← Chapters

မြေရင်းသလင်းကျောက် (၂)

Vol. 13 Ch. 252

မြေရင်းသလင်းကျောက် (၂)

Vol. 13 Ch. 252

မကြာမီ အရောင်းအဝယ်တည့်သွားပြီး ထိုအမျိုးသမီးကျင့်ကြံသူ၏ ပစ္စည်းနှစ်ခုလုံး လဲလှယ်ပြီးစီး သွားသည်။ ဤသို့နှင့် ရတနာဖလှယ်ပွဲသည် တဖြည်းဖြည်း အရှိန်ရလာသည်။ နောက်ဆုံးတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အလှည့်ရောက်လာသည်။ ကျန်းချန်ရွှမ်က ပစ္စည်းနှစ်ခုကို ခင်းကျင်းလိုက်သည်။ ကျောက်စိမ်းပုလင်းတစ်ခုနှင့် လက်သီးဆုပ်အရွယ်ရှိ အနီရောင်သဲကျောက်တုံး တစ်ခုဖြစ်သည်။ ပထမတစ်ခုသည် ကျီဖုကျင့်ကြံသူများ သုံးစွဲလေ့ရှိသည့် ပင်လယ်အစစ်ဆေးပြား ဖြစ်ပြီး ကုန်ဆုံးသွားသည့် ဓမ္မစွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိသည်။ ဒုတိယတစ်ခုမှာ နီဝါမှော်ဝင်သဲ ဟုခေါ်သည့် အဆင့် ၃ တန်ဖိုးကြီးကုန်ကြမ်းတစ်ခုဖြစ်သည်။ မီးဓာတ်အခြေခံ ဓမ္မရတနာများ၏ စွမ်းအားကို မြှင့်တင်ရန် အသုံးပြုနိုင်သည်။

“ပင်လယ်အစစ်ဆေးပြားတွေ ပါဝင်တဲ့ ကျောက်စိမ်းပုလင်းနဲ့ နီဝါမှော်ဝင်သဲ တို့ဖြစ်ပါတယ်၊ ဒီပစ္စည်းနှစ်ခုအကြောင်း အကျယ်တဝင့် ရှင်းစရာမလိုဘူးထင်ပါတယ်။ ကျုပ်နဲ့ ကျုပ်ရဲ့ တာအိုကျင့် ကြံဖော်က ဒီပစ္စည်းနှစ်ခုကို အရည်အသွေးတူ မြေဓာတ်နဲ့ လျှပ်စီးဓာတ်အခြေခံ ရတနာတွေနဲ့ လဲလှယ်လိုပါတယ်”

သူ့စကားဆုံးသည်နှင့် ဧည့်သည်များအနက် အေးစက်စက်အမူအရာရှိသည့် လူတစ်ဦးက မတ်တပ်ရပ်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို တစ်လှည့်စီ အကဲခတ်လိုက်ပြီးမှ

“ကျုပ်မှာ အဆင့် ၃ တိုင်ပိုင် မိုးကြိုးကျောက်စိမ်းရှိတယ်၊ ခင်ဗျားရဲ့ နီဝါမှော်ဝင်သဲနဲ့ လဲလို့ရနိုင်မလား”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုလူထုတ်ပြသည့် ကျောက်စိမ်းတုံးကို လေ့လာလိုက်သည်။ ရှန်းရူယန်က ခေါင်းခါလိုက်ပြီး

“ရှင့်ရဲ့ တိုင်ပိုင်မိုးကြိုးကျောက်စိမ်းက သေးလွန်းတယ်။ ရှင်လဲချင်ရင် တစ်ခုခုအလိုက်ပေးဖို့ လိုပါလိမ့်မယ်”

အေးစက်စက်လူက ခဏမျှတွေဝေသွားပြီးနောက် ရှန်းရူယန်အား

“ဒီကျောက်စိမ်းတုံးအပြင် ဝိညာဉ်ကျောက်တုံး ငါးသောင်းအလိုက်ပေးမယ်”

“သဘောတူတယ်”

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။ မကြာခင် အလဲအလှယ် ပြီးမြောက်သွားသည်။ ထိုအခါ အိုး ရန်ဆိုသည့် အစေခံမိန်းကလေးနှစ်ဦးကို သိမ်းပိုက်လိုက်သူက မချိုမချဉ်မျက်နှာနှင့် ပြောသည်။

