လွတ်မြောက်ခြင်း (၃)
Vol. 13 Ch. 257
ထိုအချိန်တွင် လုမင်နှင့် အိုးရန်ရွှမ်တို့ထံမှ ဆေးပြားမီးဖိုတစ်ခုနှင့် အဝိုင်းပုံဒိုင်းတစ်ခု လွင့်ထွက် လာပြီး ရှန်းရူယန်၏ လျှပ်စီးလုံးကို ခုခံရန်ကြိုးစားသည်။ သို့သော် လုမင်တို့၏ ဓမ္မရတနာနှစ်ခု သည် ရှန်းရူယန်၏ မီးနှင့်ရေ နတ်ဘုရားစွမ်းအားကို ရင်ဆိုင်နိုင်စွမ်းမရှိဘဲ အရောင်မှိန်လွင့်ကုန် ကြသည်။ ကြောက်မက်ဖွယ် လျှပ်စီးလုံးကြီးသည် သူတို့နှစ်ဦးနှင့် နီးသထက်နီးကပ်လာတော့သည်။
“တာအိုရောင်းရင်းတို့ ကျုပ်တို့နားလည်မှုလွဲမှားကြတာပါ။ ကျုပ်တို့က…”
လုမင်တို့၏ တောင်းပန်စကား မဆုံးခင်မှာပင် ရှန်းရူယန်၏ နောက်ထပ် နတ်ဘုရားစွမ်းအားဖြစ် သည့် လျှပ်စီးငါးပါး မသေမျိုးရန်နှိမ်ဓားနှင့် ထပ်မံရင်ဆိုင်ရပြန်သည်။ တစ်ချိန်တည်းတွင် ကျန်း ချန်ရွှမ်၏ ပေတစ်ရာကျော် ရှည်လျားသည့် ဓားချီအလင်းတန်းကြီးသည်လည်း သူတို့နှစ်ဦးကို လိုက်မီလာပြန်သည်။ ထိုအခိုက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာပြီး လုမင်တို့နှစ်ဦးကို ကာကွယ်ပေးထားသည့် ဓမ္မရတနာနှစ်ခုသည် အဝေးသို့ လွင့်စင်သွားပါတော့ သည်။ တစ်ဆက်တည်းတွင် ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု စီတန်းဖြစ်ပေါ်လာပြီး လုမင်နှင့် အိုး ရန်ရွှမ်းတို့၏ အကာအကွယ်မန္တန်များနှင့် နတ်ဘုရားစွမ်းအားများအားလုံး ပြိုကွဲကုန်ကြသည်။
နှစ်ဦးသား၏ ကိုယ်ခန္ဓာများသည် မီးဖုတ်ခံထားရသလို လျှပ်စီးကြောင်းများ၏ အဆက်မပြတ် တိုက်ခံမှုကို ခံနေရစဉ်မှာပင် ကိုယ်ပျောက်ဓားအလင်းတန်းသည် သူတို့နှစ်ဦး၏ ကိုယ်ခန္ဓာများကို ဖောက်ထွင်းဝင်ရောက်သွားပြီး ဝိညာဉ်နှင့် ခန္ဓာနှစ်ရပ်လုံးကို တစ်ပါတည်း ဖျက်ဆီးလိုက်တော့ သည်။ ကြောက်ရွံ့တုန်လှုပ်မှုနှင့် နောင်တတရားတို့ ပြည့်လျှမ်းနေသည့် မျက်လုံးနှစ်စုံသာ ကျန်ရစ်ခဲ့သည်။ ကျန်းချန်ရွှမ်တို့ကို အမဲဖျက်ရန် ကြိုးစားသည့် လေးဦးအနက် သုံးဦးသေဆုံးသွားပြီ ဖြစ်ပြီး တစ်ဦးသာ အသက်ရှင်လျက် လွတ်မြောက်သွားသည်။
ရှန်ကွမ်ရှန်းတွင် အဆင့် ၄ အဆောင်ပစ္စည်းများ မရှိလျှင် သူလည်း လွတ်မြောက်နိုင်မည် မဟုတ် သည်မှာ သေချာလှသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သေဆုံးသူသုံးဦးထံမှ သိုလှောင် လက်စွပ်များကို သိမ်းဆည်းပြီးနောက် လျူလင်းလုံနှင့် ကျန်းမိသားစုဝင်များထံသို့ ပျံသန်းလာပြီး အဆင့် ၃ ရတနာလှေကို