← Chapters

သူပုန်ကိုကယ်တင်၍ နတ်ကျင့်စဉ်အား ရယူခြင်း ၆

Vol. 6 Ch. 81

သူပုန်ကိုကယ်တင်၍ နတ်ကျင့်စဉ်အား ရယူခြင်း ၆

Vol. 6 Ch. 81

၎င်းစွမ်းအင်သည် ခန္ဓာကိုယ်ထဲတွင် အလိုအလျောက် လျင်မြန်စွာ စတင်စီးဆင်းသည်။ ထို့နောက် ရေထိန်းချုပ်လက်ဖဝါး၂၄ကွက်၏ စွမ်းအင်အစလေးသည် ချန်ကျဲ့၏ယန်ချွမ်ကျင့်စဉ်နှင့် ရောယှက်သွားခဲ့သည်။

၎င်းတို့နှစ်ခုသည် အချိန်ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့ကြသော ညီအစ်ကိုများအလား တစ်ဦးကိုတစ်ဦး ပွေ့ဖက်ရောယှက်နေကြပေသည်။

တစ်ပြိုင်နက်တည်း၌ ချန်ကျဲ့သည် သူ၏ခန္ဓာကိုယ်မှာ ‌‌ဆူပွက်‌နေသည့်အလား ပူလောင်မှုကို ခံစားလာရသည်။ ကြွက်သားများသည် ထိန်းချုပ်မရနိုင်လောက်အောင် စတင်တုန်ယင်လာခဲ့ကာ ခန္ဓာကိုယ်သန့်စင်ခြင်းဖြစ်စဉ်အား စတင်နေကြောင်း ရှင်းလင်းပြတ်သားလာခဲ့သည်။

ယန်ချွမ်ကျင့်စဉ်သည် ရေထိန်းချုပ်လက်ဖဝါး၂၄ကွက်၏ စွမ်းအင်အစလေးနှင့် အလွန်လျင်မြန်စွာ ပေါင်းစည်းသွားခဲ့သည်နှင့်တစ်ပြိုင်နက် သူ၏အင်အားများ လျင်မြန်စွာ တိုးတက်‌လာနေသည်ကိုလည်း ချန်ကျဲ့ ခံစားမိပေသည်။

နီဝမ်ကျွင့်အတွက်မူ ထိုမျှသော လက်ဖဝါးတိုက်ကွက်၏စွမ်းအင်လေးသည် ဘာမျှမဟုတ်ပေ။ သို့သော် ချန်ကျဲ့အတွက်မူ ၎င်းသည် အားဖြည့်ဆေးမဟာကြီးတစ်လုံးကို စားသုံးလိုက်ရသည်ကဲ့သို့ ဖြစ်ပေသည်။ ချန်ကျဲ့သည် ထိုရေထိန်းချုပ်လက်ဖဝါး၂၄ကွက်၏ စွမ်းအင်အစ‌လေးကို အလုံးစုံ စုပ်ယူ‌ပြီးနောက်တွင် သူ၏အင်အားမှာ အလွန်တရာ‌ တိုးတက်သွားကြောင်း သိရှိလိုက်ရပေသည်။

အရေပြားသန့်စင်ဆေးရည်ထဲတွင် သုံးကြိမ်စိမ်ခဲ့သည်ထက်ပင် ပို၍တိုးတက်မှုကြီးမား၏။

…

ချန်ကျဲ့ မျက်လုံးဖွင့်လိုက်ရာ သူ့အား ခြေဆုံးခေါင်းဆုံးကြည့်နေသည့် နီဝမ်ကျွင့်နှင့် အကြည့်ချင်းဆုံလိုက်ရသည်။

ချန်ကျဲ့ အနည်းငယ် တွေဝေသွားရ၏။ နီဝမ်ကျွင့်သည် အဘယ်ကြောင့် သူ့အား ဤသို့အကြည့်မျိုးဖြင့် ကြည့်နေရသည်ကို သူ နားမလည်နိုင်ပေ။

