← Chapters

တစ်ယောက်တည်းခရီးထွက်ခြင်း

Vol. 82 Ch. 1147

တစ်ယောက်တည်းခရီးထွက်ခြင်း

Vol. 82 Ch. 1147

ဟော်မင်သည် သာမန်နာကျင်ရုံတင်မဟုတ်ဘဲ များစွာထိခိုက်ရလေ သည်။ သူ၏ အပြုအမူကို ရှီမာယူယူမြင်သောအခါ သူမ အနည်းငယ် ပိုသွား သည်ဟု ခံစားမိသည်။ သူမ ချောင်းနှစ်ချက်ဟန့်ကာ ပြောလိုက်သည် “အင်း အဲဒါက… အကြီးအကဲဟော် ပြောချင်တာပြောပါ”

“တကယ်တော့ မင်းကိုမေးချင်ရုံတင်ပါ ငါတို့ တံခါးလဲလှယ်ခြင်းတစ်ရာ ကို ဝင်ချင်လား” ဟော်မင်သည် တွန့်တိုစွာမေးလေသည်။

“အဟွတ် အဟွတ် အဲတုန်းကအဲထဲမှာ ဆွေးနွေးပြီးပြီလေ ကျွန်မ အဖြေကမပြောင်းဘူး ဖိတ်ကြားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲဟော် ဒါပေမဲ့ အဲလောက်ကြီးမားတဲ့ ဂိုဏ်းကိုဝင်ဖို့ ယူယူက တကယ်မသင့်တော်ပါဘူး” ရှီမာယူယူ သူ့ကိုငြင်းဆန်လိုက်သည်။

“တကယ်ပဲ မစဉ်းစားတော့ဘူးလား” ဟော်မင်သည် မကျေနပ်သေးရာ မေးလိုက်သည်။

“တကယ်ပဲ မစဉ်းစားတော့ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အကြီးအကဲဟော် တခြားအင်အားစုတွေက သွားလိုက်ပြီ၊ အကြီးအကဲဟော် ကမစိုးရိမ်ဘူးလား တခြားသူတွေ အခွင့်အရေးရသွားရင် ကံဆိုးလိမ့်မယ်”

“ဟင်း မင်း ကျုပ်တို့ကိုနှင်ထုတ်နေတာ မသိဘူးမထင်နဲ့” ဟော်မင် ပြောလိုက်သည် “ဒါပေမဲ့ ဒီလိုဆိုမှတော့ ထားလိုက်ပါတော့ မင်း ဆန္ဒမရှိမှ တော့ ဖိအားမပေးတော့ပါဘူး ဒါပေမဲ့ မင်း အချိန်ရှိရင် တံခါးလဲလှယ်ခြင်းတစ်ရာကို လာပြီးကစားဖို့မမေ့ပါနဲ့”

ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည်။ သူမသာ တံခါးလဲလှယ်ခြင်းတစ်ရာသို့ သွားပါက ကစားရန်မဟုတ်ပေ။

“ကောင်းပါပြီ ယူယူ အခွင့်အရေးရှိရင် သေချာပေါက်လာကြည့်ပါမယ်” သူမသည် ပြုံးပြီးပြန်ဖြေလေသည်။

ဟော်မင်သည် အဝေးတွင်ရပ်နေသော တစ္ဆေမျိုးနွယ်ကိုကြည့်ပြီးပြော လိုက်သည် “သူတို့က မင်းကိုစောင့်နေတာဖြစ်ရမယ် တစ္ဆေမျိုးနွယ်တွေက ကောင်းတာမရှိဘူး ကျုပ်တို့နဲ့သွားချင်လား”

“မလိုပါဘူးရှင်” ရှီမာယူယူသည် ခေါင်းခါပြီး ပြောလိုက်သည် “သူတို့နဲ့ ရှင်းစရာကိစ္စတချို့ရှိလို့ပါ”

“ဒါဆိုလည်း ကောင်းပြီလေ ဒါဆိုရင် ဂရုစိုက်ပါ ကျုပ်တို့သွားပြီ”

ဟော်မင်သည် တံခါးလဲလှယ်ခြင်းတစ်ရာကို ဦးဆောင်ပြီး ထွက်သွားရာ ရှီမာယူယူတို့နှင့် တစ္ဆေမျိုးနွယ်သာကျန်ခဲ့လေသည်။

