ဒိကျဲ့အရှုံးထွက်ခြင်း
Vol. 81 Ch. 1132
ဒိကျဲ့မှင်တက်သွားသည် “အဲလူက ငါ့ရဲ့ညီမဝမ်းကွဲလို့ မင်းပြောနေတာ တော့မဟုတ်လောက်ပါဘူးနော် ဟုတ်လား”
သူသည် ရှီမာယူယူကိုကြည့်ပြီး ထိုဖြစ်နိုင်ချေကို တွေးလိုက်သည်။ သူ လက်မခံနိုင်သောအရာပင်။
ထိုမိန်းကလေးသည် သူ၏ တစ္ဆေတပ်သားများစွာကို သတ်ခဲ့သည်။ သူ သည် သူမကိုအမြဲတစေ လက်စာချေချင်ခဲ့သည်။
“တစ္ဆေသခင် မင်းမမှားဘူးမလား”
“မမှားဘူး” တစ္ဆေသခင်သည် သေချာနေသည်။
သူသည် ရှီမာယူယူကိုကြည့်လိုက်သည်။ သူမ အဝေးတွင်ရပ်နေ သော်လည်း သူမ၏ တစ္ဆေမျိုးနွယ်ရောင်ဝါသည် ပြန့်နေကာ သူမ ဆီမှလာ သော အနံ့ကိုပင် ရလေသည်။
ယီခဲ့လော့…
“သခင် သေချာလား” ဒိကျဲ့သည် တုန်လှုပ်သွားသည်။
တစ္ဆေသခင်သည် ကိစ္စများကို စီမံရာတွင် အလွန်စေ့စပ်သည်။ သူသာ မသေချာလျှင် ဒီလောက်ယုံကြည်ချက်ရှိနေမည်မဟုတ်ပေ။
ဒါပေမဲ့ အဲဒါက သူ့ရဲ့ ဝမ်းကွဲညီမ… ဒီလိုသတင်းကို အစာကြေဖို့လိုဦး မယ်။
ထိုလူသည် တခြားတစ်ယောက်၏ ဝမ်းကွဲဖြစ်ပါက သူ သူမကို သတ်လိုက်လျှင်လည်း အဆင်ပြေသည်။ ဘုရင်ကြီးသည် သူ့ကိုအပြစ်တင် မည်မဟုတ်ပေ။ တခြားသူများလည်း သူ့ကို ပြဿနာမရှာရဲပေ။ သို့သော် ထိုလူသည် သူ့ အဒေါ်အငယ်ဆုံး၏ သမီးဖြစ်နေသည်။ သူ… သူ မလုပ်နိုင် ဘူး။
သူသည် သူမ၏ အတိတ်ဘဝ၌ အကြွေးအများကြီးတင်ခဲ့သည်မှာ သေချာသည်။ မဟုတ်လျှင် သူမ သူ့ကို ဒီလောက်နှိပ်စက်မည်မဟုတ်ပေ။
ဒိကျဲ့ဒေါသဖြင့်ပြည့်နေသောမျက်လုံးသည် သူ အနိုင်ကျင့်ခံလိုက်ရ သကဲ့သို့ပင် အံ့သြမှု၊ အကူအညီမဲ့မှုအဖြစ် အရည်ပျော်သွားသည်ကို ရှီမာယူယူမြင်လိုက်သည်။ သူမသည် အလွန်စိတ်ရှုပ်ထွေးသွားသည်။
ဒေါသထွက်ရမဲ့သူက သူမလေ ဟုတ်တယ်မလား… သူမကသာ အနိုင်ကျင့်ခံရတဲ့သူလေ ဟုတ်တယ်မလား.. ပြီးခဲ့တဲ့တစ်ခေါက်က သူမ သူတို့ကိုတွေ့တုန်းက သူမကို သတ်မိသလိုဖြစ်သွားတယ်လေ။ ဒါပေမဲ့ သူက သူမကိုဘာလို့အဲလိုကြည့်နေရတာလဲ။ သူ့ရဲ့ဂုဏ်သိက္ခာဘယ်ရောက်သွား တာလဲ။
ဒါပေမဲ့ နေပါဦး အဲလူကရူးများနေသလား… သူမကို ဘာလို့အဲလိုကြည့် နေရတာလဲ…
အသုံးမကျလိုက်တာ…
သူမသည် ရုတ်တရက် တစ်စုံတရာကို စဉ်းစားမိသွားသည်။ ဒီလူက သူမရဲ့ တစ္ဆေမျိုးနွယ်သရုပ်မှန်ကို မြင်ရတာတော့မဟုတ်ဘူးမလား။
မှန်သည်။ သူ့အကြည့်မှာ တကယ်ကိုပင် ရင်းနှီးသည့်အရာကို ကြည့်နေ သလိုမျိုးပင်။ သူသည် ရင်းနှီးသည့်ဆွေမျိုးတစ်ယောက်ကို ကြည့်နေသည့်နှင့် ပင် အနည်းငယ်တူလေသည်။
သေစမ်း ဘယ်လိုလုပ် အဲလိုဖြစ်ရတာလဲ…
ရှီမာယူယူသည် သူမ အတွေးကြောင့် လန့်သွားသည်။ သူမသာ ဒီလို လူနဲ့ ပတ်သတ်နေရင် သူမတော့ စိတ်ညစ်လို့သေနိုင်တယ် ဟုတ်တယ်မလား.
