← Chapters

မြစ်ကင်းလှည့်ခြင်း

Vol. 6 Ch. 74

မြစ်ကင်းလှည့်ခြင်း

Vol. 6 Ch. 74

ဘုတ်…

သင်္ဘောခေါင်းဆောင်ကြီး၏ အခန်းထဲ၌ သင်္ဘောခေါင်းဆောင်ကြီးသည် ချန်ကျဲ့ပေးခဲ့သော လက်ဆောင်ကို မြေပြင်သို့ ပစ်ချလိုက်သည်။

သူ၏မျက်နှာသည် မှုန်မှိုင်းနေ၏။

“မြစ်အထက်က နဂါးပဲ!”

သင်္ဘောခေါင်းဆောင်ကြီးသည် ထိုင်ခုံတွင်ထိုင်၍ မျက်ခုံးနှစ်လွှာမှာ တွန့်ချိုးနေသည်။

မကြာမီ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ထို့နောက် အသက်သုံးဆယ်ဝန်းကျင်ခန့် အမျိုးသားတစ်ယောက် ဝင်လာသည်။

“သင်္ဘောခေါင်းဆောင်ကြီး …”

“တံခါးအရင်ပိတ်လိုက်ဦး”

အမျိုးသားသည် စကားတစ်ဝက်တစ်ပြက်ဖြင့် ရပ်တန့်သွားပြီး တံခါးလှည့်ပိတ်သည်။ ထို့နောက် သင်္ဘောခေါင်းဆောင်ကြီးကို စကားဆက်ပြောသည်။

“သင်္ဘောခေါင်းဆောင်ကြီး မြစ်ကင်းလှည့်သမားရာထူးကို ကျွန်တော့်ကိုပေးဖို့ သဘောတူထားတယ် မဟုတ်ဘူးလား”

သင်္ဘောခေါင်းဆောင်ကြီးသည် မျက်လုံးအိမ်တို့ မှေးကျုံ့ထား၏။

“ဦးစီးမှူးရဲ့စီမံခန့်ခွဲမှုကို ငါက ဘာလုပ်နိုင်မှာလဲ”

“ဒါပေမဲ့…”

အမျိုးသားသည် မကျေမချမ်းခံစားနေရသော်ငြား သူ၏အကျပ်အတည်းကို ထုတ်ဖော်မပြောနိုင်ချေ။

သင်္ဘောခေါင်းဆောင်ကြီးသည် ထိုအမျိုးသားကို ကြည့်လာ၏။

“ဒါပေမဲ့ ဘာဖြစ်လဲ။ မင်းက ငါ့ကို ပိုက်ဆံကျယူပြီး အလုပ်ကျ ဖြစ်မြောက်အောင် မလုပ်ပေးဘူးလို့ ပြောချင်နေတာလား”

“သင်္ဘောခေါင်းဆောင်ကြီး အဲဒီလိုမဟုတ်ရပါဘူး။ ကျွန်တော်က ဒီတိုင်း… ကျွန်တော့်မိသားစုကို ဘယ်လိုရှင်းပြရမယ် မသိလို့ပါ။ ကျွန်တော်တို့မှာ ဒီမြစ်ကင်းလှည့်သမားရာထူးအတွက် လယ်ကွက်၃ဧက ရောင်းလိုက်ရတာဗျ။ ကျွန်တော် အဲဒီရာထူးကို မရလိုက်ဘူးဆိုတာကိုသာ မိသားစုတွေ သိသွားရင်…”

ဘုန်း!

ငွေထုပ်တစ်ထုပ် စားပွဲပေါ်ကျလာ၏။

ဟမ်?

အမျိုးသားသည် စား‌ပွဲပေါ်ရှိ ငွေထုပ်ကိုကြည့်နေသည်။

သင်္ဘောခေါင်းဆောင်ကြီး : “အဲဒါကိုယူပြီး ထွက်သွားလိုက်တော့!”

အမျိုးသားမှာ ကြောင်အနေသည်။ သင်္ဘောခေါင်းဆောင်ကြီးမှ စူးရှစွာထပ်ပြော၏။

“အခုထွက်သွားစမ်း!”