“တာအိုမိတ်ဆွေကြီး ခင်ဗျားရဲ့ ပင်လယ်အစစ်ဆေးပြားပုလင်းကို ကျုပ်လိုချင်တယ်၊ ခင်ဗျားတို့ကို ဒါပေးမယ်”

အိုးရန်သည် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူပြီးနောက် အဖုံးဖွင့်ပြသည်။ အထဲတွင် မြေဓာတ်ဝိညာဉ်ရေစက်ကို တွေ့ရသည်။ ထိုပစ္စည်းသည် ကျန်းချန်ရွှမ်အတွက် နက်ရှိုင်းမြေဓာတ် လှံပုဆိန်ကို သွန်းလုပ်ရန် မဖြစ်မနေလိုအပ်သည့် ကုန်ကြမ်းဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အိုးရန်ဆိုသူအား နှစ်မြို့ခြင်းမရှိသော်လည်း သူ့လက်ထဲရှိ ပစ္စည်းမှာ သူတို့အမှန်တကယ် လိုအပ်နေသည့် ရတနာပစ္စည်းဖြစ်နေပြန်သည်။ ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး

“ကောင်းပြီ”

အလဲအထပ်ပြီးမြောက်သည့်အချိန်တွင် ရတနာဖလှယ်ပွဲသည်လည်း ပြီးဆုံးခါနီး အခါသမယသို့ ရောက်ရှိလာတော့သည်။ အားလုံး၏ အကြည့်မှာ တုန်းဟိုင်ထံသို့ ကျရောက်သွားသည်။ ပရိသတ်အားလုံးသည် နောက်ဆုံးအနေနှင့် တုန်းဟိုင်ခင်းကျင်းပြသမည့် ရတနာပစ္စည်းများကို မျှော်လင့် စောင့်စားနေမှန်း ထင်ရှားသည်။ လူပါးတုန်းဟိုင်က ထိုအချက်ကို နားလည်ဟန်နှင့် ပစ္စည်းသုံးခု ကို ခင်းကျင်းလိုက်သည်။ အော်ရာပြင်းပြင်းတစ်ခု ထုတ်လွှတ်နေသည့် သလင်းကျောက်တစ်ခု၊ စင်းလုံးချောဖြူဖွေးနေသည့် ဆေးပြားများပါဝင်သည့် ပုလင်းတစ်ခုနှင့် အဝါရောင် တိုကင်ပြား တစ်ခုတို့ဖြစ်သည်။

“ပထမတစ်ခုက မြေရင်းသလင်းကျောက်၊ ဒုတိယတစ်ခုက တိမ်ပြေးဆေးပြား၊ နောက်ဆုံးတစ်ခုကတော့ အဆင့် ၃ ဆေးပြားဖော်မြူလာတစ်ခုပဲ၊ ဒီရတနာသုံးခုအကြောင်းကို အသေးစိတ် ရှင်းပြ စရာမလိုပါဘူး။ ခင်ဗျားတို့အနေနဲ့ သင့်တော်မယ်ထင်တဲ့ တန်ဖိုးတစ်ခုနဲ့ ကမ်းလှမ်းနိုင်ပါတယ်။ တစ်ခုတော့ရှိတယ်၊ ခင်ဗျားတို့မှာ အမြုတေဖွဲ့စည်းနိုင်မဲ့ ဝိညာဉ်ရတနာတစ်ခုခုနဲ့ လဲမယ်ဆိုရင်တော့ ဒီရတနာသုံးခုလုံးကို ယူသွားနိုင်တယ်”

ဝိညာဉ်ဖွဲ့တည်နိုင်သည့် ရတနာ ဟူသောစကားကို ကြားလျှင် လူအားလုံးသည် မချိပြုံးလျက် ခေါင်းခါလိုက်ကြသည်။ ထိုပစ္စည်းမျိုးမှာ သူတို့အတွက် တန်ဖိုးကြီးလွန်းလှသည်။ သူတို့တွင် အဆိုပါရတနာမျိုး ရှိနေလျှင်တောင်မှ ယခုလိုပွဲမျိုးတွင် ချပြမည်မဟုတ်ပါ။ ထိုအချိန်တွင် အဂ္ဂိရတ် သမား လုမင်က မတ်တတ်ရပ်လိုက်ပြီး

