← Chapters

နက်ရှိုင်းမြေဓာတ်ပုဆိန်လှံ (၂)

Vol. 13 Ch. 260

နက်ရှိုင်းမြေဓာတ်ပုဆိန်လှံ (၂)

Vol. 13 Ch. 260

“အချိန်တန်ပြီ”

ကျန်းချန်ရွှမ်၏ လက်ဖဝါးပြင်တွင် အဖြူရောင်မီးလျှံတစ်ခု ထွန်းလင်းလာသည်။ ထိုမီးလျှံသည် ကောင်းကင်နှင့်မြေကြီး မီးလျှံ အမျိုးအစားဖြစ်ပြီး နက်ရှိုင်းမြေဓာတ် ပုဆိန်လှံသွန်းလုပ်ရာ၌ အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများကို အရည်ဖျော်ပြုပြင်ရာ၌ အသုံးပြုရမည်ဖြစ်သည်။ ထိုမီးလျှံ ကို အသုံးပြုလျှင် လုပ်ငန်းစဉ် အောင်မြင်ရန် ရာခိုင်နှုန်း ပိုမိုများပြားလာပါလိမ့်မည်။ သူစီစဉ်ထားသည့်အတိုင်း ရှောရှောရှုရှု ဖြစ်လာခဲ့ပါက ပုဆိန်လှံ၏ အရည်အသွေးကို တိုးမြှင့်နိုင်သည်အထိ မျှော်လင့်နိုင်မည်ဖြစ်သည်။

မကြာခင် အခြေခံကုန်ကြမ်းသတ္တုများ မီးလျှံ၏ အပူဓာတ်ကြောင့် စတင်အရည်ပျော်လာသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ဝတ်ရုံဖြူလူငယ်ထံမှ သင်ယူခဲ့သော နည်းနာများအတိုင်း နက် ရှိုင်းမြေဓာတ် ပုဆိန်လှံကို စတင်သွန်းလုပ်ပါသည်။ နှစ်လအကြာတွင် ကုန်ကြမ်းပစ္စည်းအားလုံး ကို အရည်ကျိုပြီးဖြစ်ကာ သုံးလအကြာတွင်တော့ ပုဆိန်လှံ၏ အကြမ်းထည်ပုံစံကို ရရှိလိုက်ပါပြီ။ မီးလျှံများ အဆက်မပြတ် လောင်ကျွမ်းနေသည်။ ကျန်းချန်ရွှမ်ရှိနေသည့် လှိုဏ်ဂူအတွင်းမှ သတ္တု များကို ထုရိုက်သံများ အကြားအလပ်မရှိ ထွက်ပေါ်လျက်ရှိသည်။

တစ်နှစ်နီးပါးအကြာတွင် ကျန်းချန်ရွှမ်၏ လှိုဏ်ဂူအတွင်းမှ အလွန်အားကောင်းလေးလံသည့် အော်ရာတစ်မျိုး ရုတ်တရက် ထိုးထွက်လာတော့သည်။ ထိုအော်ရာတွင် တောင်တန်း၊ ချောက်ကမ်းပါးနှင့် ကမ္ဘာမြေကြီးတို့၏ အရှိန်အဝါများ ကိန်းအောင်းနေသည့်အလား လေးလံနက်ရှိုင်းနေသည်။ ဤအချိန်တွင် လှိုဏ်ဂူအနီးသို့ တစ်စုံတစ်ဦး ချဉ်းကပ်လာခဲ့ပါက ထိုသူသည် ပထဝီမြေထုပမာ လေးလံသည့် ဖိအားတစ်ခုကို ခံစားရမည်မှာ သေချာသည်။ ထို့နောက် ကျန်းချန်ရွှမ်သည် ပတ္တမြားရောင်နှင့်တူသည့် သွေးစက်များကို ကိုယ်တွင်းမှ ပစ်လွှတ်လိုက်သည်။ ထိုသွေးစက်များ သည် သူ့ရှေ့မှောက်ရှိ ဆယ်ပေကျော်ရှည်လျားသည့် ပုဆိန်လှံ၏ အသွားမျက်နှာပြင်ထက်သို့ သက်ဆင်းသွားကြသည်။

