← Chapters

နီဝမ့်ကျွင်းက ဘယ်လိုရတနာကို ဖွက်ထားတာလဲ

Vol. 6 Ch. 82

နီဝမ့်ကျွင်းက ဘယ်လိုရတနာကို ဖွက်ထားတာလဲ

Vol. 6 Ch. 82

အဲဒီတော့ အဲဒီလိုပေါ့လေ။

ချန်ကျဲ့သည် သူ၏ယန်ချွမ်ကျင့်စဉ်ကျင့်ကြံမှုသည် အခြားသူများနှင့် ကွာခြားနေသည်ဟု အမြဲခံစားခဲ့ရသည်။ နီဝမ့်ကျွင်း၏ ရှင်းပြမှုပြီးနောက်တွင်မှ နားလည်သွားရပေသည်။

“ချန်ချွမ်းကျင့်စဉ်၊ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်”

ချန်ကျဲ့ ရေရွတ်နေမိသည်။ ထို့နောက် နီဝမ့်ကျွင်းကိုကြည့်လိုက်သည်။

“ ကျွန်တော့်ရဲ့ သံသယတွေကိုရှင်းလင်းပေးတဲ့အတွက် အစ်ကိုနီကို ကျေးဇူးတင်ပါတယ်”

နီဝမ့်ကျွင်းမှ လက်ဝှေ့ရမ်း၏။

“ဘာမဟုတ်တာလေးပါ။ တကယ့်ကို ဘာမှမဟုတ်တာလေးပါပဲ။ ဒါပေမဲ့ ညီနောင်လေး မင်း ဒီလိုနတ်ကျင့်စဉ်ကို ကျင့်ကြံခွင့်ရတာ အရမ်းကံကောင်းတယ်လို့ဆိုရမယ်။ ပြီးတော့ ငါနဲ့ ဆုံတွေ့ခဲ့တာက ပိုလို့တောင် ကံကောင်းသေးတယ်”

ထို့သို့ပြောလျက် နီဝမ့်ကျွင်းသည် သူ၏အင်္ကျီထဲမှ သွေးများစွန်းပေနေသည့် လျှို့ဝှက်ကျမ်းတစ်ခုကို ထုတ်ယူလိုက်သည်။

…

“ဟားဟား တစ်ချက်ကြည့်လိုက်”

ချန်ကျဲ့သည် နီဝမ့်ကျွင်းလက်ထဲမှ လျှို့ဝှက်ကျမ်းကို လှမ်းယူလိုက်ပြီး ဖတ်ကြည့်သည်။ ၎င်းကျမ်းစာအုပ်၌ စာလုံးကြီးသုံးလုံးဖြင့် ခေါင်းစဉ်တပ်ထား၏။ ရေထိန်းချုပ်လက်ဝါးသိုင်း!

ရေထိန်းချုပ်လက်ဝါး၂၄ကွက်!!

ချန်ကျဲ့၏မျက်လုံးများသည် အံ့အားသင့်မှုနှင့်အတူ တောက်ပသွား၏။ ထို့နောက် နီဝမ့်ကျွင်းကို ကြည့်လိုက်သည်။

“တင်းရွှမ်းက ငါ့လက်ထဲမှာ သေသွားခဲ့တာလေ၊ ဆိုတော့ ထုံးစံအရ ငါလည်း သူ့ပစ္စည်းတွေကို ရှာဖွေကြည့်ရတာပေါ့”

“ညီနောင်လေး ဒီလက်ဝါးသိုင်းနဲ့ဆိုရင် မင်းရဲ့ချန်ချွမ်းကျင့်စဉ်က ကျင့်စဉ်၆မျိုးထဲမှာ နှစ်မျိုးပြည့်စုံပြီလို့ သတ်မှတ်နိုင်ပြီ”

(ချန်ချွမ်းကျင့်စဉ် = လီချွမ်းစိတ်ကျင့်စဉ် = နွေဦးအက္ခရာကျင့်စဉ်)

“အထူးသဖြင့် မင်းက ချန်ချွမ်းကျင့်စဉ်ရဲ့ အဓိကအရေးအကြီးဆုံး အတွင်းအားကျင့်စဉ်ဖြစ်တဲ့ လီချွမ်းကျင့်စဉ်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့ အောင်မြင်မှုကြီးအဆင့်ကို ရောက်တာနဲ့ အနည်းဆုံးတော့ ချန်ချွမ်းကျင့်စဉ်ရဲ့ အင်အား၆၀ရာခိုင်နှုန်းလောက်ကို ထုတ်သုံးနိုင်လိမ့်မယ်”

