သူပုန်ကိုကယ်တင်၍ နတ်ကျင့်စဉ်အား ရယူခြင်း ၂
Vol. 6 Ch. 77
ချန်ကျဲ့ အိတ်နှစ်အိတ်ကို ကိုင်၍ အိမ်မှထွက်လာခဲ့သည်။ အိတ်ထဲတွင် ပေါက်စီအချို့နှင့် ရေတစ်ဘူးပါဝင်သည်။
ချန်ကျဲ့ ထွက်ခွာသွားသောအခါ စူးယွင်ကျင်းသည် စောင်ပုံထဲတွင် ကိုယ်ကိုနှစ်မြှုပ်ထားလျက် မျက်နှာလေးမှာ စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေပေသည်။
သို့တိုင် အဘယ်ကြောင့်မသိပါဘဲ မျက်နှာလေးမှာ ရုတ်ချည်းနီရဲလာပြန်သည်။ စူးယွင်ကျင်းသည် မိမိကိုယ်ကိုယ်ကြည့်၍ မထိန်းချုပ်နိုင်စွာ မကျေမနပ်ပြောလိုက်သည်။
“အသံအကျယ်ကြီးအော်နေတာ မရှက်ဘူးလားနော်~”
…
အနောက်ဘက်တောင်၌ဖြစ်သည်။ ချန်ကျဲ့သည် ဤနေရာသို့ တစ်ကြိမ်မက ရောက်ဖူးသောကြောင့် လမ်းများကို ကောင်းကောင်းသိသည်။ ထို့ကြောင့် ဝံပုလွေချောက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လရောင်သည် ဒီနေ့ညတွင် ရောင်ပြန်တောက်ပနေခဲ့သည်။ သို့မဟုတ်ပါက တောင်လမ်းကြောင်းကို သိမြင်နိုင်ဖို့ရာ ခက်ခဲနိုင်၏။
မကြာမီ၌ ချန်ကျဲ့သည် ဝံပုလွေချောက်အနီးသို့ ရောက်ရှိခဲ့သည်။ ချန်ကျဲ့ အနီးဝန်းကျင်ကို လျှောက်ပတ်ရှာဖွေကြည့်ရာ အမှန်တကယ်ပင် သစ်ပင်ကြီးတစ်ပင်အောက်၌ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအမျိုးသားသည် သစ်ပင်ကိုမှီထိုင်နေသည်။ ခန္ဓာကိုယ်မှာ ဒဏ်ရာအမြောက်အများ ဖုံးလွှမ်းနေခဲ့ကာ ဝမ်းဗိုက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ဦးခေါင်းထက်ရှိ ဝါးခမောက်သည် မျက်နှာကို ဖုံးကာထားသောကြောင့် ထိုလူအား ရှင်းရှင်းလင်းလင်း မမြင်ရချေ။
သူ သတိလစ်နေတာလား။
ချန်ကျဲ့သည် အဝေးတွင်ရပ်၍ အကဲခတ်ကြည့်နေသည်။ အချိန်အတော်ကြာသည်အထိ နီမန့်ဇစ် လုံးဝ မလှုပ်ရှားကြောင်း မြင်သောအခါမှ သတိလစ်မေ့မျောနေသည်ဟု ယူဆလိုက်ပေသည်။
ချန်ကျဲ့သည် စဉ်းစားတွေးတော၍ စိတ်ထဲတွင် အစီအစဉ်များ ကြံစည်နေသည်။ သူ သတိမရှိတဲ့အချိန် အခုနေ တိုက်ခိုက်လိုက်ရင် ငါသူ့ကို သတ်နိုင်လောက်မလား။
သို့သော် ထိုအကြံအစည်အား အလျင်အမြန်ပင် ဖယ်ထုတ်ပစ်လိုက်သည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးငါးဦး၏ ဝန်းရံတိုက်ခိုက်ခြင်းမှ လွတ်မြောက်နိုင်ခဲ့သည်ဖြစ်ရာ နီမန့်ဇစ်၏အင်အားသည် သူ၏ လက်ရှိသိမြင်နားလည်နိုင်စွမ်းထက် များစွာသာလွန်ပေလိမ့်မည်။
