← Chapters

ကျင်းနိုင်ငံကိုရောက်ရှိခြင်း (၂)

Vol. 13 Ch. 250

ကျင်းနိုင်ငံကိုရောက်ရှိခြင်း (၂)

Vol. 13 Ch. 250

ကန်းနန်ဒေသကြီးတွင် နိုင်ငံငါးခုရှိသည့်အနက် လျန်၊ ယွင်နှင့် ယန် သုံးနိုင်ငံကို တစ်စုအဖြစ် သတ်မှတ်ပြီး ကျင်းနှင့် ရှု နှစ်နိုင်ငံကို တစ်စုအဖြစ် သုံးနှုန်းကြသည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ထိုငါးနိုင်ငံ၏ ပထဝီတည်နေပုံကြောင့် မဟုတ်ဘဲ နိုင်ငံနှစ်စုအကြား အင်အားချင်း ကွာခြားမှုကြောင့်သာဖြစ်သည်။ နေရာအကျယ်အဝန်းနှင့် ရင်းမြစ်ကြွယ်ဝမှုသည်လည်း နိုင်ငံနှစ်စုကြားတွင် ကွာခြားမှုကြီးမားလှသည်။ ဥပမာ ကျန်းချန်ရွှမ်တို့ ရောက်ရှိနေသော ကျင်းနိုင်ငံသည် လျန်နှင့် ယွင် နှစ်နိုင်ငံ၏ ဧရိယာစုစုပေါင်းထက်ပင် ကြီးမားသေးသည်။ ထို့ကြောင့် ကျင်းနှင့် ရှုနိုင်ငံများရှိ ကျင့်ကြံခြင်းရင်းမြစ်များသည်လည်း လျန်၊ ယွင် နှင့် ယန်နိုင်ငံများထက် အဆများစွာ များပြားနေပြန်သည်။

“မလိုသေးပါဘူး”

ကျန်းချန်ရွှမ်က အသာလက်ကာပြရင်း ရှန်းရူယန်နှင့်အတူ ဆက်လက်ထွက်ခွာလာသည်။ ကျန်း ချန်ရွှမ်တို့သည် ကျင်းနိုင်ငံကို မထွက်ခွာမီကတည်းက သည်နိုင်ငံ၏ ကျင့်ကြံခြင်းလောကကို အ သေးစိတ်စုံစမ်းပြီးဖြစ်သည်။ ရတနာတစ်ရာဈေးကို သွားရောက်နိုင်မည့် လမ်းကြောင်းကိုလည်း ရွေးချယ်ပြီးဖြစ်ကာ သူတို့နှစ်ဦး၏ လက်ရှိကျင့်ကြံမှုအဆင့်အတန်းအရ နေ့ဝက်သာ ကြာမြင့်မည် ဖြစ်သည်။ ကျန်းချန်ရွှမ်တို့ ဈေးကို ရောက်သွားသည့်အခါ ဈေးတံခါးတွင် လျူလင်းလုံ ဦးဆောင် သည့် ကျန်းမိသားစုဝင်များကို တွေ့ရသည်။ ကျန်းချန်ရွှမ်တို့ကို မြင်သည့်အခါ ချက်ချင်းရှေ့ထွက် လာပြီး ဂါရဝပြုလိုက်ကြသည်။

“ကြိုဆိုပါတယ် အစ်ကိုကျန်းနဲ့အစ်မရှန်း၊ ကျွန်မရထားတဲ့သတင်းအရ မြေရင်းသလင်းကျောက် ပိုင်ရှင်က လာမဲ့သုံးရက်အတွင်း စားသောက်ဆိုင်တစ်ခုမှာ ရတနာဖလှယ်ပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီသလင်းကျောက်ကို အဲဒီပွဲမှာ လေလံတင်တဲ့သဘောမျိုးနဲ့ ရောင်းချဖို့ များနေပါ တယ်”

