မျက်နှာဖုံးချွတ်ခြင်း
Vol. 13 Ch. 253
“ရပါတယ်”
ကျန်းချန်ရွှမ်က ကျောက်စိမ်းသေတ္တာကို တုန်းဟို်ငထံသို့ တွန်းပို့ပေးလိုက်သည်။ တုန်းဟိုင်က သေတ္တာကိုမပြီး အနီးကပ်စစ်ဆေးသည်။ ခဏမျှအကြာတွင် အဖုံးကိုပြန်ပိတ်ပြီး ကျန်းချန်ရွှမ်ထံ ပြန်အပ်လိုက်သည်။
“ဒီကတာအိုမိတ်ဆွေက ဒီသစ်သီးကို ကျုပ်ရဲ့မြေရင်းသလင်းကျောက်နဲ့ လဲချင်တာလား”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“မှန်ပါတယ်၊ ဘယ်လိုသဘောရလဲ”
“သဘောတူတယ်”
တုန်းဟိုင်သည် ကျန်းချန်ရွှမ်နှင့် ဈေးညှိရန်ပင် မစဉ်းစားတော့ဘဲ ချက်ချင်းပင် ခေါင်းညိတ်လိုက်တော့သည်။ သူ့အတွက် ပြဒါးနီသစ်သီးသည် မြေရင်းသလင်းကျောက်ထက် များစွာတန်ဖိုးရှိနေ သည်မဟုတ်ပါလား။ ထို့ကြောင့် တုန်းဟိုင်သည် ခြေသွက်လက်သွက်နှင့်ပင် မြေရင်းသလင်း ကျောက်ကို ကျန်းချန်ရွှမ်လက်ထဲ အပ်နှံလိုက်ပြီး ပြဒါးနီသစ်သီးပါဝင်သည့်သေတ္တာကို အမြန် သိမ်းယူလိုက်တော့သည်။ ကျန်းချန်ရွှမ်လည်း အထူးဝမ်းမြောက်သွားသည်။ တုန်းဟိုင်နှင့် ညှိနှိုင်း ရသည်မှာ သူထင်ထားသည်ထက် များစွာချောမွေ့နေသည်။ ထိုအချိန်တွင် ဘေးမှရပ်ကြည့်နေ သော မြို့စားလေး ရှန်ကွမ်ရှန်းက ကျန်းချန်ရွှမ်အား
“တာအိုမိတ်ဆွေကြီး အမှန်အတိုင်းဝန်ခံရရင် ခင်ဗျားရဲ့ ဂူအောင်းပြဒါးနီသစ်သီးကို ကျုပ်အထူးပဲ စိတ်ဝင်စားမိတယ်။ ခင်ဗျားမှာ ဒီလိုမျိုး ဝိညာဉ်စွမ်းအင် အားဖြည့်ပေးနိုင်တဲ့ ရတနာတွေ ရှိသေးလား”
ထိုလူ့အမေးကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားသည်။ ထို့ နောက် ကျန်းချန်ရွှမ်က တည်ငြိမ်သောလေသံနှင့် ဖြေလိုက်သည်။
“မရှိပါဘူး၊ ကျုပ်တို့မှာ ဒီတစ်ခုပဲရှိတာပါ”
“ဟုတ်လား”
ရှန်ကွမ်ရှန်းက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ သူ့ပုံစံက ကျန်းချန်ရွှမ်၏ အဖြေကို ကျေနပ်ဟန်မတူသော်လည်း တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပါ။ မကြာခင် ရတနာဖလှယ်ပွဲလည်း ပြီးဆုံးသွားတော့သည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် လျူလင်းလုံတို့လည်း တုန်းဟိုင်ကို နှုတ်ဆက် ပြီး လျန်နိုင်ငံသို့ ပြန်ရန်ပြင်ဆင်လိုက်ကြသည်။ ခန်းမထဲမှ ထွက်ခွာသွားသော ကျန်းချန်ရွှမ်တို့၏ ကျောပြင်ကို စိုက်ကြည့်ရင်း ရှန်ကွမ်ရှန်းသည် တုန်းဟိုင်ကို ရှုတည်တည်ဖြင့် ပြောသည်။
