← Chapters

ခန်းမထဲသို့

Vol. 26 Ch. 361

ခန်းမထဲသို့

Vol. 26 Ch. 361

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသော တပည့်များမှာ ယောင်ယောင်နှင့်ဇူယွမ်တို့အား ငေးကြည့်နေရင်း လေထုမှာ ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံနေလျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲ၏နောက်ဆုံးရလဒ်မှာ လူတိုင်းခန့်မှန်းထားသည်ထက် များစွာကွာခြားနေခဲ့သောကြောင့် ဖြစ်၏။

မူလမှော်စာလုံးနယ်နိမိတ်အစီအရင်အား တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူ၏ လျှို့ဝှက်စွာသင်ကြားပြသပေးမှုနှင့် သူတော်စင်မှော်စာလုံးတောင်ထွတ်ရှိ တပည့်များအားလုံး အတူတကွ ရေးဆွဲထားခဲ့ခြင်း ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင်မူ ထိုအစီအရင်မှာ သူတော်စင်မှော်စာလုံးတောင်ထွတ်ရှိ တပည့်များအားလုံး၏ အကောင်းဆုံးသော မှော်စာလုံးလက်ရာတစ်ခုဟု ဆိုနိုင်သည်။

ထိုသို့သော သူတော်စင်မှော်စာလုံးတောင်ထွတ်ရှိ တပည့်များ၏ အကောင်းဆုံးသောမှော်စာလုံးအစီအရင်အား ယောင်ယောင်နှင့်ဇူယွမ်တို့မှ အလွယ်တကူပင် ချိုးဖျက်သွားလိမ့်မည်ဟု မည်သူမှ မမျှော်မှန်းထားခဲ့ချေ။ ထိုအဓိပ္ပါယ်မှာ ယောင်ယောင်နှင့်ဇူယွမ်တို့နှစ်ဦးသည် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ တပည့်များအားလုံးကို ရင်ဆိုင်အနိုင်ယူနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသော တပည့်များအားလုံးမှာ ဇူယွမ်တို့နှစ်ဦးလုံးအား လေးစားအားကျသောအကြည့်များဖြင့် ကြည့်နေခဲ့ကြသော်လည်း အများစု၏မျက်ဝန်းများမှာ ယောင်ယောင့်ထံတွင်သာ ဖြစ်သည်။ အစီအရင်ကို ချိုးဖျက်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ ယောင်ယောင်ကြောင့်သာဖြစ်ကြောင်း လူတိုင်းသိရှိထားကြလေသည်။ အဘယ့်ကြောင့်ဆိုသော် ယောင်ယောင်မှာ အစီအရင်ဗဟိုချက်၏ စွမ်းအင်ရှစ်ဆယ်ရာခိုင်နှုန်းအား ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၍ ​ဖြစ်၏။

လူတိုင်းမှ ငေးမောနေလျက်ရှိသောအချိန်၌ပင် ယောင်ယောင်မှာ ယဲ့ကယ်အား အေးစက်စက်ဖြင့်ကြည့်ကာ စကားဆိုလိုက်သည်။ “အစီအရင်ကို ချိုးဖျက်ပြီးသွားပြီ။ ငါအခု ခန်းမထဲဝင်လို့ ရပြီလား။”

ယောင်ယောင်၏စကားသံအား ကြားလိုက်ရသောအခါ ယဲ့ကယ်မှာ ခါးသက်သက်ဖြင့်ရီမောရင်း ခေါင်းငြိမ့်ပြလိုက်၏။

“ဇူယွမ်ကလည်း အစီအရင်ကို ချိုးဖျက်ခဲ့တာပဲ။ အဲ့တော့ သူ့မှာလည်း ခန်းမထဲဝင်ဖို့ အခွင့်အရေးရှိတယ်။ ဟုတ်တယ်မလား။” ယောင်ယောင်မှ နောက်မေးခွန်းတစ်ခုအား ဆက်တိုက်ဆိုသလို မေးမြန်းလိုက်၏။

