သူပုန်ကိုကယ်တင်၍ နတ်ကျင့်စဉ်အား ရယူခြင်း ၅
Vol. 6 Ch. 80
နီမန့်ဇစ် ရုတ်တရက် မေးခွန်းတစ်ခု တွေးမိသွားခဲ့သည်။
“မင်းက ဘာလို့ ထုံးတွေကို ကိုယ်နဲ့မကွာ သယ်လာရတာလဲ”
ချန်ကျဲ့ အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
“ဒီထုံးက ဆေးဖက်ဝင်ပစ္စည်းတစ်ခုလေ။ သမားတော်တစ်ယောက်အနေနဲ့ ဆေးဖက်ဝင်ပစ္စည်းအချို့ကို ကိုယ်နဲ့မကွာ သယ်ယူတယ်ဆိုတာ သဘာဝကျတာပဲ မဟုတ်ဘူးလား”
“အဲဒါကလည်း ဆေးဖက်ဝင်ပစ္စည်းပဲလား”
နီမန့်ဇစ်သည် ချန်ကျဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ ချန်ကျဲ့ ရယ်မောလျက် ပြောလိုက်သည်။
“ဒါပေါ့ဗျ။ ဆေးကျမ််းဖော်ပြချက်ထဲမှာ ထုံးကို ထုံးဖြူ၊ ထုံးမှုန့်၊ ထုံးကျောက် စသဖြင့်လည်း ဖော်ပြကြတယ်။ ထုံးက အနံ့အရသာစူးရှပြင်းထန်ပြီး ပျစ်နှစ်နွေးထွေးတယ်။ သွေးတိတ်ဖို့၊ နာကျင်မှုသက်သာဖို့၊ ပိုးမွှားတွေသတ်ဖို့ အသုံးပြုနိုင်ပြီးတော့ စိုထိုင်းမှုကြောင့်ဖြစ်တဲ့ အနာရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းကိုက်ခြင်းနဲ့ အခြားရောဂါတွေကိုလည်း ကုသနိုင်တယ်”
“ဒါက တကယ့်ကို ကောင်းမွန်တဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်ခုပဲ”
ချန်ကျဲ့သည် ထုံးကို သယ်ဆောင်လာခဲ့ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သော မျက်လုံးအမြင်ကန်းစေရန် ရည်ရွယ်ချက်ကို ဖုံးကွယ်၍ နီမန့်ဇစ် လက်ခံယုံကြည်စေရန် သိမ်းသွင်းပြောဆိုသည်။
သမားတော်တစ်ဦးဖြစ်ရခြင်းမှာ အလွန်အဆင်ပြေလှသည်။ သင်သယ်ယူလာသည့် မည်သည့်အရာကိုမဆို ဆေးဖက်ဝင်ပစ္စည်းဟု ပြောရ၏။ တရုတ်ရိုးရာဆေးပညာ၏ ကျယ်ပြန့်နက်ရှိုင်းမှုအရ ကမ္ဘာလောကကြီးရှိ အရာအားလုံးကို ဆေးဖော်စပ်နိုင်သည်ဟု မဆိုနိုင်သော်ငြား ကမ္ဘာလောကကြီး၏ ၉၀ရာခိုင်နှုန်းခန့်ကိုမူ တရုတ်ရိုးရာဆေးအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။
ထို့ကြောင့်ပင် ဟွာ့ရှားလူမျိုးများမှာ ကြောက်ရွံ့တုန်လှုပ်နေကြခြင်း ဖြစ်ပေသည်။
