← Chapters

လူတို့၏စိတ်ကို ရယူခြင်း

Vol. 6 Ch. 73

လူတို့၏စိတ်ကို ရယူခြင်း

Vol. 6 Ch. 73

လူရှိလျှင် သိုင်းလောကရှိသည်။ လူရှိလျှင် ဖိနှိပ်ခြင်းရှိသည်။

ငါးဖမ်းကုန်သည်အဖွဲ့၏ စည်းမျဉ်းများအရ အလုပ်ခွင်အသစ်တွင် လူသစ်များ အနိုင်ကျင့်ခံရခြင်းကဲ့သို့ အလုပ်သမားအသစ်များသည် အနိုင်ကျင့်မှုအချို့ကို ခံစားရလေ့ရှိသည်။

သို့သော် ချန်ကျဲ့အတွက်မူ ပြဿနာလုံးဝ မရှိပေ။

နောက်ခံအင်အားကောင်းသောကြောင့်သာမက “ဥခွဲဆရာကြီး”ဟူသည့် ဂုဏ်ပုဒ်ကိုပါ ပေါင်းထည့်လိုက်သောအခါ မည်သူကများ ချန်ကျဲ့ကို ထိပါးဝံ့ပါတော့အံ့နည်း။

မတော်လို့ အဲဒီချန်ကျိုစစ်က ဒေါသမထိန်းနိုင်တော့ဘဲ လက်ပါလာရင် နောက်ဆက်တွဲအကျိုးဆက်ကို ခံနိုင်ရည်ရှိပါ့မလား။

ချန်ကျဲ့သည် အရှေ့ဘက်မြစ်ရှိ ထိုရန်ပွဲသည် သူ့အား ‘’ဥခွဲဆရာကြီး”ဟူသော ဂုဏ်ပုဒ်ကို ဆောင်ကြဉ်းပေးခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။

၎င်းသည်ပင် သူ့ကို မည်သူမျှ မထိရဲဖြစ်စေခဲ့သည်။

သေချာပေါက်ပင် ချန်ကျဲ့သည် နှိမ့်ချမှုရှိပါ၏။ မိမိမှာ သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်လိုက်ပါက မထိပါးရဲရုံမျှပင် မဖြစ်နိုင်တော့ချေ။ သူ့ကို မျက်နှာလိုမျက်နှာရလုပ်သည့်လူများပင်လျှင် ပေါများလာလိမ့်မည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ချန်ကျဲ့သည် သူ၏ဝှက်ဖဲကို မထုတ်ဖော်ပါချေ။

ချန်ကျဲ့ မိမိကိုယ်ကိုယ် မိတ်ဆက်နေစဉ် ရှောင်ဟူသည် စိတ်လှုပ်ရှားနေခဲ့သည်။ ချန်ကျဲ့ ရှောင်ဟူ၏နောက်ကျောကို ဖွဖွပုတ်၍ ရယ်မောလိုက်သည်။

“ဒါက ကျွန်တော့်ရဲ့ညီဝမ်းကွဲ ချန်ရှောင်ဟူပါ။ ရှေ့လျှောက်ကို ကျေးဇူးပြုပြီး ဂရုစိုက်ပေးကြပါဦး”

ချန်ရှောင်ဟူလည်း အသိပြန်ကပ်လာ၍ ပြောသည်။

“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ချန်ရှောင်ဟူပါ”

အကျဉ်းချုပ်နှုတ်ဆက်ပြီးနောက် ဝူကျုံးမှ ပြောသည်။

“ကောင်းပြီ၊ အခု ငါမင်းတို့အတွက် အလုပ်စီစဉ်ပေးမယ်။ ချန်ကျဲ့နဲ့ ချန်ရှောင်ဟူ မင်းတို့နှစ်ယောက် တစ်ဖွဲ့လုပ်လိုက်၊ မင်းတို့ရဲ့ အလုပ်တာဝန်က မြစ်ကိုကင်းလှည့်ဖို့ပဲ။ အားလုံးပဲ သူတို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”

ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။

လူသစ်တွေကို ကင်းလှည့်တာဝန်ပေးတာလား။

ဒီဆွေမျိုးကောင်းစားရေးဝါဒကို ကျင့်သုံးတာက အရမ်းပေါ်တင်ကြီး ဖြစ်မနေဘူးလား။

အထူးသဖြင့် အချို့သော သက်တမ်းရင့်အလုပ်သမားများသည် သိသိသာသာပင် မကျေမနပ်ဖြစ်ကုန်ကြလေသည်။ သူတို့သည် ငါးဖမ်းကုန်သည်အဖွဲ့တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ကြသည့်တိုင် မြစ်ကင်းလှည့်ခြင်းတာဝန်ကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးပေ။ သို့သော် ချန်ကျိုစစ်သည် ရောက်လာသည်နှင့်တစ်ပြိုင်နက် မြစ်ကင်းလှည့်ခြင်းအလုပ်တာဝန်ကို ရရှိခဲ့လေရာ မတရားဟု ခံစားရပေသည်။

ငါးဖမ်းကုန်သည်အဖွဲ့တွင် မြစ်ကင်းလှည့်ခြင်းတာဝန်သည် ဆွဲဆောင်မှုရှိသော အလုပ်တာဝန်ဟု သတ်မှတ်နိုင်ပေသည်။ အတွေ့အကြုံ ၅နှစ်အထက်ရှိသော အလုပ်သမားများသာ ရရှိနိုင်သော အလုပ်တာဝန်ဖြစ်သည်။ သို့တိုင် ရရှိမည်ဟု အာမခံချက်မရှိပါချေ။

မြစ်ကင်းလှည့်ခြင်းသည် သင့်တင့်လျောက်ပတ်သော အလုပ်ချိန်ရှိရုံသာမက အကျိုးခံစားခွင့်လည်း များပြား၏။ အရေးအကြီးဆုံးသောအချက်မှာ မြစ်ကင်းလှည့်သမားအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် ၂နှစ်အတွင်း ငါးဖမ်းကုန်သည်အဖွဲ့ထဲသို့ တပည့်အဖြစ် တရားဝင် ဝင်ရောက်နိုင်မည့် အခွင့်အရေးရရှိနိုင်ခြင်းဖြစ်သည်။

ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများသည် တရားဝင်တပည့်များ မဟုတ်ကြပေ။ သူတို့သည် အရန်တပ်ဖွဲ့များနှင့် ပိုနီးစပ်သည်။

လက်ရှိ ငါးဖမ်းကုန်သည်အဖွဲ့ထဲ၌ တရားဝင်တပည့်မှာ ဝူကျုံးအပါအဝင်၁၀ဦးသာ ရှိသည်။

၎င်း၁၀ဦးထဲတွင် ခေါင်းဆောင်၅ဦးလည်း ပါဝင်သည်။

ထို့ပြင် မြစ်ကင်းလှည့်သမားအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာကို ပိုင်ဆိုင်သည့် သင်္ဘောခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သော အခွင့်အရေးလည်း ရရှိစေနိုင်သည်။

မြို့အဆင့်ငါးဖမ်းကုန်သည်အဖွဲ့၏ အင်အားအာဏာဖွဲ့စည်းပုံသည် ရိုးရှင်းသည်ဟု မထင်လိုက်လေနှင့်။ တကယ်တမ်းတွင် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားကျောင်းအသေးလေးများတွင် မကောင်းဆိုးဝါးအရေအတွက် ပိုများသည်ဟူသာ ဆိုရိုးစကားလည်း တည်ရှိသည် မဟုတ်ပါလော။ မြို့အဆင့်၏ အင်အားအာဏာဖွဲ့စည်းပုံသည် လူမှုဆက်ဆံရေးများထက် ပို၍ရှုပ်ထွေးပေသည်။

သို့ဖြစ်ရာ လူအုပ်ကြီး၏သဘောထားသည် ခုနကလောက် မနွေးထွေးတော့ပေ။ အနည်းငယ် အေးစက်လာခဲ့သည်။