ထိုစကားအား ကြားရသောအခါတွင်  ဇူယွမ်၏ နှလုံးသားပင် အနည်းငယ် တုန်လှုပ်သွားမိသည်။ သူတော်စင်မှော်စာလုံးခန်းမသည် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ အဓိကအခြေခံအုတ်မြစ်ဖြစ်ကာ များပြားလှစွာသော ရှေးဟောင်းမူလမှော်စာလုံးတို့ သိမ်းဆည်းစုဆောင်းထားရာ နေရာလည်းဖြစ်၏။ အကယ်၍ ဇူယွမ်သာ ခန်းမထဲသို့ ဝင်ရောက်လေ့လာခွင့်ရမည်ဆိုပါက သူ့အတွက် များစွာအကျိုးရှိနိုင်ပေသည်။

ထို့အပြင် သူ၏စိတ်ဝိဥာဥ်ကလည်း အလယ်အလတ်ဒြပ်ထည်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် မူလမှော်စာလုံးအသစ်များ လေ့လာသင်ယူရန် အချိန်ကောင်းပင် ဖြစ်သည်။

ယဲ့ကယ်မှာ ခေတ္တမျှတွေဝေနေပြီးနောက် အလျင်အမြန်ပင် ပြုံးလိုက်ကာ ယဥ်ကျေးသောအမူအရာဖြင့် ပြန်၍ပြောလိုက်၏။ “ဒီနေ့ကစပြီးတော့ ဂျူနီယာညီမတော်ယောင်ယောင်နဲ့ ဂျူနီယာညီတော်ဇူယွမ်က သူတော်စင်မှော်စာလုံးခန်းမကို အချိန်မရွေး ဝင်ထွက်သွားလာလို့ ရပါပြီ။ ခန်းမထဲက တချို့ကန့်သတ်ထားတဲ့နေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်။”

ယဲ့ကယ်မှာ ဒေါသထွက်ပုံလည်းမပြ၊ မကျေမနပ်ဖြစ်နေပုံလည်းမပြပဲ အလွန်ပင် သဘောထားရက်ရောသည့်ဟန်သာ ရှိနေသည်။ ထို့ကြောင့် များစွာသောတပည့်များမှ ယဲ့ကယ်အား လေးစားအားကျသောမျက်ဝန်းများဖြင့် အသိအမှတ်ပြုကာ ခေါင်းငြိမ့်လိုက်ကြသည်။ ရွေးချယ်ခံဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သောယဲ့ကယ်သည် အမှန်တကယ်ပင် အရာရာပြည့်စုံလွန်း၏။

သို့သော်လည်း ယဲ့ကယ်၏သဘောထားကြီးမှုအား ယောင်ယောင်မှာ အနည်းငယ်မျှပင် အသိအမှတ်မပြုပါချေ။ အဘယ့်ကြောင့်ဆိုသော် ယဲ့ကယ်ကြောင့်သာမဟုတ်လျှင် ယောင်ယောင်မှာလည်း လူများစွာ၏ရှေ့၌ သူမ၏မှော်စာလုံးစွမ်းရည်အား ထုတ်ဖော်ပြသရန် လိုအပ်ခဲ့မည် မဟုတ်ပေ။

ယောင်ယောင်မှာ တိတ်တဆိတ်နေရခြင်းကိုသာ သဘောကျသူဖြစ်ပြီး လူအများ၏အာရုံစိုက်ခံရခြင်းအား အနည်းငယ်မျှပင် မနှစ်သက်သူ ဖြစ်သည်။ ယခုကဲ့သို့ လူများစွာမှ စုပြုံ၍ငေးကြည့်နေကြခြင်းအား ပို၍ပင် မုန်းတီးသေး၏။

“သွားရအောင်။”

ယောင်ယောင်မှာ ဇူယွမ့်အား ပြောလိုက်ပြီးနောက် သူတော်စင်မှော်စာလုံးခန်းမရှေ့သို့ လှည့်၍ထွက်သွားပြီး ဇူယွမ်မှာ ယောင်ယောင့်နောက်မှ အလျင်အမြန် လိုက်သွားခဲ့သည်။

