သူပုန်ကိုကယ်တင်၍ နတ်ကျင့်စဉ်အား ရယူခြင်း ၄
Vol. 6 Ch. 79
မီးရောင်များသည် လိုဏ်ဂူထိတိုင် အလင်းဖြာလေရာ ချန်ကျဲ့သည် မီတာဆယ်ချီအကွာအဝေးရှိ သူတို့၏မျက်နှာများကိုပင် မြင်တွေ့နိုင်လေသည်။ သူတို့သည် နေရာအနှံ့ကို ကြည့်ရှုရှာဖွေနေခဲ့ကြသည်မှာ ချန်ကျဲ့တို့ ပုန်းကွယ်နေသည့်နေရာကိုပင် တစ်ကြိမ်ထက်မက ဖြတ်ကြည့်သွားကြပေသည်။
ချန်ကျဲ့၏နှလုံးအိမ်မှာ လည်မျိုထိတိုင် ခုန်တက်လာသည်ဟု ခံစားနေရ၏။
ထိုအခိုက်အတန့်၌ နီမန့်ဇစ်သည် မျက်လုံးအိမ်တို့မှေးကျုံ့ထားလျက် စိုးရိမ်ထိတ်လန့်ခြင်း အလျဉ်းမရှိသည့်အပြင် စိတ်ဓာတ်ခိုင်မာပြတ်သားနေပေသည်။
သူတို့ကို ရှာတွေ့သွားခဲ့လျှင် နီမန့်ဇစ်၏လက်ရှိ ဒဏ်ရာအပြင်းအထန်ရထားသော အခြေအနေဖြင့် ဘေးကင်းလုံခြုံစွာ လွတ်မြောက်နိုင်မည့် အခွင့်အရေးမှာ နည်းပါး၏။ သို့သော် လူအနည်းငယ်မျှကို သူနှင့်အတူ သေမင်းတမန်ဆီသို့ အဖော်ပြုလိုက်ပါစေရန်အတွက်မူ ဖြစ်နိုင်ပါသေးသည်။
ထို့ကြောင့် နီမန့်ဇစ်သည် တည်ငြိမ်အေးဆေးနေခဲ့သည်။
ခြုံငုံလိုက်သော် သေခြင်းရှင်ခြင်းမျှသာ မဟုတ်ပါလော။
သူသည် အရာရှိများကိုသတ်ဖြတ်၍ ပုန်ကန်ရဲလေရာ ဤသို့အကျိုးဆက်ကိုလည်း ကြောက်ရွံ့မနေပါချေ။
သေခြင်းရှင်ခြင်းဟူသည် နှင်းခါးဖုံးလွှမ်းသော အခက်အခဲအချို့မျှသာ ဖြစ်၏။
ဟူး ဟူး…
ချန်ကျဲ့မှာ အသက်ရှူကြပ်လာခဲ့သည်။ သူပြင်ဆင်ထားခဲ့သည့်အရာများမှာ အလုပ်ဖြစ်လိမ့်မည်လော သိချင်နေခဲ့သည်။ သူ၏အစီအစဉ်၌ အမှားအယွင်းများစွာ မရှိနိုင်ပေ။ သို့သော် ဤစွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးများ၌ သဲလွန်စများအား အမှားအမှန်ဆုံးဖြတ်ပေးနိုင်မည့် ထူးခြားစွမ်းရည်များ ရှိနေလိမ့်မည်လော ချန်ကျဲ့ မသိနိုင်ပေ။
သို့ဖြစ်ပါက ချန်ကျဲ့မှာ တကယ့်ကို ချည်နှောင်ပြီးဖြစ်သွားပေလိမ့်မည်။
ချန်ကျဲ့ ထိုသို့တွေးတောနေစဉ် ဟွမ်ကျိုးစီရင်စု၏ ရာဇဝတ်သားဖမ်းဆီးရေးအရာရှိမှ ပြောလာသည်။
“ဒီနေရာမှာ သွေးနံ့ပြင်းတယ်။ အဲဒီကောင် ဒီနေရာကို ထွက်ပြေးလာခဲ့တာဖြစ်မယ်”
ထို့ေနာက် ကျန်းလီယဲ့မှ ပြောသည်။
“ငါတို့ လူခွဲရှာကြမလား”
တစ္ဆေလက် ကုချင်းဖုန်းမှ ပြောသည်။
“မရဘူး။ အဲဒီလိုက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ နီမန့်ဇစ်က အရမ်းအင်အားကြီးလွန်းတယ်။ ငါတို့ငါးယောက်အတူ သူတစ်ယောက်ကို တိုက်ခိုက်တာတောင် ညီနောင်တင်းရွှမ်းကို ဆုံးရှုံးလိုက်ရသေးတယ်။ လူခွဲလိုက်ရင် အန္တရာယ်ပိုများလိမ့်မယ်”
“ဟုတ်တယ် လူမခွဲသင့်ဘူး။ ငါတို့ တစ်ယောက်တည်းရှိနေချိန် နီမန့်ဇစ်နဲ့ တွေ့လိုက်ရရင် ငါတို့ဘက်မှာ အခွင့်အရေး လုံးဝ ရှိလိုက်မှာ မဟုတ်ဘူး။ ပြီးတော့ အသက်အန္တရာယ်လည်း ရှိနိုင်တယ်!”