အလုပ်သမားများစွာတို့သည် လုပ်သက်ရင့်အလုပ်သမားများကို မသိမသာ ကြည့်‌နေကြသည်။ မြစ်ကင်းလှည့်သမားရာထူးသည် ၅နေရာရှိ၏။ လတ်‌တလောတွင် တစ်နေရာလွတ်ခဲ့သည်။ အားလုံးမှာ ထိုရာထူးတစ်နေရာအတွက် ပြိုင်ဆိုင်နေကြစဉ် ချန်ကျိုစစ်ရောက်လာပြီး ယူသွားပစ်လေသည်။

သို့ဖြစ်ရာ သူတို့မှာ အဘယ်သို့များ စိတ်ထဲတွင် အတွေးမများဘဲ ရှိနိုင်ပါအံ့နည်း။

ချန်ကျဲ့သည်လည်း လေထုအခြေအနေပြောင်းလဲမှုကို ခံစားမိလိုက်၍ ဝူကျုံးကို ကြည့်လိုက်သည်။

ဝူကျုံးသည် ဘာမျှမပြောပေ။ ဤသို့စစ်ဆေးမှုမျိုးကို ချန်ကျိုစစ်အနေဖြင့် မိမိဘာသာ မကိုင်တွယ်နိုင်လျှင် ချန်ကျိုစစ်သည် အနာဂတ်တွင် အောင်မြင်မှုများများ ရရှိနိုင်မည့်သူမျိုး မဟုတ်ပေ။

လူမှုအဖွဲ့အစည်းဟူသည် ဤသို့ပင်ဖြစ်၏။ အခွင့်အရေးများသည် အကန့်အသတ်ရှိသည်။ မိမိကိုယ်တိုင် မရယူဘဲနှင့် အခြားသူမှ မိမိသို့ ကမ်းလှမ်းပေးလာခြင်းကို မစောင့်ဆိုင်းသင့်ပေ။

ငါအခု မင်းကို အခွင့်အရေးပေးလိုက်ပြီ။ မင်း မကိုင်တွယ်နိုင်ရင် အဲဒါက မင်းကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်နဲ့ ကံတရားပဲ။

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့ပေါ့။

ချန်ကျဲ့သည် ဝူကျုံး၏သဘောထားကို ထိုသို့တွေးတောလိုက်ပြီးနောက် ဝူကျုံးကို ချက်ချင်း အရိုအသေပေးလိုက်သည်။

“အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးဝူကျုံး!”

ထို့နောက် ချန်ကျဲ့ ဆက်ပြောသည်။

“ဦးလေးကျုံး ကျွန်တော် အားလုံးကို ပစ္စည်းတွေ ဝေပေးလို့ရမလား”

ဝူကျုံး ခေါင်းညိတ်သည်။

“ရတာပေါ့”

သို့ဖြင့် ချန်ကျဲ့ လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။

“ညီနောင်တို့ ကျွန်တော် အားလုံးနဲ့အတူတူ အလုပ်လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ပြီးတော့လည်း မနေ့က အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ ကျိုစစ် အားလုံးက သေချာကျေးဇူးမတင်ရသေးပါဘူး!”

“မနေ့က ညီနောင်တို့အားလုံး ကျိုစစ်ရဲ့နောက်မှာ ရပ်တည်ပေးခဲ့တာကြောင့် မဟုတ်ခဲ့ရင် ကျိုစစ်က ယွီမိသားစုရဲ့ အရှက်ခွဲမှုကို ဘယ်လိုများ ပြန်လက်တုံ့ပြန်နိုင်ပါ့မလဲ”

“ပြီးတော့ ကျိုစစ် ငွေအချို့လည်း ရခဲ့သေးတယ်။ ဒီငွေတွေကို ကျိုစစ်တစ်ယောက်တည်း သိမ်းယူလိုက်တာက မဖြစ်သင့်ပါဘူး။ အဲဒါကြောင့် ကျိုစစ် ပြောင်းဆန်နဲ့ ဆီတချို့ ဝယ်လာခဲ့တယ်။ အခုပဲ အားလုံးကို မျှဝေပေးပါမယ်။ ကျေးဇူးပြုပြီး ညီနောင်တို့ အရမ်းနည်းလွန်းတယ်လို့ ‌မတွေးပါနဲ့”

ဟမ်?

