သူပုန်ကိုကယ်တင်၍ နတ်ကျင့်စဉ်အား ရယူခြင်း ၃
Vol. 6 Ch. 78
ချန်ကျဲ့ ခေါင်းညိတ်သည်။ နီမန့်ဇစ်မှ ပြောသည်။
‘သူက သမားတော်ကောင်းတစ်ယောက်ပဲ”
ထို့နောက် နီမန့်ဇစ်သည် ဆက်၍ဟန်လုပ်မနေတော့ပေ။ ရှုပ်ထွေးသည့်လမ်းများကို ဖြတ်သန်း၍ လိုဏ်ဂူသို့ရောက်ရှိသည်အထိ ချန်ကျဲ့အား သူ့ကိုတွဲခေါ်စေခဲ့သည်။ လိုဏ်ဂူတစ်ခုဟု ခေါ်ဆိုရန်အတွက်မူ အနည်းငယ် ချဲ့ကားရာကျပေမည်။ ၎င်းသည် မတ်တပ်ရပ်ရန်ပင် ခက်ခဲသည့် နှစ်မီတာခန့်အနက်ရှိသော တွင်းတစ်တွင်းဖြစ်သည်။ သို့သော် ပုန်းအောင်းရန် နေရာကောင်းဖြစ်ပေသည်။
နီမန့်ဇစ်ကို နေရာချပေးပြီးနောက် ချန်ကျဲ့သည် ရေဘူးနှင့် ဂျုံကြမ်းပေါက်စီသုံးလုံးကို ထားပေးခဲ့သည်။
“ဒီမှာ သူရဲကောင်းကြီး၊ ဒါတွေအရင်စားထားနှင့်လိုက်ပါ”
“ဒါနဲ့ ကျွန်တော့်ကို ခင်ဗျားရဲ့ သွေးပေနေတဲ့ အပြင်ဝတ်လေး ပေးသုံးပါဦး”
ထိုသို့ပြောလျက် ချန်ကျဲ့သည် သွေးစွန်းနေသော အပြင်ဝတ်ကိုယူ၍ အလျင်စလို အပြင်ထွက်သွားခဲ့သည်။
သူ နီမန့်စစ်အား ကယ်တင်ရန် လိုအပ်သည်ဖြစ်ရာ သူ၏အားထုတ်မှုအား လမ်းခုလတ်တွင် ပျက်စီးသွားစေ၍ မဖြစ်ချေ။ နီမန့်ဇစ် အသက်ရှင်နေသ၍ အကျိုးအမြတ်သည် မြင့်မားနိုင်ပေသည်။
ထို့ကြောင့် အခင်းနေရာအား အနည်းငယ် ရှင်းလင်းရန် လိုအပ်၏။ ဤလိုဏ်ဂူသို့ လာရာလမ်းတစ်လျှောက်၌ ချန်ကျဲ့သည် သဲလွန်စကျန်ရစ်မှုအား နည်းနိုင်သမျှ နည်းပါးစေရန် သတိထားခဲ့သည်။
ချန်ကျဲ့ ဆက်လက်ရှာဖွေခဲ့သော်ငြား သဲလွန်စကျန်ရစ်နေခြင်း မရှိပေ။
ထိုစဉ် ချန်ကျဲ့သည် တောင်ထိပ်သို့ မော့ကြည့်လိုက်သည်။ တောင်ထိပ်တွင် တစ်နှစ်ပတ်လုံး ရစ်ဝဲနေသည့် မီးခိုးရောင်မြူခိုးလွှာများကိုသာ မြင်တွေ့နိုင်ပေသည်။
ထိုတောင်ထိပ်သို့ မည်သူမျှ ကျူးကျော်သွားရောက်ရန် မဝံ့ရဲကြပေ။
ထိုတောင်ထိပ်၌ အလွန်ကြောက်မက်ထိတ်လန့်ဖွယ်သော သတ္တဝါကြီးများ တည်ရှိသည်ဟု ဆိုကြသည်။
ထိုတောင်ထိပ်ပိုင်းသည် တားမြစ်နယ်မြေဟု ကျော်ကြားသော သာ့ပါးတောင်တန်းနှင့် ဆက်နွယ်နေသည်။ ဒဏ္ဍာရီများအရ ထိုနယ်မြေထဲတွင် အလွန်တရာကြောက်မက်ဖွယ်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးများ တည်ရှိကြပြီး ၎င်းသားရဲကြီးများသည် လူသားမျိုးနွယ်နှင့် နယ်မြေကန့်သတ်ထားသည့်အလား မြူခိုးထုဖုံးလွှမ်းရာ တောင်များပေါ်မှ ဘယ်သောအခါမျှ ဆင်းမလာကြပေ။ သို့သော် လူသားတစ်ယောက်မှ ထိုမြူခိုးထုနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပါလျှင်…