အရေပြားသန့်စင်ခြင်းအဆင့်ရှိ သိုင်းပညာရှင်လေးတစ်ဦးအနေဖြင့် ထိုကဲ့သို့သော အင်အားကြီးမားသည့်ပုဂ္ဂိုလ်ကြီးအား အလစ်ချောင်းမြောင်းတိုက်ခိုက်ခြင်းသည် ရလဒ်ကို မည်သို့မျှ တစ်ထစ်ချ မှန်းဆထား၍ မရနိုင်ပေ။
ထိုအခြင်းအရာကို နားလည်သဘောပေါက်ထားလျက် ချန်ကျဲ့သည် နီမန့်ဇစ်အား အလစ်ချောင်းမြောင်းတိုက်ခိုက်မည့် အကြံဉာဏ်ကို စိတ်ထဲမှ ထုတ်ပစ်လိုက်တော့သည်။
လူတစ်ယောက်သည် မိမိနှင့်သင့်တော်သည့် ဘောင်းဘီကိုသာ ဝတ်ဆင်သင့်သည်။ အရေပြားသန့်စင်ခြင်းအဆင့်သာရှိသော လူတစ်ယောက်မှ အနည်းဆုံး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိနိုင်သည့် လူတစ်ဦးကို သတ်ဖြတ်ရန်ကြိုးစားခြင်းသည် နီမန့်ဇစ်သည် သတိလစ်မေ့မျောနေသည် ထင်ရသော်ငြား စစ်မှန်သောချီစွမ်းအင်အကာအကွယ်ကဲ့သို့ တစ်ခုခုမှ သူ့အား ကာကွယ်ပေးနေနိုင်ပေသည်။ ထိုအရာမှ တန်ပြန်တိုက်ခိုက်ခဲ့ပါက တကယ့်ကို အရာအားလုံး ဆုံးရှုံးသွားရပေလိမ့်မည်။
ဒါဆို ငါသူ့ကို မသတ်ဘဲနဲ့ လမ်းညွှန်တစ်ဦး ဖြစ်ပေးလိုက်ရင်ရော?
အဲဒီစွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးငါးယောက်ကို သွားရှာပြီး သူ နီမန့်ဇစ်ကိုတွေ့ခဲ့တဲ့အကြောင်း ပြောပြလိုက်ရင်ရော?
ချန်ကျဲ့ ထိုသို့တွေးတောပြီးနောက်တွင် ၎င်းမှာ မထိုက်တန်ဟု ဆုံးဖြတ်ခဲ့သည်။
သူတို့ဆီသွားလိုက်တာက အများဆုံးမှ သူတို့ကို သတင်းပေးတယ်လို့ပဲ သတ်မှတ်ခံရမှာ။
အဲဒီအကူအညီက ပြန်ဆပ်နိုင်တဲ့အရာဖြစ်စေ၊ ပြန်မဆပ်နိုင်တဲ့အရာဖြစ်စေ၊ သူတို့က ငါ့ကို ငွေနှစ်တုံးလောက်နဲ့ နှပ်လွှတ်လိုက်ကြမှာပဲ။
ဒါပေမဲ့ ငါလိုချင်တာက ပိုက်ဆံမှ မဟုတ်နေတာ။
မဖြစ်ဘူး။
ဒါက ရှေးဟောင်းပစ္စည်းကို အမှိုက်သရိုက်ဈေးနဲ့ ရောင်းချလိုက်သလို ဖြစ်သွားလိမ့်မှာပေါ့။
အဲဒါကြောင့် အကျိုးအမြတ်အများဆုံး ရဖို့အတွက် အကောင်းဆုံးအစီအစဉ်က နီမန့်ဇစ်ကို ကယ်တင်ပေးတာပဲ။ အသက်ကယ်တင်ပေးတဲ့ ကျေးဇူးကြွေးက လူလုပ်ပစ္စည်းကောင်းလေးအချို့အဝက်နဲ့ ပြန်ပေးဆပ်လို့ မရနိုင်ဘူးမဟုတ်လား။
ထိုအတွေးဖြင့် ချန်ကျဲ့သည် နီမန့်ဇစ်၏အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့သည်။
ချန်ကျဲ့သည် တိုက်ရိုက်ကြီး အနားမကပ်ရဲသောကြောင့် ခေါ်လိုက်သည်။
“သူရဲကောင်းကြီး သူရဲကောင်းကြီ?”