“အစ်ကိုတုန်းဟိုင် အဲဒီစုံတွဲမှာ ဂူအောင်းပြဒါးနီသစ်သီးအပြင် တခြားဝိညာဉ်ရတနာတွေ မရှိတော့ဘူးဆိုတဲ့ သူတို့အပြောကို ခင်ဗျားယုံလား”
ထိုအခါ တုန်းဟိုင်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး
“မြို့စားလေး ခင်ဗျားဆိုလိုတာက…”
ရှန်ကွမ်ရှန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း
“ဘာရယ်တော့မဟုတ်ပါဘူး။ ဝိညာဉ်ကို အားဖြည့်ပေးနိုင်မဲ့ ရတနာပစ္စည်းတချို့ ရမလားလို့ ကံစမ်းချင်တဲ့သဘောပါ။ အစ်ကိုတုန်းဟိုင်ရော စိတ်ဝင်စားမလားလို့”
ထိုအခါ အိုးရန်ရွှမ်၊ အဂ္ဂိရတ်သမား လုမင်နှင့် ကျန်လူများမှာ စိတ်ဝင်စားဟန်နှင့် ခေါင်းထောင်လာကြသည်။ သို့သော် တုန်းဟိုင်က ဆုံးဖြတ်ချက်ချပြီးဟန်နှင့် ခေါင်းခါလိုက်ပြီး
“စိတ်မကောင်းပါဘူး မြို့စားလေး၊ ကျုပ်မှာ ပြဒါးနီသစ်သီး ရှိထားပြီးပါပြီ။ နောက်ထပ် ဝိညာဉ်ရ တနာတစ်ခု မလိုသေးပါဘူး၊ ခင်ဗျားတို့အကြံအစည်မှာ ကျုပ်ကိုမထည့်လို့ရပါတယ်”
တုန်းဟိုင်သည် ရတနာဖလှယ်ပွဲကို ဦးစီးကျင်းပခဲ့သူ ဖြစ်သောကြောင့် ရှန်ကွမ်ရှန်းနှင့်သာ ပူးပေါင်းလိုက်ပါက သူ၏ ဂုဏ်သိက္ခာနှင့် နာမည်ကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း သတိပြုမိ ပါသည်။ ရှန်ကွမ်ရှန်း၏ အကြံအစည်တွင် သူပါဝင်ကြောင်း ပေါက်ကြားသွားပါက အနာဂတ်တွင် တုန်းဟိုင်တာဝန်ခံကျင်းပမည့် ရတနာဖလှယ်ပွဲများကို လာရောက်သူ ရှိတော့မည်မဟုတ်ပါ။ သို့သော် တုန်းဟိုင် အမှန်တကယ် အလေးအနက်ထားသည်က အကျိုးအမြတ်ရနိုင်ချေ ဖြစ်သည်။ ကျန်းချန်ရွှမ်တို့တွင် ပြဒါးနီသစ်သီးကဲ့သို့ နောက်ထပ်ရတနာများ ရှိမရှိ မသေချာသေး၍ ရှန်ကွမ်ရှန်း်၏ အကြံအစည်တွင် မပါဝင်လိုခြင်းဖြစ်သည်။
အကယ်၍ ကျန်းချန်ရွှမ်တွင်သာ အမြုတေသိပ်သည်းခြင်း ဆေးပြားများနှင့် ရွှေအမြုတေဖွဲ့စည်းခြင်း ရတနာများ ပိုင်ဆိုင်ကြောင်း ၁၀၀ ရာခိုင်နှုန်းသေချာပါက တုန်းဟိုင်သည် သူအနှစ်နှစ်အလလ တည်ဆောက်ခဲ့ရသည့် ဂုဏ်သတင်းကို ချက်ချင်းလွှင့်ပစ်ပြီး ရှန်ကွမ်ရှန်းနှင့် မဆိုင်းမတွ ပူးပေါင်းမည်သာဖြစ်သည်။ ထို့ပြင် တုန်းဟိုင်အနေနှင့် မပါဝင်လိုရသည့် နောက်ထပ် အကြောင်းပြ ချက်တစ်ခုရှိသေးသည်။ ကျန်းချန်ရွှမ်တို့စုံတွဲမှာ ကျီဖု သတ္တမနှင့် အဌမအဆင့် အသီးသီး ရှိနေကြသည့်အပြင် သူတို့ဘေးတွင်လည်း နောက်ထပ် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေပါသေးသည်။
