သူက ချန်ကျိုစစ်ပဲ!
Vol. 6 Ch. 72
“ဦးလေးကျုံး!”
ချန်ကျဲ့ ဝူကျုံးကို နှုတ်ဆက်လိုက်သည်။
ဝူကျုံးသည် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“အခုပဲ မင်းအဒေါ် ငါ့ကိုပြောနေတာ။ မင်းငါ့အတွက် လင်ဇီးမှိုဝယ်လာပေးတယ်ဆို?”
“ဦးလေး ကြိုက်ပါ့မလားတော့ မသိဘူး”
ချန်ကျဲ့ ပြန်ပြောသည်။ ဝူကျုံးမှ ပြော၏။
“မင်း ပိုက်ဆံမဖြုန်းသင့်ဘူး။ ငါဝူကျုံးက ဘယ်လိုလုပ်ပြီး မင်းဆီက လင်ဇီးမှိုကို လိုအပ်မှာတဲ့လဲ”
“ဦးလေး ဦးလေးအဲ့လို မတွေးလိုက်နဲ့လေဗျာ။ ဦးလေးက ကျွန်တော့်ကို အများကြီးကူညီပေးထားတော့ ကျွန်တော် အရမ်းကျေးဇူးတင်မိရတယ်။ ဦးလေးကျုံးရဲ့ကျေးဇူးတွေကို ဘယ်လိုပြန်ပေးဆပ်ရမလဲ ကျွန်တော် မသိဘူး၊ အဲဒါကြောင့် ကျွန်တော့်စိတ်ကြိုက်ပဲ ယူလာ…”
“အမ်း နောက်တစ်ခါ ဒီလိုမလုပ်နဲ့တော့!”
ဝူကျုံးမှ ကြားဖြတ်ပြောသည်။
“မင်းအခုထိ ငါးဖမ်းကုန်သည်အဖွဲ့ဆီ မသွားရသေးဘူးမလား”
“မသွားရသေးပါဘူး”
ချန်ကျဲ့ ပြန်ဖြေရာ ဝူကျုံးမှ ပြောသည်။
“ကွက်တိပဲ၊ ငါနဲ့အတူ လိုက်ခဲ့”
“ဟုတ်ကဲ့”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီးနောက် ဝူကျုံးကို ပြောသည်။
“အာ ဟုတ်သားပဲ ဦးလေး ကျွန်တော် ဦးလေးကိုပြောစရာရှိတယ်”
“အို ပြောလေ”
“ဒီလိုပါ။ ဦးလေး မနေ့က ကျွန်တော့်ကို ငွေတုံးနှစ်ဆယ်ပေးခဲ့တယ်။ ကျွန်တော် စဉ်းစားတာ ယွီမိသားစုက လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်ဆိုတာ ဦးလေးကျုံးနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ညီနောင်တွေရဲ့ ကျေးဇူးကြောင့်ပါ။ အဲဒါကြောင့် အဲဒီပိုက်ဆံတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ အားလုံးနဲ့မျှဝေလို့ရမယ့်အရာအချို့အဖြစ် ပြောင်းလဲလိုက်ဖို့ စဉ်းစားထားပါတယ်။ ဦးလေး ဘယ်လိုထင်လဲ”
ဝူကျုံးသည် အံ့အားသင့်ဟန်ဖြင့် ချန်ကျဲ့ကို ကြည့်လာခဲ့သည်။
“မင်းက အဲဒီပိုက်ဆံတွေကို အားလုံးနဲ့မျှဝေဖို့ ထုတ်သုံးချင်တယ်ပေါ့လေ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့လက်မခံကြမှာ စိုးရိမ်လို့ ကျွန်တော့်အနေနဲ့ ပိုက်ဆံပဲ တိုက်ရိုက်ကြီး မပေးရဲဘူး။ အဲဒါကြောင့် ပြောင်းဆန်နဲ့ ဆီတွေ ဝယ်လာခဲ့တယ်။ အဲဒီလိုဆို ပိုကောင်းသွားအောင်ပေါ့”
ဝူကျုံးမှာ ပို၍ပင် အံ့ဩသွားတော့သည်။
ဒီကလေးက တကယ်တစ်ခုခုပဲ။