တုံ့ပြန်မှုမရှိပေ။ ချန်ကျဲ့ အနည်းငယ် ထပ်မံ၍ ချဉ်းကပ်သွားလိုက်သည်။ သူ ဆောင့်ကြောင့်ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက်ဆန်လှစွာပင် ကြီးမားသည့်လက်ကြီးတစ်ဖက်သည် သူ၏လည်မျိုကို ဖိညှစ်လေသည်။
ထိုအခါ ထိုလူ၏ဝါးခမောက်သည်လည်း ဖြည်းညင်းစွာ ပင့်မြှောက်လာခဲ့၏။ ထိုအခါ သွေးဆုံးရှုံးမှုကြောင့် ဖြူဖျော့နေသည့်မျက်နှာကို မြင်တွေ့လိုက်ရပေသည်။
“မင်းလား?”
နီမန့်ဇစ်မှ အားနည်းဖျော့တော့စွာ ပြောသည်။
ထိုအခါ လည်မျိုညှစ်ခံထားရဆဲဖြစ်သော ချန်ကျဲ့မှ ပြောသည်။
“သူရဲကောင်းကြီး သူရဲကောင်းကြီး၊ ခင်ဗျားဘာလုပ်တာလဲဗျ။ ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော် အသက်ရှူလို့ မရတော့ဘူး”
နီမန့်ဇစ်သည် လက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့သည်။
“အဟွတ် အဟွတ်…”
လေအေးများ တိုးဝင်လာခြင်းနှင့်အတူ ချန်ကျဲ့ ချောင်းဆိုးသွားရသည်။ သူ၏စိတ်အစဉ်သည် ရှင်းလင်းနေပြီး ကြီးလေးသောရည်မှန်းချက်အတွက် အဆင်အခြင်ကင်းမဲ့စွာ မပြုမူခဲ့၍ တော်သေးသည်။ သို့မဟုတ်ပါက သူသည် အခုနေ နီမန့်ဇစ်၏လက်ထဲတွင် သေဆုံးနေလောက်ပေပြီ။
အစာငတ်ပြတ်နေသည့် ကုလားအုတ်သည် မြင်းတစ်ကောင်ထက်တော့ သန်မာနေဆဲပင်။
“အဟွတ် အဟွတ်… သူရဲကောင်းကြီးရယ် ခင်ဗျား လူတစ်ယောက်ကို လည်ပင်းမညှစ်ခင်မှာ အရင်ဆုံး ဘယ်သူလဲဆိုတာလေး အတည်ပြုပါဦးလား”
ချန်ကျဲ့ မကျေမနပ်ပြောလိုက်သည်။ သို့သော် နီမန့်ဇစ်သည် ဘာမျှမပြောဘဲ ချန်ကျဲ့ကို စိုက်ကြည့်နေ၏။
“မင်းက ညလယ်ခေါင်ကြီး ဒီနေရာမှာဘာလုပ်နေတာလဲ”
ချန်ကျဲ့သည် ဆင်ခြေတစ်ခု ရှာဖွေထားခဲ့ပြီးဖြစ်၏။ သူသည် တောင်တက်လမ်းတစ်လျှောက် နုတ်ယူလာခဲ့သည့် ဆေးပင်များကို ညွှန်ပြလိုက်သည်။
“ဆေးပင်ခူးနေတာ”
“ညလယ်ခေါင်ကြီးမှာ ဆေးပင်ခူးနေတာလား”
နီမန့်ဇစ်၏အမေးကို ချန်ကျဲ့မှ ပြန်လည်တုံ့ပြန်သည်။
“ကျွန်တော်က နေ့ဘက်ကို ငါးဖမ်းကုန်သည်အဖွဲ့မှာ အလုပ်သွားလုပ်ရဦးမှာ။ အဲဒါကြောင့် ညဘက်ပဲ အချိန်ရတယ်”