မဖြစ်နိုင်တာ အဲလောက် သနားစရာမကောင်းလောက်ပါဘူး ဟုတ်တယ်မလား
သို့သော ဒိကျဲ့သူမကိုကြည့်နေသောအကြည့်သည် သူမအတွေးကို ပိုပိုပြီး ယုံလာသည်။
သို့သော်…
ရှီမာယူယူသည် ထိုစဉ်က ရင်လင်းပြောခဲ့သည်ကို သတိရသွားသည်။ တစ္ဆေတစ်ရာအလံတော်သည် သူမလက်ထဲသို့ ရောက်မှဖြစ်မည်။
ဒီတစ္ဆေတစ်ရာအလံတော်က… ဒိကျဲ့ရဲ့ ရတနာမဟုတ်ဘူးလား။ သူမ သာ အမှန်တကယ်ခိုးလိုက်ရင် သူသွေးတောင်အန်သွားဦးမယ်။
သူမသည် ပြီးခဲ့သည့်တစ်ခေါက်က သေလုနီးပါးဖြစ်ခဲ့သည်ကို တွေးမိ သည်။ အဲဒါကြောင့် သူသွေးအန်လည်း ကိစ္စမရှိဘူးလေ။
“ဂျူနီယာညီမလေး အဲလူူကဘယ်သူလဲ မင်းအကြည့်တွေထူးဆန်းနေ တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“ရန်သူ” ရှီမာယူယူ ပြောလိုက်သည်။
ဒိကျဲ့သည် သူမ နှုတ်ခမ်းလှုပ်ပုံကိုကြည့်ပြီး သွေးအန်လုနီးပါးပင်ဖြစ် သွားလေသည်။
ရန်သူ… သူက သူမရဲ့ အမျိုးပဲ… အမျိုး…
ဒီကောင်မလေးတော့… သူတို့ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုပြီးရင်တော့ သူမကို သင်ခန်းစာကောင်းကောင်းပေးရမယ်။
“ဆရာ သူမက မင်းရဲ့ ဝမ်းကွဲညီမမဟုတ်နိုင်ပါဘူး” ဒိကျဲ့အနောက်မှ ရပ်နေသော အစောင့်တစ်ယောက် ပြောလေသည်။
“ဟုတ်တယ် သခင် သူမက ကျွန်တော့် ဝမ်းကွဲမဟုတ်နိုင်ဘူးမလား” ဒိကျဲ့သည် မတူညီသောအဖြေကို အမှန်တကယ်ကြားချင်မိသည်။ “သူမက သေချာပေါက် လူသားမျိုးနွယ်ပဲကို တစ္ဆေမျိုးနွယ်ရောင်ဝါ နည်းနည်းမှတောင် မရှိဘူး”
တစ္ဆေသခင်သည် မှတ်ဉာဏ်ထဲမှ အမှတ်တရများကိုဆွဲထုတ်ကာ မျက်လုံးထောင့်မှကြည့်ပြီး ပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က သူမ ခန္ဓာကိုယ်ကို တံဆိပ်ရိုက်လိုက်တုန်းက သူမခန္ဓာကိုယ်ထဲမှာ တစ္ဆေမျိုးနွယ် ရောင်ဝါရှိတာကိုသိလိုက်တယ် အဲမှာ သူမမိဘထဲက တစ်ယောက်က တစ္ဆေ မျိုးနွယ်ကဆိုတာ သိလိုက်တယ် ဒါပေမဲ့ ငါတို့မြန်မြန်ပဲထွက်ခဲ့ရလို့ သူမ ရောင်ဝါက ဘယ်သူ့ဟာလဲဆိုတာ အာရုံခံဖို့အချိန်မရလိုက်ဘူး အဲတုန်းက သူမ အသက်မရှင်နိုင်ဘူးလို့ထင်ထားတာ ပြီးတော့ သူမကို ဒီမှာထပ်တွေ့ပြီး သူမရဲ့ ရင်းနှီးနေတဲ့ရောင်ဝါကို ထပ်ပြီးအာရုံခံရမယ်လို့ ထင်မထားဘူး”
“တကယ်ပဲ သူမပဲ” ထိုအသံမှာ အံ့သြခြင်းလား ဝမ်းနည်းခြင်းလား မသဲကွဲပေ။
မည်သို့ပင်ဖြစ်စေကာမူ ထိုအသံသည် ဒိကျဲ့၏ နားထဲတွင်တော့ လှောင်ပြောင်နေသလိုပင်။
