← Chapters

ကျင်းနိုင်ငံကို ရောက်ရှိခြင်း

Vol. 13 Ch. 249

ကျင်းနိုင်ငံကို ရောက်ရှိခြင်း

Vol. 13 Ch. 249

လျူလင်းလုံက တိုက်ရိုက်မပြာသော်လည်း သွယ်ဝိုက်ရည်ညွှန်းလိုက်သည့် တစ်ချက်ရှိသေးသည်။ သူမအနေနှင့် ကံကောင်းထောက်မစွာ မြေရင်းသလင်းကျောက်ကို ဝယ်ယူရရှိခဲ့လျှင်တောင် ထိုသလင်းကျောက်ကို ကျန်းချန်ရွှမ်တို့ထံ ယူလာပေးရန် မလွယ်ကူလှကြောင်းဖြစ်သည်။ ထိုအချက် ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း နားလည်လိုက်သည်ဖြစ်၍ သတင်းစကားရရချင်းမှာပင် ကျင်းနိုင်ငံသို့ ခရီးထွက်ရန် ပြင်ဆင်လိုက်သည်။ လျန်နိုင်ငံမှ ကျင်းနိုင်ငံသို့ ခရီးသည် အခြားသော နိုင်ငံများဖြစ်သည့် ယွင်နှင့်ယန်နိုင်ငံများသို့ ခရီးနှင့် လုံးဝမတူပါ။

နှစ်နိုင်ငံကြား အကွာအဝေးမှာ အထူးကြီးမားလှသည်။ သို့သော် လျန်၊ ယွင်နှင့် ယန်သုံးနိုင်ငံစလုံး တွင် ကျင်းနိုင်ငံသို့ လျှပ်တပြက်အတွင်း ခရီးသွားလာခြင်းပြုနိုင်မည့် နေရာရွှေ့ပြောင်းခြင်း အစီအရင်ကွက်များ ရှိထားပါသည်။ ကျန်းချန်ရွှမ်သည် ထိုအစီအရင်ကွက်ကို အသုံးပြု၍ ကျင်းနိုင်ငံ သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင်မှ ရတနာတစ်ရာဈေးကို ဆက်လက်ပျံသန်း သွားရမည်ဖြစ်သည်။ ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ကျန်းရန်တောက်ကို ဆင့်ခေါ် ကာ ကျင်းနိုင်ငံခရီးစဉ်အကြောင်း အသိပေးပြီးနောက် ကျောက်စိမ်းရေဓားစင်မြင့် ပိုင်ဆိုင်သည့် နေရာရွှေ့ပြောင်းခြင်း အစီအရင်ကွက်တစ်ခုသို့ ထွက်လာခဲ့ကြသည်။

သို့သော် ထိုနေရာသို့ရောက်လျှင် အစီအရင်ကွက်ကို ထိန်းသိမ်းစောင့်ရှောက်ရသည့် စင်မြင့်ဂိုဏ်း တပည့်များက လာမည့် ၁၅ ရက်အတွင်း အစီအရင်ကွက်ကို အသုံးမပြုနိုင်သေးကြောင်း အသိပေးကြသည်။ ထိုအခါ ကျန်းချန်ရွှမ်တို့လည်း မျက်မှောင်ကြုတ်သွားမိသည်။ နောက် ၁၅ ရက် အထိစောင့်နေရလျှင် မြေရင်းသလင်းကျောက်ကို လက်လွှတ်ရမည်မှာ သေချာသလောက်ရှိသည်။

“မိတ်ဆွေလေးတို့အနေနဲ့ ကိုယ်တို့နှစ်ယောက်ကို ခြွင်းချက်အဖြစ် အသုံးပြုခွင့်ပေးပါလား။ မူရင်းဈေးထက် နှစ်ဆပိုပေးပါ့မယ်”

ကျန်းချန်ရွှမ်၏ စကားကြောင့် ဂိုဏ်းတပည့်များသည် တွေဝေသွားသလို စိတ်မသက်မသာဖြစ်သွားပုံလည်းရသည်။ ကျန်းချန်ရွှမ်၏ တောင်းဆိုချက်သည် သူတို့လို အခြေခံတည်ဆောက်ခြင်းအဆင့်များ ဆုံးဖြတ်ပေးနိုင်သော အရာမျိုးမဟုတ်ပါ။ ကျန်းချန်ရွှမ်က နှစ်ဆပိုပေးလျှင်တောင် သူ တို့သဘောနှင့်သူ မဆုံးဖြတ်ဝံ့ပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်တော့ မည်အပြုတွင် သာယာချိုလွင်သော အသံတစ်ခုကို အားလုံးကြားလိုက်ရသည်။

“တာအိုမိတ်ဆွေ ကျန်းနဲ့ ရှန်းပါလား။ ကျင်းနိုင်ငံကို သွားကြမလို့လား”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း လှည့်ကြည့်လိုက်ရာ ခရမ်းရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ် ဆင်ထားသော ဟွားမန်ရုံကို တွေ့လိုက်ရသည်။ အစီအရင်ကို စောင့်ကြပ်သည့် ဂိုဏ်းတပည့်များသည် ဟွားမန်ရုံကို မြင်သောအခါ ကပျာကယာ ဦးညွတ်လိုက်ကြသည်။

“နှုတ်ဆက်ပါတယ် အဓိပတိအကြီးအကဲဟွား”

“အေး”