ထိုအခိုက်တွင် ပုဆိန်လှံ၏ ကိုယ်ထည်မှ အနီရင့်ရောင် အော်ရာလှိုင်းတစ်ခု ကြွတက်လာပြီး တစ် ဆက်တည်းတွင် အသက်ဝင်လာသည့်အလား ဝိညာဉ်အလင်းများ ရုတ်တရက် ကွန့်မြူးလာပါ တော့သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် နောက်ဆုံးအဆင့် မန္တန်ကို ထုတ်ဖော်လိုက်သည့် ခဏတွင် ပုဆိန်လှံသည် တဝီဝီအော်မြည်လျက် သက်ရှိသတ္တဝါတစ်ကောင်ပမာ ကျန်းချန်ရွှမ်၏ လက် ထဲသို့ ပြေးဝင်လာသည်။ ကျန်းချန်ရွှမ်လည်း ပုဆိန်လှံကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။ ထိုလှံမှ ထွက်ပေါ်လာသော အားပြင်းလွန်းသည့် အော်ရာများကြောင့် ကျန်းချန်ရွှမ်တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

“အဆင့် ၄ ပဏာမအဆင့် ဓမ္မရတနာ”

ကျန်းချန်ရွှမ်အနေနှင့် သူသွန်းလုပ်ခဲ့သည့် မူလဓမ္မရတနာသည် အဆင့် ၃ နယ်ပယ်ကို ကျော်လွန် ပြီး အဆင့် ၄ ပဏာမအဆင့်ထိ ရောက်ရှိသွားမည်ဟု မထင်ထားခဲ့။ လက်ရှိအချိန်တွင် ဤပုဆိန် လှံ၏ အစွမ်းကြောင့် ကျန်းချန်ရွှမ်၏ တိုက်ပွဲဝင်စွမ်းအားသည် ရွှေအမြုတေ ပဏာမအဆင့် ကျင့် ကြံသူတစ်ဦးကိုပင် ယှဉ်နိုင်စွမ်းရှိနေပြီဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ နတ်ဘုရားစွမ်းအားနှင့်သာ ပေါင်းစပ်လိုက်ပါက ကျန်းချန်ရွှမ်အနေနှင့် ရွှေအမြုတေအစစ် ကျင့်ကြံသူတစ်ဦးကိုပင် ရဲရဲကြီး ရင်ဆိုင်ဝံ့နေပြီဖြစ်သည်။

ဘုန်း…

ကျန်းချန်ရွှမ်သည်တစ်ယောက် အဆိုပါအတွေးကို စိတ်ကူးထဲတွင် ပုံဖော်လိုက်သည့်ခဏတွင် သူ၏ကိုယ်ခန္ဓာသည် ရုတ်တရက် ထွားကြိုင်းလာပြီး ကြွက်သားများလည်း ဖုထစ်ပြွတ်ခဲလာသည်။ လက်ထဲရှိ ပုဆိန်လှံသည်လည်း ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီစွာ တစ်ပါတည်း ကြီးမားလာရာ ပေ ငါးဆယ်အထိ ရောက်သွားသည်။ ကျန်းချန်ရွှမ်သည် ပုဆိန်လှံကို ကိုင်မြှောက်လိုက်ရာ ကြောက်မက်ဖွယ် ပြင်းထန်သည့် အော်ရာလှိုင်းများ ဂူတစ်ခုလုံးကို ပြည့်လျှံသွားပြီး လှိုဏ်ဂူအတွင်းရှိ အ တားအဆီး အစီအရင်များပင် ရုတ်တရက် လင်းလာကြသည်။ အော်ရာလှိုင်းများသည် ပြင်ပလော ကအထိ ဆက်လက်ပျံနှံ့သွားပြီး ရွှမ်းမင်တောင်ထွတ်ရှိ အစီအရင်ကွက်များပင် ပြိုကွဲစပြုလာသည်။

သို့သော် ကျန်းချန်ရွှမ်က ရုပ်ပိုင်းနတ်ဘုရားစွမ်းအားကို အချိန်မီ ရုပ်သိမ်းလိုက်၍ ခန္ဓာကိုယ်မှာ မူလအတိုင်း ပြန်ဖြစ်သွားသလို အရာရာအားလုံး ပုံမှန်အတိုင်း ငြိမ်သက်သွားသည်။ ကျန်းချန်ရွှမ်သည် လက်ထဲရှိ ပုဆိန်လှံကို ကျေနပ်နှစ်သိမ့်စွာ ကြည့်လိုက်မိသည်။ ထို့နောက် ပုဆိန်လှံကို အဟာရဖြည့်တင်းရန် အလို့ငှာ ကိုယ်တွင်း၌ သိမ်းဆည်းလိုက်သည်။ ထို့နောက် ရွှေဗလာနယ်ဓားကို ထုတ်ယူလိုက်ပြန်သည်။ သည်တစ်ခါတွင်တော့ သည်ရတနာကို အဆင့် ၃ အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ရန် ကျန်းချန်ရွှမ် စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုအချိန်တွင် စနစ်မှ အချက်ပေးသံကို ကြား လိုက်ရပြန်သည်။

***

စာစဉ် ၁၃ ပြီးပါပြီ။

All Chapters