လွန်ခဲ့သော ဆယ်နှစ်ကျော်က လျူလင်းလုံ ကျီဖုနယ်ပယ်ကို တက်လှမ်းနိုင်ချိန်မှ အစပြု၍ ကျန်း ချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့ဇနီးမောင်နှံကို အစ်ကိုနှင့်အစ်မဟုသာခေါ်ဆိုရန် လျူလင်းလုံကို တိုက်တွန်းခဲ့သည်။ ပထမတွင် လျူလင်းလုံက အဂါရဝဖြစ်မည်စိုး၍ ငြင်းဆန်ခဲ့သေးသော်လည်း ကျန်းချန်ရွှမ်တို့က အတင်းတိုက်တွန်းသဖြင့် ထိုအတိုင်း သုံးနှုန်းရန် သဘောတူခဲ့သည်။ ထိုအချိန်မှစ၍ လျူလင်းလုံနှင့် ကျန်းချန်ရွှမ်တို့ စုံတွဲအကြား ရှေးကထက် ရင်းနှီးချစ်ကြည်မှု တိုးလာသည်ဟု ဆိုရမည်။

ကျန်းချန်ရွှမ်သည် လျူလင်းလုံစကားကိုကြားလျှင် မျက်မှောင်ကြုတ်သွားသည်။ မြေရင်းသလင်းကျောက်ကို ရတနာဖလှယ်ပွဲတွင် ခင်းကျင်းရောင်းချခဲ့လျှင် သူ့အနေနှင့် ထိုသလင်းကျောက်ကို ပိုင်ဆိုင်နိုင်ချေမှာ ရှေးကထက်ပင် နည်းသွားမှာ သေချာသလို ရရှိခဲ့လျှင်တောင် မူရင်းတန်ဖိုး ထက် အဆများစွာ ပေးဝယ်ရဦးမည်ဖြစ်သည်။ ထိုမျှမကသေး သလင်းကျောက်ကို ဈေးခေါ်နေစဉ်မှာလည်း ထိုကျောက်ကို အလိုရှိနေသော အခြားကျင့်ကြံသူများနှင့် ပဋိပက္ခတချို့ ဖြစ်လာနိုင်သည့်အရေးလည်း ရှိနေသေးသည်။

“ပိုင်ရှင်နဲ့ဆက်သွယ်ပြီး ဒီသလင်းကျောက်ကို ကျုပ်တို့ကိုပဲ တိတ်တိတ်လေး ရောင်းပေးဖို့ ညှိနှိုင်းလို့မဖြစ်နိုင်ဘူးလား။ မူရင်းတန်ဖိုးထက် ပိုပေးရလည်း ဖြစ်ပါတယ်”

အပြန်ပြန်အလှန်လှန် စေ့ငုပြီးနောက် ဤနည်းလမ်းသည်သာ ဒေသခံကျင့်ကြံသူများနှင့် အငြိအစွန်းမရှိဘဲ သလင်းကျောက်ကို ပိုင်ဆိုင်နိုင်မည့် နည်းလမ်းဖြစ်ကြောင်း ကျန်းချန်ရွှမ် ယူဆလိုက်သည်။ ပိုင်ရှင်က သလင်းကျောက်ကို ရတနာဖလှယ်ပွဲတွင် ခင်းကျင်းမည်ဆိုကတည်းက မူရင်း တန်ဖိုးထက် များနိုင်သမျှ များအောင် ဈေးခေါ်လိုခြင်းဖြစ်ကြောင့် ထင်ရှားသည်။ ထို့ကြောင့်ပင် ကျန်းချန်ရွှမ်အနေနှင့် ပိုင်ရှင်ကျေနပ်လောက်မည့် ပမာဏမျိုး ပေချေနိုင်ပါက သလင်းကျောက် ကို ရရှိနိုင်ချေ ရှိပါသည်။ သည်နည်းလမ်းကို အသုံးပြုခြင်းဖြင့် ဒေသခံကျင့်ကြံသူများနှင့်လည်း ပြဿနာတက်စရာ မလိုတော့ပါ။

သို့သော် လျူလင်းလုံက သက်ပြင်းချလျက် ခေါင်းခါလိုက်ပြီး

“ဒီလိုညှိဖို့မဖြစ်နိုင်ပါဘူး အစ်ကိုကျန်း”

“ဘာလို့လဲ”

လျူလင်းလုံ၏ စကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဇဝေဇဝါဖြစ်သွားသလို သံသယလည်း ဝင်သွားသည်။ လျူလင်းလုံက ရှင်းပြသည်။