“သင်္ဘောခေါင်းဆောင်ကြီး ကျွန်တော် အဲဒီလိုမရည်ရွယ်ပါဘူး။ ကျွန်တော်က…”

“ငါမင်းကို ငါကိုယ်တိုင် ကန်ထုတ်ရမှာလား”

ထိုအခါ အမျိုးသားသည် ငွေထုပ်ကို လက်လှမ်းလိုက်သည်။ သို့သော် တစ်ဖန်ပြန်လည်စဉ်းစားပြီးနောက်တွင်မူ လက်ပြန်ရုပ်သိမ်းလိုက်သည်။

“ ကျေးဇူးပြုပြီး သင်္ဘောခေါင်းဆောင်ကြီး ကျွန်တော့်ကိစ္စကို ပိုအာရုံစိုက်ပေးပါဦး…”

ထိုသို့ပြောပြီးနောက် အမျိုးသားသည် အခန်းထဲမှ ထွက်သွားခဲ့သည်။

ထိုအမျိုးသားထွက်ခွာသွားသည်ကိုကြည့်လျက် သင်္ဘောခေါင်းဆောင်ကြီးသည် စကားမဆိုပေ။ သို့သော် မှုန်မှိုင်းနေသည့် မျက်နှာအမူအရာသည်တော့ ပျောက်ကွယ်မသွားသေးပေ။

တကယ်တမ်းဆို‌ရသော် သူသည် မြစ်ကင်းလှည့်သမားရာထူးကို ဂရုမစိုက်ပါချေ။ ချန်ကျိုစစ်၏ နည်းဗျူဟာများကြောင့် စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

အခုမှ ငါးဖမ်းကုန်သည်အဖွဲ့ထဲ ရောက်ရုံရှိသေး အဲဒီချန်ကျိုစစ်က လူတွေရဲ့စိတ်ကိုသိမ်းပိုက်လိုက်ပြီ။ သူ့ရဲ့ရည်မှန်းချက်က သေးသေးလေး မဟုတ်နိုင်ဘူး။

ထို့ကြောင့်ပင် သူသည် ချန်ကျဲ့အား မြစ်အထက်က နဂါးဟု ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပေသည်။

ရည်မှန်းချက်ကြီးမားတာ ပေါ်လွင်လွန်း‌နေရော!

ချန်ကျဲ့၏ အလားအလာ၊ နောက်ခံအင်အားနှင့် ကြံရည်ဖန်ရည်တို့ကြောင့် သင်္ဘောခေါင်းဆောင်ကြီးသည် ခြိမ်းခြောက်မှုတစ်ရပ် ခံစားလိုက်ရ၏။

ချန်ကျိုစစ်က အခုနေ အားနည်းနေသေးရင်တောင်မှ ဝူကျုံးကလည်း ခဏနေရင် အငြိမ်းစားယူတော့မယ့်သူ မဟုတ်ဘူး။

ချန်ကျိုစစ်က အခုလောလောဆယ်မှာ ငါ့နေရာအတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ နောင်သုံးနှစ်ကြာပြီးရင်ရော? နောင်ငါးနှစ်မှာရော? နောင်ဆယ်နှစ်မှာရော?

သင်္ဘောခေါင်းဆောင်ကြီးသည် မိမိမှာ တစ်ချိန်ချိန်တွင် ဝူကျုံး၏နေရာကို အစားထိုးနိုင်ရန် စိတ်ကူးမျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ချန်ကျဲ့ရှိနေလျှင် သူ၏ရာထူးနေရာမှာ မတည်ငြိမ်နိုင်တော့ပေ။

၎င်းသည် သူစိတ်အခြေအနေဆိုးရွားနေရသည့် အကြောင်းအရင်းဖြစ်ပါ၏။

…

“ညီနောင်ကျိုစစ် ဒီလှေက မင်းရဲ့ကင်းလှည့်ရေယာဉ်ပဲ။ မင်းလှေလှော်တတ်တယ်မလား”

ပဉ္စမခေါင်းဆောင်သည် ‌ချန်ကျဲ့ကို သူ၏အလုပ်တာဝန်နှင့် မိတ်ဆက်ပေးနေသည်။

ပဉ္စမခေါင်းဆောင်သည် ချန်ကျဲ့ကို သဗ္ဗန်တစ်စင်းပေါ်သို့ ဦးဆောင်ခေါ်သွားနေ၏။ မြစ်ကင်းလှည့်လှေများသည် အရှိန်နှုန်းလျင်မြန်ရန် လိုအပ်သည်။ သဗ္ဗန်တစ်စင်းသည် လှေတစ်စင်းထက် ပို၍လျင်မြန်သောကြောင့် ကင်းလှည့်ရန်အတွက် ပိုမိုသင့်တော်သည်။