တုန်းဟိုင်အနေနှင့် ကျန်းချန်ရွှမ်တို့လူစုကို သုတ်သင်ရန် မလွယ်လှကြောင်း သတိပြုမိသလို အ နိုင်ရခဲ့လျှင်တောင်မှ သူတို့ဘက်မှလည်း တန်ဖိုးကြီးကြီးတစ်ခု ပြန်လည်ပေးဆပ်ရမည်မှန်း ရိပ်မိ ထားသည်။ အတိုချုပ်ရလျှင် စိုက်ထုတ်ရမည့် အရင်းနှင့် ရရှိမည့်အမြတ်သည် မတန်လှသည့်အ တွက် အသာလက်ရှောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ရှန်ကွမ်ရှန်းသည် တုန်းဟိုင်ကို သိမ်းသွင်း၍ မရနိုင်ကြောင်း သဘောပေါက်ပြီး လက်လျှော့လိုက်ရသည်။ တုန်းဟိုင်လို လူစားမျိုးသည် သူအလွယ်ထိန်းချုပ်နိုင်သော လူစားမျိုး မဟုတ်ပါချေ။ တုန်းဟိုင်၏ ကျင့်ကြံမှုအဆင့်သည် သူ့ ထက် မြင့်မားသည့်အပြင် နောက်ခံအင်အားကလည်း မသေးပါ။
တုန်းဟိုင်သည် ကျင်းနိုင်ငံ၏ ရွှေအမြုတေအဆင့် အဖွဲ့အစည်းလေးခုအနက် တစ်ခုဖြစ်သည့် ရှေးဦးယန်တောင်ကြားမှ လာသူဖြစ်၍ နောက်ခံအင်အားမှာ မသေးလှပါ။ ထို့ကြောင့် ရှန်ကွမ်းရှန်လည်း ထိုအကြံအစည်ကို လက်လျှော့တော့မည်အပြုတွင် အိုးရန်ရွှမ်နှင့် လုမင်တို့ထံမှ လျှို့ဝှက် အသံပို့စနစ်ဖြင့် သတင်းစကားတစ်ခု ပေးပို့လိုက်သောကြောင့် တွေဝေသွားသည်။ မကြာခင် သူ တို့သုံးဦး ကျောက်စိမ်းစားသောက်ဆိုင်မှ ထွက်ခွာသွားကြတော့သည်။ ဆိုင်ပြင်ရောက်ပြီး မကြာမီ ရှန်ကွမ်းရှန်သည် ဆက်သွယ်ရေးအဆောင်ကို အသုံးပြု၍ သတင်းစကားတစ်ခု ပို့လိုက်သည်။ ခေတ္တအကြာတွင် ကျီဖု နဝမအဆင့်ရှိ အဘိုးကြီးတစ်ဦးရောက်လာပြီး ရှန်ကွမ်ရှန်းကို ရိုသေစွာ ဦးညွတ်လိုက်သည်။
“နှုတ်ဆက်ပါတယ် မြို့စားလေး”
ရှန်ကွမ်ရှန်းက လက်ကာပြရင်း
“ဒါတွေမလိုပါဘူး အကြီးအကဲဝမ်း။ ကျုပ်မှာလိုက်တာကို ဆောင်ရွက်ပြီးပြီလားပဲ သိချင်တယ်”
အကြီးအကဲဝမ်းက ခေါင်းညိတ်လိုက်ပြီး
“မစိုးရိမ်ပါနဲ့၊ ဈေးအားလုံးက နေရာရွှေ့ပြောင်းခြင်း အစီအရင်ကွက်တွေကို အကြောင်းကြားပြီးပါပြီ။ မြို့စားလေးပြောတဲ့ လျန်နိုင်ငံက လူသုံးယောက်ကို အသုံးပြုခွင့်မပေးဖို့ သေချာမှာထားပါ တယ်၊ အဲဒီသုံးယောက် လျန်နိုင်ငံကို ဘယ်နည်းနဲ့မှ ပြန်နိုင်သေးမှာ မဟုတ်ပါဘူး”
***