လီဝမ့်ကျွင်းမှ ပြောပြသည်။

ချန်ချွမ်းကျင့်စဉ်၏ အဓိကအချက်သည် သိုင်းပညာတစ်ခုလုံးကို အသက်သွင်းပေးသည့် ကျောရိုးဖြစ်သော အတွင်းအားကျင့်စဉ်များဖြစ်သည်။ ချန်ကျဲ့၏ လီချွမ်းကျင့်စဉ်အပြင် အခြားကျင့်စဉ်ငါးခုထဲမှ ရေထိန်းချုပ်လက်ဝါးသိုင်းနှင့်တူညီသည့် ယွီရွှေကဲ့သို့သော သိုင်းကွက်ကျင့်စဉ်များလည်း ကျန်ရှိနေသေးသည်။

ကျင်းကျယ်၊ ချွမ်းဖန်း၊ ချင်းမင်၊ ကူယွီကဲ့သို့သော အခြားကျင့်စဉ်များ၌လည်း အသီးသီး ထပ်တူညီသည့် ကျင့်စဉ်များ ရှိကြပေလိမ့်မည်။

ထိုအတွင်းအားကျင့်စဉ်၆ခုကို ပေါင်းစည်းလိုက်ခြင်းဖြင့် ချန်ချွမ်းကျင့်စဉ်ကို ပြီးပြည့်စုံစေနိုင်သည်။

လက်ရှိတွင် ချန်ကျဲ့သည် လီချွမ်းကျင့်စဉ်နှင့် ထပ်တူညီသော ယန်ချွမ်ကျင့်စဉ်ကို တတ်မြောက်ပြီးဖြစ်၍ ယွီရွှေကျင့်စဉ်နှင့် ထပ်တူညီသည့် ရေထိန်းချုပ်လက်ဝါးသိုင်းကိုလည်း တိုက်ရိုက်အသုံးပြုနိုင်ပေသည်။

လက်ဝါးသိုင်းကို တိုက်ရိုက်အသုံးပြုနိုင်သည်။

နီဝမ့်ကျွင်း ပြောသည့်အတိုင်းပင် အကယ်၍များ တင်းရွှမ်း၌ ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ကိုက်ညီမည့် အတွင်းအားရှိခဲ့ပါက တင်းရွှမ်းကို ရင်ဆိုင်တိုက်ခိုက်ရန်မှာ အလွန်တရာ ခက်ခဲလောက်ပေမည်။

ထိုစဉ် နီဝမ့်ကျွင်းသည် ရေထိန်းချုပ်လက်ဝါးသိုင်းကျမ်းအား ရတနာတစ်ပါးသဖွယ် ကိုင်ထားသည့် ချန်ကျဲ့ကိုကြည့်လျက် အကြံပြုသည်။

“ကျိုစစ် ငါမင်းကို အကြံပေးပါရစေ။ သိုင်းလောကက အန္တရာယ်များတယ်။ မင်းက ဒီနတ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ အလွယ်တကူ ထုတ်မသုံးလိုက်နဲ့။ တစ်ယောက်ယောက်က မေးလာခဲ့ရင်လည်း မင်းရဲ့ယန်ချွမ်ကျင့်စဉ်အကြောင်းကို ထုတ်မပြောနဲ့”

“မှတ်ထား၊ သိုင်းကွက်တွေကို တတ်မြောက်ဖို့ဆိုတာ လွယ်ကူတယ်။ ဒါပေမဲ့ အတွင်းအားကျင့်စဉ်ဆိုတာ ရှာဖွေရခက်ခဲတယ်။ အဲဒါကို စိတ်ထဲမှာ မှတ်ထားပါ”

နီဝမ့်ကျွင်းသည် သိုင်းကျမ်းကို ချန်ကျဲ့ထံ အပ်နှံခဲ့သည်။ ချန်ကျဲ့သည် အလွန်တရာကျေးဇူးတင်လျက် ခေါင်းညိတ်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး!”