သို့ဆိုလျှင် ၎င်းသားရဲများသည် တိုက်ခိုက်ရာ၌ တရားမျှတမှုရှိသည်ဟု သတ်မှတ်နိုင်ပေသည်။ လူသားများ ထိုမြူခိုးထုနယ်မြေထဲသို့ ဝင်ရောက်ရသည့်အကြောင်းရင်းမှာ ထိုနယ်မြေထဲတွင် လူသားများလိုအပ်သည့် ကောင်းကင်ရတနာ၊ မြေရတနာများ ရှိနေသောကြောင့်ဖြစ်သည်။
ချမ်းသာကြွယ်ဝမှုသည် လူသားတို့၏စိတ်နှလုံးကို လှုပ်ကိုင်နိုင်စွမ်းရှိသည်။ ထို့ကြောင့်သာ များစွာသောလူတို့သည် ထိုမြူခိုးထုနယ်မြေထဲသို့ ဝင်ရောက်ရဲကြခြင်းဖြစ်ပေသည်။
နီမန့်ဇစ်၏ အပြင်ဝတ်ကိုကိုင်လျက် ချန်ကျဲ့သည် သူသွားခဲ့ရာ လမ်းတစ်လျှောက်တွင် လက်ရာခြေရာများ ချန်ရစ်ခဲ့သည်။ ဥပမာ သစ်ကိုင်းထက်တွင် အဝတ်ပြဲစ တစ်စ ချန်ထားခဲ့ခြင်း၊ သို့မဟုတ် သစ်ရွက်များတွင် သွေးများ ပေကျံစေခဲ့ခြင်းတို့ဖြစ်သည်။
ချန်ကျဲ့သည် ထိတ်လန့်တုန်လှုပ်နေသော လူတစ်ယောက် မြူခိုးထုနယ်မြေထဲသို့ အပြေးဝင်ရောက်သွားသည့် သဲလွန်စပုံစံများ စီစဉ်ချန်ရစ်ခဲ့သည်။
ချန်ကျဲ့သည် မီးခိုးရောင်မြူခိုးထု၏ နယ်နိမိတ်မျဉ်းသို့ လျှောက်သွားခဲ့သည်။ နယ်နိမိတ်သည် လုံးဝ ကွဲပြားခြားနားသောကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလား ရှင်းလင်းပြတ်သားစွာ ပိုင်းခြားထားပေသည်။
မီးခိုးရောင်မြူခိုးထုနယ်မြေ၏ အပြင်ဘက်တွင်ရပ်နေသည့် ချန်ကျဲ့သည် ထိုမြူခိုးထုအတွင်းမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ခံစားနိုင်ပေသည်။
လှိုင်းလုံးများကဲ့သို့ တိုက်ခတ်လာသောကြောင့် ချန်ကျဲ့သည် ထိုနေရာ၌ ရပ်နေစဉ်တွင် မိမိမှာ ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို မျက်နှာချင်းဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။
ထိုသားရဲကြီးသည် တောင်လုံးကြီးကဲ့သို့ ကြီးမားထင်ရှားကာ သွေးနီရောင်မျက်လုံးကြီးများဖြင့် ပါးစပ်ထောင့်မှလည်း သွားရည်များစီးကျလျက် သူ့အား စိုက်ကြည့်နေပြီး၊ သူသည် ထိုသားရဲကြီး၏ရှေ့မှောက်၌ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုပ်လှသည်ဟု ခံစားရပေသည်။
