အရေပြားသန့်စင်ခြင်းအဆင့်၊ သိုင်းပညာ အောင်မြင်မှုငယ်အဆင့်သို့ ဝင်ရောက်ခြင်း။
Vol. 6 Ch. 70
နွေးထွေးသော အနည်းငယ် အပူချိန်လွန်ကဲနေသော ဆေးရည်ထဲတွင်
ချန်ကျဲ့သည် ဆေးရ့ည်စိမ်နေသည်။ ဆေးရည်ထဲမှ ဆေးအာနိသင်အားလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေသည်ဟူသည့် ခံစားချက်တစ်မျိုးသာရှိနေ၏။
ဤဆေးအာနိသင်သည် မနေ့ကထက် နှစ်ဆပို၍ အာနိသင်ပြင်းထန်သည်။
သို့ဖြစ်ရာ ချန်ကျဲ့သည် ဆေးအာနိသင်အား ယန်ချွမ်ကျင့်စဉ်ကို မကျင့်ကြံဘဲနှင့် ခံနိုင်ရည်မရှိဘဲဖြစ်စေခဲ့သည်။
ချန်ကျဲ့ ဒီနေ့အသုံးပြုသည့် ဆေးရည်သည် နှစ်ဆထက်ပိုများသည့် ဆေးပါဝင်မှုနှုန်းဖြင့် သမားတော်ပိုင်မှ အထူးဖော်စပ်ပေးထားခြင်းဖြစ်သည်။
ချန်ကျဲ့၏ အားကောင်းစွာ လိုက်လျောညီထွေဖြစ်စေသည့် အခြေခံအဆင့် ယန်ချွမ်ကျင့်စဉ်ကြောင့် မဟုတ်ခဲ့လျှင် ချန်ကျဲ့သည် ဤမျှအချိန်အကြာကြီး ခံနိုင်ရည်ရှိခဲ့မည် မဟုတ်ပေ။
ချန်ကျဲ့ ဆေးရည်စိမ်နေချိန်တွင် ဆေးရည်သည် သူ၏ မူလအရောင်ဖြစ်သော အညိုရင့်ရောင်မှ တဖြည်းဖြည်း အရောင်မှိန်ဖျော့လာခဲ့သည်။ နောက်ဆုံးတွင်တော့ အံ့ဩဖွယ်ကောင်းလှစွာပင် ကြည်လင်သည့်ရေအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
ဤဆေးရည်စိမ်သည့် ဖြစ်စဉ်တစ်ခုလုံးသည် ခြောက်နာရီကြာမြင့်သည်။ ချန်ကျဲ့သည် ထိုသို့ တစ်ချိန်လုံး ဆေးရည်စိမ်နေခဲ့သည်။
ထို့နောက် သူ ထပ်မံ၍ အိပ်ပျော်သွားခဲ့ပြန်သည်။
ညသန်းခေါင်အချိန်၌ အသံတစ်သံထွက်ပေါ်လာ၏။
[ဒီနေ့အတွက် သတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့် ၁)]
[၁၊ သင်ဒီနေ့ နီမန့်ဇစ်နှင့် ဆုံတွေ့ခဲ့ခြင်းမှ ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ နီမန့်ဇစ်က တရားမျှတတဲ့ အကျင့်စရိုက်ရှိတယ်။ မကျေချမ်းမှုအတွက် လက်တုံ့ပြန်တတ်ပြီး ကြင်နာမှုကို ပြန်လည်ပေးဆပ်တတ်တယ်။ သူ့ရဲ့အရိုးတွေထဲမှာ သူရဲကောင်းတစ်ဦးရဲ့စိတ်ဝိဉာဉ် ကိန်းအောင်းနေပါတယ်]
[၂၊ သင်ဒီနေ့ စီရင်စုကိုပြန်ဖို့ပြင်ဆင်နေတဲ့ ဝူဟုန်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဝူဟုန်က စိတ်ပြောင်းသွားပြီး ဒီနေ့အဖြစ်အပျက်ကို သူ့ရဲ့ဆရာဖြစ်သူဆီ အကြောင်းကြားဖို့ လူလွှတ်လိုက်ပါတယ်]