“ရပါတယ်”

နီဝမ့်ကျွင်းမှ ပြောသည်။

“ပြီးတော့ ရေထိန်းချုပ်လက်ဝါးသိုင်းကိုလည်း အရမ်းပေါ်တင်ကြီး သုံးလို့မဖြစ်ဘူး။ တကယ်တမ်းကျ အဲဒါက တင်းရွှမ်းရဲ့သိုင်းပညာလေ။ သိုင်းပညာတွေကို တစ်ခါတလေကျ ဘေးလူတွေက မှတ်မိနေတတ်ကြတယ်။ ပြီးတော့ ဒါကိုလည်း လေ့ကျင့်ထားပေါ့”

ထိုသို့ပြောလျက် နီဝမ့်ကျွင်းသည် ချန်ကျဲ့ကို လျှို့ဝှက်ကျမ်းစာအုပ်တစ်အုပ် ထပ်မံပေးလာခဲ့သည်။

ချန်ကျဲ့ စာအုပ်အမည်ကို ဖတ်ကြည့်လိုက်သည်။ လှိုင်းတံပိုးလက်ဝါးသိုင်း!

နီဝမ့်ကျွင်းမှ ရှင်းပြသည်။

“ငါ မျန့်ရွှေစီရင်စုကို လာတဲ့လမ်းမှာ သိုင်းပညာ အတော်အသင့်ကောင်းမွန်တဲ့ ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့ရသေးတယ်။ သူတို့ထဲက တစ်ယောက်က အမှောင်စွမ်းအင်အဆင့်ရှိတယ်။ ငါသူတို့ကို သတ်ပြီးတော့ ဒီလှိုင်းတံပိုးလက်ဝါးသိုင်းကျမ်းကို ရှာတွေ့ခဲ့တာပဲ”

“ငါအကြမ်းဖျင်း ဖတ်ကြည့်ပြီးပြီ။ တချို့သိုင်းကွက်တွေက ရေထိန်းချုပ်လက်ဝါး၂၄ကွက်နဲ့ အတော်လေးဆင်တူတယ်။ မင်း ပုံမှန်တိုက်ခိုက်တဲ့အခါ တခြားသူတွေရှေ့မှာ လှိုင်းတံပိုးလက်ဝါးသိုင်းကို ထုတ်သုံးပြီး ရေထိန်းချုပ်လက်ဝါးသိုင်းနည်းနည်းကို မသိသာအောင် ထည့်‌သုံးပေါ့။ အဲဒါမှ ဘယ်သူမှ သတိမထားမိမှာ။ မင်းရဲ့အင်အားတိုးတက်လာပြီဆို အပြင်ဘက်က ခြိမ်းခြောက်မှုတွေကို စိုးရိမ်ပူပန်နေဖို့ မလိုတော့ဘူး။ အဲဒီအခါကျ ရေထိန်းချုပ်လက်ဝါးသိုင်းကို ပေါ်တင်အသုံးပြုနိုင်ပြီ”

ထိုအခါ ချန်ကျဲ့သည် ရုတ်ချည်း လက်သီးယှက်၍ အရိုအသေပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ အစ်ကိုကြီးက အကုန်စေ့စေ့စပ်စပ် တွေးတတ်တာပဲဗျာ!”

“အဲဒါက စေ့စပ်သေချာတာ မဟုတ်ပါဘူး။ သိုင်းလောကရဲ့ သာမန်အခြေခံအသိလေးပါပဲ”

ထိုစဉ် ချန်ကျဲ့ မေးခွန်းတစ်ခု စဉ်းစားမိခဲ့သည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး ခုနက ယန်ချွမ်ကျင့်စဉ်က အတွင်းအားကျင့်စဉ်တစ်ခုဖြစ်ပြီး ရေထိန်းချုပ်လက်ဝါးသိုင်းက သိုင်းကွက်ကျင့်စဉ်တစ်ခုလို့ ပြောခဲ့တာနော်။ သိုင်းပညာလေ့ကျင့်တဲ့အခါတိုင်းမှာ သူနဲ့ကိုက်ညီတဲ့ အတွင်းအားကျင့်စဉ်ကို လိုအပ်တာလားဗျ”

ချန်ကျဲ့ သိချင်စိတ်ပြင်းပြနေခဲ့သည်။ သူသည် ဘိုးဘေးကြီးလက်သီးသိုင်းတစ်မျိုးတည်းသာ လေ့ကျင့်ခဲ့ဖူး၏။ သို့တိုင် ‌အရေပြားသန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ပေသည်။