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ ကျင်ကျန်းနှင့်ရှားယွီတို့မှာ ယောင်ယောင်နှင့်ဇူယွမ်တို့်အား ငေးကြည့်နေလျက် ရှိ၏။ ကျင်ကျန်းမှာ သူ၏လက်နှစ်ဖက်အား ဆုပ်ထားကာ ယောင်ယောင့်အား လေးစားအသိအမှတ်ပြုသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ အစီအရင်ထဲ၌ တိုက်ခိုက်ခဲ့သောတိုက်ပွဲတွင် ယောင်ယောင်၏မှော်စာလုံးစွမ်းရည်အား ကောင်းစွာနားလည်သဘောပေါက် ခဲ့ရပေသည်။

ကျင်ကျန်း၏အနောက်ဖက်တွင်ရှိနေသော ရှားယွီမှာတော့ ဇူယွမ့်အား ကြောက်လန့်တုန်လှုပ်သော မျက်ဝန်းများဖြင့် ငေးကြည့်နေ၏။ သူမ၏ဖြူဖွေးသော နဖူးလေးမှာ ခုနက ဇူယွမ်၏နဖူးနှင့် တိုက်မိခဲ့သောကြောင့် အနည်းငယ် နီမြန်းနေပေသည်။

တိုက်ပွဲအစ၌ ကြောက်မက်ဖွယ်ရာကောင်း၍ ယုံကြည်မှုအပြည့်ရှိနေသော မိန်းမငယ်လေး၏ပုံစံမဟုတ်တော့ပဲ ရှားယွီမှာ ရှက်ကြောက်ကာ အားငယ်တက်သော ကောင်မလေးတစ်ယောက်ဟန် ဖြစ်နေ၏။

ဇူယွမ်မှာ ရှားယွီကိုမြင်သောအခါ၌ တောင်းပန်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။

ရှားယွီမှာ ဇူယွမ်၏အပြုံးအား မြင်ရသောအခါ ပါးပြင်များနီမြန်းသွားခဲ့ပြီး အနည်းငယ်ကြောက်လန့်နေသော မျက်ဝန်းများဖြင့် အလျင်အမြန် ကျင်ကျန်းနောက်သို့ ပုန်းကွယ်လိုက်လေသည်။

ကျွီ.....

ဇူယွမ်တို့နှစ်ဦး သူတော်စင်မှော်စာလုံးခန်းမရှေ့သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပိတ်ထားသောခန်းမတံခါးမှာ အလိုအလျောက် ပွင့်သွားခဲ့ပြီး ခန်းမမှာ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော စာလိပ်များကြောင့် ဖုန်ထူကာ အိုမင်းဟောင်းနွမ်းနေသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက်ရှိ၏။

ယောင်ယောင်မှာ ခန်းမထဲသို့ ဝင်သွားခဲ့ပြီး ဇူယွမ်သည် အ​နေ​ာက်မှ လိုက်ဝင်သွားခဲ့သည်။သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့မှ စောင့်ကြည့်နေကြသော တပည့်များမှာ ခန်းမထဲသို့ ဝင်ရောက်သွားကြသော သူတို့နှစ်ဦး၏ပုံရိပ်အားကြည့်ကာ သက်ပြင်းချလိုက်ကြ၏။

ယောင်ယောင်သည် မကြာခင်အတွင်းမှာပင် ကန်ရွှမ်းကလန်၌ ရွေးချယ်ခံဆယ်ယောက်နှင့်ပင် ရင်ဘောင်တန်းနိုင်လောက်အောင် ဂုဏ်သတင်းကြီးမားလာတော့မည်ဖြစ်ကြောင်း လူတိုင်းမှ သိရှိထားကြပေသည်။ ဒီနေ့ ယောင်ယောင်ပြသခဲ့သော စွမ်းရည်မှာ သူမသည် ရွေးချယ်ခံဆယ်ယောက်ထဲသို့ ဝင်ရောက်နိုင်လောက်သည့် အရည်အချင်းရှိကြောင်း ထင်ရှား၏။ ထို်အချက်မှာ လူတိုင်းအား အံ့သြတုန်လှုပ်သွားစေခဲ့သည်။