[၃၊ သင်ဒီနေ့ သင်္ဘောခေါင်းဆောင်ကို မြင်တွေ့ခဲ့ခြင်းကြောင့် ရရှိတဲ့သတင်းအချက်အလက်ဖြစ်ပါတယ်။ သင်္ဘောခေါင်းဆောင်ရဲ့ ညီမဖြစ်သူက ကျားဖြူခန်းမ ဦးစီးမှူးရဲ့ ဇနီးသည်ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အဲဒီအကြောင်းကို တခြားသူတွေကို ပြောပြဖို့ရာ အရမ်းရှက်ရွံ့တာကြောင့် ကျားဖြူခန်းမရဲ့ ဦးစီးမှူးက သူ့ရဲ့ဝမ်းကွဲညီအစ်ကိုပါလို့ လွှဲပြောင်းပြောဆိုခဲ့ပါတယ်]
[၄၊ သင်ဒီနေ့ လုစန်း၊ ချန်စန်းလျို့တို့ကို မြင်တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ သတင်းအချက်အလက်ဖြစ်ပါတယ်။ လုစန်းက ချန်စန်းလျို့ သူ့ကို တောင်းဆိုထားတာကို မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ချန်စန်းလျို့က အရမ်းဒေါသထွက်သွားခဲ့ပါတယ်။ ချန်စန်းလျို့က လုစန်းကိုရိုက်နှက်ပြီး လုစန်းတို့မိသားစုရဲ့ စားနပ်ရိက္ခာတွေကို လုယက်သွားခဲ့တယ်။ ဒေါသအရှိန်ကြောင့် လုစန်းက ဒီနေ့ညမှာ ချန်စန်းလျို့ရဲ့အိမ်ကို မီးရှို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်]
[၅၊ သင်ဒီနေ့ ယွီစန်းလျို့နှင့် တွေ့ခဲ့သောကြောင့် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီစန်းလျို့က စူးယွင်ကျင်းကို တောင်းပန်လိုက်ရတာဟာ အရမ်းအရှက်ရဖွယ်ဖြစ်တယ်လို့ ခံစားရပါတယ်။ သူ့မှာ လူသတ်ဖို့ရည်ရွယ်ချက်တွေ ရှိနေပါတယ်။ ယွီစန်းလျို့က သင်နဲ့ စူးယွင်ကျင်းကို ဖမ်းဆီးပြီး သင့်ရဲ့ရှေ့မှာ စူးယွင်ကျင်းကို အမျိုးသားတွေအများကြီး အဓမ္မပြုကျင့်ခိုင်းဖို့ ကြံစည်နေပါတယ်]
“ဟမ်!”
ချန်ကျဲ့၏မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့၏။ စနစ်၏ အချက်ပေးသံကြောင့် နိုးလာခဲ့ခြင်းပင်။
ချန်ကျဲ့သည် ဖော်ထုတ်ပြောမပြနိုင်သော အမျက်ဒေါသများ ပြည့်နှက်နေသည့် သားရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်အလား မျက်နှာကြက်ကို စိုက်ကြည့်နေသည်။
“ယွီစန်းလျို့!”
ချန်ကျဲ့ ထရပ်၍ အဝတ်များပြန်ဝတ်လိုက်သည်။ ခန္ဓာကိုယ်အတွင်းထဲ၌ သေးငယ်သည့်မီးပြင်းဖိုတစ်ခု တည်ရှိနေသည့်ကဲ့သို့၊ သူ၏အရေပြားမှာ ထိုမီးပြင်းဖို၏အပူချိန်ဖြင့် အဆက်မပြတ် ထုရိုက်သွန်းလုပ်ခံနေရသည့်အလားပင်။
၎င်းမှာ ဆေးအာနိသင်၏ အကျိုးသက်ရောက်မှုဖြစ်သည်။
ဘိုးဘေးကြီးလက်သီးသိုင်း!