“အဲဒီအကြောင်းကို ထားပါဦး။ သူရဲကောင်းကြီး ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ဒဏ်ရာတွေ ရလာတာလဲဗျ”
ချန်ကျဲ့သည် နီမန့်ဇစ်၏တစ်ကိုယ်လုံး ဖုံးလွှမ်းနေသည့် ဒဏ်ရာများကိုကြည့်လိုက်သည်။ ခြစ်ရာများ၊ ဓားဒဏ်ရာများ၊ အတွင်းဒဏ်ရာများဖြင့် အပြင်းအထန် ဒဏ်ရာရထားပေသည်။
နီမန့်ဇစ် ရယ်မောလိုက်သည်။
“ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး။ ခွေးရူးတစ်အုပ်နဲ့ ပက်ပင်းတိုးခဲ့လို့ ဒီတိုင်း တစ်ယောက်ကို အလဲသိပ်ပေးလိုက်တာ။ အခုတော့ သွားသင့်ပြီ၊ သူတို့ မကြာခင် လိုက်မီလာတော့မှာ၊ အဲဒီအခါကျ အန္တရာယ်များတယ်”
ချန်ကျဲ့ ခဏမျှတွေးတောနေပြီးနောက် ပြောလိုက်သည်။
“သူရဲကောင်းကြီး အကယ်၍ ကျွန်တော် ခင်ဗျားကို မတွေ့ခဲ့ရင်တော့ ကျွန်တော် လျစ်လျူရှုနိုင်လောက်မှာပါ။ ဒါပေမဲ့ အခုကျ ကျွန်တော် ခင်ဗျားကို တွေ့တောင်တွေ့ပြီးသွားပြီးလေ။ ဘယ်လိုလုပ်ပြီး ဘာမှမလုပ်ဘဲ ဒီတိုင်းရပ်ကြည့်နေနိုင်ပါ့မလဲ”
“သူရဲကောင်းကြီး ခင်ဗျား လမ်းလျှောက်နိုင်သေးလား။ ဒီနားမှာ လိုဏ်ဂူတစ်ခုရှိတယ်။ အဲဒီကို လူသိပ်မသွားဘူး။ ခင်ဗျား အဲဒီမှာပုန်းနေလို့ရတယ်”
ထိုအခါ နီမန့်ဇစ်၏မျက်လုံးများ တောက်ပသွားခဲ့သည်။ သို့သော် နီမန့်ဇစ်သည် ခေါင်းခါရမ်း၏။
“ထားလိုက်ပါတော့။ မင်းဒီတိုင်း ထွက်သွားလိုက်တော့။ ငါမင်းကို အမှန်အတိုင်းပြောပြမယ်။ ငါက သူပုန်တစ်ယောက်ပဲ။ အစိုးရအရာရှိတွေကို သတ်ဖြတ်ပြီး တရားရုံးတော်ကို ပုန်ကန်ခဲ့တဲ့ သူပုန်ပဲ။ မင်းငါနဲ့အတူရှိနေလို့ သူတို့ ငါတို့နှစ်ယောက်ကို ရှာတွေ့သွားကြရင် မင်းလည်း သူပုန်အဖြစ် သတ်မှတ်ခံရလိမ့်မယ်။ ပုန်ကန်မှုက မင်းရဲ့တစ်မိသားစုလုံး ကွပ်မျက်ခံရနိုင်တယ်လို့ အဓိပ္ပာယ်သက်ရောက်တယ်နော်”
ချန်ကျဲ့သည် ထိုစကားများကို နားထောင်ပြီးနောက် တွေဝေသွားခဲ့သည်။
နီမန့်ဇစ်သည် သူ့ကိုယ်သူထိန်းချုပ်၍ ရှေ့ဆက်လျှောက်သွားရန် ကြိုးပမ်းသည်။