ချန်ကျဲ့ မေးလိုက်သည်။

“အစ်ကိုနီ အဲဒါက ဘာလဲ”

နီဝမ်ကျွင့်မှ မေးမြန်းသည်။

“မင်း အတွင်းအားကျင့်စဉ်တစ်ခုခု ကျင့်ကြံဖူးလား”

“အတွင်းအားကျင့်စဉ်လား”

ချန်ကျဲ့ ထိတ်လန့်သွား၏။ ယန်ချွမ်ကျင့်စဉ်များ ဖြစ်နေမည်လောဟုလည်း တွေးမိလိုက်သေးသည်။ သို့သော် ချန်ကျဲ့သည် စိတ်တည်ငြိမ်စွာဖြင့် သေချာပြန်လည် စဉ်းစားကြည့်လိုက်သည်တွင် ယန်ချွမ်ကျင့်စဉ်ကို ထုတ်ပြောဖို့ရာ ပြဿနာမရှိဟု ခံစားရသည်။

အဘယ်ကြောင့်ဆိုသော် သူ၏အဓိက လျှို့ဝှက်ချက်မှာ စနစ်ဖြစ်သည်။ ထို့ပြင် ယန်ချွမ်ကျင့်စဉ်သည် ဤကမ္ဘာမှအရာဖြစ်သည်။ သို့ဖြစ်၍ ယန်ချွမ်ကျင့်စဉ်ကို ထုတ်ဖော်ပြောခြင်းသည် ပြဿနာမဖြစ်နိုင်လောက်ပေ။

ထို့ပြင် နီဝမ်ကျွင့်‌အပေါ် သူ၏နားလည်မှုနှင့် စနစ်၏ဖော်ပြချက်များအရ ဤလူသည် သူရဲကောင်းစိတ်ဓာတ်ရှိသည်။ သူ၏အကျိုးအမြတ်အတွက်နှင့် လူမသတ်လောက်ပေ။ ထို့ပြင် နီဝမ်ကျွင့်အနေဖြင့် ကျင့်စဉ်ကို အမှန်တကယ် လိုချင်ပါက ချန်ကျဲ့သည်လည်း ဒီတိုင်းထုတ်ပေးလိုက်ရုံပင်။ မိမိ၏ အသက်ကယ်တင်ရှင်အား သတ်ဖြတ်ရလောက်အောင် မထိုက်တန်ပေ။

နီဝမ်ကျွင့်သည် နတ်ဆိုးကျင့်ကြံသူတစ်‌ဦး မဟုတ်ပေ။

ယင်းသို့အချက်များကို တွေးတောပြီးနောက်၌ ချန်ကျဲ့၏စိတ်အစဉ်သည် ပို၍ကြည်လင်လာခဲ့သည်။

တကယ်တမ်းတွင် ချန်ကျဲ့သည် နီဝမ်ကျွင့်အား မိမိ၏အရိုးတို့ကို ထိကိုင်စမ်းသပ်ခွင့်ပြုလိုက်ချိန်ကတည်းက နီဝမ်ကျွင့်သည် သူ့ထံမှ တစ်စုံတစ်ရာ ရှာတွေ့သွားမည်ကို စိုးရိမ်မှုမရှိခဲ့ပါတော့ချေ။ ယန်ချွမ်ကျင့်စဉ်၏ အရေးပါမှုသည် နီဝမ်ကျွင့်ကဲ့သို့သော လူမျိုးကို သတ်ဖြတ်လိုခြင်းရည်ရွယ်ချက်များ ထွက်ပေါ်လာစေသည်အထိ လုံလောက်သော ထိပါးလှုံ့ဆော်မှု မဖြစ်နိုင်ဟု ချန်ကျဲ့ အကဲဖြတ်ထားခဲ့သည်။