ချန်ကျဲ့သည် ခြံဝင်းထဲတွင် ဘိုးဘေးကြီးလက်သီးသိုင်းကို အလွန်အာရုံစူးစိုက်လျက် စတင်လေ့ကျင့်သည်။
ဒီနေ့သတင်းအချက်အလက်များထဲတွင် ချန်ကျဲ့အတွက် အရေးအကြီးဆုံးအချက်မှာ နံပါတ်၅အချက်ဖြစ်သည်။
ယွီစန်းလျို့က တကယ်ကြီး အဲဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့အကြံအစည်ကို ကြံစည်နေခဲ့တာပဲ။ အဲဒီကောင် သေချာပေါက် သေမှဖြစ်မယ်။
ထိုအတွေးဖြင့် ချန်ကျဲ့၏ ဘိုးဘေးကြီးလက်သီးသိုင်းအား လေ့ကျင့်မှုသည် ပို၍မြန်ဆန်သထက် မြန်ဆန်လာခဲ့သည်။
ခန္ဓာကိုယ်အတွင်းရှိ ဆေးအာနိသင်သည် လျင်မြန်သည့်အရှိန်နှုန်းဖြင့် ဓာတ်ပြုချေဖျက်ကာ စုပ်ယူခံနေရသည်။ ချန်ကျဲ့သည် အင်အားများ လျင်မြန်စွာ တိုးတက်နေခြင်းကို ခံစားမိ၏။ အရေပြားသည်လည်း ပို၍ ပို၍ တင်းမာလာနေခဲ့သည်။
တစ်ချက်၊ နှစ်ချက်…
ထိုအခိုက်အတန့်၌ ချန်ကျဲ့၏နှလုံးသားအတွင်းမှာ မီးလျှံတစ်ခု တောက်လောင်နေသည့်အလားပင်။ ယွီစန်းလျို့၏ ခြိမ်းခြောက်မှုအန္တရာယ်သည် ကျရောက်အံ့ဆဲဆဲဖြစ်၏။ သို့ဖြစ်ရာ ချန်ကျဲ့မှာ ပို၍အင်အားကြီးမားသန်မာလာပြီး တတ်နိုင်သမျှမြန်မြန် သိုင်းပညာရှင်တစ်ဦးဖြစ်ရပေမည်။
ဝူကျုံးရဲ့ ဟန့်တားနိုင်တဲ့အင်အားက အခုအချိန်ထိတော့ အကျိုးသက်ရောက်မှု ရှိနေသေးတယ်။
ဒါပေမဲ့ တစ်နေ့နေ့မှာ ဝူကျုံး မတော်တဆ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။
မိမိ၏ အမျိုးသမီးကို ကာကွယ်နိုင်မည့် ကိုယ်ပိုင်အင်အားမရှိပါဘဲ တစ်ပါးသူ၏အင်အားကို မှီခိုနေခြင်းမှာ အဘယ်သို့မျှ ကောင်းမွန်သည့်အစီအစဉ် မဖြစ်နိုင်ပေ။
ချန်ကျဲ့သည် သိုင်းကွက်များကို ပင်ပန်းနွမ်းနယ်ခြင်းမရှိ အဆက်မပြတ် လေ့ကျင့်နေသည်။ စုပ်ယူထားခဲ့သည့် ဆေးအာနိသင်သည် သူ၏ခန္ဓာကိုယ်အား လျင်မြန်စွာ အားဖြည့်ပေးနေ၏။
လေ့ကျင့်နေသည်မှာ မည်မျှကြာမြင့်ခဲ့သည် မသိပေ။ သိုင်းကွက်များကို ဘယ်နှကြိမ်လေ့ကျင့်ပြီးခဲ့သည်ကိုလည်း မသိတော့ပေ။ ချန်ကျဲ့သည် ဆက်တိုက် လေ့ကျင့်နေစဉ် သူ၏ခန္ဓာကိုယ်အတွင်းရှိ တံခါးတစ်ခု ဝုန်းခနဲပွင့်ဟသွားသည့်အလား ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက် တဒင်္ဂလေးအတွင်း၌ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီးစီးမှုအား ခံစားလိုက်ရ၏။
ဂျွတ်!
ချန်ကျဲ့ လက်သီးတစ်ချက် အစမ်းထိုးကြည့်လိုက်သည်။ ထို့နောက်တွင် ကြည်လင်ပြတ်သားသော မြည်ဟီးသံကို ကြားလိုက်ရ၏– လက်သီးထိုးသည့်အခါ လေပြင်းသံ ထွက်ပေါ်စေနိုင်ခဲ့လေပြီ။
ဘယ်လိုတောင် အင်အားကြီးမားလိုက်တဲ့ ခံစားချက်လဲ။ နွားရိုင်းတစ်ကောင်ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တော့မလို ခံစားရတယ်!