“မြေရင်းသလင်းကျောက်ကို ခင်းကျင်းရောင်းချမဲ့ အကြောင်းကို ဒီနိုင်ငံရဲ့ ရွှေအမြုတေအဆင့် ဂိုဏ်းတွေက ကျင့်ကြံသူတွေ သိပြီးပါပြီ။ ဒီကျောက်ကို သူတို့လည်း လိုချင်နေကြတယ်။ ပိုင်ရှင်က သူတို့ကို အသိမပေးဘဲ တိတ်တိတ်လေး ရောင်းလိုက်ရင် ဒီလူတွေကို စော်ကားသလို ဖြစ်သွားနိုင်တယ်လေ၊ ပိုင်ရှင်အနေနဲ့ ဒါမျိုးအဖြစ်ခံမှာ မဟုတ်ဘူး၊ သူက ဒီကျောက်ကို ဈေးကောင်းကောင်း နဲ့ ရောင်းချင်သလို တစ်ချိန်တည်းမှာ ပြဿနာလည်း မတက်ချင်ဘူး”

လျူလင်းလုံပြောသည်ကို နားထောင်ပြီးနောက် ရှန်းရူယန်က သက်ပြင်းချလျက်

“ဒါဆိုရင်တော့ ပိုင်ရှင်ဆီက လျှို့ဝှက်ဝယ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူးပဲ”

ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လျူလင်းလုံ ကြိုတင်ပြင်ဆင်ထားသည့် တည်းခိုရိပ်သာတစ်ခုတွင် အနားယူလိုက်ကြသည်။ လာမည့်သုံးရက်အတွင်း ကျင်းပမည့် ရတနာဖလှယ် ပွဲကို တက်ရောက်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ ထိုအချိန်တွင် ဖလှယ်ပွဲကျင်းပမည့် ကျောက်စိမ်းစားသောက်ဆိုင်မှ ဖိတ်ကြားလွှာ အစောင်နှစ်ဆယ်ကျော်ကို ပေးဝေနေသည်ကို တွေ့ရသည်။ ထိုဖိတ်စာရရှိသူများတွင် ကျန်းချန်ရွှမ်လည်း ပါဝင်သည်။ ဖိတ်ကြားစာတွင် ထွေထွေထူးထူး မပါဘဲ လျူလင်းလုံပြောထားသည့် အချက်အလက်များသာပါသည်။ သို့နှင့် သုံးရက်တာ ကုန်လွန်သွားပြန်သည်။

ဖလှယ်ပွဲကျင်းပမည့်နေ့ ရောက်သောအခါ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် လျူလင်းလုံတို့သည် ကျောက်စိမ်းစားသောက်ဆိုင်၏ အပေါ်ဆုံးထပ်ကို ရောက်လာကြသည်။ ထိုနေရာတွင် ရတနာဖလှယ်ပွဲ ကျင်းပမည်ဖြစ်သည်။ လတ်တလောတွင် လူဆယ်ဦးဝန်းကျင် ရောက်နှင့်နေကြသည်ကို တွေ့ရသည်။ ကျန်းချန်ရွှမ်တို့လည်း ကိုယ်စီနေရာယူပြီး စောင့်ဆိုင်းနေလိုက်သည်။ နောက်ထပ်လူများ တဖွဲဖွဲရောက်ရှိလာကြသော်လည်း အရေအတွက် များပြားခြင်းမရှိပါ။ နောက်ထပ် လေးနာရီစောင့်ပြီးသောအခါ ထပ်မံရောက်ရှိခြင်းမရှိတော့ပါ။ ကျန်းချန်ရွှမ်သည် ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ရာ ရတနာဖလှယ်ပွဲတွင် ပါဝင်ဆင်နွှဲခွင့်ရသူမှာ သုံးဆယ်ပင်မပြည့်ကြောင်း မြင်လိုက်ရသည်။

“ဟား ဟား ဟား”