ဟွာ့ရှားလူမျိုးများ၏အမြင်၌ ကမ္ဘာလောကရှိ သတ္တဝါအားလုံးကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ တစ်မျိုးသည် စားသောက်ရသောအမျိုးအစားဖြစ်ပြီး ချက်ပြုတ်နည်းစာအုပ်တွင် ပါဝင်သည်။
အခြားတစ်မျိုးသည် စားသောက်မရသောအမျိုးအစားဖြစ်၍ ဆေးပညာတွင် ပါဝင်သည်။
နီမန့်ဇစ်သည် ချန်ကျဲ့၏ရှင်းပြချက်တွင် ကြောင်အနေခဲ့သည်။
အဲဒီတော့ ထုံးကလည်း ဆေးအဖြစ် အသုံးပြုနိုင်တာပေါ့လေ။
သို့သော် ချန်ကျဲ့ပြောခဲ့သည့် အရာအားလုံးသည် မှန်ကန်နေသောကြောင့် နီမန့်ဇစ်သည် ပြန်လည်ချေပနိုင်စွမ်း မရှိပေ။ ထုံးသည် အမှန်တကယ်ပင် ဆေးကျမ်းထဲတွင် ဆေးဖက်ဝင်ပစ္စည်းအဖြစ် မှတ်တမ်းပါဝင်နေပေသည်။
ချန်ကျဲ့သည် သမားတော်ပိုင်ထံတွင် ပညာဆည်းပူးခဲ့သည့် အချိန်ကာလများအတွင်း၌ ဆေးကျမ်းများမှအပ အခြားအသစ်အဆန်းများ မသင်ယူခဲ့ရပေ။ ထို့ကြောင့် ချန်ကျဲ့သည် ဆေးကျမ်းများကို စိတ်နှလုံးထဲတွင် စွဲစွဲမြဲမြဲ သိရှိမှတ်မိပေသည်။
အန္တရာယ်လျော့ပါးသွားပြီကို စောင့်ကြည့်ပြီးနောက် ချန်ကျဲ့သည် အံ့ဩနေဆဲဖြစ်သော နီမန့်ဇစ်ကိုလှည့်ကြည့်၍ ပြောလိုက်သည်။
“အဲဒါကြောင့် ဆေးပညာသင်ယူတာက အရမ်းအသုံးဝင်တယ်လို့ ပြောတာဗျ။ ဆေးကျမ်းထဲမှာက လောကရဲ့ မှော်သတ္တဝါကြီးတွေ အများစုအကြောင်း ပါဝင်တဲ့အပြင် ကုသဖို့အတွက် ဆေးပညာပိုင်းဆိုင်ရာ အဖိုးထိုက်တန်မှုတွေလည်း ပါဝင်သေးတယ်လေ။ အဲဒီတော့ ကျွန်တော် နိုင်ပြီနော်”
ထိုအခါမှသာ နီမန့်ဇစ်သည် သူ၏မူလစိတ်အခြေအနေသို့ ပြန်လည်ရောက်ရှိကာ ပြောလာခဲ့သည်။
“သင်ခန်းစာအသစ်တစ်ခု သင်ယူလိုက်ရပါတယ်”
ထို့နောက် နီမန့်ဇစ်မှ မေးသည်။
“ဒါဆို ပြောပါဦး၊ မင်းနိုင်သွားပြီဆိုတော့ မင်းရဲ့တောင်းဆိုချက်က ဘာလဲ”
ထိုအခါ ချန်ကျဲ့သည် နီမန့်ဇစ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“သူရဲကောင်းကြီး”
နီမန့်ဇစ်မှ လက်ဝှေ့ရမ်းလျက် ပြောသည်။
“ငါ့ကို သူရဲကောင်းကြီးလို့ မခေါ်စမ်းနဲ့တော့။ အခု ငါတို့က ချစ်ခင်ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်သွားကြပြီဆိုတော့ ငါမင်းကို ငါ့ရဲ့နာမည်အရင်းကို ပြောပြမယ်။ ငါ့ရဲ့မျိုးရိုးနာမည်က နီ၊ ငါ့ရဲ့ မူလနာမည်က ပါးစန်း။ ဒါပေမဲ့ သိုင်းပညာသင်ယူဖို့အတွက် ဆရာ့နောက်လိုက်ပြီး တောင်ပေါ်တက်ခဲ့တဲ့နောက်မှာ ဆရာက ငါ့ကို ဝမ်ကျွင့်ဆိုတဲ့ နာမည်ကို ပေးခဲ့တယ်။ နောက်ပိုင်း ငါ တောင်အောက်ဆင်းခဲ့ပြီး စာရိတ္တပျက်ပြားတဲ့ အရာရှိနှစ်ယောက်လောက်ကို သတ်ဖြတ်ပြီးနောက်တော့ လူတွေက ငါ့ကို နာမည်နောက်တစ်မျိုးပေးခဲ့ကြတယ်.. မန့်ဇစ်တဲ့”