“တာအိုမိတ်ဆွေကြီးတုန်းဟိုင် ခင်ဗျားရဲ့ အဆင့် ၃ အလယ်အလတ်အဆင့် တိုကင်ပြားထဲမှာပါတဲ့ ဖော်မြူလာက ဘယ်လိုဖော်စပ်နည်းမျိုးလဲ”

လုမင်မှာ အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ဆေးဝါး၊ ဆေးပြားများကို အထူးစိတ်ဝင် စားသူဖြစ်သည်။ တုန်းဟိုင်က လုမင်၏အမေးကိုဖြေသည်။

“အထစ်အငေါ့ အပိတ်အဆို့လေးတွေကို ကျော်ဖြတ်နိုင်တဲ့ ဆေးပြားကို ဖော်စပ်နည်းပါ။ မိတ်ဆွေ လုမင် စိတ်ဝင်စားရင် လဲလှယ်ရယူပြီး အသေးစိတ်လေ့လာကြည့်ပါ”

ထိုအခါ လုမင်သည် စိတ်ဝင်စားသွားဟန်နှင့် ဆေးပုလင်း အမြောက်အများကို ထုတ်ယူလိုက်ပြီး တုန်းဟိုင်ထံသို့ တွန်းပို့လိုက်သည်။

“ကျုပ်ဖော်စပ်ထားတဲ့ ဆေးပြားတွေကို ကြည့်ကြည့်စမ်းပါ။ ခင်ဗျားရဲ့ ဖော်မြူလာနဲ့ လဲဖို့ ထိုက်တန်ရဲ့လား”

တုန်းဟိုင်က ဆေးပြားများကို အနီးကပ်စစ်ဆေးပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ရပါတယ်”

လုမင်မှာ ထခုန်မိမတတ် ပျော်ရွှင်သွားပြီး တိုကင်ပြားကို ဂရုတစိုက် သိမ်းယူလိုက်သည်။ ထိုအချိန်တွင် ကျန်ပစ္စည်းနှစ်ခုဖြစ်သည့် မြေရင်းသလင်းကျောက်နှင့် တိမ်ပြေးဆေးပြားပုလင်းတို့ကို ပိုင်ဆိုင်ခွင့်ရရေး အားပြိုင်မှုတစ်ခု စတင်နေပြီဖြစ်သည်။ အဆင့်၄ ပဏာမ အဆင့်ရှိသည့် မြေရင်းသလင်းကျောက်မှာ ရှင်းပြစရာမလိုအောင် တန်ဖိုးကြီးမားလှသလို တိမ်ပြေးဆေးပြားပုလင်းကို လည်း လိုချင်တပ်မက်သူ များပြားလှသည်။ ထိုဆေးပြားသည် ကျီဖုနယ်ပယ် သတ္တမအဆင့်နှင့် အထက် ကျင့်ကြံသူများ၏ ဓမ္မစွမ်းအင်ပမာဏကို တိုးမြှင့်ပေးနိုင်စွမ်းရှိသည်။ နောက်ဆုံးတွင် တိမ်ပြေးဆေးပြားပုလင်းကို ကွမ်းလင်ဂိုဏ်းမှ ကျီဖု အဌမအဆင့် ကျင့်ကြံသူတစ်ဦးက ရရှိသွား တော့သည်။ ယခုအခါ မြေရင်းသလင်းကျောက် တစ်ခုသာ ကျန်ပါတော့သည်။ ထိုအခါ မြို့စား လေးဆိုသူ ရှန်ကွမ်ရှန်းက

“အစ်ကိုတုန်းဟိုင်ရေ ကျုပ်အနေနဲ့ အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာတစ်ပါးနဲ့အတူ ဝိညာဉ် ကျောက်တုံးနှစ်သိန်းပေးပြီး မြေရင်းသလင်းကျောက်ကို ရယူလိုပါတယ်၊ ဘယ်လိုလဲ”