ထိုစဉ် အူလိုက်သည်းလှိုက် ရယ်မောလိုက်သံတစ်ခု ကြားလိုက်ရ၍ ဧည့်သည်အားလုံး အသံကြားရာတံခါးဝကို လှမ်းကြည့်မိကြရာ အဖိုးတန်အဝတ်အစားများ ဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးကို တွေ့ရသည်။ ထိုသူသည် ကျီဖုနယ်ပယ် နဝမအဆင့်ကို ရောက် ရှိနေပြီး အခန်းထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ အဆိုပါ သက်လတ်ပိုင်းအရွယ်လူ၏ အမည်မှာ တုန်းဟိုင်ဖြစ်ပြီး ကျင်းနိုင်ငံရှိ ရွှေအမြုတေအဆင့် အင်အားစုလေးစုအနက် တစ်စုဖြစ်သည့် ရှေးဦးတောင်ကြား မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဤဖလှယ်ပွဲကို ဧည့်ခံကျင်းပသူနှင့် မြေရင်းသ လင်းကျောက်ပိုင်ရှင်လည်းဖြစ်သည်။ တုန်းဟိုင်သည် ပရိသတ်အားလုံးကို ဝေ့ကြည့်လိုက်ပြီး လက်သီးဆုပ်ဂါရဝပြုလိုက်သည်။

“တာအိုရောင်းရင်းတို့ ကျုပ်စီစဉ်ကျင်းပတဲ့ ရတနာဖလှယ်ပွဲ အသေးစားလေးမှာ ပါဝင်ဆင်နွှဲပေးလို့ ကျေးဇူးတင်ပါတယ်၊ ကဲ စလိုက်ကြရအောင်လား”

ထို့နောက် တုန်းဟိုင်၏ အကြည့်က မနီးမဝေးတွင် ရပ်နေသော ဘရိုကိတ်ဝတ်ရုံ ဆင်မြန်းထားသူတစ်ဦးထံ ကျရောက်သွားသည်။

“မြို့စားလေးက စလိုက်ပါလား”

တုန်းဟိုင်စကားကြောင့် ဧည့်သည်အားလုံး၏ အကြည့်သည် မြို့စားလေးဆိုသူထံ ကျရောက်သွားပြန်သည်။ ထိုလူ၏အမည်မှာ ရှန်းကွမ်ရှန်ဖြစ်ပြီး တင်းယွမ်မြို့စား၏ အချစ်ဆုံးသားတော်မောင် ဖြစ်သည်။ အသက် ၃၀၀ မပြည့်သေးသော်လည်း ကျီဖု သတ္တမအဆင့်ကို ရောက်ရှိနေပြီး သူတို့မိသားစုတွင် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ရန် အလားအလာ အကောင်းဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။ ထိုသူသည် တုန်းဟိုင့်စကားကို ကြားလျှင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့ အနောက်တွင် ရပ်နေသည့် ချောမောလှပသည့် အမျိုးသမီးနှစ်ဦးကို ရှေ့သို့တွန်းထုတ်လိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးစလုံးသည် အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်ကို ရောက်ရှိနေသူများ ဖြစ်သည်။ ရှန်းကွမ်ရှန်က ပရိသတ်အားလုံးကို အကဲခတ်လိုက်ပြီးနောက်

“တုန်းဟိုင်က တိုက်တွန်းနေမှတော့ ကျုပ်လည်း အားမနာနေတော့ပါဘူး။ ဒီနှစ်ယောက်က အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေတဲ့ အစေခံတွေပဲ။ အပျိုစင်တွေဖြစ်ရုံသာမကဘူး၊ သခင်ဖြစ်သူကို ပြုစုရာမှာလည်း အထူးကျွမ်းကျင်တယ်။ ဒီနှစ်ယောက်ကို ကျုပ် ကိုယ်တိုင် အခုပွဲအတွက် သေချာရွေးချယ်ထားတာမလို့ စိတ်ချနိုင်ပါတယ်။ တာအိုရောင်းရင်းတွေထဲက စိတ်ဝင်စားသူများရှိရင် နှစ်သက်ရာ ရတနာတစ်ခုနဲ့ လဲလှယ်လို့ရပါတယ်။ ခင်ဗျားတို့ကမ်းလှမ်းတဲ့ ရတနာကို ကျုပ်သဘောကျရင် ဒီနှစ်ယောက်က ခင်ဗျားတို့အပိုင်ပဲ”

***

All Chapters