ဒိကျဲ့သည် ရှီမာယူယူအား ကြည့်နေသည်။ သူသည် မလှုပ်မယှက် ရပ်နေသည်။ သူတို့ မလှုပ်ရှားသည်ကို ရှီမာယူယူမြင်သောအခါ သတိရှိရှိဖြင့် စောင့်ကြည့်နေလိုက်သည်။ သို့သော် ၁၀ မိနစ်သာကုန်သွားသည် သူတို့သည် မလှုပ်မယှက်အတိုင်းသာ… သူတို့သည် နေမည့်ပုံလည်းမပေါ် ထွက်သွားမည့်ပုံလည်းမပေါ်ပေ။

“ဆရာ သူမကို အခုသွားပြီးအသိအမှတ်ပြုတော့မှာလား” ဒိကျဲ့ဘေးမှ လူတစ်ယောက် မေးလိုက်သည်။

ဒိကျဲ့သည် ရှီမာယူယူကို ကြည့်နေဆဲပင်။ သူ့စိတ်ထဲတွင် ပြဿနာ တက်နေသည်။ သူမကို အသိအမှတ်ပြုသင့် မပြုသင့်ကို သူ မသိတော့ပေ။

သူသည် စိတ်ထဲကအတိုင်းလုပ်ချင်သည်။ သို့သော် အနီရောင်တောင် ထိပ်က ကိစ္စကိုစဉ်းစားလိုက်လျှင် အနည်းငယ်တွေဝေမိသည်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူမဆီကိုသွားပြီး သူမရဲ့ အစ်ကိုပါလို့ ပြောလိုက်ရမလား။

အရင်ကဖြစ်ခဲ့ဖူးသည့် အဖြစ်အပျက်ကြောင့် သူသည် မျိုးနွယ်ထဲမှ မျိုးဆက်တူသည့် လူများနှင့် မရင်းနှီးခဲ့ပေ။ သူသည် ဆွေမျိုးများနှင့် အဆက်အဆံနည်းခဲ့သည်။ ယခုအချိန်တွင် သူသာ သူမအနားကိုသွားပါက မည်သည့်စကားပြောရမည်ကို မသိပေ။

သို့သော် ထိုလူသည် အဒေါ်ငယ်၏ သမီးဖြစ်ကာ အမှန်တကယ်ပင် သူ သူမကို တစ်စုံတစ်ရာပြောချင်မိသည်။

“ဆရာ”

ဒိကျဲ့ သက်ပြင်းချကာ လက်ဝှေ့ယမ်း ပြီးပြောလိုက်သည် “သွားမယ်”

ရှီမာယူယူသည် ဒိကျဲ့ချင့်ချိန် တွေးတောနေသည်ကို ကြည့်ပြီး တစ္ဆေ တစ်ရာအလံကို လုယူလျှင် ကောင်းမလားဟု တွေးနေမိသည်။ သူမ သူတို့ဆီ သို့သွားမည်အပြုတွင် သူသည် တစ္ဆေမျိုးနွယ်ကိုဦးဆောင်ပြီး ထွက်သွားလေ သည်။

“ယူယူ သူတို့သွားလိုက်ပြီ” ရှောင်ချီ ပြောလေသည်။

“ငါသိတယ် မြင်တယ်”

“ဒါဆိုရင် သူတို့နောက်လိုက်ကြမလား”

ရှီမာယူယူ စဉ်းစားကြည့်သော်လည်း မသွားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် နီရဲပျားများကိုသာ လွှတ်ပြီး သူတို့ကိုစောင့်ကြည့်ခိုင်းလိုက်သည်။

တစ္ဆေတစ်ရာအလံတော်ကို ဒိကျဲ့ဆီမှ အသေအချာယူရမည့် နည်းလမ်း သူမတွင်မရှိသေးပေ။ အလောတကြီးလုပ်လိုက်ပါက သူမ အနိုင်မရနိုင်ပေ။ သူမ တွင်အချိန်ရှိသေးသဖြင့် ဖြည်းဖြည်းအချိန်ယူရမည်။

ယခုအချိန်တွင် သူမသည် ကောင်းကင်နီအကြောင်းကို သိအောင် လုပ်ရမည်။

ဒိကျဲ့နှင့်တခြားသူများ အဝေးသို့လျှောက်သွားသည်နှင့် သူမသည် ဝင်ပေါက်မှ ခုန်ဆင်းလိုက်သည်။ သူမသည် ငှက်လေးနှင့် ဟိန်းသံထောင်ချီ တို့ကို ထုတ်လိုက်သည်။

“အဆင်ပြေကြရဲ့လား”

ငှက်လေးနှင့် ဟိန်းသံထောင်ချီသည် မတ်တပ်ရပ်ကာ ပြောလေသည် “အဆင်ပြေတယ် အခုလေးတင်ထွက်သွားတဲ့ တစ္ဆေမျိုးနွယ်ကလွဲပြီး ဘယ်သူမှ ငါတို့ကိုသတိမထားမိဘူး”