ကိစ္စတွေကို စဉ်းစားတာ တကယ်ဂရုတစိုက်ရှိတယ်။
“အဲဒါက ငွေတုံး၂၀နော်။ မင်းဒီလိုပဲ ပေးပစ်လိုက်ရမှာကို မနှမြောဘူးလား”
ဝူကျုံးမှ မေးသည်။
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် နည်းနည်းတော့ နှမြောမိပါတယ်။ ဒါပေမဲ့ ဒီပိုက်ဆံက အားလုံးရဲ့အကူအညီနဲ့ ရလာခဲ့တာလေ။ ကျွန်တော်တစ်ယောက်တည်း ယူလိုက်မယ်ဆိုတာ မဖြစ်သင့်ပါဘူး။ မျှဝေပေးလိုက်မယ်ဆိုရင် မိတ်ဆွေလည်းဖွဲ့နိုင်တာပေါ့။ အဲဒီလိုစဉ်းစားလိုက်တော့ ကျွန်တော် မနှမြောတော့ဘူး”
ဝူကျုံးသည် ချန်ကျဲ့ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
“ဦးလေးကျုံး ကျွန်တော့်ကိုဘာလို့ အဲဒီလိုကြီးကြည့်နေတာလဲ”
ချန်ကျဲ့ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။ ဝူကျုံးမှ ပြော၏။
“ကျိုစစ် မင်းက ငါ့ကိုတကယ် အမြင်သစ်တစ်ခု ဖွင့်လှစ်ပေးလိုက်တာပဲ။ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကိစ္စတွေကို နားလည်တယ်။ မင်းက သေချာပေါက် အနာဂတ်မှာ ငါ့ထက်ပို အောင်မြင်မှာပဲ!”
“ဦးလေးကျုံးက ကျွန်တော့်ကို အရမ်းချီးမွမ်းပြီး ရှက်အောင်လုပ်နေပြန်ပါပြီ”
ချန်ကျဲ့သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုထိကိုင်နေသည်။
ဝူကျုံးမှ ပြောသည်။
“လူရှုပ်လေး ရှက်ချင်ယောင်ဆောင်မနေနဲ့တော့။ မင်းစိတ်ထဲ ပီတိဖြာနေတာ ငါသိသားပဲ”
“ဟားဟားဟား…”
ချန်ကျဲ့ ရယ်မောလိုက်သည်။
ဝူကျုံးလည်း ရယ်မောသည်။
ဝူကျုံးသည် အခန်းထဲသို့ဝင်၍ အဝတ်လဲသည်။ ထို့နောက် ချန်ကျဲ့နှင့်အတူ သမားတော်ပိုင်ကို သွားနှုတ်ဆက်သည်။
သမားတော်ပိုင်မှ ပြောသည်။
“ငါးဖမ်းကုန်သည်အဖွဲ့က ခုတလော အရမ်းအလုပ်မများဘူး။ မင်း အချိန်ရတဲ့အခါ ဆေးစာအုပ်တချို့ကို ဖတ်ပြီးလေ့လာ၊ သိုင်းပညာလည်း လေ့ကျင့်၊ မင်းရဲ့ငယ်ရွယ်မှုကို မဖြုန်းတီးလိုက်နဲ့”
“ဟုတ်ကဲ့ပါ ဆရာ၊ တပည့် နားလည်ပါပြီ”
သမားတော်ပိုင်မှ ပြောသည်။
“ကျိုစစ် ငါ့ဘဝမှာ လူကဲခတ်မှားတယ်ဆိုတာ မရှိသလောက်ပဲ။ မင်းက ရည်မှန်းချက်ကြီးမားတဲ့သူတစ်ယောက်ပဲ။ ဒီဆေးခန်းလေးက မင်းကိုဆွဲမထားနိုင်ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းတစ်ခုခုမလုပ်ခင်မှာ သေချာစဉ်းစားပါ။ မရိုးဖြောင့်တဲ့ ဘယ်အရာနဲ့မှ မငြိစွန်းစေနဲ့– အဲဒါဆိုရင်ပဲ မင်းက ဒီဆရာအတွက် ဂုဏ်ယူစရာဖြစ်ပါပြီ”
“ဟုတ်ကဲ့!”