ချန်ကျဲ့၏စကားအဆုံး၌ ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများသာမက ခေါင်းဆောင်ငါးဦးပင်လျှင် အံ့အားသင့်လျက် ချန်ကျဲ့ကို ခေါင်းမော့ကြည့်လာကြသည်။

အထူးသဖြင့် သင်္ဘောခေါင်းဆောင်ကြီးဖြစ်၏။ သူ၏အကြည့်များ၌ မှောင်မိုက်သည့်အငွေ့အသက်အချို့ ထင်ဟပ်နေခဲ့သည်။

ထို့နောက် အံ့အားသင့်နေသည့် ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများသည် စိတ်လှုပ်ရှားမှုသို့ ပြောင်းလဲသွားကြသည်။

ပြောင်းဆန်နဲ့ ဆီတဲ့!

၎င်းသည် ဤခေတ်ကာလတွင် ဒေါ်လာငွေကဲ့သို့ တန်ဖိုးပြောင်းလဲရန် မလွယ်ကူသော ငွေမာဖြစ်သည်။ အိမ်တိုင်းတွင် ရှားပါးနေသည့်အရာဖြစ်သည်။ ချန်ကျဲ့၏ ထိုလက်‌ဆောင်သည် သူတို့အပေါ် စာနာစိတ်သဘောထားရှိကြောင်း ဖော်ပြလိုက်ပေသည်။

ယခုခေတ်တွင် အဖွဲ့အစည်းများတွင် ဆန်နှင့်ဆီများ ပေးဝေခြင်းကို ခေတ်နောက်ကျသည်ဟု လှောင်ပြောင်တတ်ကြသည်။

သို့သော် လွန်ခဲ့သည့်နှစ်သုံးဆယ်ခန့်အချိန်ကို အချိန်နောက်ပြန်ရစ်ကြည့်ပါလေ။

ထိုအချိန်က ဆန်နှင့်ဆီပေးဝေသည့် စက်ရုံအလုပ်ရုံအားလုံးသည် အထင်ကြီးဖွယ်ဖြစ်၏။ ယောက္ခထီးများသည် သားမက်ကိုရှာဖွေရာတွင် ဤသို့မေးမြန်းလေ့ရှိကြသည်။ “မင်းရဲ့အလုပ်ခွင်က အားလပ်ရက်တွေမှာ ဘာတွေပေးဝေလေ့ရှိလဲ”ဟူ၍။

ဆန်နှင့်ဆီဟု ဖြေခဲ့လျှင် ယောက္ခထီးဖြစ်သူ၏အမြင်တွင် ၎င်းသည် သာမန်စက်ရုံအလုပ်ရုံဖြစ်သည်။ တည်ငြိမ်သည့်အလုပ်ရှိသည်။ ဤတစ်ယောက်သည် သူတို့၏သားမက်ဖြစ်ရန် သင့်တော်သည်ဟု တွေးကြပေလိမ့်မည်။

ဤရှေးခေတ်လူမှုအဖွဲ့အစည်းတွင် ထိုအတွေးအမြင်မှာ ပို၍ပြင်းထန်၏။

ဆန်နှင့်ဆီသည် အပိုင်သိမ်းအကွက်ဖြစ်ပေသည်။

အထူးသဖြင့် သက်သောင့်သက်သာဖြစ်သော ဘဝဖြင့် မနေထိုင်နိုင်သည့် ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများအတွက်ဖြစ်သည်။ ကုန်သည်အဖွဲ့၏ အလုပ်သမားများသည် စိတ်ရှိတိုင်း မရယူနိုင်ပေ။ ခြင်္သေ့အတွက် ဝေစုကို ခေါင်းဆောင်ကြီးငါးဦးကို ပေးရသည်။ ထို့နောက် လုပ်သက်ရင့်အလုပ်သမားများကို ပေးရသည်။ သက်တမ်းနုသော အလုပ်သမားအသစ်လေးများ ရရှိသည့်ပမာဏမှာ အလွန်နည်းပါး၏။