ထိုအခါ သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ ထို့နောက် ဟွမ်ကျိုးစီရင်စု၏ ရာဇဝတ်သားဖမ်းဆီးရေးအရာရှိသည် သွေးနီပျားထည့်ထားသော ပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုပျားကိုမြင်သောအခါ နီမန့်ဇစ်၏မျက်နှာအမူအရာသည် ရုတ်ချည်းပြောင်းလဲသွား၍ တီးတိုးရေရွတ်၏။
“ညီနောင် ပြေးတော့! ငါနဲ့အတူ မနေနဲ့။ သူတို့ ငါတို့ကို ရှာတွေ့တော့မယ်!”
“ကျွန်တော် မလုပ်နိုင်ဘူး!”
ချန်ကျဲ့ အသံနိမ့်ဖြင့်ပြောခဲ့သည်။
နီမန့်ဇစ်မှ ပြန်ပြောသည်။
“ညီနောင် ငါမင်းရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အခုက အဲဒီလိုလုပ်ရမယ့်အချိန် မဟုတ်ဘူး။ အဲဒီပုလင်းကိုမြင်လား။ အဲဒီအထဲမှာ ရှိနေတာက သွေးရှာပျားပဲ။ အဲဒီပျားက သွေးနံ့ခံပြီး ငါတို့နောက်ကို ခြေရာခံလိုက်နိုင်တယ်။ အတော်လေး အထင်ကြီးဖို့ကောင်းတာကွ!”
ချန်ကျဲ့ ပြုံးလိုက်သည်။
“မစိုးရိမ်ပါနဲ့ဗျာ။ သူတို့ ကျွန်တော်တို့ကို ရှာမတွေ့ပါဘူး”
နီမန့်ဇစ်မှ မယုံသင်္ကာဖြင့် ပြောသည်။
“မင်းက ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် ယုံကြည်ချက်ရှိနေရတာလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဘာလို့လဲ သူရဲကောင်းကြီးရဲ့၊ ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား”
နီမန့်ဇစ်မှ ပြန်ပြောသည်။
“သေချာပေါက် မယုံကြည်ဘူးပေါ့။ ငါ့ကိုယ်ပေါ်က သွေးနံ့ကို ပုံမှန်အားဖြင့် လူတွေ အနံ့မခံနိုင်ဘူး။ ဒါပေမဲ့ သွေးရှာပျားကိုတော့ ဖုံးကွယ်လို့မရနိုင်ဘူး။ သေချာပေါက် ငါတို့ကို ရှာတွေ့သွားမှာပဲ!”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဒါဆို ကျွန်တော်တို့ လောင်းကြည့်ကြမလား”
“ဘယ်လိုလောင်းမှာလဲ”
နီမန့်ဇစ်သည် ချန်ကျဲ့ကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ ဤသို့အချိန်မျိုးတွင် အလောင်းအစားလုပ်ခြင်းမှာ ရူးနှမ်းနှမ်းနိုင်သည်ဟုလည်း တွေးနေခဲ့သည်။