ချန်ကျဲ့ သူ၏လက်သီးများကိုကြည့်လျက် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ဒါက အရေပြားသန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာရဲ့ ရလဒ်လား။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ စနစ်ဇယားကို ဆင့်ခေါ်လိုက်သည်။
ဇယား!
[ချန်ကျဲ့]
[နယ်ပယ်အဆင့် : အရေပြားသန့်စင်ခြင်းအဆင့်]
[ကျင့်စဉ် : ယန်ချွမ်ကျင့်စဉ် (အခြေခံအဆင့်)၊ ဘိုးဘေးကြီးလက်သီးသိုင်း (အောင်မြင်မှုငယ်အဆင့်)]
[သုံးသပ်ချက် : ဂုဏ်ပြုပါတယ်။ သင် သိုင်းပညာရှင်တစ်ဦးဖြစ်ဖို့ လမ်းကြောင်းကို စတင်ပြီး ဝိုးတဝါးမြင်တွေ့နေပါပြီ…]
ချန်ကျဲ့သည် မိမိ၏စွမ်းရည်ဇယားကိုကြည့်၍ နောက်ဆုံးတွင်တော့ သူ၏နှလုံးသားထဲမှ အလေးတုံးကြီးကို ဖယ်ရှားနိုင်လိုက်သည်ကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် ပျော်ရွှင်သွားခဲ့သည်။
ငါအဆင့်တက်သွားပြီ၊ ငါနောက်ဆုံးတော့ အဆင့်တက်လှမ်းသွားပြီ!
ထိုအတွေးဖြင့် ချန်ကျဲ့သည် အလွန်တရာ ဝမ်းမြောက်ပျော်ရွှင်နေခဲ့သည်။ နောက်ဆုံးတော့ သူ အဆင့်တက်လှမ်းနိုင်ခဲ့လေပြီ။
အခုတော့ နောက်ဆုံးတော့ ဒီကမ္ဘာမှာ ငါ့ကိုယ်ငါတည်ဆောက်နိုင်ဖို့ လမ်းစ ရှိလာခဲ့ပြီ!
ဤကမ္ဘာတွင် သိုင်းပညာရှင်တစ်ဦးနှင့် သိုင်းပညာရှင်မဟုတ်သူတို့အား ဆက်ဆံသည့်ပုံစံသည် လုံးဝကွာခြားကြောင်းကို ချန်ကျဲ့ ကောင်းစွာ နားလည်ထား၏။
ငါးဖမ်းကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ခြင်းကိုပဲ ဥပမာထားပါလေ။ သိုင်းပညာရှင်တစ်ဦးအနေဖြင့် ငါးဖမ်းကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်လျှင် ကုန်သည်အဖွဲ့ကို တောင်းဆိုရသူမှာ ချန်ကျဲ့ မဖြစ်နိုင်တော့ပေ။ ငါးဖမ်းကုန်သည်အဖွဲ့မှ ချန်ကျဲ့ကို ကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ရန် တောင်းဆိုလိမ့်မည်ဖြစ်သည်။
မိမိဘက်မှ အစပြုရခြင်းနှင့် မိမိဘက်မှ နှုတ်ဆိတ်နေခြင်း၏ ကွာခြားချက်မှာ အတော်လေး သိသာထင်ရှားပါ၏။
သို့သော် ချန်ကျဲ့သည် ယခုအချိန်တွင် သူ၏သိုင်းပညာရှင်ဟူသော အထောက်အထားကို ဖော်ထုတ်ရန် အလျင်မလိုပေ။
အဘယ်ကြောင့်ဆိုသော် ချန်ကျဲ့၏ လက်ရှိရည်မှန်းချက်မှာ ရိုးရိုးရှင်းရှင်းနှင့် ကောင်းမွန်သည့်ဘဝတစ်ခုတွင် နေထိုင်လိုရုံမျှ မဟုတ်ပါချေ။
ယွီစန်းလျို့ကို သတ်ဖြတ်နိုင်မည့်အခွင့်အရေးကို ရှာဖွေရန်လည်း လိုအပ်နေသေးသည်။
