ္မရတနာများဖြစ်သည့် ရွှေဗလာနယ်ဓားနှင့် လျှပ်စီးငါးပါး မသေမျိုး ရန်နှိမ်ဓား တို့ကိုလည်း ကျန်းမိသားစုဝင်များ၏ ကုန်ကြမ်း၊ ရင်းမြစ်ထောက်ပံ့မှုကြောင့် အဆင့် ၃ အမြင့်ဆုံးအဆင့်အထိ မြှင့်တင်နိုင်ခဲ့ပြန်သည်။
လက်ရှိအချိန်တွင် သူတို့နှစ်ဦးသည် ရွှေအမြုတေ ပဏာမအဆင့် ကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်းရှိနေပြီး နှစ်ဦးလက်တွဲပေါင်းစပ်လိုက်ပါက ရွှေအမြုတေအဆင့်ကိုပင် ရင်ဆိုင် နိုင်စွမ်းရှိနေပြီဖြစ်သည်။ ရွှမ်းမင်တောင်ထွတ်တစ်နေရာရှိ ခန်းမဆောင်တွင် ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့သည် မျက်နှာချင်းဆိုင်ထိုင်လျက်ရှိသည်။ သူတို့နှစ်ဦး လူချင်းမဆုံမိသည်မှာ နှစ် ၂၀ ပင် ပြည့်လုနီးနီးရှိပြီဖြစ်၍ အတိုးချပြီး စကားဖောင်ဖွဲ့လျက်ရှိသည်။
“ယောက်ျား ရှင့်ရဲ့ တတိယမြောက် မူလဓမ္မရတနာအတွက် လိုအပ်မဲ့ ရင်းမြစ်တွေကို စုဆောင်းပြီးပြီပေါ့”
ကျန်းချန်ရွှမ်က အသာအယာ ခေါင်းညိတ်လိုက်သည်။
“မကြာခင်ပေါ့။ ကိုယ့်အနေနဲ့ ဒီရတနာကို အဆင့် ၃ အမြင့်ဆုံးအဆင့်အဖြစ်နဲ့ သွန်းလုပ်ချင်ရင် ဒီထက်ရင်းမြစ်တွေလိုနေသေးတယ်။ အရေးကြီးဆုံးရင်းမြစ်က အဆင့် ၄ ပဏာမအဆင့်ရှိတဲ့ မြေ ရင်းသလင်းကျောက်ပဲ။ ဒီရတနာက အတော်လေးရှားတယ်။ ကိုယ်တို့ကျန်းမိသားစုဝင်တွေ နှစ်နဲ့ ချီရှာတာတောင် မတွေ့သေးဘူး။ တခြားနည်းလမ်းမရှိတော့ရင် ရှုနိုင်ငံနဲ့ ကျင်းနိုင်ငံတွေအထိ သွားပြီးရှာဖို့ စိတ်ကူးထားတယ်၊ ဒါနဲ့စကားမစပ်….”
ကျန်းချန်ရွှမ်က တစ်စုံတစ်ခုကို သတိရမိဟန်နှင့် ရှန်းရူယန်ကို ကြည့်လိုက်ပြီး
“ကိုယ်တို့နှစ်ယောက်လုံး ကျီဖုနှောင်းပိုင်းအဆင့်တွေကို ရောက်နေကြပြီဆိုတော့ အမြုတေဖွဲ့ တည်နိုင်ဖို့လိုအပ်တဲ့ ဝိညာဉ်ရတနာတွေကို အခုကတည်းက ရှာထားသင့်ပြီမလား”
ရှန်းရူယန်က သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ကျန်းချန်ရွှမ်ပြောသလိုပင် ယခုအချိန်ကတည်းက အမြုတေဖွဲ့စည်းရေးကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ ကျီဖုနဝမ အဆင့်ရောက်မှ ရှာဖွေနေလျှင် အချိန်နှောင်းသွားနိုင်သည်။ သို့သော် အမြုတေဖွဲ့တည်ရန် လိုအပ် သည့် ဝိညာဉ်ရတနာများမှာ ရှာဖွေတွေ့ရှိရန် မလွယ်လှပါ။ ဈေးကွက်တွင် တစ်ခါတလေ တွေ့ရ တတ်သောလည်း ချက်ချင်းဆိုသလိုပင် ရောင်းကုန်သွားသည်က များသည်။ ကျင့်ကြံသူအများစု အတွက် အမြုတေဖွဲ့စည်းခြင်းသည် အန္တိမပန်းတိုင်ပင်ဖြစ်သည်။ ထို့အတွက်နှင့် ပိုင်ဆိုင်သမျှအရာအားလုံးကို စွန့်လွှတ်ရမည်ဆိုလျှင်တောင် ရက်ရက်ရောရောကြီး စွန့်လွှတ်ကြမည်သူများ ဖြစ် သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာမူ ထိုသူတို့လောက် အသည်းအသန်မဖြစ်ပါ။ ဖြစ်စရာလည်း မလိုပါ။ သူတို့နှစ်ဦး၏ ကျင့်ကြံမှုအုတ်မြစ်အရ အမြုတေဖွဲ့တည်ရန်အတွက် ဈေးအကြီးဆုံးရတနာများဖြစ်သည့် အမြုတေသိပ်သည်းဆေးပြားများ၊ ရွှေအမြုတေဆေးပြားများ မလိုအပ်ပါ။ သဘာဝ ဝိညာဉ်ရတနာအချို့သာ လိုအပ်ပါသည်။ သို့သော် အဆိုပါဆေးပြားနှစ်မျိုး ဈေးကွက်တွင် ပေါ် လာခဲ့လျှင်တော့ သူတို့နှစ်ဦးလည်း ပိုင်ဆိုင်ခွင့်ရရန် အားထုတ်မည်သာဖြစ်သည်။ ကျန်းချန်ရွှမ်တို့ အတွက် အသုံးမလိုလျှင်တောင် နောက်မျိုးဆက်များအတွက် ကျန်းမိသားစု ရတနာတိုက်တွင် သိမ်းဆည်းထားမည်ဖြစ်သည်။
ထိုစဉ်မှာပင် လျူလင်းလုံထံမှ သတင်းစကားတစ်ခု ရောက်ရှိလာသည်။ ကျန်းချန်ရွှမ် ရှာခိုင်းထား သည့် အဆင့် ၄ ပဏာမအဆင့်ရှိ မြေရင်းသလင်းကျောက်ကို ကျင်းနိုင်ငံ ရတနာတစ်ရာဈေးတွင် တွေ့ရှိကြောင်းဖြစ်သည်။ သို့သော် အဆိုပြုထားသည့် ဈေးနှုန်းမှာ ကြီးမြင့်လွန်းလှ၍ လတ်တ လောတွင် ဝယ်ယူနိုင်သေးခြင်းမရှိ ဟုဆိုသည်။ ထိုပစ္စည်းကို အလိုရှိနေသည့် အခြားသော ကျင့်ကြံသူများသည်လည်း ထိုဈေးကို တတ်နိုင်ခြင်းမရှိသည့်အတွက် ထိုမြေရင်းသလင်းကျောက်သည် လတ်တလာတွင် ပိုင်ရှင်မဲ့ဖြစ်နေသေးသည်။ သို့သော် မကြာခင်အချိန်အတွင်း ရောင်းထွက်သွား လိမ့်မည်ဟု မျှော်လင့်ရကြောင်းနှင့် ကျန်းချန်ရွှမ်အနေနှင့် လူကိုယ်တိုင်လာရောက်ပြီး ဝယ်ယူရန် လျူလင်းလုံက အကြံပြုထားသည်။
***