← Chapters

အခွင့်အရေးကြီး

Vol. 6 Ch. 75

အခွင့်အရေးကြီး

Vol. 6 Ch. 75

“အစ်ကိုကျိုစစ် အကောင်သေးလေး‌ပဲပေးရင် ကျွန်တော့်အတွက် လုံလောက်ပါပြီ”

ချန်ကျဲ့မှ အကြီးဆုံးငါးကို သူ့ထံကမ်းပေးလာသောအခါ ဟူဇစ်သည် ထိတ်ထိတ်ပျာပျာဖြင့် ချက်ချင်း ငြင်းဆန်သည်။

ချန်ကျဲ့ ပြောလိုက်သည်။

“မင်းမရီးနဲ့ ရွေ့ရွေ့တို့က စားသောက်ချင်စိတ် သိပ်မများကြလို့ အများကြီး မစားနိုင်ကြဘူး။ မင်းက အခု ကြီးထွားနေတဲ့ အသက်အရွယ်မှာလေ၊ မင်းသာဆို တစ်အိမ်လုံး ပြောင်စင်အောင် စားနိုင်မှာကွ ဟားဟား… အဲဒါကြောင့် မင်းအတွက် ကြီးတဲ့အကောင်ပေးတာ”

“ဒါပေမဲ့ အစ်ကိုကျိုစစ်”

ရှောင်ဟူမှ ထပ်မံငြင်းဆန်သည်။ သို့သော် ချန်ကျဲ့မှ ပြောသည်။

“ကောင်းပြီ၊ ‌လှေပြန်ထားပြီး အိမ်ပြန်ကြရအောင်ပါ။ မနက်ဖြန်ကျ ငါးခြင်းတောင်းတစ်ခုလုပ်လာခဲ့ပေး။ ငါတို့နှစ်ယောက် ငါးတွေကို ဒီလိုသယ်သွားရတာ တကယ်အဆင်မပြေလှဘူး”

“ဟုတ်၊ အိမ်ပြန်ရောက်ရင် လုပ်လိုက်မယ်”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“ကောင်းတယ်။ ဒီအရည်အချင်းနဲ့ဆို မင်းက ဘယ်သွားသွား ဆာလောင်ငတ်မွတ်ရမှာ မဟုတ်ဘူး။ အို ပြီးတော့ ဟူဇစ် မနက်ဖြန်ကစပြီးတော့ မင်း ငါနဲ့အတူ လက်သီးသိုင်းလေ့ကျင့်ရမယ်”

“အမ် အစ်ကိုကျိုစစ် ကျွန်တော်က သိုင်းပညာသင်လို့ရတယ်လား?!!”

ရှောင်ဟူသည် ချန်ကျဲ့၏စကားများကို ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလေသည်။ ချန်ကျဲ့ ရယ်မောလိုက်၏။

“သေချာပေါက် သင်လို့ရ‌တာပေါ့။ မင်း သိုင်းပညာကို သေချာတတ်မြောက်ရမယ်။ အဲဒါမှ အနာဂတ်မှာ မင်းငါ့ကို ကူညီပေးနိုင်မှာ နားလည်လား”

“အမ်း အစ်ကို ကျွန်တော်နားလည်ပါပြီ”

ဟူဇစ်မှ ပြောသည်။ ချန်ကျဲ့သည် ရယ်မောနေသည်။

သူတို့နှစ်ဦးသည် အိမ်သို့ အတူပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံး၌ ရှောင်ဟူသည် အလွန်စိတ်လှုပ်ရှားနေခဲ့၏။

ငါတကယ်ပဲ မနက်ဖြန်ကျရင် သိုင်းပညာလေ့ကျင့်ရမှာလား။

လမ်းတစ်ဝက်တွင် သူတို့သည် သမားတော်ပိုင်၏နေအိမ်ကို ဖြတ်သွားရသည်။ ချန်ကျဲ့သည် ဆရာဖြစ်သူကို ဝင်ရောက်နှုတ်ဆက်သည်။ ဝူကျုံးသည် ပြန်ရောက်နေပြီဖြစ်၏။ သို့သော် အပြင်ထွက်သွားသည့် ဝူဟုန်သည် အခုထိ ပြန်မရောက်သေးပေ။ ဘယ်ရောက်နေသည်ကိုလည်း မည်သူမျှ မပြောကြပေ။

ဝူကျုံးသည် စိုးရိမ်ပူပန်နေသည်။ တစ်ခုခုမှားယွင်းသွား‌တော့မည့်အလား သူ၏ညာမျက်ခုံးသည် အပြင်းအထန် လှုပ်နေပေသည်။