ဝူး ဝူး…
ချန်ကျဲ့သည် ခေါင်းခါရမ်း၍ သူစိတ်ကူးယဉ်ပုံဖော်လိုက်သည့် ထိတ်လန့်ချောက်ချားဖွယ် ပုံရိပ်ကြီးကို စိတ်ထဲမှ ဖယ်ထုတ်လိုက်သည်။
ချန်ကျဲ့သည် ထိုမြူခိုးထုကြီးထဲတွင် မည်သို့သောကမ္ဘာမျိုး တည်ရှိနေသည်အား သိချင်နေမိသည်။ သို့သော် သူသည် မိမိ၏လက်ရှိအင်အားကို ကောင်းစွာသိပါ၏။ ဤမြူခိုးထုနယ်မြေကို စူးစမ်းဖို့ရာ အလွန်တရာ ဝေးကွာလွန်းလှပေသည်။
ထိုကြောက်မက်ဖွယ်ကောင်း၍ အန္တရာယ်များသောအတွေးများကို ဖယ်ထုတ်လိုက်ပြီးနောက် ချန်ကျဲ့သည် နီမန့်ဇစ်၏ သွေးစွန်းနေသော အပြင်ဝတ်ကို မြူခိုးထုထဲသို့ အားကုန်လွှဲ၍ လွှင့်ပစ်ခဲ့သည်။ ထို့နောက်တွင် ချန်ကျဲ့သည် တောအုပ်ကြီးတစ်ခွင်သို့ ကျားတစ်ကောင်၏ အရှိန်အဝါကြီးမားသည့် ဟိန်းဟောက်သံကြီး ဖြတ်သန်းပျံ့လွင့်သွားသည်ဟု ခံစားလိုက်ရသည်။
ချန်ကျဲ့သည် ထိုနေရာတွင် ဆက်မနေဝံ့တော့သောကြောင့် အမြန်လှည့်ထွက်လာခဲ့သည်။ တောအုပ်ကို အကြိမ်ရေအနည်းငယ်မျှ လှည့်ပတ်သွားပြီးနောက်တွင်မှ လိုဏ်ဂူသို့ ပြန်လည်ဦးတည်ခဲ့သည်။
ထိုအချိန်တွင် နီမန့်ဇစ်၏ အသွေးအရောင်သည် ပို၍ပင် ဖြူဖျော့နေချေပြီ။ သို့သော် ရေဘူးထဲရှိ ရေများနှင့် ပေါက်စီသုံးလုံးမှာ အကုန်,ကုန်စင်နေခဲ့လေပြီ။
ချန်ကျဲ့သည် နီမန့်ဇစ်၏ဒဏ်ရာများကို စစ်ဆေးကြည့်ခဲ့သည်။ ဒဏ်ရာများမှာ အရမ်းကြီး မဆိုးရွားလှပေ။ ဤလူကြီးမင်းသည် သူ၏သွေးကြောများကို အချိန်မီ ပိတ်ထားခဲ့ပြီး သွေးထွက်ခြင်းကို ရပ်တန့်စေခဲ့သည်။
ချန်ကျဲ့သည် နီမန့်ဇစ်ကို နောက်တစ်ကြိမ် သွေးကြောစမ်းသပ်ကြည့်သည်။ နီမန့်ဇစ်၏ကိုယ်တွင်း၌ အလွန်တရာအေးစက်သည့် ယင်စွမ်းအင်တည်ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းယင်စွမ်းအင်သည် မနားမနေ လှည့်လည်စီးဆင်း၍ ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်နေလေရာ အသက်အန္တရာယ်ရှိလုနီးပါး မငြိမ်မသက်ဖြစ်နေခဲ့သည်။
ချန်ကျဲ့ နီမန့်ဇစ်ကို ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့ ပြင်ပဒဏ်ရာတွေကို ကုသပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက အဲဒီယင်စွမ်းအင် အအေးဓာတ်ကိုတော့ မကိုင်တွယ်နိုင်လောက်ဘူး”