သို့သော် ချန်ကျဲ့၏လက်ဆောင်ဖြစ်သော ပြောင်းဆန်နှင့်ဆီတို့သည် အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်သောအရာဖြစ်ပေသည်။

ပြောင်းဆန်မျှသာ ဖြစ်သည့်တိုင် ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများအတွက်မူ အလွန်ရက်ရောသည့် လက်ဆောင်ကြီးဖြစ်ပေသည်။

ရက်ရောစွာဖြင့် လက်ဆောင်ပဏ္ဍာပေးခြင်းမည်သော ချန်ကျဲ့၏နည်းဗျူဟာကျကျ လုပ်ဆောင်ချက်သည် စင်အောက်ရှိ လူအုပ်ကြီး၏ အတိုက်အခံစိတ်သ‌ဘောထား အလုံးစုံကို အရည်ဖျော်ပစ်လိုက်လေသည်။

ချန်ကျဲ့သည် မြစ်ကင်းလှည့်ရာထူးအချို့ကို ဖြတ်ယူခဲ့သည်။ သို့သော် ၎င်းရာထူးသည် လုပ်သက်ရင့်အလုပ်သမား ၅ဦး၊ ၆ဦးခန့်သာ ရနိုင်ခြေရှိသော ရာထူးဖြစ်သည်။ အလုပ်သမားအများစုအတွက်မူ ဘာမျှ မကွာခြားသွားပေ။

ခုနက ထွက်ပေါ်လာသော အတိုက်အခံသဘောထားသည် မတရားဟု ခံစားရသောကြောင့်သာဖြစ်ပြီး ဆွေမျိုးကောင်းစားရေးဝါဒအပေါ် တုံ့ပြန်သည့် သဘာဝအလျောက် တုံ့ပြန်မှုသာ ဖြစ်သည်။

သို့သော် ချန်ကျဲ့သည် သူတို့ကို လက်ဆောင်များပေးအပ်လေရာ စိုးရိမ်ပူပန်မှုများ ပျောက်ဆုံးသွားရ၏။ သဘာဝအလျောက်တုံ့ပြန်မှုသည် သကြားရည်လောင်းထားသော အမြှောက်ဆန်များ၏ တိုက်စားခံလိုက်ရလေသည်။

ထိုမြစ်ကင်းလှည့်သမားရာထူးသည် ဘယ်သောအခါမျှ သူတို့ဦးခေါင်းပေါ်တွင် ရှိနေခဲ့ခြင်း မဟုတ်ခဲ့။ ချန်ကျိုစစ်သည် မိမိတို့ကို ရက်ရက်ရောရောလက်ဆောင်ကြီးများ ပေးခဲ့သေးသည်။ အရေးအကြီးဆုံးအချက်သည် အကျိုးအမြတ်ရရှိခြင်းဖြစ်၏။ ထိုသက်ကြားအိုကြီးများ စိတ်ကောင်းခြင်း၊ မကောင်းခြင်းမှာ သူတို့နှင့် မသက်ဆိုင်ပါချေ။

ငါတို့က အဲဒါကို ဘာလို့ဂရုစိုက်နေရမှာလဲ။ အခွင့်အလမ်းရလည်း သူတို့က ငါတို့ကို မျှဝေပေးမှာမှ မဟုတ်တာပဲ။ ငါတို့က ဘာလို့ သူတို့ကို စာနာသနားပေးနေရမှာတုန်း?