ဘေးတွင်နားထောင်နေသည့် သခင်မပိုင်သည် မထိန်းချုပ်နိုင်စွာဖြင့် ကြားဝင်ပြောလာ၏။
“အဖေ အဖေ စကားေပြာတာ ဘာလို့ အမွေချန်နေတဲ့အတိုင်း ပြောနေရတာလဲ။ ကျိုစစ်က ကျွန်မတို့အိမ်ကို မလာတော့မှာလည်း မဟုတ်ဘဲနဲ့ကို အဖေ့ကိုယ်အဖေ ကြည့်ပါဦး!”
သမားတော်ပိုင်သည် သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး ပြောသည်။
“အင်း အသက်ကြီးလာလေလေ အတွေးများလေလေပဲတဲ့၊ ဟူး…”
ထိုသို့ပြောလျက် သမားတော်ပိုင်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။
အချိန်က ဘယ်သူ့ကိုမှ သက်ညှာမပေးဘူးမဟုတ်လား။ ငါ့မှာလည်း ငါ့ရဲ့ကိုယ်ပိုင် ငယ်ရွယ်တဲ့နေ့ရက်တွေရှိခဲ့ပါရဲ့!
…
လမ်းတွင် ဝူကျုံးသည်
မည်သည့်စကားမျှမဆိုဘဲ လှည်းတွန်း၍ နောက်မှလိုက်ပါလာသည့် ချန်ရှောင်ဟူကို လှည့်ကြည့်ပြီး ပြောသည်။
“ကျိုစစ် ဒါက မင်းရဲ့ဝမ်းကွဲညီလား”
ချန်ကျဲ့ ပြောသည်။
“အမ်း ဟုတ်ပါတယ်”
ဝူကျုံးသည် ချန်ရှောင်ဟူကို သေချာအကဲခတ်ကြည့်ရန် အနီးသို့လျှောက်သွားခဲ့သည်။
“လူငယ်လေးပဲ အရမ်းကောင်းတယ်၊ မင်းနာမည်ဘယ်လိုခေါ်လဲ”
“ချန်ရှောင်ဟူပါ!”
“အင်း အရမ်းကောင်းတယ်။ အခုကစပြီး မင်းအစ်ကိုကျိုစစ် နောက်လိုက်ပြီး အလုပ်ကြိုးစား။ မင်းအတွက် တောက်ပတဲ့အနာဂတ်ရှိလာမှာပါ”
“ဟုတ် ကျွန်တော်နားလည်ပါပြီ ဦးစီးမှူးဝူ”
ရှောင်ဟူသည် ရိုးသားပွင့်လင်းစွာ ပြန်ပြောသည်။
ဝူကျုံး ရယ်မောလျက် ပြောသည်။
“အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ အခုကစပြီး ကျိုစစ်နဲ့ အတူရှိနေတဲ့အခါ ငါ့ကို ဦးလေးကျုံးလို့ပဲ ခေါ်ပါ”
“ဟုတ်ကဲ့ပါ ဦးလေးကျုံး”
ဝူကျုံးသည် သူအခုမှ စတင်သိကျွမ်းရသော လူငယ်လေး ချန်ရှောင်ဟူကို အတော်လေး သဘောကျပုံရ၏။
မကြာမီ သူတို့သုံးဦးသည် မျန့်ရွှေမြစ်ရှိ ငါးဖမ်းကုန်သည်အဖွဲ့သို့ ရောက်ရှိခဲ့ကြသည်။ ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားအားလုံးသည် ကိုယ်စီ အလုပ်တာဝန်များဖြင့် အလုပ်ရှုပ်နေကြသည်။
ဝူကျုံးရောက်ရှိသည်နှင့်တစ်ပြိုင်နက် သင်္ဘောခေါင်းဆောင် ကျောင်းရွှမ်မှ လာရောက်နှုတ်ဆက်သည်။
ဝူကျုံးမှ ပြောသည်။
“ဒီနှစ်ယောက်ကို စာရင်းသွင်းလိုက်ပါ။ ပြီးတော့ အားလုံးကို ပိုက်ကွန်အခြောက်ခံကွင်းပြင်မှာ လူစုဝေးကြဖို့ ပြောလိုက်ပါ”
“အိုင်း!”