ထို့နောက် ရှန်ကွမ်းရှန်က ပိုက်ကွန်နှင့်တူသည့် ဓမ္မရတနာတစ်ခုကို ထုတ်ပြလိုက်သည်။ သို့သော် ရှန်ကွမ်းရှန်က သဘောကျသေးဟန် မတူဘဲ တစ်စုံတစ်ရာ မတုံ့ပြန်ပါ။ ထိုအခါ နောက်ထပ်ဧည့်သည်တစ်ဦးက ဝိညာဉ်ရတနာ၊ ကုန်ကြမ်းရင်းမြစ်နှင့် ဓမ္မရတနာအများအပြားဖြင့် ကမ်းလှမ်းပြန် သည်။ တုန်းဟိုင်သည် စိတ်မဝင်စားဟန်နှင့် မတုန်မလှုပ်ရှိနေသေးသည်။ ထိုအခါ ကျန်းချန်ရွှမ် နှင့် ရှန်းရူယန်တို့သည် တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ကြသည်။ သူတို့အနေနှင့် တုန်းဟိုင်ထံ မှ မြေရင်းသလင်းကျောက်ကို ရယူလိုပါက အလွန်အရည်အသွေးကောင်းသည့် ရတနာတစ်ပါးကို ချပြဖို့လိုပါလိမ့်မည်။

ကျန်းချန်ရွှမ်၏ သိုလှောင်လက်စွပ်သည် အရောင်လင်းသွားပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူပြသလိုက်သည်။ ပရိသတ်အားလုံး၏ အာရုံသည် အဆိုပါသေတ္တာအပေါ် ကျရောက်သွား သည်။ တုန်းဟိုင်လည်း အပါအဝင်ပင်ဖြစ်သည်။ ကျန်းချန်ရွှမ်က သေတ္တာအဖုံးကို ဖွင့်ပြလိုက်ရာ အထဲတွင် စတော်ဘယ်ရီသီးနှင့် တူသည့် အသီးတစ်လုံးကို တွေ့ရသည်။ ထိုသစ်သီး၏ မွှေးကြိုင် သည့်ရနံ့ထူးကြောင့် ပရိသတ်အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“ဂူအောင်းပြဒါးနီသစ်သီးပဲ”

ပရိသတ်အားလုံး ဟန်ပင်မဆောင်နိုင်တော့ဘဲ အံ့အားသင့်လျက် ရေရွတ်လိုက်မိကြသည်။ ထို သစ်သီးသည် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အင်အားကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ ကျင့်ကြံခြင်း လောကတွင် ဝိညာဉ် သို့မဟုတ် ရှေးဦးစိတ်ဝိညာဉ်၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည့် ရတနာများမှာ အထူးတန်ဖိုးကြီးလှသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုသစ်သီးကို ရှန်းရူယန်၏ အတိတ်ဘဝက ချန်ထားရစ်သည့် လျှို့ဝှက်ရတနာများထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဤသစ်သီးသည် ထိုရတနာများအနက် တန်ဖိုးအနိမ့်ဆုံးရတနာဖြစ်သလို ကျန်းချန်ရွှမ်တို့အတွက် လတ်တလောအတွင်း အသုံးဝင်ခြင်းမရှိပါ။

သို့သော် ထိုသစ်သီးကို ကျီဖုနှောင်းပိုင်း ကျင့်ကြံသူများနှင့် နောက်ဆုံးအဆင့် ကျင့်ကြံသူများအ နေနှင့် စိတ်ဝင်စားကြမည်ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ အမှန်တွင် ထိုသစ်သီးသည် မြေရင်းသ လင်းကျောက်ထက် တန်ဖိုးနိမ့်သေးသော်လည်း တုန်းဟိုင်သည် သူ၏ ဝိညာဉ်အင်အားကို မြှင့်တင်ရန် အစီအစဉ်ရှိသည့်အတွက် ထိုသစ်သီးကို လက်လွတ်မခံလိုပါ။ ထို့ကြောင့် အဆိုပါသစ်သီး ကိုမြင်သည်နှင့် တုန်းဟိုင်၏ မျက်လုံးများ အရောင်လက်လာပြီး ကျန်းချန်ရွှမ်အား အမောတကော မေးမြန်းလိုက်တော့သည်။

“တာအိုမိတ်ဆွေကြီး ခင်ဗျားရဲ့ ပြဒါးနီသစ်သီးကို အနီးကပ်ကြည့်ရှုလို့ရမလား”

***

All Chapters