ချန်ကျဲ့သည် ဝူကျုံးကို အချိန်ခဏမျှ နှစ်သိမ့်ပေးခဲ့သည်။ ထို့နောက် ဝူကျုံးက သူ့ကို အိမ်ပြန်စေသည်။ အခုအချိန်တွင် ချန်ကျဲ့အနေဖြင့် ကူညီနိုင်သည့်အရာဟူ၍ များများစားစား မရှိပါချေ။

သမားတော်ပိုင်သည် ချန်ကျဲ့ကို ဆေးမြစ်များပါဝင်သည့် ဆေးထုပ်တစ်ထုပ်ပေးလိုက်သည်။ သူ့တွင် အရေပြားသန့်စင်ဆေးရည်နှစ်ထုပ်သာ ကျန်တော့သည်ဟုလည်း ပြောခဲ့သည်။ ထိုနှစ်ထုပ်ကို အသုံးပြုပြီးနောက်၌ သူ၏အရေပြားအကန့်အသတ်တို့ကို ထိုးဖောက်သည့် အရေးကြီးအဆင့်သို့ ရောက်ရှိကာ သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိနိုင်ရန် မျှော်လင့်ထားပေသည်။

ချန်ကျဲ့သည် သမားတော်ပိုင်၏ ထိုစကားတို့ကို နားထောင်ရုံမျှသာနေခဲ့ပြီး မိမိမှာ သိုင်းပညာရှင်တစ်ဦးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်းကို မပြော‌ပြခဲ့ပေ။

ထိုအစား ဆေးထုပ်ကိုယူ၍ အိမ်ပြန်လာခဲ့သည်။

အချိန်မှာ မှောင်ရီပျိုးစပြုနေလေပြီ။ ချန်ကျဲ့ ခြံတံခါးကို တွန်းဖွင့်ဝင်လိုက်ပြီး အိမ်ရှေ့တံခါးသို့ ချဉ်းကပ်သွားခဲ့သည်။ တံခါးကို အတွင်းဘက်မှ မင်းတုံးချပိတ်ထား၏။

ဘာလို့ ဒီအချိန်ကြီးကို တံခါးမင်းတုံးချထားရတာလဲ။

ချန်ကျဲ့သည် သယ်လာသည့်ငါးကို ကျောက်တုံးတစ်တုံးပေါ် တင်ထားခဲ့၍ ပြတင်းပေါက်ဆီသို့ သွားကြည့်လိုက်သည်။ ပြတင်းပေါက်သည်လည်း တင်းတင်းကျပ်ကျပ် ပိတ်ထားလေသည်။

သို့သော် အိမ်ထဲမှ စူးယွင်ကျင်း၏အသံကို သူကြားနေရသည်။

“ရွေ့ရွေ့ မလုပ်နဲ့ မလုပ်နဲ့တော့~”

ကလေးမလေးသည် ပျော်ရွှင်စွာ ရယ်မောနေပေသည်။

“မမ ကလိ ကလိ~”

ဒီညီအစ်မတွေ ဘာလုပ်နေကြတာလဲ။

ချန်ကျဲ့မှာ လုံးဝ စိတ်ရှုပ်ထွေးသွားတော့သည်။ စူးစမ်းလိုစိတ်သည်လည်း ပို၍အားကောင်းလာ၏။ သို့သော် ဤခေတ်ကာလ၏ အိမ်ပြတင်းပေါက်များသည် စက္ကူများကပ်ထားခြင်းဖြစ်သောကြောင့် အလင်းဖြတ်မသွားနိုင်ပေ။ ထို့ကြောင့် အခန်းထဲတွင် အဘယ်သို့ဖြစ်ပျက်နေသည်အား ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ပေ။

သို့ဖြင့် ချန်ကျဲ့မှာ တစ်ယောက်ယောက်မှ သူ့အား ကလိထိုးနေသကဲ့သို့ နေမထိထိုင်မသာဖြစ်လာတော့သည်။

သူတို့ဘာလုပ်နေကြတာလဲ။

ချန်ကျဲ့ တစ်ကိုယ်တည်း တွေးတောလိုက်ပြီး တံခါးသို့ပြန်သွားကာ တစ်စုံတစ်ရာကို ရှာဖွေသည်။ ပါးလွှာသည့် ဝါးပြားတစ်ခုကို ရှာဖွေပြီးနောက် တံခါးကြားသို့ ထိုးထည့်ပြီး အပေါ်သို့ မ,တင်သည်။

မင်းတုံးကိုထိစပ်ပြီးနောက် ဖြေးညင်းစွာ ဆွဲလိုက်သောအခါ မင်းတုံးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ဒေါင်!