ပဉ္စမခေါင်းဆောင်သည် မြစ်ကင်းလှည့်အလုပ်တာဝန်အကြောင်းကို ရှင်းပြသည်။ မြစ်ကင်းလှည့်ခြင်းအလုပ်သည် နာမည်အတိုင်းပင် မြစ်တစ်လျှောက် လှေလှော်ကင်းလှည့်ရသည်။ အထူးသဖြင့် ငါးခိုးမှုမှ ကာကွယ်ရန်အတွက် ဖြစ်၏။ အခွန်ဆောင်သည် ပုံမှန်ငါးဖမ်းသမားများသည် သူတို့၏လှေများတွင် “ငါး”ဟု ရေးသားထားသည့် အဝါရောင်အလံရှိသည်။ ထိုအလံမရှိဘဲ ငါးဖမ်းရဲသည့် ငါးဖမ်းလှေ‌တိုင်းကို ခိုးယူသည်ဟု သတ်မှတ်သည်။ ဖမ်းမိပါက ပြင်းထန်လှစွာသော နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။

သူတို့ကို ဘယ်လိုကိုင်တိုင်ဖြေရှင်းသလဲအတွက်မူ ကုန်သည်အဖွဲ့အား ဂုဏ်သိက္ခာရှိသောအဖွဲ့အစည်းဟု အထင်မမှားသင့်ပေ။ သူတို့ အစစ်အမှန်လုပ်ဆောင်နေကြသည်မှာ ငါးကုန်သည်သူဌေး၏ စီးပွားရေးလုပ်ငန်းဖြစ်သည်။ ငါးခိုးရဲလျှင် ဦးစွာ ရိုက်နှက်ကြလိမ့်မည်။ ထို့နောက် ဒဏ်ကြေးတောင်းခံမည်။ ငါးခိုးသူ၏မိသားစုအား ကျိန်းသေပေါက်ကြီး ထိပါးလိမ့်မည်တော့ မဟုတ်ပေ။ သို့သော် ငါးသူခိုးအား သေချာပေါက် တစ်နည်းမဟုတ် တစ်နည်းဖြင့် အရေခွံဆုတ်ကြပေလိမ့်မည်။

ရှင်းပြသည်ကို နားထောင်ပြီးနောက် ချန်ကျဲ့ မြစ်ကင်းလှည့်အလုပ်တာဝန်ကို နားလည်သွားခဲ့သည်။

အခြေခံအားဖြင့်ဆိုရသော် ရေပိုင်နက်လုံခြုံရေးဝန်ထမ်းဖြစ်၏။

အထူးသဖြင့် ၎င်းသည် ကန့်သတ်ထားသော အလုပ်ပမာဏ မရှိပေ။ ဆိုလိုသည်မှာ မြစ်ထဲတွင် လူရှိသ၍ အေးအေးဆေးဆေးလှေလှော်ကာ မိမိ၏အလုပ်တာဝန်ကို လုပ်ဆောင်နေရမည်ဖြစ်သည်။

တကယ့်ကို ကောင်းမွန်လိုက်လေခြင်း!

အကယ်၍များ ငါ့ကို အခွန်ကောက်ခံခြင်းတာဝန်ကိုသာ ပေးလိုက်ရင် ငါဘယ်လိုများ ငါးဖမ်းတာနဲ့ သိုင်းပညာလေ့ကျင့်တာတွေ လုပ်ရပါတော့မလဲ။

အခုတော့ ဘယ်အရာမှ မလုပ်ဘဲဖယ်ထားရမှာ မရှိဘူး။

ပြီးတော့လည်း မြစ်ကင်းလှည့်နေချိန်မှာ ကိုယ့်ရဲ့ငါးဖမ်းကိရိယာတွေ ယူလာပြီး ဆန္ဒရှိသလို မကြာမကြာ ငါးနည်းနည်းလောက် ဖမ်းလို့ရသေးတယ်။ အဲဒီလိုလုပ်လို့ ဘယ်သူမှလည်း လာနှောင့်ယှက်မှာ မဟုတ်ဘူး။

