← Chapters

မြေရင်းသလင်းကျောက်

Vol. 13 Ch. 251

မြေရင်းသလင်းကျောက်

Vol. 13 Ch. 251

ရှန်းကွမ်ရှန်၏ စကားဆုံးလျှင် ပရိသတ်အများစုသည် စိတ်ဝင်စားဟန်နှင့် အကဲခတ်လိုက်ကြသည်။ သူတို့အတွက် လူသားတစ်ဦးကို ကုန်ပစ္စည်းသဖွယ် ရောင်းချဖလှယ်ခြင်းသည် အထူးအဆန်းမဟုတ်ပါ။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာမူ တုန်လှုပ်သွားကြသည်။ ကျင်းနိုင်ငံတွင် ကျင့်ကြံသူများကို ပိုင်ဆိုင်မှုသဖွယ် သဘောထား၍ ရောင်းချဖလှယ်လို့ ရပါသလား။ ထို့ပြင် အလဲအထပ်ပြုခံရမည့် မိန်းကလေးနှစ်ဦးသည် အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်များ ဖြစ်နေသေးသည်။ ဤအဖြစ်မျိုး လျန်၊ ယွင်နှင့် ယန်နိုင်ငံများတွင်သာ ဖြစ်ပွားခဲ့ပါက ရှန်းကွမ်ရှန်သည် မိစ္ဆာကျင့်ကြံသူအဖြစ် သတ်မှတ်ခံရပြီး သုံးနိုင်ငံလုံး၏ ဝရမ်းထုတ်ခြင်းကို ခံရမည်ဖြစ်သည်။

အဆိုပါလုပ်ရပ်မျိုးသည် လျန်၊ ယွင်နှင့် ယန်နိုင်ငံများတွင် မိစ္ဆာဝါဒအဖြစ် သတ်မှတ်ပြီး တင်းကျပ်စွာတားမြစ်ထားကာ ကျူးလွန်သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ သွေးသားရင်းဖြစ်နေလျှင်တောင် ခြွင်းချက်မထားဘဲ အပြစ်ပေးခံရမည်ဖြစ်သည်။

“အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ရောက်နေတဲ့ အမျိုးသမီး အစေခံနှစ်ဦးဆိုပါလား၊ ကျုပ်စိတ်ဝင်စားတယ်၊ ဒီနှစ်ယောက်ကို ဆေးဝါးစမ်းသပ်တဲ့နေရာမှာ သုံးချင်တယ်။ မြို့စားလေး ခင်ဗျားရဲ့အစေခံနှစ်ယောက်အတွက် ခရမ်းကွက်အဆီအနှစ်ဆေးပြားပေးမယ်၊ ဘယ်လိုလဲ”

ခရမ်းရောင်ဝတ်ရုံဝတ် မုတ်ဆိတ်ရှည်အဘိုးကြီးတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာပြီး ရှန်းကွမ်ရှန်ကို ကမ်းလှမ်းလိုက်သည်။ ထိုအခါ မြို့စားလေး၏ အနောက်တွင် ရပ်နေသည့် အစေခံမိန်းကလေးနှစ်ဦး၏ မျက်နှာများ သွေးဆုတ်သလို ဖြူလျော်သွားသည်။ ထိုအဘိုးကြီးနှစ်ဦးလက်ထဲသို့ သူမတို့နှစ်ဦး သက်ဆင်းလိုက်ရပါက ကံဆိုးမိုးမှောင်ကျမည်ကို နှစ်ဦးလုံးကောင်းစွာသိရှိပါသည်။ ထိုအဘိုးကြီးထံတွင် အစမ်းသပ်ခံပစ္စည်းအဖြစ် အသက်ရှင်ရမည်ထက် သေဆုံးသည်က နာကျင် မှုဝေဒနာ သက်သာပါလိမ့်ဦးမည်။ ကျန်းချန်ရွှမ်တို့နှစ်ဦး၏ မျက်နှာများ ရုတ်တရက် တင်းမာသွားကြသည်။

သူတို့နှစ်ဦးလုံးမှာ အဂ္ဂိရတ်ပညာရှင်များဖြစ်နေ၍ အဘိုးကြီးပြောသည့် ဆေးဝါးစမ်းသပ်ခြင်းကို ကောင်းစွာနားလည်ထားပါသည်။ ထိုအချိန်တွင် မျက်နှာဖြူဖတ်ဖြူလျော်ရှိသည့် လူတစ်ဦးက ထရပ်လိုက်ပြီး မချိုမချဉ်မျက်နှာထားနှင့်

“အဂ္ဂိရတ်ပညာရှင် လုမင်၊ ခင်ဗျားက ဒီနှစ်ယောက်အတွက် ခရမ်းကွက်အဆီအနှစ် ဆေးပြားတစ်ပြားတည်း သုံးမလို့လား။ ခင်ဗျားဟာက ကပ်စေးမနည်းလွန်းဘူးလားဗျာ။ ပြီးတော့ ဒီလောက်လှတဲ့ အစေခံမလေးနှစ်ယောက်ကို ဆေးဝါးအစမ်းသပ်ခံအဖြစ် သုံးလိုက်ရမှာ နှမြောစရာ”