“သူမသာ တခြားတစ်ယောက်ရဲ့ ဝမ်းကွဲဖြစ်တယ်ဆိုရင် သခင်က လျစ်လျူရှုမှာပဲ ဒါပေမဲ့ သူမက အမှောင်မင်းသမီးရဲ့ကလေးဖြစ်ရင် မင်း…”
“ပါးစပ်ပိတ်ထား” ဒိကျဲ့သည် လှည့်ပြီး တခြားတစ်ယောက်ကိုစိုက် ကြည့်လိုက်သည်။
အမှောင်မင်းသမီးရဲ့ ကလေး… ဘယ်လောက်တောင် စိုးရိမ်စရာ ကောင်းလိုက်လဲ။
ယီခဲ့လော့သည် သူ့ထက်အနည်းငယ်သာ ကြီးသည်။ နှစ်ယောက်လုံး သည် တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးကောင်းခဲ့သည်။ အရင် သူ့ အရည်အချင်းမပြည့်ဝခင်က တခြားသူများသည် သူ့ကိုအထင်သေးရှုံ့ခဲ့ သည်။ သူမတစ်ယောက်သာ သူ့ဘက်တွင် ရပ်တည်ပေးခဲ့ကာ သတ္တိများပေး ပြီး ဘဝအသစ်စအောင် ကူညီပေးခဲ့သည်။
သူ ဒိမျိုးနွယ်တစ်ခုလုံး တော်ဝင်မိသားစုနှင့် တစ္ဆေမျိုးနွယ်တစ်ခုလုံးကို သစ္စာဖောက်ခဲ့လျှင်တောင် သူမကို သစ္စာမဖောက်ဟု တစ်ခါကပြောဖူးသည်။ သူမလိုချင်သည့်အရာမှန်သမျှ သူမကိုပေးနိုင်သည်။
တစ္ဆေတစ်ရာအလံတော်ဆိုလျှင်တောင်မှလေ… အဲဒါဘာကြောင့်လဲ ဆိုတော့ သူမကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် သူ အားစိုက်ထုတ်ပြီး ပြန်ယူထားတာလေ။
သူမမှာသာ ကလေးတစ်ယောက်ရှိတယ်လို့ သူသိရင် ဘယ်လောက် တောင်ပျော်မိမလဲ။ ဒါပေမဲ့ အဲကလေးက သူ့ရှေ့က လူမဖြစ်ရတဲ့ အခြေအနေတော့ရှိတာပေါ့လေ။
သူ တစ်ခါက သူမသမီးကိုသတ်ရန် လူလွှတ်ခဲ့ပြီး သူမ သမီးက သူ့ တစ္ဆေတပ်သားများကို ပြန်သတ်ခဲ့သည်များကိုတွေးမိသောအခါ ကျိန်ဆဲပစ် လိုက်ချင်သည်။
ဟူး…
သူ မည်မျှစိတ်ဆိုးသည်ဖြစ်စေ ထိုကိစ္စကိုပြောင်းလဲရန် နည်းလမ်းမရှိ ပေ။ သူ အခုလုပ်နိုင်သောတစ်ခုတည်းသောအရာမှာ လက်ခံလိုက်ရန်ဖြစ် သည်။
အရက်ကဖြစ်ပျက်ခဲ့သမျှသည် သူတို့နှစ်ယောက် ပြေလည်ရန် အနည်းငယ်ခက်ခဲသွားသည်ဟု ခံစားရသည်။
ရှီမာယူယူသည် ဒိကျဲ့၏ အမူအရာ ပြောင်းပြောင်းသွားသည်ကိုကြည့် ပြီး သူ့စိတ်ထဲတွင် ဘာတွေးနေသည်ကို နားမလည်နိုင်တော့ပေ။
သို့သော် သူတွေးနေသည့်အရာသည် ယခုအချိန်တွင် အရေးမကြီးပေ။ အရေးအကြီးဆုံးကိစ္စမှာ တစ္ဆေတစ်ရာအလံကို ခိုးယူရန်ဖြစ်သည်။
သူတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့လျှင် အဆင်ပြေသေးသည်။ အခု မျက်နှာချင်းဆိုင်တွေ့မှတော့ သူမ ဒီအခွင့်အရေးကို လက်မလွတ်နိုင် ဘူးလေ။
“အဲလူတွေက ဘာလို့ကျောက်ရုပ်တွေဖြစ်နေတာလဲ” စူးရှောင်ရှောင် သည် ထိုသုံးဘက်သုံးလံမှ မျက်နှာချင်းဆိုင်နေသာ လူများကိုကြည့်ပြီး မေးလေသည်။