ထိုအခါ နီမန့်ဇစ်မှ တခစ်ခစ်ရယ်မောလေသည်။
“ဟက် ကိစ္စမရှိပါဘူး။ အဲဒီညီနောင်ရဲ့ ရေထိန်းချုပ်လက်ဝါး၂၄ကွက်က တကယ့်ကို အထင်ကြီးလေးစားလောက်ပါပေတယ်။ ဒါပေမဲ့ သူ့ရဲ့ အတွင်းအားက သိပ်အားမကောင်းတာတော့ နှမြောစရာပေါ့လေ။ အကယ်၍ သူ့မှာ အဲဒီရေထိန်းချုပ်လက်ဝါး၂၄ကွက်နဲ့ ကိုက်ညီမယ့် သင့်တော်တဲ့ အတွင်းအားကျင့်စဉ်ရှိခဲ့ရင် ငါသူ့ကို အနိုင်တိုက်နိုင်မှာ မဟုတ်လောက်ဘူး”
“သူရဲကောင်းကြီး ဘာကိုဆိုလိုတာလဲဗျ”
ချန်ကျဲ့ မေးလိုက်သည်။ ထို့နောက် နီမန့်ဇစ်ကို စိတ်ပါဝင်စားစွာဖြင့် ကြည့်နေသည်။ နီမန့်ဇစ်မှ ပြုံးလျက် ပြန်ပြောသည်။
“ဟွမ်ကျိုးပြည်နယ်စံအိမ်တော်ရဲ့ဆက်ကြေး၊ ဟယ်ချွမ်တင်းရွှမ်း”
ဟယ်ချွမ်လား။
ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျုံ့လိုက်သည်။
ကြည့်ရတာ ဒီနာမည်က ရေပြင်တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ကို ညွှန်ပြနေသလိုပဲ။
ဟယ်ချွမ်သည် ရေနဂါးမျိုးနွယ်ဝင် ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်ပြီး အဆောက်အဦများ၏ ပုံရိပ်ယောင်များကို ဖန်ဆင်းရန်အတွက် တံလျှပ်များ မှုတ်ထုတ်နိုင်စွမ်းရှိသည်။ တောင်တန်းနှင့်ပင်လယ်များ ဂန္တဝင်မှတ်တမ်း၌ “တံလျှပ်သည် ရေနဂါးနှင့်ဆင်တူပြီး အနီ၏ရောင် လည်ဆံမွေးရှိသည်။ ခါးအောက်ပိုင်းရှိ ကြေးခွံများအားလုံးသည် အထက်ဘက်သို့ ဦးတည်နေကြကာ ပင်လယ်ပြင်ရှိ မျှော်စင်ကြီးများကဲ့သို့သော ပုံရိပ်ယောင်များကို ဖန်ဆင်းသည်”ဟူ၏။
ထိုကဲ့သို့သော အမည်သည် ထိုလူမှာ ရေပြင်တိုက်ခိုက်ရေးတွင် အလွန်တရာကျွမ်းကျင်ကြောင်း ဖော်ပြနေပေသည်။
နီမန့်ဇစ်မှ ဆက်ပြောသည်။
“အဲဒီဟယ်ချွမ်တင်းရွှမ်းက အထင်ကြီးလေးစားထိုက်တဲ့ လူတစ်ယောက်ပဲ။ ရေထဲမှာ တိုက်ခိုက်မယ်ဆိုရင် ငါသူ့ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ သူက ကုန်းပေါ်မှာ လာတိုက်ခိုက်ရတယ်ဆိုတဲ့ အချက်ကြောင့်နဲ့တော့ ငါသူ့ကို သက်ညှာမပေးနိုင်ဘူး။ ငါသူ့ကို လက်ဖဝါးတစ်ချက်နဲ့ သတ်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲဒီကောင်က သူမသေခင်မှာ ငါ့ကို ရေထိန်းချုပ်လက်ဖဝါးသုံးချက်နဲ့ ရိုက်သွားခဲ့တယ်လေ”
