လွတ်မြောက်ခြင်း (၂)
Vol. 13 Ch. 256
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားသည် အ ဆင့် ၄ အဆောင်လက်နက်နှင့် အရှိန်ပြင်းစွာ ထိခိုက်မိပြီး အလင်းတန်းများ ဖြာထွက်လာသည်။ အဆင့် ၄ အဆောင်မှ ဖန်တီးထားသော ဒိုင်းသည် တစ်စုံတစ်ရာ ထိခိုက်မှုမရှိသည့်အတွက် ရှန် ကွမ်ရှန်းတစ်ယောက် ကြိတ်၍ သက်ပြင်းချလိုက်မိသည်။ သူ့အဖေပေးထားသည့် အသက်ကယ် အဆောင်လက်နက်သည် ယခုလို သေရေးရှင်ရေးအခြေအနေတွင် အလွန်အသုံးဝင်သွားသည်။ သက်ပြင်းချ၍ မဆုံးခင်မှာပင် နားကွဲမတတ် စူးရှသည့်အသံတစ်ခု ကြားလိုက်ရ၍ အသံကြားရာဖက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းချန်ရွှမ်၏ ဓားပျံသည် ဦးတည်ချက်ပြောင်းပြီး အကြီးအကဲဝမ်းကို ထောင့်ဖြတ်ခုတ်ချလိုက်သည်ကို မြင်ရတော့သည်။
အကြီးအကဲဝမ်းသည် ဓားချက်ကို တိမ်းရှောင်နိုင်မည် မဟုတ်ကြောင်း ရိပ်စားမိလိုက်သည်။ ထို့ ကြောင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လက်ချောင်းဆယ်ခုမှ အစိမ်းရောင်အမျှင်များသည် ပင့်ကူကြိုးမျှင်များအလား ပြန့်ပွားထွက်လာပြီး ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားကို ဖုံးအုပ်လိုက် သည်။ ထိုနည်းစနစ်ကို အကြီးအကဲဝမ်းသည် မြို့စားဂေဟာမှ သင်ယူတတ်မြောက်ခဲ့ခြင်းဖြစ်ပြီး အဆင့် ၃ အသေအမျိုးအစား နတ်ဘုရားစွမ်းအားတစ်ခု ဟုသတ်မှတ်နိုင်ပါလိမ့်မည်။ စွမ်းအား၏အမည်မှာ စေစားကြိုးတစ်ထောင် ဖြစ်သည်။ အသုံးပြုလိုက်သည့်အခါတွင် အဆိုပါကြိုးမျှင်များ သည် ရန်သူကို ပိတ်လှောင်ဖမ်းဆီးနိုင်ရုံမက ရန်သူအသုံးပြုသော ဓမ္မရတနာများနှင့် နတ်ဘုရား စွမ်းအားများကိုလည်း ပိတ်ဆို့နိုင်စွမ်းရှိသည်။
တစ်ချိန်တည်းတွင် အကြီးအကဲဝမ်းသည် ကိုယ်တွင်းရှိ သွေးများကို လောင်ကျွမ်းစေလိုက်သည့်အတွက် ဓမ္မစွမ်းအင်သည်လည်း ၃၀ ရာခိုင်နှုန်းတိုးမြင့်သွားသည်။ သို့သော် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားသည်လည်း နတ်ဘုရားစွမ်းအားတစ်ခုဖြင့် ပြုပြင်စီရင်လိုက်သည့်ပမာ ဓားသွားမျက် နှာပြင်တွင် စူးရှသည့် အလင်းပြောက်များ ပေါ်လိုက်ပျောက်လိုက် ဖြစ်လာသည်။ ထို့နောက်တွင် ဓားသွားမှ အလွန်စူးရှထက်မြက်သည့် ဓားချီများကို ပစ်လွှတ်လိုက်သည်။ ထိုဓားချီများသည် အ ကြီးအကဲဝမ်း၏ အစိမ်းရောင်ကြိုးမျှင်များကို တိတိရိရိ ပိုင်းဖြတ်ပစ်လိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အကြီးအကဲဝမ်းသည် မျက်လုံးများပြူးသွားသည်အထိ တုန်လှုပ်သွားသည်။ သို့သော် တစ်စုံတစ် ရာ မတုံ့ပြန်နိုင်မီမှာပင် ရွှေဗလာနယ်ဓားသည် သူ၏ နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းသိရှိနိုင် သည့် အခြေအနေမှ ရုတ်တရက် အစွန်းအစမကျန် ပျောက်ကွယ်သွားတော့သည်။ အကြီးအကဲဝမ်းတစ်ယောက် ကြက်သေသေငိုင်သွားသည်။ ထို့နောက် တစ်ခုခုကို နားလည်လိုက်ပြီး မျက်နှာ အကြီးအကျယ် ပျက်သွားတော့သည်။
အုံး….