“မသိဘူးလေ အလယ်မှာ ဆွေးနွေးမဲ့လူတစ်စုရှိတဲ့ပုံပဲ အပေါ်မှာရှိနေ ကြတဲ့လူတွေက ဆွေးနွေးတာကိုစောင့်နေကြတာလား” ဟန့်မြောင်ရွှမ် ပြော လိုက်သည်။
“စောင့်ကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အိမ်မက်လေး နတ်ဆိုးဝံပုလွေမျိုးနွယ်က ကောင်တွေကိုမြင်မိလား”
အိမ်မက်လေးသည် အနောက်မှနတ်ဆိုးမျိုးနွယ်ဘက်ကို ကြည့်ရင်း ခေါင်းညိတ်လေသည်။
ရှီမာယူယူသည် သူမအကြည့်ဘက်လိုက်ကြည့်ရာ ဝံပုခွေခေါင်း ဒီဇိုင်းနှင့်တူညီဝတ်စုံ ဝတ်ထားသော လူရာချီကိုတွေ့လိုက်သည်။
“အဲလူတွေက နတ်ဆိုးဝံပုလွေမျိုးနွယ်ကလား”
“အင်း တခြားသူတွေကိုမသိပေမဲ့ ခေါင်းဆောင်ကိုတော့သိတယ်” အိမ်မက်လေးသည် အလယ်တွင်ရှိသောလူကိုကြည့်လိုက်သည်။ “သူတို့ အိမ်မက်လေးကို စမ်းသပ်တုန်းက သူက ဝံပုလွေပေါက်စပဲရှိသေးတာ ဒါပေမဲ့ သူ့ရာထူးက မနိမ့်ဘူး အဲဒါကြောင့် သူမကြာခဏလာကြည့်တယ် သူက သူတို့ကို စမ်းသပ်မှုတွေလုပ်ဖို့ ကူညီပေးတာကိုမှတ်မိသေးတယ်”
“အဲဒီနတ်ဆိုးဝံပုလွေ အစုတ်ပလုတ်တွေတော့ သေဖို့ပဲတန်တယ် ငါ သူတို့ကို အကုန်စားပစ်လိုက်မယ်” ပန်းလေးသည် ထိုလူများကို မုန်းတီးစွာ ကြည့်လေသည်။
“အင်း ငါတို့ သူတို့ကိုဘယ်တော့မှ ခွင့်မလွှတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ အဲဘက်မှာ သူတို့လူတွေအများကြီးရှိတယ် ငါတို့ကလူ နည်းနည်းရယ် အောင်မြင်မှာမဟုတ်ဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။
“မစိုးရိမ်နဲ့ ဒီနေရာကနေထွက်သွားဖို့ စောနေသေးတယ် နည်းလမ်းရှာ ရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အရေအတွက်များဖို့မလိုတဲ့ အချိန် တွေလည်းရှိတယ် အခြေအနေနဲ့လိုက်တဲ့ နေရာကောင်းတစ်ခုရှိဖို့ပဲလိုတယ် ကိုယ့်ထက်သာလွန်တဲ့ရန်သူတွေကို အနိုင်ယူလို့မရဘူးဆိုတာ မဖြစ်နိုင်တာ မရှိဘူး”
“မင်း ရှီရှားတောင်တန်းမှာတုန်းက ကျုံကျန်းမျိုးနွယ်နဲ့ ရင်ယန် နန်းတော်ကလူတွေကို တည်ဆောက်မှုသုံးခဲ့တာကို ပြောချင်တာလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
ရှီမာယူယူ သဘောတူသည့်အနေနှင့် မဲ့ပြုံးပြုံးလိုက်သည်။
တည်ဆောက်မှု… တကယ်ကိုအသုံးဝင်တဲ့ ပစ္စည်းပဲ။
“သူတို့ စကားအဆုံးသတ်ပြီထင်တယ်” စူးရှောင်ရှောင်ပြောလိုက်သည်။
အားလုံးကြည့်လိုက်ရာ အစပိုင်းစုဝေးနေသောလူများသည် လူစုခွဲလိုက် ကြကာ သူတို့ကိုယ်ပိုင်နေရာသို့ ပြန်ဆုတ်ကြသည်ကို မြင်လိုက်ရသည်။
***