ယဲ့ကယ်သည် သူတော်စင်မှော်စာလုံးခန်းမအား ကြည့်နေရင်း သူ၏မျက်ဝန်းများ၌ ဝမ်းနည်းသောအရိပ်အယောင်တို့ အနည်းငယ် ယှက်သန်းနေခဲ့သည်။ လီချင်းချန်မှာ ယဲ့ကယ်ဘေးသို့ ရောက်လာခဲ့ပြီး ယဲ့ကယ်အားကြည့်ကာ စကားဆိုလိုက်၏။ “နင်အကောင်းဆုံး ကြိုးခဲ့တာပဲ။ အခုဘာမှ ထပ်မတွေးနဲ့တော့။ ယောင်ယောင်ရဲ့ဒေါသကိုသာ နောက်တစ်ခါသွားဆွမိမယ်ဆိုရင် နင့်အတွက် လွယ်ကူတော့မှာမဟုတ်ဘူး။”

ယဲ့ကယ်မှ ခပ်ဖွဖွရီမောကာ ပြန်၍ပြောလိုက်သည်။ “အခုမှ ငါ့နှလုံးသားကို ဗြောင်းဆန်အောင်လုပ်နိုင်တဲ့ မိန်းကလေးကို တွေ့ရတာလေ။ ငါ နည်းနည်းပါးပါးတော့ ကြိုးစားကြည့်သင့်တာပဲမလား။”

“ယောင်ယောင်နဲ့ဇူယွမ်က နီးစပ်တာမှန်ပေမယ့် သူတို့နှစ်ယောက်ကြားမှာ အချစ်ရေးပက်သတ်မှု လုံးဝမရှိဘူးဆိုတာ ငါပြောရဲတယ်။ အဲ့ဒါကြောင့် ငါ့မှာ အခွင့်အရေး ရှိနေသေးတယ်။”

လီချင်းချန်မှ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ပြောလိုက်၏။ “မိန်းကလေးတစ်ယောက်အနေနဲ့ ယောင်ယောင်က နင့်ကိုအထင်သေးနေတယ်လို့ ငါခံစားရတယ်။”

ယဲ့ကယ် ခေတ္တမျှတွေဝေသွားခဲ့သည်။ သူကဲ့သို့ ရွေးချယ်ခံဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့်အပြင် အလွန်ပင်ထူးချွန်ထက်​မြက်၍ အရည်အချင်းရှိသူကိုတောင် ယောင်ယောင်က အထင်သေးသည်တဲ့လား။ ယဲ့ကယ်သည် အေးအေးဆေးဆေးသာ နေတက်သူဟု ထင်ရသော်လည်း တကယ်တမ်းတွင် မာနကြီးကာ မောက်မာသူတစ်ယောက် ဖြစ်၏။ ထို့​ကြောင့် လီချင်းချန်၏စကားသည် ယဲ့ကယ်အတွက် လက်ခံနိုင်ရန် ခက်ခဲနေရသည်။

“အချိန်တွေကို ဖြုန်းတီးပြီး အဲ့လိုအတွေးတွေ ထပ်မတွေးနေနဲ့တော့။ မဟုတ်ရင် နင်ယောင်ယောင်နဲ့ သာမန်သူငယ်ချင်းတောင် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။”

လီချင်းချန်၏စကားများသည် ယဲ့ကယ်ကိုသာမက တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူကိုပါ ဆိုလိုနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာသခင်မျက်ခုံးဖြူသည်လည်း ယောင်ယောင့်အား သူတော်စင်မှော်စာလုံးတောင်ထွတ်တွင် ပညာသင်ယူစေချင်ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ ယဲ့ကယ်နှင့်အတူ ကြံစည်ခဲ့ခြင်းသည် လက်ခံနိုင်စရာ မရှိပေ။

ယောင်ယောင်၏ဥာဏ်ထက်မြက်မှုနှင့်ဆိုလျှင် ထိုကိစ္စအား အနှေးနှင့်အမြန် သိရှိသွားမည်သာ ဖြစ်သည်။ ထိုသို့ဖြစ်သွားခဲ့ပါက ယောင်ယောင်မှာ ဒေါသကြောင့် သူတော်စင်မှော်စာလုံးတောင်ထွတ်နှင့် လုံးမဝပက်သတ်တော့ခြင်းပင် ဖြစ်သွားနိုင်၏။