လက်ရှိအချိန်တွင် ချန်ကျဲ့ သိုင်းပညာရှင်တစ်ဦးဖြစ်သွားခဲ့ခြင်းသည် ချန်ကျဲ့အတွက် ဝှက်ဖဲတစ်ခုဖြစ်၏။– အကယ်၍ စောစီးစွာ ဖော်ထုတ်လိုက်ပါက ယွီစန်းလျို့သည် သေချာပေါက် သတိထားသွားေပလိမ့်မည်။ သို့ဖြစ်ရာ လောလောဆယ် သူ၏ကျင့်ကြံဆင့်အား လျှို့ဝှက်ထားခြင်းမှာ ပိုကောင်းပေသည်။
ချန်ကျဲ့ တစ်ကိုယ်လုံး အကြောဆန့်လိုက်သည်။
ချန်ကျဲ့သည် သူအရင်က လုံးဝ မရွှေ့နိုင်ခဲ့သော ခြံဝင်းထဲရှိ ကျောက်တုံးကြီးကို ကြည့်လိုက်ပြီး အနားသို့ လျှောက်သွား၏။
ချန်ကျဲ့ လက်နှစ်ဖက်လုံးကို အားအင်စိုက်ထုတ်သည်။
ထို့နောက်တွင် ကျောက်တုံးကြီးကို မ,နိုင်ခဲ့လေသည်။
ယခု၌ အင်အားသည် ပေါင်လေးငါးရာခန့် တိုးတက်သွားခဲ့ခြင်းဖြစ်နိုင်၏။ ချန်ကျဲ့သည် ကျောက်တုံးကို ကိုင်ထားမြဲဖြစ်သောကြောင့် သူ၏အရေပြားနှင့် ကျောက်တုံးကြီး၏ ကြမ်းတမ်းသည့်မျက်နှာပြင်တို့မှာ ပွတ်တိုက်နေသည်။
သာမန်အရေပြားဖြစ်ခဲ့လျှင် သေချာပေါက် ပေါက်ပြဲ၍ ချက်ချင်း သွေးထွက်လိမ့်မည်ဖြစ်၏။
သို့သော် ထိုသို့ပွတ်တိုက်မှုသည် နွားသားရေနှင့် ပွတ်တိုက်နေသည့်အလား ခံစားရသည်။ အရေပြားသည် နီမြန်းလာခဲ့သော်ငြား ပေါက်ပြဲခြင်းမရှိပေ။ ၎င်းသည် အရေပြား၏ ခိုင်မာမှုကို ပြသနေပေသည်။
အရေပြားသန့်စင်ခြင်းအဆင့်လို့ခေါ်တာ မထူးဆန်းတော့ပါဘူးလေ။
ခန္ဓာကိုယ်အတွင်းမှ အင်အားကိုခံစားရင်းဖြင့် ချန်ကျဲ့၏စိတ်နှလုံးသည်လည်း တည်ငြိမ်လာခဲ့သည်။
လက်ရှိကျင့်ကြံဆင့်အရဆို ငါရဲ့ကျင့်ကြံဆင့်က ယွီစန်းလျို့ကိုသတ်ဖို့ လုံလောက်နေပြီ။ ဒါပေမဲ့ အားကောင်းတဲ့ သိုင်းပညာတစ်ခုတော့ လိုအပ်နေသေးတယ်။
အဲဒီတော့ အားကောင်းတဲ့ လျှို့ဝှက်သိုင်းကျမ်းတစ်မျိုးကို ငါ ဘယ်ကနေ ရယူနိုင်မလဲ။
ချန်ကျဲ့ စဉ်းစားတွေးတောသည်။
ငါသိတဲ့လူတွေထဲမှာ ဘယ်သူ့မှာ အဆင့်မြင့်သိုင်းပညာရှိနိုင်လောက်မလဲ။
ဝူကျုံးတွင် ငါးဖမ်းကုန်သည်အဖွဲ့၏သိုင်းပညာ ရှိနိုင်သည်။ သို့သော် ထိုသို့ကုန်သည်အဖွဲ့များ၏ သိုင်းပညာသည် သင်ကြားပေးချိန်တွင် အခြေအနေပေါ်မူတည်၍ သင်ကြားပေးလေ့ရှိကြ၏။
နောက်တစ်ယောက်မှာ ဝူဟုန်ဖြစ်သည်။
ဝူဟုန်သည် မျန့်ရွှေစီရင်စု၏ အစောင့်အရှောက်ကြီး ၁၃ဦးထဲမှ တစ်ဦးဖြစ်သော ကျန်းလီယဲ့၏တပည့်ဖြစ်သည်။ အရိုးအဆစ်လွဲလက်ကွက်သိုင်းကို သင်ယူထားသူဖြစ်၏။
သို့သော် ထိုသို့သိုင်းပညာကို သူ့အား သင်ကြားပေးလိမ့်မည် မဟုတ်လောက်ပေ။
တခြားအဆင့်မြင့်သိုင်းပညာတွေဆိုရင်ရော?