“တစ္ဆေမျိုးနွယ်က မင်းတို့ကိုသတိထားမိလိုက်တယ်လား”

“အရမ်းအားကောင်းတဲ့ လူတစ်ယောက်ရှိတယ် သူက မင်းခန္ဓာကိုယ်မှာ တံဆိပ်ရိုက်လိုက်တဲ့သူပဲ သူက သူ့ရဲ့အံ့ဖွယ်အသိစိတ်ကိုသုံးလိုက်တာ ငါတို့ကိုတွေ့သွားတယ် ဒါပေမဲ့ သူဘာမှမပြောဘူး ငါတို့ကို သတိမထားမိတဲ့ အတိုင်းပဲ” ငှက်လေးပြောလေသည်။

“ဒါဆိုရင် သူ သတိထားမိတယ်ဆိုတာ မင်းဘယ်လိုသိလဲ” ရှောင်ချီ သည် ခုန်ဆင်းလာသည်။

“သူ ဒီနေရာတစ်ခုလုံးကို အသိစိတ်နဲ့ သိမ်းကျုံးကြည့်တုန်းက ငါတို့ဆီ မှာ ခဏလောက် ရပ်သွားတယ် သူသတိထားမိလို့ပဲလေ” ဟိန်းသံထောင်ချီ ပြောလိုက်သည်။

“ထူးဆန်းတာအဲဒါတင်မဟုတ်ဘူး” ရှီမာယူယူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် “ဒီတစ်ခေါက် ငါသူတို့နဲ့တွေ့တော့ အကုန်လုံးက ထူးဆန်းနေတယ် ငါတို့အရင် ဓားနဲ့ဖြေရှင်းတုန်းက တွေကခဲ့တာနဲ့ လုံးဝ မတူဘူး သူတို့ဘက်မှာ ထူးဆန်းတာတစ်ခုဖြစ်နေတယ် ဒါပေမဲ့ ငါတို့ သတိ လွတ်လို့မရဘူး”

“သူတို့မျက်လုံးတွေ” ဟိန်းသံထောင်ချီ ပြောလိုက်သည် “ငါ အဲဒါကို သေချာစဉ်းစားကြည့်လိုက်တော့ အစောပိုင်း ငါတို့ အနီရောင်တောင်ထိပ်မှာ တွေ့တုန်းက သူတို့က တိရစ္ဆာန်တွေလို သေလူလိုကြည့်ခဲ့တယ် သူတို့ မျက်လုံးထဲမှာ နွေးထွေးမှုဆိုတာမရှိဘူး ဒါပေမဲ့ ဒီတစ်ခေါက် သူတို့ ယူယူ့ကို ကြည့်တော့ အကြည့်တွေကလုံးဝမတူဘူး အထူးသဖြင့် အလယ်ကတစ် ယောက်ပဲ သူ့အကြည့်က.. မိသားစု တစ်ယောက်ကိုကြည့်သလိုပဲ”

ဟိန်းသံထောင်ချီတောင်မှ ထိုအတိုင်းပြောရာ ရှီမာယူယူလည်း ထိုကဲ့သို့ပင်ခံစားရလေသည်။

ဒါပေမဲ့ ဘာလို့လဲ… သူမ အရင်က တွေးဖူးသလိုမျိုး တကယ်ပဲဖြစ် နေတာလား။ သူမ ခန္ဓာကိုယ်ထဲက တစ္ဆေအပိုင်းအစနဲ့ ပတ်သတ်နေတာ လား။

“သူ့ကို ဖမ်းမိတာနဲ့ သေချာပေါက်မေးရမယ် အခုတော့ အဲအကြောင်း မတွေးတော့ဘူး ကောင်းကင်နီကိုသွားကြည့်ကြမယ်”

ရှီမာယူယူသည် စိတ်စော၍ ကောင်းကင်နီဘေးသို့လာလိုက်သည်။ သူမသည် နှစ်မီတာအကျယ်ရှိသော ကြီးမားသော ဆုံလည်ကိုကိုင်ပြီး အနည်းငယ် လှည့်ကြည့်လိုက်သည်။

အစောပိုင်းက သူမသည် သေချာမကြည့်ခဲ့ရပေ။ ဖွင့်ရန်နည်းလမ်းကို သာစဉ်းစားခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် အချိန်ရှိသဖြင့် သေချာလေ့လာ နိုင်တော့မည်။