ထပ်မံအသက်သွင်းလိုက်ပြီးနောက် ရှုနိုင်ငံသို့ အမြန်ဆုံးထွက်ခွာလိုက် ကြသည်။ ခဏအကြာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာထက်သို့ အလွန်ကြောက်မက်ဖွယ်ကောင်း သည့် အော်ရာတစ်ခု သက်ဆင်းလာသည်။ ထိုသူသည် လူလတ်ပိုင်းအရွယ်ရှိသည့် စာပေပညာရှင် တစ်ဦးနှင့်တူပြီး ဝတ်ရုံရှည်ကို ဆင်မြန်းထားသည်။ ထိုသူထံမှ ထွက်ပေါ်နေသော ဝိညာဉ်ဖိအား အရ စစ်မှန်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။
တစ်အောင့်မျှအကြာတွင် ရှန်ကွမ်ရှန်းလည်း ပြန်လည်ရောက်ရှိလာသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာကို အကဲခတ်လိုက်ပြီးနောက် ရှန်ကွမ်ရှန်း၏ မျက်ဝန်းများတွင် အကြောက်တရားနှင့်အတူ အခဲမကျေသည့် အရိပ်အယောင်များ ဖြစ်တည်လာသည်။ သူ့ဘေးတွင် ရပ်နေသည့် သက်လတ် ပိုင်းအရွယ် ပုဂ္ဂိုလ်အား လှည့်ကြည့်ပြီး
“ဦးလေးဖန်း ဘယ်လိုလဲ။ ကျွန်တော်တို့ လိုက်မီနိုင်သေးလား”
ရှန်ကွမ်ရှန်းက ဦးလေးဖန်း ဟုခေါ်ဆိုလိုက်သည့် ဖန်ပိုချန်းသည် ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်ရင်း
“လိုက်မမီနိုင်တော့ဘူး။ ဒီလူတွေ အခြေအနေကို ရိပ်မိလို့ အမြန်ဆုံးထွက်သွားကြတာ။ ရှုနိုင်ငံက နေရာရွှေ့ပြောင်းခြင်းအစီအရင်ကွက် အားလုံးကို ပိတ်ချလိုက်ရင်တော့ အခွင့်အရေးရှိနိုင်သေး တယ်။ ဒါပေမဲ့ ဒါလည်းမဖြစ်နိုင်ဘူး။ မြို့စားဂေဟာအနေနဲ့ ရှုနိုင်ငံကို အမိန့်ပေးလို့မရဘူး”
ထို့နောက် ဖန်းပိုချန်းသည် သက်ပြင်းချလိုက်ပြီး ရှန်ကွမ်ရှန်းကို စိုက်ကြည့်လိုက်သည်။
“မြို့စားလေး မင်းဒီတစ်ခါ လှုပ်ရှားတာ လောလွန်းတယ်။ ကျီဖုနယ်ပယ်မှာ ဝိညာဉ်ကို အားဖြည့်ပေးတဲ့ ရတနာတစ်ခုက ဘယ်လောက်ထိ တန်ဖိုးရှိမှာမလို့လဲ။ ပြန်စဉ်းစားကြည့်စမ်းပါ။ ပြဒါးနီ သစ်သီးတစ်လုံးနဲ့ အဆင့် ၄ အဆောင်ပစ္စည်းနှစ်ခုနဲ့ ဘယ်ဟာတန်ဖိုးပိုကြီးလဲ။ ငါမင်းကို ဒီတစ်ခါတော့ မဖုံးပေးနိုင်တော့ဘူး။ ဖြစ်ခဲ့သမျှအကြောင်းစုံကို မင်းပဲ မြို့စားကြီးကို ရှင်းပြလိုက်”
ထို့နောက် ဖန်းပိုချန်းသည် ရတနာတစ်ရာဈေးရှိရာသို့ ဦးတည်ထွက်ခွာသွားတော့သည်။ ထိုအခါ ရှန်ကွမ်ရှန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး ကျန်းချန်ရွှမ်တို့ ထွက်ခွာသွားရာအရပ်သို့ ခါးသီးစွာ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် ဦးလေးဖြစ်သူနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။
***