“နီဝမ်ကျွင့်လား”
ချန်ကျဲ့ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ဤနာမည်သည် ရင်းနှီးနေ၏။
တစ်နေရာရာ၌ ကြားဖူးနေသလိုပင်။
သူ၏အရင်ဘဝက သမိုင်းဖတ်စာအုပ်ထဲမှ ဖြစ်နိုင်ပေသည်။ သို့သော် ဤကမ္ဘာသည် သူ၏အရင်ဘဝနှင့် ဆက်နွယ်မှုရှိလိမ့်မည် မဟုတ်သောကြောင့် အခုအချိန်တွင် ၎င်းမှာ အရေးမကြီးပေ။
နီဝမ်ကျွင့်မှ ပြောသည်။
“မင်းငါ့ကို ပါးစန်းလို့ ခေါ်လေ၊ ဒါမှမဟုတ် မန့်ဇစ်လို့ ခေါ်လည်းရတယ်။ မဟုတ်လည်း မျိုးရိုးနာမည်ပဲခေါ်ပေါ့ ကိစ္စမရှိဘူး”
ချန်ကျဲ့မှ တွန့်ဆုတ်စွာဖြင့် ပြန်ပြောသည်။
“အဲဒီလိုကတော့ မသင့်တော်ပါဘူး။ ဒါမှမဟုတ် အစ်ကိုနီလို့ ခေါ်ရင်ရော”
“အဲဒါလည်း ရတာပဲ။ ဒါနဲ့ မင်းလည်းငါ့ကို မင်းနာမည် ပြောပြနိုင်ပြီမလား”
ချန်ကျဲ့ ဦးညွှတ်လိုက်သည်။
“ချန်ကျဲ့ ချန်ကျိုစစ်ပါ”
“ချန်ကျိုစစ် အင်း ငါမှတ်ထားလိုက်ပြီ။ အခုကစပြီး မင်း ချန်ကျိုစစ်က ငါ နီဝမ်ကျွင့်ရဲ့ ညီလေးပဲ”
“ခင်ဗျား အစ်ကိုနီ ကျွန်တော်…”
“မငြင်းစမ်းနဲ့။ ငါနီမန့်ဇစ် မိတ်ဆွေဖွဲ့တဲ့အခါ အဆင့်အတန်းတွေ ရပ်တည်ချက်တွေကို ဂရုမစိုက်ဘူး။ ငါတို့ရဲ့စိတ်နေသဘောထားတွေ ကိုက်ညီသ၍ အဆင်ပြေတယ်ပဲ။ ပြီးတော့ မင်းကောင်စုတ်လေး မင်းက သေချာပေါက် ငါနဲ့ စိတ်သဘောထားကိုက်ညီတယ်”
နီဝမ်ကျွင့်သည် ချန်ကျဲ့ကို အတော်လေး စိတ်တိုင်းကျမိပေသည်။
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုနီ၊ အစ်ကိုကြီး တကယ်ပဲ ဒီလိုလုပ်နေမယ်ဆိုရင် ကျွန်တော် တစ်ခုခုတောင်းဆိုတဲ့အခါ စိတ်မသက်မသာဖြစ်ရတော့မှာပဲဗျာ”
နီဝမ်ကျွင့်သည် ရယ်မောလေသည်။
“ဘာတောင်းဆိုမှာမလို့လဲ။ မင်းရဲ့ညီနောင်တစ်ယောက်အနေနဲ့ ငါက ဘယ်လိုလုပ်ပြီး မင်းကို စိတ်ပျက်စေပါ့မလဲ”
ချန်ကျဲ့ အချိန်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။