အထူးသဖြင့် ချန်ကျဲ့သည် သူ၏အသက်သခင်ကျေးဇူးရှင် ဖြစ်နေပေသည်။

“အစ်ကိုနီ ကျွန်တော် တကယ်ပဲ ယန်ချွမ်ကျင့်စဉ်တစ်မျိုးကို ကျင့်ကြံခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါက တိုက်ခိုက်မှုစွမ်းရည်မရှိတဲ့ ကျန်းမာရေးအတွက် ကျင့်ကြံမှုတစ်ခုပါပဲ။ အဲဒါက အစ်ကိုနီပြောတဲ့ အတွင်းအားကျင့်စဉ် ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေချာမသိပါဘူး”

“ယန်ချွမ်ကျင့်စဉ်လား”

နီဝမ်ကျွင့်သည် အချိန်ကာလကြာရှည်စွာ ချိတ်ပိတ်သိမ်းဆည်းထားခဲ့သော မှတ်ဉာဏ်များ ရုတ်တရက် ပွင့်အံလာသည်ကဲ့သို့ မျက်လုံးအိမ်တို့ကို မှေးကျုံ့ထားပေသည်။

“ယန်ချွမ်ကျင့်စဉ်၊ ရေထိန်းချုပ်လက်ဖဝါးသိုင်း

ယန်ချွမ်ကျင့်စဉ်၊ ရေထိန်းချုပ်လက်ဖဝါးသိုင်း…”

နီဝမ်ကျွင့်သည် တစ်ကိုယ်တည်း အဆက်မပြတ် ရေရွတ်နေသည်။ ထို့နောက်တွင်မူ တစ်စုံတစ်ရာကို သတိရသွားသည့်အလား မျက်လုံးများ တောက်ပလာခဲ့သည်။

“ယန်ချွမ်ကျင့်စဉ်၊ ရေထိန်းချုပ်လက်ဖဝါးသိုင်း

လီချွမ်းကျင့်စဉ်၊ ယွီရွှေလက်ဖဝါးသိုင်း!”

“ဟားဟားဟား ငါသိပြီ ငါသိသွားပြီ ဟားဟားဟား…”

နီဝမ်ကျွင့်သည် ရုတ်တရက် အားရပါးရ ရယ်မောလေသည်။ နှစ်ကြိမ်ခန့်ရယ်မောပြီးနောက်မှ မိမိကိုယ်ကို တောခေါင်ခေါင်ထဲရောက်နေကြောင်း သတိပြန်ရသွားကာ ချက်ချင်း ပြန်လည်တည်ငြိမ်လိုက်ရသည်။ ထို့နောက် အသံနှိမ့်၍ စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

“ညီလေးကျိုစစ်၊ မင်း ဘယ်လိုကံကောင်းမှုမျိုးနဲ့ ပက်ပင်းတိုးခဲ့တာလဲကွာ!”

ချန်ကျဲ့သည် နားမလည်နိုင်စွာဖြင့် နီဝမ်ကျွင့်ကို ကြည့်နေခဲ့သည်။

နီဝမ်ကျွင့်မှ ပြောသည်။

“မင်းကျင့်ကြံနေတာ ဘာလဲ‌ဆိုတာ ငါသိတယ်။ ဒီလိုနတ်ကျင့်စဉ်မျိုးကို မသိလိုက်မသိဘာသာနဲ့ ကျင့်ကြံဖို့ဖြစ်သွားတယ်ဆိုတော့ မင်းက အရမ်းကံကောင်းတဲ့သူပဲလို့ ပြောလို့ရတယ်”

ချန်ကျဲ့ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“ဒီယန်ချွမ်ကျင့်စဉ်က ခုနက အစ်ကိုကြီးပြောတဲ့ လီချွမ်းကျင့်စဉ်လား”

နီဝမ်ကျွင့်မှ ပြောသည်။

“ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် အဲဒါကို ချန်ချွမ်းကျင့်စဉ်လို့ ခေါ်တယ်”

“ချန်ချွမ်းကျင့်စဉ်လား”