မသေချာနိုင်ပေ။
သို့ဖြစ်၍ နီမန့်ဇစ်တစ်ဦးသာ ကျန်ရစ်တော့သည်။
နီမန့်ဇစ်သည် သိုင်းလောကမှ ဝရမ်းပြေးတစ်ဦးဖြစ်သော်ငြား ထိုလူသည် အမှားအမှန်ကို ခွဲခြားသိ၍ ကျေးဇူးတရားကို သိတတ်သည်ဟု စနစ်မှ ဖော်ပြထားခဲ့သည်။
ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်လျှင် အခွင့်အရေးရှိနိုင်၏။
အထူးသဖြင့် နံပါတ်နှစ်အချက်ကို ဖတ်ကြည့်ပြီးနောက်တွင်ဖြစ်သည်။ ဝူဟုန်သည် သူ၏ဆရာအား ရှန်းထောင်မြို့တွင် နီမန့်ဇစ်ရောက်နေသည့်အကြောင်းကို သတင်းပို့ပြောပြခဲ့သည်။ ဝရမ်းပြေးနှင့် ဖမ်းဆီးရေးအရာရှိ၊ တစ်ချက်ကြည့်လျှင်ပင် ပြဿနာဖြစ်ကြောင်း ဆိုနိုင်ပေ၏။
အဲဒီမှာ ငါအသုံးချနိုင်မယ့် အားနည်းချက်တစ်ခုခုများ ရှိမလား။
ချန်ကျဲ့သည် ၎င်းတွင် သူ့အတွက် အခွင့်အရေးကောင်းတစ်ခုခုရှိနိုင်သည်ဟု ခံစားရသောကြောင့် စဉ်းစားတွေးတောနေခဲ့သည်။
ချန်ကျဲ့ တစ်ကိုယ်တည်း တွေးတောနေခဲ့၏။ သို့ဖြင့် သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ အရုဏ်တက်လာခဲ့သည်။ ထိုစဉ် မနီးမဝေးတစ်နေရာမှ မီးတောက်တစ်ခု ကောင်းကင်သို့ ထိုးတက်သွား၏။
ထို့နောက် အော်သံအချို့ကို ကြားလိုက်ရသည်။
“မကောင်းတော့ဘူး၊ ချန်စန်းလျို့ရဲ့အိမ် မီးလောင်နေပြီ!”
ချန်ကျဲ့ လှမ်းကြည့်လိုက်သည်။ ခန့်မှန်းနေရန်ပင် မလိုအပ်ဘဲ လုစန်း၏လုပ်ရပ်ဖြစ်ကြောင်းကို သိလိုက်ပါ၏။
အဲဒီကောင် မီးရှို့လိုက်ပြီပဲ။
သို့သော် ချန်ကျဲ့သည် ထိုကိစ္စများကို ဂရုစိုက်လိုစိတ်မရှိပေ။
ချန်ကျဲ့ အိမ်ထဲသို့ ပြန်လှည့်ဝင်လိုက်သည်။ အိပ်ရာထက်တွင် လဲလျောင်း၍ သူ၏အစီအစဉ်များကို စဉ်းစားနေတော့သည်။