ကိုယ်ပျောက်နေသော ရွှေဗလာနယ်ဓားက ရိုက်ထုတ်လိုက်သည့် အနက်ရောင်ပုတီးစေ့ ဓမ္မရတနာသည် အဝေးသို့ လွင့်ထွက်သွားသည်ကို မြင်ရသည်။ တစ်ချိန်တည်းတွင် ရွှေဗလာနယ်ဓားပျံ သည် နတ်ဘုရားအာရုံဖြင့်ပင် ထောက်လှမ်းခြင်းမပြုနိုင်သည့် အမြန်နှုန်းဖြင့် အကြီးအကဲဝမ်း၏ ကိုယ်ခန္ဓာကြီးကို ဖောက်ထွင်းသွားတော့သည်။
“အား”
အကြီးအကဲဝမ်း၏ မျက်လုံးအစုံမှာ ပြူးထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်မိသည်။ ထို့ နောက် ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခုကို ရေရွတ်ရန် ကြိုးစားသည်။ သို့သော် အသံထွက်မလာ နိုင်ခင်မှာပင် ဓားချီများသည် ဆူနာမီလှိုင်းလုံးများပမာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး တစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။
“အကြီးအကဲဝမ်း…”
ထိုမြင်ကွင်းကြောင့် ဒိုင်းအနောက်တွင် ပုန်းခိုနေသည့် ရှန်ကွမ်ရှန်းတင်မက ရှန်းရူယန်၏ တိုက် ခိုက်မှုများကို အသည်းအသန်ခုခံနေရသည့် လုမင်နှင့် အိုးရန်ရွှမ်တို့ပါ တုန်လှုပ်သွားကြသည်။ အ ကြီးအကဲဝမ်းသည် သူတို့လေးဦးအနက် ကျင့်ကြံမှုအဆင့် အမြင့်မားဆုံးဖြစ်သော်လည်း ကျန်းချန်ရွှမ်၏ လက်ချက်ဖြင့် ဦးဆုံး သေပွဲဝင်လိုက်ရသည်။ ထို့ကြောင့် သုံးဦးသားသည် ဆက်လက်မတိုက်ခိုက်လိုတော့ဘဲ ထွက်ပြေးရန် ကြံစည်လိုက်သည်။ သုံးဦးလုံးသည် ဓမ္မစွမ်းအင်များကို အ မြင့်ဆုံးအဆင့်ထိ မြှင့်တင်လိုက်ပြီး အလင်းတန်းများ အသွင်ပြောင်းကာ ရတနာတစ်ရာဈေးသို့ ဦးတည်ပျံသန်းလိုက်ကြသည်။
“ပြေးချင်တာလား”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်ဝန်းများတွင် အေးစက်ကြမ်းကြုတ်သည့် အရိပ်အငွေ့များ ယှက်သန်းလာတော့သည်။ ထိုသုံးဦးကို မည်သည့်နည်းနှင့်မျှ အသက်ရှင်ခွင့် မပေးရန် ဆုံးဖြတ်ပြီး ဖြစ်သည့်အတွက် ဇနီးမောင်နှံနှစ်ဦးသည် ဓမ္မရတနာများကို ကိုယ်စီ အရှိန်မြှင့်တင်လိုက်တော့ သည်။ ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားသည် နောက်တစ်ကြိမ် ကိုယ်ပျောက်သွားပြီး ရှန်ကွမ်ရှန်း တို့သုံးဦး ထွက်ပြေးနေသည့် လမ်းကြောင်းအတိုင်း တစ်ဟုန်ထိုးပျံသန်းသွားသည်။ ရှန်းရူယန်၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း လျှပ်စီးစက်ကွင်းများ ဖုံးလွှမ်းသွားပြီး ရှန်ကွမ်းရှန်းတို့သုံးဦးအနီး သို့ ရုတ်တရက်ရောက်ရှိသွားသည်။