ထိုအသံသည် အခန်းထဲရှိ စူးယွင်ကျင်းကို သတိကပ်သွားစေခဲ့သည်။

“ရွေ့ရွေ့ အဲဒီအသံက ဘာသံလဲ”

ရွေ့ရွေ့မှာ မသေချာပေ။

“ရွေ့ရွေ့ ဘာမှမကြားမိပါဘူး။ မမ တော်တော့ ယားတယ်~”

“ဘာကို ယားတာလဲ။ ‌ပုံစံကဖြင့် ရွှံ့ပေလူးနေတဲ့ မျောက်ပေါက်လိုဖြစ်နေပြီကို၊ ရေတွေလည်း ညစ်ပတ်ကုန်ပြီလေ!”

ကလေး‌မလေးသည် စူပုတ်သွား၏။

“ရေက အစတည်းက ညစ်ပတ်နေတာပါနော်”

“ပေါက်ကရတွေ.. ရေက ဘယ်လိုလုပ်ပြီး အစတည်းက ညစ်ပတ်နေမှာလဲ”

စူးယွင်ကျင်းမှ ပြောသည်။ ထိုအခါ ရွေ့ရွေ့မှ ပြန်ပြောသည်။

“ဒါဆို မမကို‌ ရွေ့ရွေ့မေးမယ်။ မမ အညစ်ပတ်ဆုံးလို့ ထင်တဲ့အရာက ဘယ်ဟာလဲ”

စူးယွင်ကျင်းသည် မျက်မှောင်ကြီးကြုတ်လျက် အကြံအိုက်နေသည်။

“ရွေ့ရွေ့က ဘာလို့ အဲဒီလိုညစ်ပတ်တဲ့မေးခွန်းကို မေးရတာလဲ”

စူးယွင်ကျင်းသည် စိတ်ထဲ၌ ကျင်ကြီးများကို တွေးမိသွားခဲ့သည်။ သို့သော် ကလေးမလေးသည် ပျော်ရွှင်စွာဖြင့်ပင် ဆက်ပြောနေပေသည်။

“မမက အီးအီးကို အညစ်ပတ်ဆုံးလို့ ထင်‌တာမလား”

“ထွီ ထွီ အဲဒီလို မနှစ်မြို့စရာကောင်းတဲ့အကြောင်းတွေ မပြောစမ်းနဲ့”

စူးယွင်ကျင်းသည် တံတွေးထွေးချင်ယောင်ဆောင်လိုက်သည်။

ကလေးမလေးမှ ဆက်ပြောသည်။

“ဒါပေမဲ့ မမ မှားတယ်။ လောကကြီးမှာ အညစ်ပတ်ဆုံးက ရွေ့ရွေ့တို့ရှူနေတဲ့ လေပဲ”

“ဟင်?”

စူးယွင်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။

ဒီပေါက်ကရစကားတွေကရော ဘာတွေတုန်း?

“လေက ဘယ်လိုလုပ်ပြီး အညစ်ပတ်ဆုံးဖြစ်မှာလဲ”

ကလေးမလေးမှ ပြောသည်။

“မမ တံတွေးက ညစ်ပတ်လား”

“ညစ်ပတ်တယ်လေ”

“ဒါဆို တံတွေးက မမရဲ့ပါးစပ်ထဲမှ ရှိတုန်းကကျတော့ ဘာလို့ ညစ်ပတ်တယ်လို့ မထင်တာလဲ”

ဟင်?

“ဒါဆိုရင် မမ အီးအီးက ညစ်ပတ်တယ်လို့ထင်လား”

“သေချာပေါက် ညစ်ပတ်တာပေါ့”

“ဒါဆိုရင် အဲဒါက မမရဲ့ဗိုက်ထဲမှာ ရှိနေတုန်းကကျ ဘာလို့ ညစ်ပတ်တယ်မထင်တာလဲ”

“ဒါက?”

“အဲဒါကြောင့်လေ မမရဲ့၊ သတိထားမိပြီလား။ အဲဒီတံတွေးတွေ၊ အီးအီးတွေ လေနဲ့ မထိခင်တုန်းက ရွေ့ရွေ့တို့က ညစ်ပတ်တယ်လို့ မတွေးကြဘူးလေ။ ဒါပေမဲ့ လေနဲ့ ထိသွားတာနဲ့ သူတို့က အရမ်းညစ်ပတ်တယ်လို့ တွေးကြတော့တာပဲလေ။ မမ အပြင်ထွက်လာပြီးတဲ့ အီးအီးကို လက်နဲ့ကိုင်ရဲလား”

“ငါကလား”

“ရွေ့ရွေ့တော့ ကိုင်ရဲတယ်”

စူးယွင်ကျင်းသည် ဤဆန်းကြယ်လှစွာသော မေးခွန်းကို မည်သို့ဖြေရှင်းရမည်အား စဉ်းစားနေစဉ် ကလေးမလေး၏ မှတ်ချက်ကြောင့် သူမ၏ ခုခံမှုအားလုံး ပြိုပျက်သွားရလေသည်။

“နင် ဘယ်တုန်းက ကိုင်လိုက်တာလဲ?!!”