ထိုအခါ ချန်ကျဲ့ နားလည်သွားခဲ့သည်။ ထို့နောက်တွင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ ထိုအသံများနှင့်အတူ မီးတိုင်များလည်း ချဉ်းကပ်လာခဲ့ပေသည်။
ထို့နောက် ဒဏ်ရာရထားသည့် လူလေးဦး အပြေးရောက်လာ၍ အရပ်မျက်နှာအသီးသီးကို ရှာဖွေနေသည့်မြင်ကွင်းအား မြင်တွေ့နေရသည်။
ချန်ကျဲ့သည် သူ၏စူးရှသောအမြင်အာရုံဖြင့် ထိုလူများမှာ သူဒီနေ့တွေ့မြင်ခဲ့ရသည့် လူများဖြစ်ကြောင်း မှတ်မိနိုင်ခဲ့သည်။ ဦးဆောင်သူမှာ ဟွမ်ကျိုးအစိုးရရုံးတော်ရှိ ဖမ်းဆီးရေးအရာရှိတစ်ဦး ဖြစ်သည်။ ထိုဖမ်းဆီးရေးအရာရှိ၏မျက်နှာသည် ဒေါသအပြည့်ဖုံးနေပေသည်။ ထိုအရာရှိ၏နောက်၌ မျက်ခုံးနှစ်လွှာကို အစွမ်းကုန်တွန့်ချိုးထားသည့် အကြီးအကဲကျန်းလီယဲ့ ရှိနေသည်။
သူတို့၏နောက်၌ ချောင်ကုန်သည်အဖွဲ့ ရွေ့ကျင်းခန်းမ အရှင်သခင် တစ္ဆေလက် ကုချင်းဖုန်းဖြစ်သည်။
သူ၏ဘေးတွင် ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမအရှင်သခင် တံငါသည် ဖန်းရှစ်ကျုံးဖြစ်သည်။
ထိုလေးဦးစလုံး ဒဏ်ရာရထားသည်ကို မြင်သောအခါ ချန်ကျဲ့သည် နီမန့်ဇစ်ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားလိုက်သည်။
၎င်းကို သူရရှိထားသည့် သတင်းအချက်အလက်နှင့် ပေါင်းစည်းလိုက်သောအခါ နီမန့်ဇစ်အား စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးငါးဦးမှ အလစ်တိုက်ခိုက်ချိန်ကို ကောက်ချက်ချရန် မခက်ခဲတော့ပေ။ နီမန့်ဇစ်သည် ငါးယောက်တစ်ယောက် တိုက်ခိုက်ခဲ့ပြီး တစ်ယောက်သတ်ဖြတ်နိုင်ခဲ့ကာ ကျန်လေးယောက်ကို အပြင်းအထန်ဒဏ်ရာရစေနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရနေခဲ့သည့်တိုင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
နီမန့်ဇစ်၏အင်အားမှာ အမှန်တကယ်ပင် အံ့ချီးဖွယ်ကောင်းလှသည်ဟု ဆိုနိုင်ပေသည်။
ကြောက်ခမန်းလိလိဖြစ်၏!
ထို့ပြင် ဤကောက်ချက်အလုံးစုံသည် နီမန့်ဇစ်အား ဒဏ်ရာရထားသည့်အခြေအနေအဖြစ် ယူဆချက်အပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
သူ့ရဲ့ အထွတ်အထိပ်အခြေအနေမှာဆိုရင် ဘယ်လောက်တောင် အင်အားကြီးမားလိုက်မလဲ။
ထိုအတွေးများဖြင့် ချန်ကျဲ့သည် နီမန့်ဇစ်ကို ပို၍ အထင်ကြီးလေးစားနေတော့ပေသည်။