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် ရှုံးခဲ့ရင်တော့ ကျွန်တော့်မှာ သူရဲကောင်းကြီးကို ကမ်းလှမ်းပေးအပ်ဖို့ရာ ဘာမှမရှိပါဘူး။ သူရဲကောင်းကြီးနဲ့ အတူတူပဲ လိုက်သေပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နိုင်ခဲ့ရင် သူရဲကောင်းကြီးအနေနဲ့ ကျွန်တော့်ရဲ့တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးနိုင်မလား”
“ဘာတောင်းဆိုချက်လဲ”
“အဲဒါကိုတော့ ဒီအခြေအနေကနေ လွတ်မြောက်ပြီးတော့မှ ပြောကြတာပေါ့”
ချန်ကျဲ့သည် နီမန့်ဇစ်အား သိချင်စိတ်ပြင်းပြလျက် ကျန်ရစ်နေစေလိုက်သည်။
“ကောင်းပြီလေ။ မင်းက သေချင်နေတယ်ဆိုမှတော့ ငါလည်း အလိုက်သင့်လေး ကစားပေးရတာပေါ့။ ဘာတောင်းဆိုချက်ပဲဖြစ်ဖြစ် ငါသဘောတူတယ်”
ထိုအခါ ချန်ကျဲ့မှာ တောက်တောက်ပပ ပြုံးရယ်မိတော့သည်။
ထို့နောက် ချန်ကျဲ့သည် သူ၏အိတ်ထဲမှ အဖြူရောင်အမှုန့်အချို့ကို ထုတ်ယူ၍ လိုဏ်ဂူအဝတွင် ဖြူးလိုက်သည်။ ထို့နောက် ခါးထောက်လျက် မည်သို့ဆက်ဖြစ်လာမည်ကို စောင့်ကြည့်နေခဲ့သည်။
နီမန့်ဇစ်သည် ဝေခွဲမရဖြစ်နေပေသည်။
ထိုစဉ် ပုလင်းထဲမှ လွှတ်ပေးလိုက်သော သွေးရှာပျားသည် လေဟာပြင်ထက်တွင် ပျံသန်းနေပြီဖြစ်၏။ အချိန်ခဏကြာပြီးနောက်၌ ထိုပျားသည် ရနံ့တစ်ခုကို အနံ့ခံမိလိုက်သည့်အလား ချန်ကျဲ့ရှိရာဘက်သို့ ဖြည်းဖြည်းချင်း ဦးတည်ပျံသန်းလာခဲ့သည်။
“ဒီဘက်မှာ!”
အရာရှိမှ အော်ပြောလိုက်သည်နှင့် လူလေးယောက်သည် သွေးရှာပျား၏ဦးတည်ရာနောက်သို့ လိုက်ပါခဲ့ကြသည်။
ခြေလှမ်းအနည်းငယ် လှမ်းခဲ့ပြီးနောက်တွင် သွေးရှာပျားသည် ရုတ်တရက်ကြီး ထိုနေရာ၌ပင် လှည့်ပတ်ပျံသန်းနေတော့သည်။ ထိုနေရာသည် ချန်ကျဲ့ အဖြူရောင်အမှုန့်များ ဖြူးထားသည့်နေရာဖြစ်သည်။
အကြိမ်ရေအနည်းငယ်မျှ လှည့်ပတ်ပျံသန်းနေပြီးနောက်တွင် ပျားသည် ရုတ်ချည်း ဦးတည်ရာလမ်းကြောင်း ပြောင်းလဲသွားခဲ့သည်။ ချန်ကျဲ့ သဲလွန်စထားခဲ့သည့် လမ်းကြောင်းအတိုင်း သွေးနံ့ခံ၍ ပျံသန်းသွားလေသည်။
လူလေးယောက်သည် ပျားနောက်သို့ အမြန်ပြေးလိုက်ကြသည်။ ထို့နောက် ကုချင်းဖုန်းမှ အော်ပြောသည်။
“ကြည့်စမ်း!”
လူလေးယောက်သည် ကုချင်းဖုန်းအနီးသို့ စုဝေးသွားခဲ့ရာ သစ်ကိုင်းတစ်ခုတွင် ကပ်ငြိနေသည့် သွေးစွန်းနေသော အမည်းရောင်အဝတ်တစ်စကို မြင်တွေ့လိုက်ကြသည်။
“ဒါက နီမန့်ဇစ်ရဲ့ အပြင်ဝတ်ပဲ။ သူက တောင်ပေါ်ကို ဦးတည်သွားလိုက်တာပဲ!”