ကျောင်းရွှမ်သည် ဝူကျုံးကို ပြန်လည်တုံ့ပြန်ပြီးသည်နှင့် ချက်ချင်း ချန်ကျဲ့နှင့် ချန်ရှောင်ဟူတို့ကို ကြည့်လာသည်။ ထို့နောက် စာရင်းစာအုပ်ကိုထုတ်ယူ၍ ပြောသည်။
“ညီနောင်ကျိုစစ် ဟုတ်တယ်မလား။ ငါမင်းကိုသိတယ်။ မင်းလူရိုက်တာ အတော်လေး လက်ဆပြင်းတယ် ဟုတ်တယ်မလား”
ချန်ကျဲ့သည် ထိုစကားကိုကြားသောအခါ အံ့ဩသွားရ၏။ ကျောင်းရွှမ်မှ ရယ်မောသည်။
“အရှေ့ဘက်မြစ်လေ၊ ငါလည်း အဲဒီကိုရောက်ခဲ့တယ်”
ကျောင်းရွှမ်သည် ကြက်များ ပျံသန်း၍ ဥကွဲကြေသည့် မြင်ကွင်းကို မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ ချန်ကျဲ့ ခါးသက်စွာ ရယ်မောလိုက်၏။
“အစ်ကိုကျောင်း ကျွန်တော့်ကို မလှောင်ပြောင်ပါနဲ့ဗျာ!”
ကျောင်းရွှမ်မှ ပြောသည်။
“ဒါက ဘယ်လိုလုပ်ပြီး လှောင်ပြောင်တာဖြစ်ရမှာလဲ။ အဲဒါက ညီနောင်မှာ အရည်အချင်းရှိတယ်ဆိုတာကို ပြသနေတာပဲလေ”
ထိုသို့ပြောပြီးနောက် ကျောင်းရွှမ်သည် သူတို့၏နာမည်များကို စာရင်းသွင်း၍ ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများကို ပိုက်ကွန်အခြောက်ခံကွင်းပြင်တွင် လူစုဝေးစေရန်အတွက် အခြားသူတစ်ယောက်အား တာဝန်ပေးလိုက်သည်။
ဤခေတ်ကာလ၌ ငါးဖမ်းပိုက်ကွန်များကို များသောအားဖြင့် လျှော်ကြမ်းဖြင့် ပြုလုပ်ကြသည်။ သို့ဖြစ်ရာ ရေထဲတွင် နှစ်မြှုပ်ခံရသောအခါ ကြာရှည်မခံပေ။ ထို့ကြောင့် ငါးဖမ်းပြီးသည်နှင့် ပိုက်ကွန်များကို အခြောက်ခံကြရသည်။
ပိုက်ကွန်အခြောက်ခံကွင်းပြင်းသည် ငါးဖမ်းပြီးနောက် ပိုက်ကွန်များ အခြောက်ခံရသည့်နေရာဖြစ်၍ ကျယ်ပြောသည့် ကွင်းပြင်ကြီးဖြစ်ပေသည်။
အားလုံး လူစုဝေးရန်အတွက် အချိန်သိပ်မကြာလိုက်ပေ။
ငါးဖမ်းကုန်သည်အဖွဲ့တွင် အလုပ်သမားဦးရေစုစုပေါင်း ၈၃ယောက်ရှိသည်။ ရှန်းထောင်မြို့အနီးတစ်ဝိုက်ရှိ ရွာလေးရွာရှိ ငါးဖမ်းသမားများ၏ ငါးဖမ်းအခွန်အခ ကောက်ခံခြင်းကို ကြီးကြပ်ကြသည်။