ချန်ကျဲ့ ရှုပ်ထွေးစွာဖြင့် ‌ထပ်မံမေးမြန်းသည်။ နီဝမ်ကျွင့်မှ ပြောသည်။

“အဲဒါက အချိန်ကာလများစွာ ပျောက်ဆုံးနေခဲ့တဲ့ သိုင်းပညာတစ်ခုဖြစ်လိမ့်မယ်”

“ချန်ချွမ်းတောင်ကြား၊ ဆေးဘုရင်စံအိမ်ဆိုတာ ကြားဖူးလား”

ချန်ကျဲ့ ခေါင်းခါရမ်းသည်။ နီဝမ်ကျွင့်မှ ပြောသည်။

“အင်း အဲဒါက လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက အကြောင်းပါ”

“ချန်ချွမ်းတောင်ကြားက လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုတုန်းက ကျော်ကြားတဲ့ ဆေးပညာဂိုဏ်းတစ်ဂိုဏ်းပဲ။ ဂိုဏ်းတပည့်တွေ အများကြီးရှိပြီးတော့ အများစုက သမားတော်တွေပေါ့။ ဂိုဏ်းရဲ့သိုင်းပညာဖြစ်တဲ့ ချန်ချွမ်းကျင့်စဉ်က သူရိန်စက်ဝန်းနှစ်ဆယ့်လေးသွယ်တောင်ကြားရဲ့ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကနေ ဆင်းသက်လာခဲ့တာပဲ!”

“ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်?”

ချန်ကျဲ့သည် ထိုအမည်ကြောင့် ဆွဲဆောင်ခံလိုက်ရ၏။ နီဝမ်ကျွင့်မှ ပြောသည်။

“ဟုတ်တယ်။ အဲဒီသူရိန်စက်ဝန်းနှစ်ဆယ့်လေးသွယ်တောင်ကြားက ဒဏ္ဍာရီဆန်လွန်းလို့ အမှန်တကယ် တည်ရှိခဲ့လားဆိုတာတောင် အတည်ပြုဖို့ ခက်ခဲတယ်”

“ဒါပေမဲ့ တစ်ချိန်တစ်ခါတုန်းက လောကနံပါတ်တစ်ဂိုဏ်းကြီးဖြစ်ခဲ့ပြီး သေချာမသိရတဲ့ အကြောင်းရင်းတချို့ကြောင့် ခြေရာလက်ရာမကျန်ရစ်ဘဲ ဂိုဏ်းကြီးတစ်ခုလုံး ပျောက်ကွယ်သွားတယ်လို့ ပြောကြတယ်။ အဲဒီ‌ဂိုဏ်းအကြောင်း သိုင်းလောကမှာ နောက်တစ်ကြိမ်ထပ်ကြားသိရတာဆိုလို့ သူတို့ရဲ့ လောကတစ်ခွင်ကျော်ကြားတဲ့ နတ်ကျင့်စဉ်ဖြစ်တဲ့ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်က အပိုင်းလေးပိုင်းခွဲခြားပြီး နေရာဒေသအနှံ့အပြားကို ပျံ့နှံ့သွားခဲ့ပြီဆိုတဲ့ ထင်မြင်ချက်တွေပဲရှိခဲ့တယ်!”

“တခြားသုံးပိုင်းရဲ့ တည်နေရာအတိအကျကိုတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ငါတို့ ဟူကွမ်းလမ်းမှာ ချန်ချွမ်းတောင်ကြားဂိုဏ်းတစ်ဂိုဏ်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီဂိုဏ်းကို ဦးဆောင်သူကို ချန်ချွမ်းအကြီးအကဲလို့ သိကြတယ်။ သူက သူ့ခေတ်အခါမှာ အမည်ကျော်ကြားတဲ့ သမားတော်တစ်ဦးဖြစ်ခဲ့ပြီး ရှန်းကျောက်ဂိုဏ်းရဲ့ လိပ်ပြာတောင်ကြား ဆေးနတ်ဘုရားနဲ့ တန်းတူအဆင့်အတန်းရှိတယ်”