ချန်ကျဲ့သည် အလုပ်တာဝန်အကြောင်း အချက်အလက်များကို နားထောင်ပြီးနောက် ရှောင်ဟူနှင့်အတူ မြစ်တစ်လျှောက်စစ်ဆေးရန် ထွက်လာခဲ့သည်။

သူတို့နှစ်ဦးသည် မျန့်‌ရွှေမြစ်တွင် ကြီးပြင်းလာခဲ့ကြခြင်းဖြစ်‌ေလရာ ရေကူးတော်ကြသည်။ ထို့ပြင် သဗ္ဗန်လေးသည် ပဲ့ကိုင်ရသည်မှာ လွယ်ကူသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် အတော်လေးမြန်ဆန်စွာပင် အသားကျသွားခဲ့သည်။

ပဉ္စမခေါင်းဆောင်ကို အကြောင်းကြားပြီးနောက် သူတို့နှစ်ဦးသည် ရွက်လွှင့်ထွက်ခဲ့ကြသည်။

ခရီးစဉ်တစ်လျှောက်၌ ရှောင်ဟူသည် တက်မကို ကိုင်ထားသည်။ ချန်ကျဲ့သည်တော့ သူ၏ငါးမြှားတံဖြင့် စတင်ငါးဖမ်းသည်။

မျန့်ရွှေမြစ်ကို ငါးဖမ်းခြင်းအတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်လိုက်ပြီးနောက်တွင် ငါးများ ပေါများလာသည်ဟု ဆိုနိုင်ပေသည်။ အချိန်ခဏလေးအတွင်း၌ပင် ချန်ကျဲ့သည် အိမ်ပြန်ပြီးချက်စားရန် အကောင်းဆုံးဖြစ်သော ငါးကြင်းအသေးလေးများ အတော်များများ ဖမ်းမိခဲ့သည်။

ထိုအချိန်အတွင်း ချန်ကျဲ့သည် မြစ်ထဲတွင်ငါးဖမ်းနေသည့် တံငါသည်များကိုလည်း တွေ့ခဲ့သည်။

တံငါသည်များသည် ချန်ကျဲ့၏မြစ်ကင်းလှည့်လှေကြောင့် ထိတ်လန့်ကုန်ကြသည်။ ချန်ကျဲ့ ချဉ်းကပ်လာသောအခါ တံငါသည်အများစုသည် ချည်နှောင်ထားသည့် ကြေးဒင်္ဂါးအချို့ကို ချန်ကျဲ့၏လှေပေါ်သို့ ပစ်တင်ပေးကြသည်။

အများကြီးတော့ မဟုတ်ပေ။ ဆယ်ပြားသာ ဖြစ်၏။

အချို့သော တံငါသည်များသည် ချန်ကျဲ့ကိုမြင်သောအခါ မျက်နှာပျက်သွားကြ၏။ ချန်ကျဲ့ သူတို့နှင့် နီးကပ်လာသောအခါ တောင်းပန်ကြလေသည်။

“မြစ်ကင်းလှည့်အစ်ကိုကြီးရယ် ကျွန်တော် အခုမှ ငါးစဖမ်းတာပါ။ မနေ့ကလည်း သိပ်မဖမ်းမိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်လောက်လေး လွှတ်ပေးလို့ရမလား”

ထိုအခါမှသာ ချန်ကျဲ့သည် မြစ်ကင်းလှည့်အလုပ်၏ သဘောသဘာဝကို အပြည့်အဝ နားလည်သွားတော့သည်။

ငါးဖမ်းကုန်သည်အဖွဲ့၏ ထိန်းချုပ်နိုင်မှုနှင့် တင်းကျပ်သော ကိုင်တွယ်မှုများကြောင့် များသောအားဖြင့် မြစ်ထဲတွင် ငါးခိုးဖမ်းရဲသူ မရှိပေ။

ထို့ကြောင့် မြစ်ကင်းလှည့်သမားများသည် တစ်နှစ်ပတ်လုံး ငါးခိုးဖမ်းသူ တစ်ယောက်တစ်လေ‌မျှ မတွေ့ခဲ့ခြင်းမှာ ယုတ္တိရှိ၏။