သေချာပေါက်ပင် အချို့သော စီးပွားရေးလုပ်ငန်း ချဲ့ထွင်ခြင်းများလည်း ပါဝင်ပါ၏။ ဥပမာ လှေငှားရမ်းခြင်း၊ ငါးဖမ်းပိုက်ကွန်ငှားရမ်းခြင်းနှင့် အခြားသော ဆင့်ပွားအကူပစ္စည်းများ ငှားရမ်းခြင်းတို့ဖြစ်သည်။
ယခုတွင် ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားအားလုံးသည် ပိုက်ကွန်အခြောက်ခံကွင်းပြင်တွင် လူစုဝေးပြီးကြ၍ ဝူကျုံးသည် စင်မြင့်ပေါ်သို့ တက်လာ၏။
ဝူကျုံးသည် စင်မြင့်ထက်မှနေ၍ ငါးဖမ်းကုန်သည်အဖွဲ့ညီနောင်များကို ငုံ့ကြည့်လျက် ပြောသည်။
“ညီနောင်တို့ ဒီနေ့ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့မှာ အလုပ်သမားအသစ်နှစ်ဦး ခန့်အပ်လိုက်ပါတယ်။ ငါမင်းတို့ကို သူတို့နဲ့ မိတ်ဆက်ပေးပါရစေ။ အခုကစပြီးတော့ ငါတို့အားလုံးက ထမင်းတစ်ပန်းကန်ထဲကို မျှဝေနေကြတဲ့ ညီနောင်တွေပဲ။ အဲဒါကြောင့် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နေကြရမယ်။ ကောင်းပြီ ကျိုစစ်၊ ရှောင်ဟူ.. အပေါ်တက်လာပြီး အားလုံးကို နှုတ်ဆက်လိုက်ဦး”
ထိုအခါ စင်ပေါ်သို့ အမျိုးသားနှစ်ဦး တက်လာသည်။
ဤသည်မှာ ရှောင်ဟူအတွက် စင်ပေါ်သို့ ပထမဆုံးအကြိမ်တက်ဖူးခြင်းဖြစ်သည်။ စင်အောက်ရှိလူအုပ်ကြီးသည် သူ့အား မော့ကြည့်နေကြသည်ကို မြင်သောအခါ ရှောင်ဟူသည် အလွန်စိတ်လှုပ်ရှားသောကြောင့် အနည်းငယ် တုန်ယင်နေခဲ့သည်။
ချန်ကျဲ့သည် ရှောင်ဟူထက် ပိုအဆင်ပြေ၏။
သူ၏အရင်ဘဝ၌ တိုက်ရိုက်ထုတ်လွှင့်သူများနှင့် အစည်းအဝေးများ မကြာခဏ ပြုလုပ်လေ့ရှိခဲ့သည်။
ယခု စင်ပေါ်သို့ တက်ရသောအခါတွင်လည်း ချန်ကျဲ့သည် ပြုံးလိုက်ပြီး စကားဆိုသည်။
“မင်္ဂလာပါ ညီနောင်တို့။ ကျွန်တော်က ကျိုစစ်ပါ”
ချန်ကျဲ့၏စကားကိုကြားသောအခါ စင်အောက်ရှိလူအားလုံးသည် စင်ပေါ်သို့ မော့ကြည့်လာကြသည်။ သူတို့၏အကြည့်များ၌ အနည်းငယ် ဆန်းကြယ်သော အငွေ့အသက်တို့ ပြည့်နှက်နေပေသည်။
အဲဒီတော့ သူက ချန်ကျိုစစ်ပေါ့!