ချန်ကျဲ့သည် သေချာခွဲခြမ်းစိတ်ဖြာ၍ သူတစ်ပါး၏ စိတ်နှလုံးကိုသိမ်းပိုက်သည့် နည်းဗျူဟာသည် ဆန့်ကျင်သူအရေအတွက်အား လုပ်သက်ရင့်အလုပ်သမား အနည်းငယ်သာ ကျန်ရစ်တော့သည်အထိ လျှော့ချပစ်နိုင်ခဲ့သည်။

ချန်ကျဲ့သည် ထိုအလုပ်သမားအိုကြီးများကို လုံးဝထည့်မတွက်ပါချေ။ အင်အားအရယှဉ်သော် သူသည် သိုင်းပညာရှင်တစ်ဦးဖြစ်၏။ ထိုအလုပ်သမားအိုကြီးများမှာမူ သာမန်လူများထဲမှ အကောင်းဆုံးမျှသာဖြစ်ကြ၏။ သူ၏ပြိုင်ဘက် လုံးဝမဟုတ်ပေ။

နောက်ခံအင်အားအရယှဉ်သော် သူ့ကို ပိုင်မိသားစုမှ ထောက်ပံ့ပေးနေသည်ဖြစ်၏။

သူတို့မှာသာ နောက်ခံကောင်းကောင်းရှိရင် ရာထူးတိုးကုန်တာ ကြာရောပေါ့။ ဒီနေ့ဒီအချိန်အထိ စောင့်ဆိုင်းနေရပါ့မလား။

ပြီးတော့ ငါ့မှာ အပြောင်းအလဲကြီးတွေ မဖြစ်ခင် ကြိုအသိပေးမယ့် အချက်အလက်ပေးတဲ့စနစ်ရှိတယ်။ ဒီမြစ်ကင်းလှည့်သမားရာထူးကိုတော့ ငါခိုင်ခိုင်မာမာ ယူထားနိုင်မှာပဲ။

ထို့ပြင် ချန်ကျဲ့သည် မြစ်ကင်းလှည့်သမားရာထူးကို အလွန်‌‌နှစ်ခြိုက်ပါ၏။

အလုပ်နည်းတယ်၊ တာဝန်ယူရတာ နည်းတယ်၊ လစာကောင်းတယ်၊ ဒီလိုအလုပ်မျိုးကို ဘာတွေများ ထပ်တောင့်တရပါဦးမလဲ။

အကျဉ်းချုပ်မိတ်ဆက်ခြင်းကဏ္ဍပြီးနောက်၌ ချန်ကျဲ့သည် ရှောင်ဟူနှင့်အတူ ဆန်နှင့်ဆီများကို စတင်ပေးဝေသည်။ ခေါင်းဆောင်များသည် အချင်းချင်း အကြည့်ချင်းဖလှယ်နေကြ၏။ တတိယခေါင်းဆောင်မှ သင်္ဘောခေါင်းဆောင်ကြီးကို ပြောသည်။

“မကောင်းတဲ့ ရှေ့ပြေးနိမိတ်ပဲ!”

သင်္ဘောခေါင်းဆောင်ကြီးမှ တခစ်ခစ်ရယ်မောသည်။

“ကောင်းတယ်၊ စိတ်အားထက်သန်တဲ့ လူငယ်လေးပဲ အရမ်းကောင်းတယ်!”

ထိုစဉ် ချန်ကျဲ့သည် ခေါင်းဆောင်များအတွက် အထူးပြင်ဆင်လာခဲ့သည် လက်ဆောင်များကို ယူလာပေးနေခဲ့သည်။

“သင်္ဘောခေါင်းဆောင်ကြီး ကျွန်တော်က အခုကစပြီး ခေါင်းဆောင်ကြီးရဲ့ အတောင်တွေအောက်ကို ဝင်ရောက်ခဲ့ပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂရုစိုက်ပေးပါဗျ”

သင်္ဘောခေါင်းဆောင်ကြီးသည် ချန်ကျဲ့ကမ်းပေးလာသည့် လက်ဆောင်များကိုကြည့်၍ ဝမ်းသာအားရပြုံးရယ်သည်။

“ဟားဟားဟား… ဒါပေါ့ ဒါပေါ့ မင်းကြည့်လေ၊ မင်းက ငါ့အတွက် လက်ဆောင်တောင် ယူလာပေး‌ခဲ့တာ အရမ်းကြင်နာလွန်းနေပါပြီ ကြင်နာလွန်းနေပြီ…”

All Chapters