ကျန်းချန်ရွှမ်တို့ လိုက်မီလာသည်ကို ရှန်ကွမ်ရှန်းတို့ သိလိုက်ရချိန်တွင် သုံးဦးသား အကြီးအကျယ် ထိတ်လန့်သွားသည်။ အထူးသဖြင့် ရှန်ကွမ်ရှန်းဖြစ်သည်။ သူသည် မြို့စားကြီးတင်းယွမ်၏ ချစ်မြတ်နိုးခြင်းအခံရဆုံး သားတစ်ဦးဖြစ်သလို ရွှေရောင်တောက်ပနေသည့် အနာဂတ်ကိုလည်း ပိုင် ဆိုင်ထားသူဖြစ်သည်။ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်မည့် အလားအလာမှာလည်း မြင့်မား နေပြန်သည်။ သူ့အနေနှင့် အကြီးအကဲဝမ်းကဲ့သို့ သည်နေရာတွင် နိဂုံးမချုပ်လိုပါ။ ထို့ကြောင့် ရှန် ကွမ်ရှန်းသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချမှတ်လိုက်ပြီး အဆောင်လက်နက်တစ်ခုကို ထုတ်ယူအသက်သွင်းလိုက်တော့သည်။
ကျွီ….
အဆောင်သည် အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ရှန်ကွမ်ရှန်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ရှန်ကွမ်ရှန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ၏ နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းနိုင်သည့် အကွာအဝေးအတွင်းမှ ရုတ်တရက်ပျောက်ကွယ် သွားတော့သည်။
“နောက်ထပ် အဆင့် ၄ လွတ်မြောက်ခြင်းအဆောင်လား”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားတော့သည်။ ရှန်ကွမ်ရှန်းအနေ နှင့် နောက်ထပ် အဆောင်လက်နက်တစ်ခုကို ထုတ်သုံးနိုင်လိမ့်မည်ဟု သူတို့နှစ်ဦးလုံး မထင်မှတ်ထားခဲ့ကြပါ။ ထို့ပြင် သူအသုံးပြုလိုက်သည့် အဆောင်ပစ္စည်းသည် အဆင့် ၄ ဖြစ်နေပြန်သည်။ ဤသည်ကိုကြည့်၍ တင်းယွမ်မြို့စားကြီးသည် သားတော်မောင်ကို အတော်လေးတန်ဖိုးထားဟန် တူကြောင်း ကျန်းချန်ရွှမ်တို့ ကောက်ချက်ချလိုက်သည်။ ထို့နောက်တွင် ဇနီးမောင်နှံနှစ်ဦးသည် အရှိန်မြှင့်ပျံသန်းလိုက်သည်။ ရှန်ကွမ်ရှန်း လွတ်မြောက်သွားပြီဖြစ်၍ ကျန်နှစ်ဦးကိုတော့ ထွက် ပြေးခွင့်မပေးနိုင်တော့ပါ။ ရှန်းရူယန်သည် အပြာနှင့်အနီ လျှပ်စီးလုံးနှစ်ခုကို ပစ်လွှတ်လိုက်တော့သည်။ နတ်ဘုရားစွမ်းအားဖြစ်သည့် မီးနှင်ရေ နတ်ဘုရားလျှပ်စီး ဖြစ်သည်။
“ဘာလဲဟ”
အရှိန်အဟုန်ဖြင့် ပျံသန်းနေသော အိုးရန်ရွှမ်နှင့် လုမင်တို့သည် ကြောက်မက်ဖွယ် အန္တရာယ်တစ်ခု နောက်မှလိုက်လာကြောင်း သိရှိလိုက်ရ၍ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
***