ထို့နောက် ထိုလူသည် ရှန်ကွမ်ရှန်းဖက်သို့ မျက်မှာမူလိုက်ပြီး

“မြို့စားလေးရေ ဒီလိုမိန်းမလှလေးတွေဆိုရင် ကျုပ်က လက်လွှတ်မခံတတ်မှန်း ခင်ဗျားသိပါတယ်။ ဒီခရမ်းရောင်နေကျောက်နဲ့ ခင်ဗျားရဲ့အစေခံနှစ်ယောက်နဲ့လဲမယ်ဆိုရင် ကျုပ်ရဲ့ရက်ရောမှုကို ခင်ဗျားနားလည်နိုင်မှာပါ”

ထိုလူသည် ခရမ်းရောင်အဆင်းရှိပြီး အပူလှိုင်းများ ဖြာထွက်နေသည့် ကျောက်တုံးတစ်တုံးကို ပြသလိုက်သည်။ ထိုအခါ ရှန်ကွမ်းရှန်းသည် စိတ်ဝင်စားဟန်နှင့် ထိုင်ရာမှထပြီး ထိုကျောက်တုံးကို အတန်ကြာစူးစိုက်ကြည့်ရင်း နောက်ဆုံးတွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။

“တာအိုမိတ်ဆွေအိုးရန်က တကယ်ရက်ရောတာပဲ၊ ကောင်းပြီဗျာ ဒီနှစ်ယောက်က ခင်ဗျားအပိုင် ဖြစ်သွားပါပြီ”

“ဟီးဟီး”

အိုးရန်ဆိုသည့် မျက်နှာဖြူလျော်လျော်လူသည် ရယ်မောရင်း လက်မောင်းနှစ်ဖက်ကို ဖွင့်လိုက်သည်။ ထိုအခါ အစေခံမိန်းကလေးနှစ်ဦးသည် ထိုလူ့လက်မောင်းအတွင်းသို့ ဆွဲယူသိမ်းသွင်းခံလိုက်ရတော့သည်။ မိန်းကလေးနှစ်ဦး၏ မျက်နှာမှာ ပျော်ရွှင်ခြင်းမရှိသည့်အပြင် ရှေးကထက်ပင် တိုး၍ ကြောက်လန့်နေကြဟန်တူသည်။ အိုးရန်ဆိုသူမှာ မိန်းမလိုက်စားရာတွင် နာမည်တစ်လုံး နှင့် ကျော်ကြားသူများဖြစ်ပြီး သူ၏ နှိပ်စက်ညှင်းပန်းမှုများကြောင့် အမျိုးသမီးကျင့်ကြံသူ အများအပြား သေဆုံးခဲ့ရပြီးဖြစ်သည်။ ထိုကဲ့သို့လူစား၏ လက်ထဲသို့ ကျရောက်သွားခြင်းသည် လုမင်၏ လက်ထဲကျရောက်သည်ထက် ပိုမိုထူးခြားခြင်းရှိမည်မဟုတ်ပါ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုမြင်ကွင်းကို မနှစ်မြို့သော်လည်း အစေခံနှစ်ဦးအတွက် ရပ်တည်ပေးရန် စိတ်ကူးမရှိပါ။ သည်နိုင်ငံကို လာရောက်ရခြင်းမှာ မြေရင်းသလင်းကျောက်အတွက်သာဖြစ်သည့်အတွက် ဒေသခံကျင့်ကြံသူများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပါ။ ထိုအချိန်တွင် လူအုပ်ကြားထဲမှ ချောမောလှပသည့် အမျိုးသမီးတစ်ဦး ရှေ့သို့ ထွက်လာသည်။ ထိုအမျိုးသမီး၏ တည်ငြိမ်သော အမူအရာအရ သူမသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်ကို ယုံမှားဖွယ်မရှိပါ။ ထိုအမျိုးသမီးသည် အိုးရန်တို့လူစု၏ လုပ်ရပ်ကို မြင်တွေ့သော်လည်း အံ့အားသင့်ခြင်း၊ တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိဘဲ ထိုရောင်းဝယ်ဖလှယ်မှုများကို မြင်တွေ့နေ ဖန်များနေဟန်တူသည်။

ထိုမိန်းမသည် ကျောက်စိမ်းသေတ္တာနှစ်လုံးကို ထုတ်ယူခင်းကျင်းလိုက်သည်။ သေတ္တာအထဲတွင် လက်တစ်ဝါးအရွယ် ဦးချိုတစ်ခုနှင့် ငွေရောင်ပန်းတစ်ခုကို တွေ့ရသည်။

“အဆင့် ၃ မြင်းပျံဦးချိုနဲ့ အဆင့် ၃ ထူးကဲကြယ်ပန်းတွေပဲ။ ထူးကဲကြယ်ဆေးပြား ဒါမှမဟုတ် အ ဆင့် ၃ သတ္တုဓာတ် ဝိညာဉ်ရတနာတစ်ခုနဲ့ ဒါတွေကို လဲလို့ရမယ်”

ထိုအမျိုးသမီးစကားဆုံးလျှင် ကျင့်ကြံသူအချို့သည် အပြိုင်အဆိုင် ကမ်းလှမ်းလိုက်ကြသည်။

“တာအိုမိတ်ဆွေရေ ကျုပ်မှာ အဆင့် ၃ သတ္တုအခြေခံ ကောင်းကင်ရေ ရှိတယ်။ မြင်းပျံဦးချိုနဲ့ လဲလို့ရမလား”

“ကျုပ်မှာ ထူးကဲကြယ်ဆေးပြားနဲ့ အစွမ်းအာနိသင်တူတဲ့ ဆေးပြားတစ်ပြားရှိတယ်။ ထူးကဲကြယ် ပန်းနဲ့လဲမယ်ဆိုရင် ဘယ်လိုလဲ”

***

All Chapters