← Chapters

အခန်း (၈၃)

Vol. 6 Ch. 83

အခန်း (၈၃)

Vol. 6 Ch. 83

ချန်ကျဲ့သည် နီဝမ့်ကျွင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ အချိန်ခဏမျှ စဉ်းစားပြီးနောက် နီဝမ့်ကျွင်းသည် သူ၏မျက်နှာကို ညင်သာစွာ ဆွဲလိုက်၏။ မျက်နှာတွင် အမာရွတ်ရှိနေသည့် လူ့အရေပြားသည် ရုတ်ချည်း ဆွဲခွာခံလိုက်ရပေသည်။

ဘုရားရေ~

လူ့အရေပြားမျက်နှာဖုံးကို ခွာလိုက်သောအခါ ချောမောခံ့ညားသည့် မျက်နှာတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

နီဝမ့်ကျွင်းသည် ရုတ်တရက်ကြီး သိုင်းလောကသားတစ်ဦးနှင့် မတူတော့ပေ။ ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်သူဌေးကြီးတစ်ဦး၏ သားတော်လေးတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။

“ဒါက?”

နီဝမ့်ကျွင်းမှ ရယ်မောသည်။

“ဟားဟား ရုပ်ပြောင်းရုပ်လွှဲအတတ်ပညာလေ။ လှည့်ကွက်သေးသေးလေးတစ်ခုပါပဲ။ မင်း ငါ့ရဲ့သရုပ်မှန်ကြောင့် လန့်သွားပြီလား”

ချန်ကျဲ့ ခေါင်းညိတ်သည်။

“အင်း”

နီဝမ့်ကျွင်းမှ ထပ်မံရယ်မောသည်။

“ဟုတ်တယ်။ အပြင်လူတွေက ငါ့ကို နီမန့်ဇစ်လို့ခေါ်ကြတယ်။ ပုန်ကန်သူအရိုင်းအစိုင်းတစ်ယောက်က ဒီလိုပုံစံမျိုးဖြစ်သင့်တာလေ။ ငါ့ရဲ့အခုပုံစံအမှန်နဲ့သာဆိုရင် ဘယ်သူမှ မယုံကြည်မှာ စိုးရတယ်ကွ”

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

“ဒါကို ‘မြင်ကွင်းရှင်းရှင်းမှာ ပုန်းအောင်းနေတယ်'လို့ခေါ်တယ်”

နီဝမ့်ကျွင်းမှ ဆက်ပြောသည်။

“ငါ စွန့်ပစ်အိမ်ထဲမှာ ပစ်ထားခဲ့တဲ့တစ်ယောက်ကတော့.. သူက အတော်လေး ကိုင်တွယ်ရခက်ခဲတဲ့ကိစ္စကြီးပဲ။ မင်းသူ့ကို အစားအသောက်ယူသွားပေးတဲ့အခါ ဒီတိုင်း အစား‌အသောက်အချို့နဲ့ ရေနည်းနည်းပဲ ပေးခဲ့လိုက်။ သူနဲ့ စကားပြောဖို့ မလိုဘူး။ ငါ့မျက်နှာဖုံးကိုယူသွားပြီး အဝတ်လည်း လဲဝတ်သွားလိုက်”

ချန်ကျဲ့ ခေါင်းညိတ်သည်။ ထို့နောက် နီဝမ့်ကျွင်းကို ပြောသည်။

“အစ်ကိုနီ တကယ်တော့ အစ်ကို့ရဲ့လက်ရှိပုံစံနဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို့ကို ဘယ်သူမှ မှတ်မိမှာ မဟုတ်ပါဘူး။ ဘာလို့ မြို့ပေါ်က တည်းခိုခန်းတစ်ခုဆီသွားပြီး အားဖြည့်အနားမယူတာလဲ”

နီဝမ့်ကျွင်းမှ ခေါင်းခါသည်။

“မျက်နှာက ပြောင်းလို့ရတယ်။ ဒါပေမဲ့ ဒီဒဏ်ရာတွေက အလွယ်လေး ဖျောက်ပစ်လိုက်လို့ရတာ မဟုတ်ဘူး။ အရမ်းသေးငယ်တဲ့ လွဲချော်မှုလေးကတောင် ငါ့အတွက် အရမ်းအန္တရာယ်များတယ်”