နီဝမ့်ကျွင်းမှ ပြန်ပြောသည်။

“ကျင့်ကြံရေးနည်းလမ်းတွေကို အတွင်းနဲ့အပြင်ဆိုပြီး ခွဲခြားထားတယ်လို့ ပြောနိုင်တယ်။ အပြင်ပိုင်းကျင့်စဉ်ကို ရုပ်ခန္ဓာကို အထူးပြုတဲ့ ကြံ့ခိုင်ရေးကျင့်ကြံမှုတွေအဖြစ် လူသိများကြတယ်။ သိုင်းပညာအခေါ်အဝေါ်အရဆို အမှောင်စွမ်းအင်အဆင့်ကို မရောက်ခင် အရာအားလုံးကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံမှုလို့ပဲ ခေါ်ကြတယ်။ အဲဒီအဆင့်တွေက အပြင်ပိုင်းကျင့်စဉ်တစ်ခုတည်းနဲ့ ထိုးဖောက်ဝင်ရောက်နိုင်‌တယ်လေ”

“ဒါပေမဲ့ မင်းရဲ့အသွေးအသားတွေ အထွတ်အထိပ်ကိုရောက်ရှိပြီး မင်းရဲ့အရိုးနဲ့ အရွတ်မျှင်တွေကို စတင်တွဲစပ်တော့မယ်ဆိုရင် မြန်ဆန်တဲ့တိုးတက်မှုအတွက် အတွင်းအားကို လိုအပ်လာလိမ့်မယ်”

“‌ဒါပေါ့၊ မင်ကျင့်အဆင့်မှာ အတွင်းအားအထောက်အပံ့ရှိမယ်ဆိုရင် တိုးတက်မှုက ပိုပြီးမြန်ဆန်နိုင်တယ်။ ဒါပေမဲ့ အဲဒါက များသောအားဖြင့် ဂိုဏ်းတပည့်တွေပဲ ရတတ်တဲ့ အထူးအခွင့်အရေးပဲ။ ငါတို့လို ဆင်းရဲနွမ်းပါးတဲ့ သိုင်းသမားတွေအတွက်ကတော့ အဲဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်”

ချန်ကျဲ့ နီဝမ့်ကျွင်း ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်ပါ၏။ သူသည် လက်ဝါးကြီးအုပ်စနစ်ကို ဆိုလိုနေခြင်းပင်။

ဟုတ်ပါ၏။ လက်ဝါးကြီးအုပ်စနစ်ပင် ဖြစ်သည်။ အပြင်ပိုင်းကျင့်စဉ်များသည် အပြင်ဘက်သို့ စီးဆင်းနိုင်သည်။ ၎င်းကို အသုံးပြု၍ သိုင်းပညာပါရမီရှိသူများကို ရွေးချယ်သည်။

ပါရမီရှိသည့် သိုင်းပညာရှင်များသည် အမြင့်သို့တက်လှမ်းရန်အတွက် အတွင်းအားကျင့်စဉ် လိုအပ်၏။ ထိုအတွင်းအားစိတ်ကျင့်စဉ်များကို အဓိက အင်အားစုကြီးများ၊ အာဏာရှိမိသားစုကြီးများနှင့် အစိုးရမှ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ ၎င်းအတွင်းအားစိတ်ကျင့်စဉ်ကို သင်ယူလိုပါက ထိုအင်အားစုများထံ မိမိကိုယ်ကိုယ် သစ္စာတရားဖြင့် သက်သေခံရပေမည်။

အထူးအခြေအနေအချို့ဖြင့် အတွင်းအားကျင့်စဉ်ကို ရယူနိုင်ခဲ့သော ကံကောင်းသူအချို့မှအပ အများစုသည် ရွေးချယ်စရာမရှိပါဘဲ မိမိ ခစားရမည့် အင်အားစုတစ်ခုကို ရှာဖွေရပေသည်။

ထိုအချက်ကို နားလည်သွားသောအခါ ချန်ကျဲ့သည် ဤကမ္ဘာ၏ သိုင်းပညာလမ်းကြောင်းအား နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာခဲ့သည်။

အချိန်နောက်ကျနေပြီကို ‌မြင်သောအခါ ချန်ကျဲ့ ခဏမျှတွေးတော၍ မေးလိုက်သည်။

“အစ်ကိုကြီး အခု လှုပ်ရှားနိုင်ပြီလား”

နီဝမ့်ကျွင်းမှ ပြန်ပြောသည်။

“ပြင်းပြင်းထန်ထန် တိုက်ခိုက်ရတာ မဟုတ်သ၍ ပုံမှန်လမ်းလျှောက်တာလောက်ကတော့ ပြဿနာမရှိဘူး”

ထို့နောက် ချန်ကျဲ့မှ ပြောသည်။

“ကောင်းပြီ အစ်ကိုကြီး ကျွန်တော့်နောက်လိုက်ခဲ့ပါ”