“ရွေ့ရွေ့… ရွေ့ရွေ့က နောက်နေတာပါ…”

စူးယွင်ကျင်း၏ ခုခံမှုအလုံးစုံမှာ နောက်တစ်ကြိမ် ပြိုပျက်သွားရပြန်သည်။ သူမသည် ကလေးမလေးကို ဆွဲ‌ယူ၍ နောက်တစ်ကြိမ် တိုက်ချွတ်သန့်စင်လိုက်သည်။ အထူးသဖြင့် ထိုအငြိမ်မနေသည့် လက်ကလေးများကိုဖြစ်၏။ ကလေးမလေး၏ ထိုလက်ကလေးများသည် အမြဲလိုလို ညစ်ပေနေသည်ဟု ခံစားရပေသည်။

ထိုအခိုက်အတန့်၌ ချန်ကျဲ့ အိမ်ထဲသို့ဝင်လာသည်။

ဗွမ်း ဗွမ်း…

ရေစီးကျသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ချန်ကျဲ့ အိမ်ထဲသို့ တိတ်တိတ်လေး ဝင်လာခဲ့သည်။ ထို့နောက် ရေချိုးကန်ထဲတွင် ကျောခိုင်းထားသည့် အနေအထားဖြင့် အဝတ်ဗလာကျောပြင်ကို မြင်တွေ့လိုက်ရသည်။ သူမ၏ ကျောပြင်လေးမှာ သက်တမ်းရင့်ကျောက်စိမ်းဖြူကဲ့သို့ ဖြူလွကြည်စင်လှပေသည်။

သူမ၏ ရေစိုနေသော ဆံနွယ်လေးများသည် အဆုံးအစမဲ့သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။

ထိုအခိုက်အတန့်၌ စူးယွင်ကျင်းသည် ကလေးမလေး၏ ကိုယ်လုံးတီးလေးကို အဝတ်တစ်စဖြင့် စိတ်အားထက်သန်စွာ ချေးတွန်းပေးနေခဲ့သည်။

ထိုစဉ် ကလေးမလေးသည် ချန်ကျဲ့ကို မြင်သွားပြီး အော်ဟစ်လေသည်။

“အစ်ကိုကြီး ရွေ့ရွေ့ကို ကယ်ပါဦး!”

ဟင်!

စူးယွင်ကျင်းသည် ထိတ်ထိတ်ပျာပျာဖြင့် လှည့်ကြည့်လိုက်ရာ ချန်ကျဲ့ကို မြင်သွားတော့သည်။

ထိုအခါ ချန်ကျဲ့မှာ သူ၏ရှေ့တူရူရှိ မြင်ကွင်းကြောင့် ဆွဲဆောင်ခံလိုက်ရပေသည်။

အရမ်းဖြူ အရမ်းကြီးတာပဲ~

“အား!”

စူးယွင်ကျင်းသည် သူမ၏ရင်သားတို့ကို လက်ဖြင့် အလျင်အမြန် ဖုံးလိုက်သည်။ ကလေးမလေးသည်တော့ အော်ပြောနေ၏။

“အစ်ကိုကြီး ရွေ့ရွေ့ကို ကယ်ပါဦး~ မမက ရွေ့ရွေ့ကို အသက်ရှင်လျက် အရေခွံဆုတ်တော့မယ်!”

စူးယွင်ကျင်းသည် လက်တစ်ဖက်ဖြင့် ကလေးမလေးကို ရေချိုးကန်ထဲသို့ ပြန်တွန်းထည့်လိုက်သည်။ သို့ဖြင့် ကလေးမလေးကို လက်တစ်ဖက်သာ မြင်နိုင်တော့လေသည်။

ချန်ကျဲ့ သူ၏အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရယ်မောလိုက်သည်။

“ဘာလို့ ဖုံးနေသေးတာလဲ။ မင်းတောင် ကိုယ့်ရဲ့ တစ်ကိုယ်လုံးကို မြင်ဖူးနေပြီပဲဟာ ကိုယ်ကရော ဘာလို့ မင်းကို ကြည့်လို့ မရရမှာလဲ”