“အစ်ကိုနီ၊ အစ်ကိုကြီး ကျွန်တော့်ကို သိုင်းပညာသင်ပေးနိုင်မလား”
“ဟင်? ဒါက မင်းရဲ့တောင်းဆိုချက်လား”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ပါ”
နီဝမ်ကျွင့်သည် စဉ်းစားတွေးတောနေပြီးနောက် ပြောသည်။
“ဒီကိုလာ”
ချန်ကျဲ့သည် သံသယထားခြင်းမရှိ လက်ခံလိုက်သည်။ နီမန့်ဇစ်သည် သူ၏ပခုံးထက်တွင် လက်တင်လိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပူနွေးသည့်စီးကြောင်းတစ်ခု ဝင်ရောက်သွားခြင်းကို ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အင်အားများ စတင်၍ သက်ဝင်လှုပ်ရှားလာခဲ့ကာ ယန်ချွမ်ကျင့်စဉ်ပင်လျှင် အလိုအလျောက် လှုပ်ရှားသက်ဝင်လာခဲ့ပေသည်။
အသက်ရှူခြင်းကျင့်စဉ် သက်ဝင်လှုပ်ရှားသွားသည်နှင့်တစ်ပြိုင်နက် ထိုပူနွေးသည့်စီးကြောင်းလေးမှာ ချန်ကျဲ့၏ စုပ်ယူခြင်းခံလိုက်ရပေသည်။
“အမ်း!”
နီဝမ်ကျွင့်သည် မျက်မှောင်ကြုတ်လျက် ဝေခွဲမရဟန်ဖြင့် ချန်ကျဲ့ကို ပြန်လွှတ်ပေးလိုက်သည်။
ခုနက ဘာကြီးလဲ။
ချန်ကျဲ့၏ခန္ဓာကိုယ်ထဲသို့ စူးစမ်းဝင်ရောက်သွားခဲ့သော ကန်းချီစွမ်းအင်မျှင်တန်းလေးသည် နီဝမ်ကျွင့်၏အင်အား တစ်ထောင်ပုံလျှင် တစ်ပုံခန့်မျှသာ ဖြစ်သော်ငြား လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ထိုအခြင်းအရာကို တွေးတောလျက် နီဝမ်ကျွင့်သည် ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်နေသည်။
ချန်ကျဲ့သည်လည်း နီဝမ်ကျွင့်ကို ပြန်ကြည့်နေသည်။
“ဘယ်လိုလဲ အစ်ကိုကြီး”
နီဝမ်ကျွင့်မှ ပြောသည်။
“မင်းရဲ့ခန္ဓာကိုယ်က နည်းနည်းထူးဆန်းတယ်။ မင်းရဲ့အထုံပါရမီက သာမန်ပဲ။ ဒါပေမဲ့ မင်းမှာ ခိုင်မာတဲ့အခြေခံအုတ်မြစ်ရှိတယ်။ မင်း ဘိုးဘေးကြီးလက်သီးသိုင်းကို အသုံးပြုပြီး အရေပြားသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်သွားပြီမလား။ ဒါတွေအားလုံးက စာအုပ်မှတ်တမ်းတွေအရ တည်ရှိပြီးသားပဲ။ ဒါပေမဲ့ မင်းခန္ဓာကိုယ်ထဲက အဲဒီထူးဆန်းတဲ့စွမ်းအင်က ဘာကြီးလဲ။ ငါဘာလို့ အဲဒါကို အရမ်းရင်းနှီးနေသလို ခံစားနေရတာလဲ”
“ငါအရင်က ဘယ်မှာတွေ့ဖူးခဲ့တာများလဲ”