ကျားဖြူခန်းမ အရှင်သခင် ဖန်းရှစ်ကျုံးမှ ပြောလိုက်ခြင်းပင်။
ရာဇဝတ်သားဖမ်းဆီးရေးအရာရှိ ကျန်းလီယဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သို့သော် တောင်ပေါ်သို့ဦးတည်သွားသည့် သွေးရှာပျားကို မြင်သောအခါ ဘာကိုမျှ သံသယထားမနေတော့ဘဲ ပျားနောက်သို့ လိုက်သွားခဲ့သည်။
အဝေးသို့ထွက်သွားသည့် လူလေးယောက်ကို စောင့်ကြည့်နေသည့် နီမန့်ဇစ်၏မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားတော့သည်။
“သူတို့ ဒီလိုပဲ ထွက်သွားလိုက်ကြပြီလား။ မင်းဘယ်လိုလုပ်လိုက်တာလဲ”
နီမန့်ဇစ်သည် ချန်ကျဲ့ကို အကြည့်မလွှဲတမ်း ကြည့်နေခဲ့သည်။ သူ၏အကြည့်များ၌ အံ့အားသင့်မှုများ ပြည့်လျှံနေပေသည်။
ချန်ကျဲ့ ပြုံးလိုက်ပြီး ရှင်းပြပေးသည်။
“သွေးရှာပျားကို ဆေးကျမ်းထဲမှာဆို သွေးပျားရည်လို့ ခေါ်ပါတယ်။ အဲဒါက အဖိုးတန်အားဖြည့်ရတနာရှစ်ပါးထဲမှာ ထိပ်တန်းအဆင့် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးပါ။ အဲဒါကို သွေးအားနည်းခြင်း၊ မူးဝေခြင်း၊ နှလုံးတုန်ခြင်းတွေမှာ အဓိက အသုံးပြုပါတယ်။ ပြီးတော့ မီးဖွားပြီးစ အမျိုးသမီးတွေအတွက် အလွန်ကောင်းမွန်တဲ့ အားဆေးတစ်မျိုးဖြစ်ပြီး ‘ပျားရည်တစ်စက်မှ တစ်ရာကိုချည်နှောင်သည်’ဆိုပြီး အမည်ကျော်ကြားပါတယ်။ ဆေးကျမ်းမှတ်တမ်းတွေထဲမှာ ‘မြေဖြူစက်ဝိုင်းဆွဲသားခြင်း’ဆိုတဲ့ သွေးရှာပျားမွေးမြူနည်းမှတ်တမ်းကိုလည်း ဖော်ပြထားပါတယ်”
“အဲဒီပျားတွေကို မွေးမြူတာက အတော်လေး ဒုက္ခများတယ်ဗျ။ သူတို့က နေရာအနှံ့ကို လျှောက်ပျံသန်းရတာကို ကြိုက်ကြတာမလို့လေ။ တစ်ခါတလေကျ သူတို့က လမ်းတောင် ပျောက်တတ်ကြသေးတော့ အရမ်းစိတ်ဖိစီးရတယ်။ အဲဒါကြောင့်ပဲ ပျားမွေးမြူသူတွေက စမ်းသပ်လေ့လာမှုတွေ အများကြီးလုပ်ခဲ့ကြတယ်။ အဲဒီနောက်တော့ အဲဒီပျားတွေက ထုံးကိုကြောက်တယ်ဆိုတာကို ရှာတွေ့ခဲ့ကြတယ်”
“အဲဒါကြောင့် ပျားမွေးမြူသူအချို့က ထုံးနဲ့ စက်ဝိုင်းကြီးရေးဆွဲပြီး ပျားတွေ နေရာကနေ ထွက်မသွားအောင် လုပ်ကြတယ်။ အဲဒီနည်းလမ်းကို ‘မြေဖြူစက်ဝိုင်းဆွဲသားခြင်း'နည်းလမ်းလို့ ခေါ်တယ်”
“ကျွန်တော် ခုနက ခင်ဗျားရဲ့အပြင်ဝတ်ကို ယူသွားခဲ့တယ်။ အဲဒီအဝတ်က သွေးတွေပေကျံနေတာလေ။ ကျွန်တော် အဲဒါနဲ့ ခြေရာခံမိအောင် လမ်းကြောင်းပြင်ဆင်ပေးခဲ့တယ်။ ပျားက သေချာပေါက် အဲဒီသွေးနံ့ကိုလည်း အနံ့ခံမိလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာက သွေးနံ့ပိုပြင်းတော့ ကျွန်တော်တို့ဆီကို လာချင်နေတာ”
“ဒါပေမဲ့ ကျွန်တော်က ထုံးဖြူးထားလိုက်တော့ သွေးရှာပျားက ထုံးကိုအာရုံခံမိပြီး အလိုအလျောက် ပြန်ရှောင်သွားတာ။ အဲဒီလိုနဲ့ ကျွန်တော် လုပ်ကြံဖန်တီးထားတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားတော့တာပေါ့”
ထိုအခါ နီမန့်ဇစ်မှာ အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
“ဝါး မင်းရဲ့နည်းဗျူဟာက တကယ့်ကို စေ့စပ်လွန်းပါရောလား! မင်းဘယ်လိုလုပ်ပြီး အဲဒီလောက်အထိ စဉ်းစားမိနိုင်ရတာလဲ။ ငါသာဆို သေချာပေါက် မစဉ်းစားမိလောက်ဘူး။ အံ့ဩစရာပဲ တကယ့်ကို အံ့ဩစရာပဲ!”
နီမန့်ဇစ်သည် သူ၏ရှေ့မှောက်ရှိ ဤလူငယ်လေးမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်းကို ပို၍ပို၍ ယုံကြည်လာခဲ့ပေသည်။