ထိုသို့ပြောလျက် ချန်ကျဲ့သည် နီဝမ့်ကျွင်းကို ဦးဆောင်ခေါ်သွား၏။ ဤအနောက်တောင်သည် မလုံခြုံတော့ပေ။ မကြာသေးမီက အစောင့်အရှောက်ကြီးများကို လှည့်စားနိုင်ခဲ့သော်ငြား သူတို့သည် ငတုံးများ မဟုတ်ကြပေ။ လှည့်စားထားကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် သေချာပေါက် တောင်တစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာကြပေလိမ့်မည်။

ထိုသို့ပိုက်စိပ်တိုက်ရှာကြပါက ဤလိုဏ်ဂူလေးသည်လည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့နှစ်ဦး နေရာရွှေ့ပြောင်းရပေမည်။

ချန်ကျဲ့သည် နီဝမ့်ကျွင်းကို လမ်းကျဉ်းလေးတစ်ခုမှ တောင်အောက်သို့ ခေါ်လာခဲ့ပြီး ငါးဖမ်းကုန်သည်အဖွဲ့သို့ ဦးတည်သွားခဲ့သည်။ ငါးဖမ်းကုန်သည်အဖွဲ့သို့ ရောက်သောအခါ လှေအသေးတစ်စင်းကိုယူ၍ နီဝမ့်ကျွင်းအား သူနေ့လယ်က ရှာဖွေတွေ့ရှိခဲ့သည့် ရွှံ့‌တောကျွန်းငယ်လေးဆီသို့ ခေါ်သွားခဲ့သည်။

သိပ်သည်းထူထပ်သော ကျူပင်များဝန်းရံနေ၍ ထိုနေရာသည် ငါးဖမ်းလှေများ ရောက်ရှိရန် မလွယ်ကူပေ။ တံငါသည်များသည်လည်း မလာကြပေ။ ဤကျွန်းသည် စွန့်ပစ်နယ်မြေတစ်ခုနီးပါးဖြစ်နေ၍ ပုန်းအောင်းဖို့ရာ အလွန်သင့်တော်ပေသည်။

နီဝမ့်ကျွင်းသည် အားပြန်ဖြည့်၍ အနားယူရန်အတွက် အများဆုံးနှစ်ရက်လိုအပ်သည်ဟု ပြောခဲ့သည်။ ထို့နောက်မှ ထွက်သွားပေမည်။

ဟွမ်ကျိုးစီရင်စု၏အရာရှိတစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်ရာ နီဝမ့်ကျွင်းကို ရှာဖွေဖမ်းဆီးခြင်းအား သေချာပေါက် အရှိန်မြှင့်တင်ကြပေလိမ့်မည်။

ဤနေရာသည် ကာလကြာရှည်နေထိုင်ရန်အတွက် အဆင်မပြေပေ။

အဖြစ်အပျက်များကို သိရှိပြီးနောက်တွင် ချန်ကျဲ့သည် သိချင်စိတ်ပြင်းပြလာခဲ့၍ မေးလိုက်သည်။

“အစ်ကိုကြီး သူတို့က ဘာလို့ အစ်ကိုကြီးကို လုံးဝ မရပ်မနား ရှာနေကြတာလဲ။ အစ်ကိုကြီး တကယ်ပဲ ဘာလုပ်ခဲ့တာလဲ။ သာမန်အရာရှိ‌တစ်ယောက်ကို သတ်ခဲ့တာရော ဟုတ်ရဲ့လား”

ထိုအခါ နီဝမ့်ကျွင်း၏နှုတ်ခမ်းထောင့်စွန်းလေးများ အပေါ်သို့ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

“ညီနောင်လေး မင်းအဲဒီအကြောင်းကို မေးမယ်ဆိုရင် ငါလည်းမင်းကို တစ်ခုတော့ တောင်းဆိုရလိမ့်မယ်”

“ဘာလဲဗျ”

သိချင်စိတ်ပြင်းပြနေသော ချန်ကျဲ့မှ ပြောသည်။

“အထက်မက်မွန်ရွာက စွန့်ပစ်ထားတဲ့နေအိမ်ကို သိလား”

နီဝမ့်ကျွင်းမှ ပြောသည်။

“ကျွန်တော် သိပါတယ်”

“ကောင်းပြီ။ မင်း အချိန်အားတဲ့အခါ အစားအသောက်တချို့ ယူသွားပေးပါ။ ငါအဲဒီမှာ လူတစ်ယောက် ပစ်ထားခဲ့တယ်”

“‌ဗျာ?”

All Chapters