နီမန့်ဇစ် ထွက်ခွာသွားခြင်းနှင့်အတူ ချန်ကျဲ့သည် ခေါင်းမော့လာ၏။ သူ၏မျက်လုံးများ၌ တွေဝေတွန့်ဆုတ်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများ အလျဉ်းမရှိနေပေ။ နောက်ဆက်တွဲအကျိုးဆက်များအပါအဝင် အရာအားလုံးကို သူသိပါသည်။
သို့သော် ကံကောင်းခြင်းသည် ရဲရင့်သူတို့ဘက်၌ အမြဲရှိသည်ဟူသည်ကိုလည်း ပို၍နားလည်သိရှိထားပါ၏။ မစွန့်စားဝံ့ပါက အင်အားကြီးမားလာနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။
တရားရုံးတော်ကို ဖယ်ထားလိုက်ပါလေ။ ယွီစန်းလျို့သည်ပင် သူ့အား လမ်းဘေးရှိ ဆူးညှောင့်များကဲ့သို့ သဘောထား၍ သူ့အား အလွယ်တကူ ရင်ဆိုင်နိုင်ပေသည်။
သို့ဖြစ်ရာ ချန်ကျဲ့တွင် အခြားရွေးချယ်စရာမရှိပေ။ သို့သော် နီမန့်ဇစ်အား ထိုကဲ့သို့လည်း တည့်တိုးပြောပြမရနိုင်ပေ။
နီမန့်ဇစ်၏ စကားအဆုံး၌ သူချက်ချင်း သဘောတူလိုက်ပါက သံသယဖြစ်ဖွယ်ကောင်းသွားနိုင်သည်။ နီမန့်ဇစ်၏ စိုးရိမ်ပူပန်မှုနှင့် သံသယတို့ကို နှိုးဆွလိုက်နိုင်ခြေရှိ၏။
ထို့ကြောင့် ချန်ကျဲ့မှာ သရုပ်ဆောင်ရတော့သည်။ ဘဝဟူသည် ပြဇာတ်တစ်ပုဒ်ဖြစ်သည်။ အရာအားလုံးသည် သရုပ်ဆောင်မှုအပေါ်၌ မူတည်ပေသည်။
နီမန့်ဇစ်သည် ခက်ခက်ခဲခဲဖြင့် ရှေ့သို့လျှောက်နေရသည်။ ထိုစဉ် သူ၏ကိုယ်ကို ရစ်ပတ်လိုက်သည့် လက်မောင်းတစ်ဖက်ကို ရုတ်တရက်ခံစားမိလိုက်သည်။ သူ့အား လူတစ်ယောက်မှ ကူတွဲပေးလိုက်ခြင်းပင်။
“ဒီငရှုပ်ကောင်လေးတော့!”
နီမန့်ဇစ်ထံမှ အံ့အားသင့်မှုကြောင့် စကားသံထွက်ပေါ်လာသည်။ နီမန့်ဇစ်သည် ရိုးသားပွင့်လင်းကာ အားမာန်တက်ကြွဟန်သော လူငယ်လေးတစ်ယောက်အသွင်ဖြင့် ချန်ကျဲ့သည် ရှေ့သို့အပြေးဦးတည်လျှောက်လှမ်းနေသည့်မြင်ကွင်းအား မြင်တွေ့လိုက်ရသည်။
“ကျန်တာတွေမေ့ထားလိုက်တော့၊ ကျွန်တော့်ဆရာ ပြောဖူးတယ်၊ ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို တွေ့တဲ့အခါ သမားတော်တစ်ယောက်အနေနဲ့ ကျိန်းသေပေါက် ဆေးကုသပေးရမယ်တဲ့”
ထိုအခါ နီမန့်ဇစ်သည် တစ်ခစ်ခစ်ရယ်မောလေသည်။
“သမားတော်ပိုင်ကလား ဟမ်?”