နီဝမ်ကျွင့်သည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေသည်။
ချန်ကျဲ့မှာ နီဝမ်ကျွင့်သည် သူ၏လျှို့ဝှက်ချက်ဖြစ်သော ယန်ချွမ်ကျင့်စဉ်ကို ရှာတွေ့နိုင်သည်အထိ အထင်ကြီးလေးစားဖွယ်လူတစ်ဦးဖြစ်ကြောင်းကို နားလည်လိုက်ရသောကြောင့် ထိတ်လန့်သွားခဲ့သည်။
နီဝမ်ကျွင့်ပြောသည့် ထိုထူးဆန်းသည့်စွမ်းအင်ဟူသည် ယန်ချွမ်ကျင့်စဉ်ဖြစ်ကြောင်း သံသယဝင်ဖွယ် မရှိပေ။
နီဝမ်ကျွင့်သည်တော့ အတွေးထဲ နစ်မြုပ်နေပေသည်။ ချန်ကျဲ့၏ခန္ဓာကိုယ်အတွင်းရှိ ထိုထူးဆန်းသည့်စွမ်းအင်ကို သူရင်းနှီးနေသလို ခံစားနေရ၏။ ယခင်က ထိုစွမ်းအင်ကို သူ၏မျက်လုံးရှေ့တည့်တည့်တွင် ကြုံတွေ့ဖူးသည့်အလား ခံစားရပေသည်။ ခဏမျှတွေးတောနေပြီးနောက် နီဝမ်ကျွင့်သည် ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးအိမ်တို့ပြူးကျယ်သွား၏။
ဒါပဲ!
နီဝမ်ကျွင့်သည် မျက်လုံးအစုံပြူးကျယ်လျက် နောက်တဒင်္ဂတွင်မူ မှတ်မိသွားခဲ့သည်။
ဟုတ်တယ်။ အဲဒီစွမ်းအင်ကို ရင်းနှီးနေတယ်လို့ ခံစားရတာ မထူးဆန်းတော့ပါဘူး။ ဘာလို့ဆို ငါ အဲဒီစွမ်းအင်ကြောင့် ဒဏ်ရာရခဲ့ဖူးလို့ပဲ။
ရေထိန်းချုပ်လက်ဖဝါး၂၄ကွက်!
အဟုတ်ပဲ။ အဲဒါက တင်းရွှမ်း ငါ့ကို အပြင်းအထန်ဒဏ်ရာရအောင် အသုံးပြုခဲ့တဲ့ ရေထိန်းချုပ်လက်ဖဝါး၂၄ကွက်ပဲ!
ဒါပေမဲ့ ဒီလူငယ်လေးမှာ ဘယ်လိုလုပ်ပြီး အဲဒီလိုထူးဆန်းတဲ့အရှိန်အဝါမျိုး ရှိနေရတာလဲ။
“ညီနောင်လေး ဒီကိုထပ်လာပါဦး”
ချန်ကျဲ့ အနားကပ်သွားလိုက်သည်။ နီဝမ်ကျွင့်သည် တစ်ဖန် ချန်ကျဲ့နောက်ကျောထက်တွင် လက်တင်လိုက်ပြန်သည်။ ထို့နောက် သူ၏စစ်မှန်သောချီကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ထဲမှ ရေထိန်းချုပ်လက်ဖဝါး၂၄ကွက်၏ စွမ်းအင်အချို့ကို ဖိအားပေးတွန်းထုတ်သည်။ ထို့နောက် ၎င်းကို ချန်ကျဲ့၏ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းထည့်ပေးသည်။
ချန်ကျဲ့၏ခန္ဓာကိုယ်ထဲသို့ ထိုစွမ်းအင်ဝင်ရောက်သွားသည့် အခိုက်အတန့်၌ ချန်ကျဲ့သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ယန်ချွမ်ကျင့်စဉ် ရုတ်တရက် လှည့်ပတ်စီးဆင်းလာခြင်းအား ခံစားလိုက်ရသည်။