သို့သော် မြစ်ကင်းလှည့်သမားများ၏ အလုပ်တာဝန်၌ အခြားရှုထောင့်တစ်ခုလည်း ရှိသေးပေသည်။ ၎င်းမှာ “ကျေးဇူးလက်ဆောင်ငွေ”ကောက်ခံခြင်းဖြစ်သည်။

မြစ်ကင်းလှည့်လှေ ထွက်ခွာလာသည်နှင့် ကြုံတွေ့ရသည့် တံငါသည်များမှာ ကံဆိုးသည်ဟု ဆိုနိုင်ပေသည်။ မိမိ၏ဆန္ဒအလျောက် ကျေးဇူးလက်ဆောင်ငွေအဖြစ် ဆယ်ပြားထုတ်ပေးခြင်းဖြင့် မည်သည့်ပြဿနာမျှ မဖြစ်ရန် ရှောင်ရှားနိုင်ပေသည်။

မြစ်ကင်းလှည့်သမားများနှင့် မဆုံတွေ့သူများသည် သူတို့၏ကံကောင်းမှုကြယ်လေးများ စီတန်းနေသည်ဟု သတ်မှတ်နိုင်ပေသည်။

ဤသည်မှာ မြစ်ကင်းလှည့်ခြင်းအလုပ်တာဝန်၏ အဓိကဝင်ငွေလမ်းကြောင်းဖြစ်သည်။ မြစ်ထဲတွင် ရှိနေရုံမျှနှင့် အထက်မှ ဖြတ်ယူလိုက်ခြင်းပင်။

အလုပ်၏သဘောသဘာဝကို နားလည်လိုက်ပြီးနောက်၌ ချန်ကျဲ့သည် ပိုက်ဆံများကို တံငါသည်များသို့ ပြန်ပေးခဲ့သည်။ ထို့နောက် တံငါသည်များကို အခြားမြစ်ကင်းလှည့်သမားများ၏ လုပ်ဆောင်မှုကို သူမထိန်းချုပ်နိုင်ပါ၊ ဒါပေမဲ့ သူနဲ့ဆုံတွေ့ခဲ့လျှင်တော့ ပိုက်ဆံပေးဖို့ မလိုကြောင်း၊ ငါးဖမ်းခြင်းအမှုတွင်သာ အာရုံစိုက်သင့်ပါကြောင်း ပြောခဲ့သည်။

ချန်ကျဲ့၏စကားတို့ကို ကြားလိုက်ရသည်တွင် တံငါသည်အားလုံးမှာ အတိုင်းထက်အလွန် ပျော်ရွှင်သွားကြပေသည်။ သူတို့၏ဘဝတစ်လျှောက်လုံးတွင် ဤမျှကြင်နာတတ်သူအား မကြုံတွေ့ခဲ့ဖူးပါချေ။

ကျေးဇူးလက်ဆောင်ငွေ လက်မခံတဲ့ မြစ်ကင်းလှည့်သမား– အဲဒါက ဘယ်လောက်တောင် မယုံကြည်နိုင်စရာကောင်းလိုက်သလဲ။

သူတို့၏လှေ အဝေးသို့ရောက်သည်နှင့် ချန်ကျဲ့သည် ရှောင်ဟူကို မေးလိုက်သည်။

“ဟူဇစ် ငါဘာလို့ သူတို့ရဲ့ ကျေးဇူးလက်ဆောင်ငွေကို မယူလဲဆိုတာ သိလား”

ဟူဇစ်သည် အချိန်ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေသည်။

“အစ်ကိုကျိုစစ် သူတို့အတွက် စိတ်မကောင်းဖြစ်မိလို့လား”

ချန်ကျဲ့သည် အဝေး‌တစ်နေရာသို့ အတွေးနစ်မြောလျက် ငေးစိုက်ကြည့်နေသည်။

“အဲဒါလည်း နည်းနည်းပါတယ်။ ဒါပေမဲ့ ငါပိုပြီးဂရုစိုက်တာက လူရဲ့စိတ်နှလုံးပဲ”

“လူရဲ့စိတ်နှလုံးလား”

ဟူဇစ်သည် အပြည့်အစုံ နားမလည်ပေ။ ချန်ကျဲ့သည်လည်း ရှင်းမပြခဲ့။ ထိုအခိုက်အတန့်၌ အရာအားလုံးမှာ လက်လှမ်းမီနိုင်ရန် ဝေးကွာလွန်းသည်ဟု ခံစားရပေသည်။