“ပြီးတော့ သူတို့ရဲ့ထူခြားတဲ့ ဂိုဏ်းသိုင်းပညာက ချန်ချွမ်းကျင့်စဉ်ပဲ။ အဲဒီချန်ချွမ်းကျင့်စဉ်က ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ ပထမပိုင်းဖြစ်တဲ့ နွေဦးအက္ခရာကျင့်စဉ်လို့ ပြောကြတယ်”

“အဲဒီခေတ်အခါက ဒီကျင့်စဉ်ဟာ ဂုဏ်သတင်းကြီးမားပြီး အကြီးအကဲချန်ချွမ်းဟာလည်း လောကထိပ်တန်းကျင့်ကြံသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်”

“ဒါပေမဲ့ နောက်ပိုင်းမှာ ညတွင်းချင်းပဲ ချန်ချွမ်းတောင်ကြားက လျှို့ဝှက်ဆန်းကြယ်တဲ့အင်အားကြီးရဲ့ သုတ်သင်ခံခဲ့ရတယ်။ အကြီးအကဲချန်ချွမ်းလည်း တိုက်ပွဲမှာ ဆုံးပါးသွားခဲ့ပြီး တစ်ချိန်က ထင်ရှားကျော်ကြားခဲ့တဲ့ ချန်ချွမ်းတောင်ကြားဟာ ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့တယ်”

“အဲဒီနောက်မှာ ချန်ချွမ်းကျင့်စဉ်ဟာလည်း သိုင်းလောကတစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းမှာ ပိုပြီးတော့တောင် ကွဲထွက်သွားခဲ့တယ်လို့ ပြောကြတယ်”

“လွန်ခဲ့တဲ့နှစ်၅၀တုန်းက သိုင်းလောကမှာ နာမည်ရခဲ့တဲ့ ကုစုန့်လို့အမည်ရတဲ့ လူတစ်ယောက်က သိုင်းလောကသားတွေရဲ့ရှေ့မှောက်ကို အတွင်းအားကျင့်စဉ်တစ်ခု ယူဆောင်လာခဲ့တယ်။ အဲဒီကျင့်စဉ်ကို လီချွမ်းကျင့်စဉ်လို့ခေါ်တယ်”

“အဲဒါကို ချန်ချွမ်းကျင့်စဉ်ရဲ့ အခြေခံစိတ်ကျင့်စဉ်လို့ သတ်မှတ်ရနိုင်တယ်”

“ပြီးတော့ ငါ့ဆရာပြောဖူးတာတော့ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်က သူရိန်စက်ဝန်းအပေါ်မှာ အခြေခံထားတာတဲ့”

“သိုင်းကွက်တွေကိုလည်း သူရိန်စက်ဝန်းအပေါ် မူတည်ပြီး အမည်ပေးထားတာပဲ။ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ အနှစ်ချုပ်ကနေ ဖန်တီးထားတဲ့ ကလေးက‌ဗျာတောင် ရှိတယ်”

“နွေဦးမိုးဖြင့် နွေဦးရာသီ နိုးထ၍ စစ်မှန်သော ကောက်ပဲသီးနှံကို ရရှိသည်

နွေရာသီသည် တောက်ပမှုများပြည့်နှက်နေပြီး နွေရာသီအားလပ်ရက်လည်း ရှိလိမ့်မည်

ဆောင်းဦးမှာ ဆီးနှင်းခဲများ ကျဆင်းလာပြီး

ဆောင်းနှင်းဖြင့် ဆောင်းရာသီမှာ ပေါ့ပါးသည့်အအေးဓာတ်နှင့် အအေးဓာတ်လွန်ကဲခြင်းတို့ ဖြစ်ပေါ်လိမ့်မည်”

“ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို စိတ်ကျင့်စဉ်လေးခုနဲ့ ဖွဲ့စည်းထားတာ၊ အဲဒီစိတ်ကျင့်စဉ်တစ်ခုစီတိုင်းမှာ အားကောင်းတဲ့ကျင့်စဉ်တွေ ပါဝင်ကြတယ်။ အဲဒီကျင့်စဉ်တွေကို ပေါင်းစည်း‌လိုက်တဲ့အခါ အဲဒီထင်ရှားကျော်ကြားတဲ့ နတ်ကျင့်စဉ်အဖြစ် ဖွဲ့စည်းဖြစ်တည်သွားလိမ့်မယ်”

“ပြီးတော့လည်း ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ အနှစ်ချုပ်ထဲက စာကြောင်းတစ်ကြောင်းစီရဲ့ ပထမဆုံးစကားလုံးက စိတ်ကျင့်စဉ်တွေကို ညွှန်ပြနေတာပဲ။ အဲဒါကြောင့်မို့လို့ ‘လီ’ဆိုတဲ့ စကားလုံးနဲ့ စတင်ကြတယ်”

နီဝမ်ကျွင့် ပြောပြသည်တို့ကို နားထောင်ပြီးနောက်၌ ချန်ကျဲ့ နားလည်သွားခဲ့ပြီး ရေရွတ်လိုက်သည်။

“အဲဒီ စိတ်ကျင့်စဉ်လေးခုက လီချွမ်း၊ လီရှ၊ လီချိုး၊ လီသုန်းလား”

“ဟုတ်တယ်။ ပြီးတော့ နောက်ဆက်တွဲစာလုံးတွေက သိုင်းကွက်တွေကို ကိုယ်စားပြုတာ။ လက်သီး၊ လက်ဖဝါး၊ ဓား၊ မြှားတို၊ ကြိုး… စသဖြင့်ပေါ့”

ချန်ကျဲ့ နောက်‌ဆုံးတွင်တော့ နားလည်သွားခဲ့သည်။ တစ်နည်းဆိုရသော် သူ၏ယန်ချွမ်ကျင့်စဉ်သည် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၏ (လီချွမ်းစိတ်ကျင့်စဉ်)နွေဦးအက္ခရာကျင့်စဉ်ထဲမှ အတွင်းအားကျင့်စဉ်တစ်ခု ဖြစ်ပေသည်။

မှန်ကန်သောအမည်ကို အသုံးပြုပါက ၎င်းသည် လီချွမ်းကျင့်စဉ်ဖြစ်ပေလိမ့်မည်။

ထို့ပြင် နီဝမ်ကျွင့်ပြော‌သည့် ရေထိန်းချုပ်လက်ဖဝါး၂၄ကွက်သည် တကယ်တမ်းတွင် (လီချွမ်းစိတ်ကျင့်စဉ်)နွေဦးအက္ခရာကျင့်စဉ်ထဲမှ ယွီရွှေသူရိန်စက်ဝန်းနှင့် သက်ဆိုင်သော ယွီရွှေလက်ဖဝါး၂၄ကွက် ဖြစ်‌ပေလိမ့်မည်။

ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၏ အနှစ်ချုပ်ကဗျာအရဆိုရသော်

(လီချွမ်းစိတ်ကျင့်စဉ်)နွေဦိးအက္ခရာကျင့်စဉ်ကို ဤသို့ ခွဲခြားနိုင်ပေသည်။ လီချွမ်း၊ ယွီ‌ရွှေ၊ ကျင်းကျယ်၊ ချွမ်းဖန်း၊ ချင်းမင်၊ ကူယွီဟူ၍ ဖြစ်သည်။

သူရိန်စက်ဝန်း၆သွယ်နှင့် ညီမျှသော သိုင်းပညာ၆မျိုးဖြစ်ပေသည်။

ချန်ကျဲ့ကျင့်ကြံနေသည့် ယန်ချွမ်ကျင့်စဉ်သည် (လီချွမ်းစိတ်ကျင့်စဉ်)နွေဦးအက္ခရာကျင့်စဉ်တွင် အဓိကအကျဆုံးသော အတွင်းအားကျင့်စဉ်ဖြစ်သည့် လီချွမ်းကျင့်စဉ်ဖြစ်ပေသည်။

All Chapters