ဟွားမန်ရုံက ခေါင်းဆတ်ပြလိုက်ပြီးနောက် သူမ၏ အကြည့်က ကျန်းချန်ရွှမ်တို့ထံ ပြန်လည်‌၍ ရောက်ရှိသွားသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ခေါင်းညိတ်ပြလိုက်သည်။

“မှန်ပါတယ်။ နေရာရွှေ့ပြောင်းအစီအရင်ကွက်ကို သုံးပြီး ကျင်းနိုင်ငံကို သွားမလို့ပါ။ ဒါပေမဲ့ ဒီက ဝန်ထမ်းတွေက လတ်တလော အသုံးပြုခွင့်ပိတ်ထားတယ်ဆိုတော့ တာအိုမိတ်ဆွေဟွားဘက်က ကူညီပေးနိုင်တာများ ရှိမလား။ အသုံးပြုခကို နှစ်ဆပိုပေးဖို့ စီစဉ်ထားပါတယ်”

ဟွားမန်ရုံက ပြုံးလိုက်ပြီး

“အစီအရင်ကွက်သုံးတာပဲ။ အရေးမကြီးပါဘူး။ သူတို့ကို ဖွင့်ခိုင်းလိုက်ပါ့မယ်၊ နှစ်ဆပေးဖို့လည်း မလိုပါဘူး။ နောင်တစ်ချိန် အကူအညီလိုရင်လည်း အားမနာဘဲ အကူအညီတောင်းနိုင်ပါတယ်”

ထို့နောက် ဟွားမန်ရုံသည် အစိမ်းရောင်ဝတ် မိန်းကလေးငယ်တစ်ဦးအား

“စီးရွှမ် ဒီကတာအိုမိတ်ဆွေကျန်းတို့အတွက် အစီအရင်ကွက်ကို အသက်သွင်းပေးလိုက်”

စီးရွှမ်ဆိုသူ မိန်းကလေးငယ်က ရိုသေစွာ ဦးညွတ်လိုက်သည်။

“ဟုတ်ကဲ့ပါ”

ထို့နောက် အခြားဂိုဏ်းတပည့်များနှင့် ပူးပေါင်းလျက် နေရာရွှေ့ပြောင်းခြင်း အစီအရင်ကွက်ကို အသက်သွင်းလိုက်တော့သည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟွားမန်ရုံအား လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေဟွား။ အချိန်အားလပ်ရင် ကျန်းမိသားစုထံ အလည်လာရောက်ပေးပါဦး၊ ခင်ဗျားရဲ့ကြင်နာမှုအတွက် တုံ့ပြန်ချင်လို့ပါ”

ဟွားမန်ရုံက ခေါင်းညိတ်လိုက်သည်။

“လာရမှာပေါ့”

ထို့နောက် လက်သီးဆုပ်၍ ပြန်လှန်ဂါရဝပြုလိုက်ပြီး ဆုတောင်းပေးလိုက်သည်။

“ခရီးလမ်းချောမွေ့ပါစေ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အစီအရင်ကွက်ပေါ်သို့ ခြေချမိသည်နှင့် ခန္ဓာကိုယ်သည် ရုတ်တရက် အလေးချိန်မဲ့သွားသလို ခံစားမိလိုက်သည်။ ထို့နောက် စွမ်းအင်တစ်မျိုးသည် သူတို့နှစ်ဦး၏ ကိုယ်ခန္ဓာများကို ဖုံးလွှမ်းသွားပြီးနောက် နေရာမှ ပျောက်ကွယ်သွားသည်။ ချက်ချင်းဆိုသလိုပင် အစီအရင်ကွက်၏ အခြားတစ်ဖက်တွင် ပြန်ပေါ်လာကြသည်။ ထိုအစီအရင်အကွက်တွင်လည်း စောင့်ကြပ်နေသည့် ဂိုဏ်းတပည့်အချို့ရှိနေသည်။ အစီအရင်ကွက်တစ်ခုလုံး လင်းလက်လာပြီး စုံတွဲတစ်တွဲ ထွက်လာသည်ကို မြင်လျှင် သူတို့အားလုံး မှင်သက်သွားကြသည်။ ထို့နောက် လက် သီးဆုပ်၍ ဂါရဝပြုလိုက်ပြီး ယဉ်ကျေးပျူငှာစွာဖြင့် နှုတ်ဆက်လိုက်သည်။

“ကြိုဆိုပါတယ် စီနီယာတို့။ ကျုပ်တို့ဘက်က ဘာများကူညီရပါမလဲ”

ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ထိုလူများကို အကဲခတ်လိုက်ရာ ကျင်းနိုင်ငံရှိ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးတစ်ခုဖြစ်သည့် ကွမ်းလင်ဂိုဏ်း၏ ယူနီဖောင်းများကို ဝတ်ဆင်ထားခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ကွမ်းလင်ဂိုဏ်းသည် အလွန်အင်အားကောင်းသည်ဟု ဆိုကြ ပြီး လျန်နိုင်ငံရှိ ကျောက်စိမ်းရေဓားစင်မြင့်ထက် မသာလျှင်တောင် မနိမ့်ဟု ကြားဖူးသည်။ ထို ထက် အရေးကြီးသည့်တစ်ချက်မှာ ကျင်းနိုင်ငံတွင် ကွမ်းလင်ကဲ့သို့ ရွှေအမြုတေအဆင့် ဂိုဏ်းကြီး များ လေး၊ငါးခုအထိ ရှိနေခြင်းဖြစ်သည်။

***

All Chapters