ပြောစရာရှိသောစကားများကို ပြောပြီးသွားသည်နှသင့်တစ်ပြိုင််နက် လီချင်းချန်မှာ လှည့်၍ထွက်သွားခဲ့သည်။ ယဲ့ကယ်မှာ ထွက်ခွာသွားသော လီချင်းချန်အားကြည့််ရင်း ခေတ္တမျှတွေဝေနေခဲ့ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။

ယောင်ယောင်၏အေးစက်စက်အမူအရာများကို ကြည့်ရသည်မှာ တကယ်ပင် ယဲ့ကယ်အပေါ်၌ စိတ်ဝင်စားမှု အနည်းငယ်မျှ ရှိနေသည့်ပုံမပေါ်ချေ။

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ ရှိနေကြသော တပည့်များမှာလည်း တဖြည်းဖြည်းနှင့် လူစုကွဲသွားခဲ့၏။ သူတို့အားလုံး သက်ဆိုင်ရာတောင်ထွတ်များဆီသို့ ပြန်ရောက်သွားသောအခါ၌ ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများသည် ကန်ရွှမ်းကလန်တစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့မည်ပင် ဖြစ်သည်။

ဂူဟွမ်ချီမှ ပျင်းရိစွာဖြင့် အကြောများကို ဆန့်ထုတ်လိုက်သောကြောင့် သူမ၏လှပသော ကောက်ကြောင်းလေးများက ေပါ်လာခဲ့​ပြီး ကျေနပ်အားရမှာအပြည့်ရှိနေသော မျက်ဝန်းများဖြင့် စူးဝမ်အားကြည့်ကာ စကားဆိုလိုက်၏။ “စီနီယာအမတော်စူးဝမ်ရော ဒီနေ့ပွဲကို ဘယ်လိုထင်လဲ။”

ဂူဟွမ်ချီ၏အလွန်ပင် ကျေနပ်အားရနေသောပုံစံအား မြင်တွေ့လိုက်ရသောအခါ စူးဝမ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် ပြန်၍ပြောလိုက်သည်။ “နင်ကဘာလို့ အရမ်းပျော်ရွှင်နေတာလဲ။ နင်နဲ့သူက ဘာမှလည်း မဆိုင်ပဲနဲ့။”

ထို့နောက် စူးဝမ်မှာ ဂူဟွမ်ချီနားသို့ တိုးကပ်သွားကာ စနောက်သည့်သဘောဖြင့် ပြောလိုက်၏။ “နင်က တော်တော်လေးတော့ လှပါတယ်။ ဒါပေမယ့် ဇူရှောင်ယိုရှိနေမှတော့ ဇူယွမ်က နင့်ကို နည်းနည်းလေးတောင် စိတ်ဝင်စားမယ် မထင်ဘူး။”

ဂူဟွမ်ချီမှာ အလွန်အမင်း ဒေါသထွက်သွားပြီးနောက် ရှက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။ “အမလေးတော် ဘာတွေလျှောက်ပြောနေတာလဲ။ ကျွန်မနဲ့ဇူယွမ်က သူငယ်ချင်းသက်သက်ပဲ။”

“ဟုတ်လို့လား” စူးဝမ်မှ မယုံကြည်ဟန်ဖြင့် မေးလိုက်၏။

ဂူဟွမ်ချီမှာ အံကိုတင်းတင်းကြိတ်ကာ စူးဝမ်အား လျစ်လျူရှုလိုက်ပြီး သူတော်စင်မှော်စာလုံးခန်းမရှေ့မှ ထွက်ခွာသွားတော့သည်။

“ဟီးဟီး...အဲ့ကောင်မလေး ရှက်သွားတာလား။” စူးဝမ်မှာ ပါးစပ်နားရွက်တက်ချိတ်မတတ် ရီလိုက်ပြီး ကျန်သောမိန်းကလေးတပည့်များကို ဦးဆောင်၍ ဂူဟွမ်ချီနောက်မှ လိုက်သွားခဲ့၏။ မိန်းမချောလေးများသာ ပါဝင်နေသော သူတို့အုပ်စုမှာ ယောက်ျားလေးတပည့်များ၏ အာရုံစိုက်မှုကို ခံ​နေရ၏။