လူအချို့သည် မနေ့က စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်အကြောင်းကို သတိရသွားခဲ့သည်။ သူတို့သည် ချန်ကျိုစစ်ကို ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်းဖြစ်၏။ သို့သော် ချန်ကျိုစစ်၏ဂုဏ်သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
ခြုံငုံလိုက်သော် “ဥခွဲဆရာကြီး”ဟူသော ဂုဏ်ပုဒ်သည် မမှန်ကန်သည်လည်း မဟုတ်ပါချေ။
သူတို့သည် အရှေ့ဘက်မြစ်ရှိ သနားချင့်စဖွယ်ကောင်းလောက်အောင် ညည်းတွားနေကြသည့် ယွီအိမ်တော်အစေခံများကို ပြန်တွေးနေမိကြသည်။
သူတို့သည် အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းလှစွာ ဒဏ်ရာရသွားခဲ့ကြသည်။ သမားတော်ပြသောအခါ သူတို့ထဲမှ နှစ်ဦးသည် ပေါက်စီပေါင်းကဲ့သို့ ရောင်ရမ်းနေခဲ့သည်။ ရောင်ရမ်းမှုကို လျှော့ချမရနိုင်လျှင် အသက်အန္တရာယ်မှ ကာကွယ်ရန်အတွက် ဖြတ်ပစ်ရမည်ဟု သမားတော်မှ ပြောခဲ့သည်။
ဤရှေးခေတ်ဆေးပညာများသည် အတော်လေး တိုးတက်သည်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော် နည်းပညာသည် အနည်းငယ်လွဲချော်နေပါ၏။ တစ်ယောက်ယောက် ခွဲစိတ်ကုသပါက ဆိုလိုသည်မှာ အောက်ပိုင်းရှိအရာတစ်ခုကို ဖြတ်ပစ်သည်ဟူ၍ဖြစ်သည်။ သို့သော် အသက်မသေပေ။ အောင်မြင်မှုရာခိုင်နှုန်းသည် အတော်လေးမြင့်မား၏။ ခြုံငုံပြောဆိုရပါလျှင် တော်ဝင်နန်းတော်ကြီး၌ အောင်မြင်သည့်ခွဲစိတ်ကုသမှုများစွာ ရှိနေသည် မဟုတ်ပါလော။
ထို့ပြင် ခွဲစိတ်ကုသမှု၏ ခက်ခဲမှုအတိုင်းအတာသည်လည်း မမြင့်မားပေ။ ဝက်ဝှေးသင်းသူများပင်လျှင် ထိုခွဲစိတ်မှုအား တစ်ဦးတည်း အောင်မြင်စွာလုပ်ဆောင်နိုင်သည်ဟူသော ကောလာဟလများလည်း တည်ရှိပေသည်။
သို့သော် အသက်ကယ်တင်နိုင်သည် မှန်ကန်သော်ငြား မည်သူကများ သူတို့၏အသက်ရင်းမြစ်ကို အလွယ်တကူ ဖယ်ရှားခံချင်ပါမည်နည်း။ ချန်ကျိုစစ်သည် ထိုနေရာတည့်တည့်ကို ရိုက်နှက်ရာ၌ အထူးကျွမ်းကျင်သော ရက်စက်ကြောက်မက်ဖွယ် လူတစ်ယောက်ဖြစ်ပေသည်။
ထို့ကြောင့် ထိုအခိုက်အတန့်၌ ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ မျက်လုံးထဲရှိ ချန်ကျဲ့၏ပုံရိပ်သည် အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ အားလုံးသည် ဥကွဲသည့်အသံကို မကြားကြလိုရာ ချန်ကျဲ့ကို ဘယ်သောအခါမှ မထိပါးမိစေရန် ကိုယ့်ကိုယ်ကိုယ် သတိကပ်ထားကြပေသည်။