စူးယွင်ကျင်းမှာ ရေနွေးပူလောင်မြိုက်သည့်အလား နီမြန်းသွားရသည်။ ဤမြင်ကွင်းမှာ အလွန်တရာ ရှက်ရွံ့ဖွယ်ကောင်းလှပေသည်။

“ယော… ယောက်ျား ရှင်ဘာလို့…”

ချန်ကျဲ့ ပြောလိုက်သည်။

“ရပြီ၊ ကိုယ့်ကို ဂရုစိုက်မနေနဲ့။ မင်း ရေဆက်ချိုးနေ၊ ဒီနေ့ ကိုယ်ထမင်းချက်လိုက်မယ်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ငါးစွပ်ပြုတ်ချက်ဖို့ ပြင်ဆင်ရန်အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ ချန်ကျဲ့သည် လှည့်ထွက်ခဲ့ပြီးနောက် ပြန်လှည့်ကြည့်သည်။ သူ၏အကြည့်များသည် စူးယွင်ကျင်း၏ကိုယ်လေးအား မလွှဲတမ်း ကျူးကျော်နေပေသည်။

“မိန်းမ”

“အမ်?”

“ရေ ကောင်းကောင်းချိုး၊ သေချာသန့်ရှင်းအောင်လုပ်ထား။ ကိုယ်ဒီနေ့ည မင်းကို စစ်ဆေးမယ်”

စူးယွင်ကျင်းသည် ချန်ကျဲ့အား ရှက်ကိုးရှက်ကန်းဖြင့် စိုက်ကြည့်သည်။

သူ ကလေးရှေ့မှာ ဘာတွေပြောနေတာလဲ။

ထိုစဉ် ကလေးမလေးမှ အော်ပြောသည်။

“အစ်ကိုကြီး ရွေ့ရွေ့လည်း အရမ်းသန့်ရှင်းနေပြီ။ ရွေ့ရွေ့လည်း စစ်ဆေးတာခံချင်တယ်!”

“ရွေ့ရွေ့ကတော့ မင်းရဲ့မမကိုပဲ ကောင်း‌ကောင်းစစ်ဆေးခိုင်းလိုက်ပါ”

ထိုသို့ပြော၍ ချန်ကျဲ့ နောက်လှည့်သွားပြီး တံခါးပိတ်လိုက်သည်။ ငါးစွပ်ပြုတ်အတွက် ပြင်ဆင်ရန် မီးဖိုချောင်သို့ ဦးတည်လာခဲ့သည်။ ချန်ကျဲ့၏ စိတ်အခြေအနေသည် အလွန်တရာ ကောင်းမွန်နေခဲ့၏။

ဒီနေ့ညကတော့ သာယာကြည်နူးဖွယ်လေး ဖြစ်နေတော့မှာပဲ!

…

ချန်ကျဲ့ ညအချိန်၏ သာယာကြည်နူးမှုများကို မျှော်လင့်နေစဉ် ရှန်းထောင်ရွာ၏ တောအုပ်တစ်ခုထဲတွင် ဖြစ်သည်။ လူအမြောက်အများသည် အလစ်တိုက်ခိုက်ခံရသောကြောင့် လဲကျနေကြသည်။ ဦးဆောင်သူ၅ဦးမှ အားကောင်းလှစွာသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်မှာ သူတို့သည် သာမန်လူများမဟုတ်ကြောင်း သိသာထင်ရှားလှသည်။ ထိုလူများသည် ချန်ကျဲ့ ဒီနေ့တွေ့ဆုံခဲ့သည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သခင်ကြီးများ ဖြစ်ကြသည်။

ထို့နောက် အရာရှိဝတ်ရုံဖြင့် လူတစ်ဦးမှ ပြောသည်။

“အကြီးအကဲကျန်း ခင်ဗျားရဲ့ သတင်းအချက်အလက်က သေချာရဲ့လား။ အဲဒီနီမန့်ဇစ်က ဒီရွာထဲမှာ နေနေတာလား”

“ဟုတ်တယ် စိတ်ချထားပါ။ ကျုပ်ရဲ့သတင်းက ခိုင်မာတယ်”

ကျန်းလီယဲ့မှ သေချာမှုအပြည့်ဖြင့် ပြောသည်။ ရုတ်တရက် အရာရှိဝတ်ရုံဖြင့်လူ နောက်တစ်ယောက်မှ တီးတိုးပြောလာသည်။

“ရှူး တိုးတိုး၊ တစ်ယောက်ယောက်လာနေပြီ!”

All Chapters