သူတော်စင်မှော်စာလုံးခန်းမ၏ အခြားတစ်ဖက်တွင်တော့ လုရွှမ်းယင်မှာ အလွန်ပင်ခက်ထန်နေသော မျက်နှာထားဖြင့် ရှိနေသည်။

“ဇူရှောင်ယိုက တကယ်ကိုကြောက်စရာပဲ။” ရှုယန်မှ သက်ပြင်းချကာ ရေရွ​တ်လိုက်၏။ ထို့နောက် လုရွှမ်းယင်အားကြည့်ကာ ပြုံး၍စကားဆိုလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ညီမတော် စိတ်ပူနေဖို့ မလိုပါဘူး။ အကိုတို့က ယောင်ယောင့်ကို မကိုင်တွယ်နိုင်ပေမယ့် ကိုယ်တို့ရဲ့ရည်ရွယ်ချက်က အစထဲက ဇူယွမ်ပဲလေ။ ဇူယွမ်က သူမလိုမျိုး ကိုင်တွယ်ဖို့ခက်ခဲတဲ့သူ မဟုတ်ဘူး။”

“ဒါပေမဲ့ ဒီနေ့ဇူယွမ်ပြခဲ့တဲ့ မှော်စာလုံးစွမ်းရည်ကြောင့် အကိုတို့သူ့ကို သင်ခန်းစာပေးနိုင်ဖို့ ပိုဂရုစိုက်ရမယ်။ လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ဂျူနီယာညီမတော်လေးလုရွှမ်းယင်ရဲ့ မကျေနပ်မှုတွေအားလုံး ဖြေဖျောက်နိုင်တာ သေချာအောင်လို့ အကိုတို့တောင်ထွတ်ကို ပြန်ရောက်ရင် စီစဥ်စရာရှိတာတွေ ထပ်စီစဥ်ထားလိုက်မယ်။”

“ဒီနေ့တိုက်ပွဲကို ဇူယွမ်က ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တဲ့အတွက် တပည့်အများစုက သူ့ကိုအထင်ကြီးနေကြပြီ။ တချို့ဆိုရင် သူ့ကို လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ချန်ပီယံနေရာကို ရနိုင်တယ်လို့တောင် ထင်နေကြတာ။ အဲ့ဒါ​ကြောင့် အကိုတို့က ဇူယွမ့်ကို ပွဲအစမှာတင် ထွက်သွားရအောင် လုပ်ပစ်မယ်။ ဆယ်ယောက်ထဲမှာ ပါဖို့မပြောနဲ့ ဒုတိယအဆင့်တောင် မတက်နိုင်စေရဘူး။ အဲ့လိုဆို လူတွေကပါ သူ့ကိုစိတ်ပျက်အထင်သေးသွားကြမှာပဲ။”

“ဟားဟား....ဇူယွမ်ရဲ့ခေါင်းကပဲ မာနိုင်မလား။ အကိုတို့ ဓားကပ်​​ဘေးတောင်ထွတ်ရဲ့ဓားကပဲ ထက်နိုင်မလားဆိုတာ သိချင်လှပြီ။”

လုရွှမ်းယင်မှာ အနည်းငယ်ပျော်ရွှင်သွားသော မျက်ဝန်းများဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ သူမသည် ဇူယွမ်အား အနည်းငယ်မျှပင် အထင်မကြီးပါသော်လည်း ယခုအကြိမ်၌ ဇူယွမ်ရင်ဆိုင်ရမည့်သူများမှာ ဓားကပ်ဘေးတောင်ထွတ်မှ အထူးချွန်ဆုံး ပထမတန်းရွှေခါးစည်းတပည့်များ ဖြစ်သည်။

လုရွှမ်းယင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူတော်စင်မှော်စာလုံးခန်းမအား အေးစက်စက်ဖြင့် တစ်ချက်မျှကြည့်ကာ ထွက်ခွာသွားလေသည်။

လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင်တော့ ဇူယွမ်မှာ တိုက်ပွဲအလှည့်အပြောင်းများ လုပ်ဆောင်နိုင်ဦးမည်ဟု သူမ မယုံကြည်ပေ။

All Chapters