ထိုပစ္စည်းမှာ ပျောက်ပျက်သွားခဲ့သော ပစ္စည်းပင်ဖြစ်သည်။ တံခါး လဲလှယ်ခြင်းတစ်ရာပင်လျှင် မပိုင်ဆိုင်ပေ။ ဆိုလိုသည်မှာ ထိုပစ္စည်းသည် တန်ဖိုးကြီးလှသည်။

“ဒီပစ္စည်းကကြီးလိုက်တာ” ရှောင်ချီ ပြောလေသည် “ဒီကိစ္စတွေလုပ် တာကလွဲရင် ကောင်းကင်နီက တခြားဘာကောင်းသေးလို့လဲ”

“အဲစာအုပ်ထဲမှာရေးထားတာမတွေကဘူးလား ဒီပစ္စည်းက အရမ်း အသုံးဝင်တယ် ဒါပေမဲ့ သေချာလေ့လာပြီးမှ သိလာလိမ့်မယ် ဘယ်လို အသုံးဝင်လဲဆိုတာ” ရှီမာယူယူ ပြောလိုက်သည်။

သို့သော် ထိုရှေးဟောင်းစာအုပ်ထဲတွင် အသေးစိတ်မပါပေ။ ထို့ကြောင့် ပင် ဆက်ဖတ်လျှင်လည်း အသုံးမဝင်တော့ပေ။

သို့သော် ထိုအကြောင်းကိုလေ့လာရမည့် အချိန်လည်းမဟုတ်သေးပေ။ တစ်ချက်တွေးလိုက်သည်နှင့် ထိုပစ္စည်းကို ဝိညာဉ်စေတီအတွင်းသိမ်းလိုက် သည်။

“ယူယူ အခုဘယ်သွားကြမလဲ” ရှောင်ချီ မေးလိုက်သည်။

ရှီမာယူယူသည် ဒိကျဲ့နှင့် တခြားသူများထွက်သွားသည့်ဘက်ကိုကြည့် လိုက်သည် “စီနီယာအစ်ကို အစ်မ ကျွန်မ ကိုယ်ရေးကိုယ်တာကိစ္စလေးရှင်း စရာရှိလို့သွားတော့မယ် စီနီယာတို့…”

“မင်း တစ္ဆေမျိုးနွယ်ကိုသွားရှာမလို့လား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

သူမနှင့်လိုက်ချင်သည်ဟု ဟန့်မြောင်ရွှမ် ပြောချင်သော်လည်း ကျန်းကျူးရှန့်က အရင်ပြောနှင့်လေသည်။

“ငါတို့လည်း တခြားနေရာမှာ အခွင့်အလမ်းရှိဦးမလားလို့ ကြည့်ချင်နေ တာ ဒါဆိုရင် ငါတို့သွားပြီနော်”

“ဒါဆိုလည်း ကောင်းပါပြီ တစ်ခုခုဆိုရင် ညီမကို ဆက်သွယ်ဖို့ သတိရ လိုက်ပါ” ရှီမာယူယူသည် ကျန်းကျူးရှန့်အား ကျေးဇူးတင်စွာဖြင့် ကြည့်လေ သည်။

သူမအတွေးကို သေချာအတည်ပြုနိုင်ရန်အတွက် ဒိကျဲ့ကိုသွားရှာချင် သည်။ ကျန်းကျူးရှန့်သည် ခန့်မှန်းမိသဖြင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

ကျန်းကျူးရှန့် သဘောတူလိုက်သည်ကို ဟန့်မြောင်ရွှမ် မြင်သောအခါ ခေါင်းညိတ်ရုံသာ တတ်နိုင်လေသည်။ သူမသည် ရှီမာယူယူကိုကြည့်ပြီး ပြောလိုက်သည် “ဒါဆိုလည်း ဂရုစိုက်နော်”

“ဟုတ်ကဲ့”

သူတို့သုံးယောက် လမ်းခွဲသွားကြသည်။ ရှီမာယူယူသည် ရှောင်ချီနှင့် တခြားသူများကို ခေါ်ကာ ဒိကျဲ့သို့ထွက်သွားရာဘက်သို့ ထွက်လာခဲ့လိုက် ကြသည်။

“ယူယူ ဘာလို့ မြောင်ရွှမ်နဲ့ တခြားသူတွေကို မလိုက်လာခိုင်းတာလဲ” ရှောင်ချီ မေးလိုက်သည်။

“သူတို့သိသွားရင် အန္တရာယ်ဖြစ်လာနိုင်တဲ့ တချို့ကိစ္စတွေရှိတယ်လေ” ရှီမာယူယူ ရေရွတ်လိုက်သည်။

***

All Chapters