သို့သော် ချန်ကျဲ့သည် ဟူဇစ်ကို ဝေါဟာရတစ်ခုအား သင်ပေးခဲ့ပါသည်။

“ဂုဏ်သတင်းလေ၊ ငါရှာဖွေနေတာက နာမည်ကောင်းတစ်ခုပဲ”

စုန့်ကျန်းက ဘာလို့အောင်မြင်နိုင်ခဲ့တာ ဖြစ်လိမ့်မလဲ။

ဘာလို့များ သူသွားတဲ့နေရာတိုင်းမှာ ဂုဏ်သရေရှိဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံခံရသလဲ။ ဘာလို့များ သိုင်းလောကသူရဲကောင်းတွေအားလုံးက သူ့ကို ဦးညွှတ်နှုတ်ဆက်ကြရသလဲ။

သိုင်းပညာကြောင့်လား။ ဉာဏ်ပညာကြောင့်လား။

မဟုတ်ဘူး၊ သူ့ရဲ့ဂုဏ်သတင်းကြောင့်ပဲ။

သိုင်းလောကဟူသည် ရှာဖွေသတ်ဖြတ်ခြင်း မဟုတ်ပေ။ လူအချင်းချင်း ဆက်ဆံမှုဆိုင်ရာ အဆက်အသွယ်ပင်ဖြစ်၏။

သို့ဖြင့် သ‌‌ဗ္ဗန်ငယ်လေးထက်တွင် ချန်ကျဲ့သည် မျန့်ရွှေမြစ်တစ်လျှောက် ခြေဦးတည့်ရာ လှည့်လည်သွားလာနေခဲ့ပြီး နေရာကောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ လူသွားလူလာနည်းပါးသည့် စိမ့်မြေကျွန်းတစ်ကျွန်းဖြစ်ပေသည်။ ကျူပင်များ ဝန်းရံပေါက်ရောက်နေသောကြောင့် ထိုနေရာတွင် ငါးဖမ်းပိုက်ကွန်များ ချထားရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် တံငါသည်များသည် ထိုနေရာကိုရှောင်ရှားကြသည်။ မြစ်ကင်းလှည့်သမားများသည်လည်း ရှောင်ရှားကြသည်။ မြစ်ကင်းလှည့်သမားများ၏ အလုပ်တာဝန်မှာ တံငါသည်များထံမှ ကျေးဇူးလက်ဆောင်ငွေ ကောက်ခံရန်ဖြစ်သောကြောင့် သူတို့သည်လည်း ဤကျွန်းသို့ မလာကြပေ။

သို့သော် ချန်ကျဲ့သည်တော့ ဤနေရာကို အတော်လေးနှစ်ခြိုက်မိသည်။ ဤနေရာကို သူ၏လျှို့ဝှက်အခြေစိုက်နေရာလေးအဖြစ် ပြုလုပ်နိုင်သည်။ နောက်ပိုင်းတွင် ဤနေရာ၌ သိုင်းလေ့ကျင့်နိုင်သည်။ မြစ်ကင်းလှည့်ခြင်းအတွက်မူ ထိုအဓိပ္ပာယ်မရှိသည့်အလုပ်အား ခေါင်းထဲမှ ထုတ်ထားပစ်နိုင်ပါ၏။

သူ့တွင် ခြိမ်းခြောက်ငွေညှစ်ခြင်းမှ ရရှိမည့် အကျိုးအမြတ် အသေးအဖွဲလေးများကို လိုအပ်မနေပါချေ။ လက်ရှိ ချန်ကျဲ့အတွက်မူ အချိန်သည် တန်ဖိုးအရှိဆုံးအရာဖြစ်ပေသည်။

“ဟူဇစ် ငါတို့ပြန်ရအောင်!”

ချန်ကျဲ့ ပြောလိုက်သည်။ ထို့နောက် လှေဝမ်းဗိုက်ထဲတွင် လဲလျောင်းနေသည့် သူဖမ်းမိထားသော ငါးများကိုကြည့်လိုက်သည်။ ထိုငါးများကို ဟူဇစ်နှင့် တစ်ဝက်ခွဲယူလိုက်ပါက သူတို့၏မိသားစုနှစ်ခုလုံးအတွက် ကောင်းမွန်သည့်တစ်နပ်စာကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု တွေးတောလိုက်၏။

All Chapters