ချန်ကျဲ့ စကားမဆိုတော့ပေ။ ထို့နောက် ခေါင်းညိတ်ပြခဲ့ပြီး ရွှံ့တောကျွန်းမှ ထွက်ခွာလာခဲ့သည်။

…

ထိုစဉ် တောင်ထိပ်ရှိ မြူခိုးထုကြီး၏ ရှေ့၌ ဟွမ်ကျိုးစီရင်စု၏အရာရှိ၊ ရာဇဝတ်သားဖမ်းဆီးရေးအရာရှိ ကျန်းလီယဲ့၊ တစ္ဆေလက် ကုချင်းဖုန်းနှင့် တံငါသည် ဖန်းရှစ်ကျုံးတို့ ရပ်နေကြသည်။

သူတို့သည် မြူခိုးထုရှေ့‌တွင်ရပ်၍ အတွေးထဲ နစ်‌မြုပ်နေကြသည်။

သွေးလမ်းကြောင်းက ဒီနေရာမှာ ရပ်သွားတယ်။

ဒါပေမဲ့ အဲဒီနီမန့်ဇစ်က အသက်ရှင်ရတာ စိတ်ကုန်သွားလို့ ဒီမြူခိုးထုထဲကို ဝင်သွားတာလား။ သူသေရမှာ မကြောက်ဘူးလား။

သူတို့သည် မြူခိုးထုကြီးရှေ့တွင် မလှုပ်မယှက်ရပ်နေကြသည်။ သွေးရှာပျားသည်တော့ ကြောက်ရွံ့ထိတ်လန့်လျက် နေရာ၌ လှည့်ပတ်ပျံသန်းနေသည်။ မြူခိုးထုထဲကို မဝင်ရဲပေ။

သူတို့သည် အချိန်အတော်ကြာ ဝေခွဲမရဖြစ်နေခဲ့ကြသည်။

ကျန်းလီယဲ့မှ ပြောသည်။

“လူကြီးမင်းတို့ ဒီကိစ္စက အရမ်းထူးဆန်းနေပါတယ်။ နီမန့်ဇစ်ကို ကျုပ်သိထားသလောက်တော့ သူက ဒီမြူခိုးထုထဲကို မဆင်မခြင် ပြေးဝင်သွားမယ့်သူမျိုး မဟုတ်ဘူး။ အဲဒီအစား ကျုပ်တို့ သူ့ကိုရှာတွေ့သွားမှာကို စောင့်နေပြီး အပြင်းအထန်တိုက်ခိုက်လို့ ကျုပ်တို့ထဲက လူနည်းနည်းကိုပဲဖြစ်ဖြစ် သူနဲ့အတူ သေမင်းဆီ ခေါ်သွားမယ့်လူမျိုးပါ”

“ဒီမြူခိုးထုထဲကို ပြေးဝင်သွားမှာထက် အတူသေဖို့ရွေးမယ့်လူမျိုးပါ!”

ထိုအခါ ကျန်းလီယဲ့၏ဘေးရှိ တစ္ဆေလက် ကုချင်းဖုန်းမှ ပြောသည်။

“အထဲကို အရမ်းအဝေးကြီး ဝင်မသွားဘဲ နယ်နိမိတ်အစွန်နားလေးမှာပဲ လျှောက်သွားနေတာရော မဖြစ်နိုင်ဘူးလား။ သူ့ရဲ့အင်အားအရဆို အဲဒီလောက်က အရမ်းအန္တရာယ်မများနိုင်ဘူးလေ”

“မဟုတ်ဘူး မဖြစ်နိုင်ဘူး။ သူ ဒဏ်ရာအပြင်းအထန်ရထားတယ်ဆိုတာကိုလည်း မမေ့နဲ့ဦး။ သူ့ရဲ့သွေးနံ့က အရမ်းပြင်းလွန်းလို့ သွေးရှာပျားတောင် အနံ့ခံနိုင်တာကို ဒီမြူခိုးထုထဲက မကောင်းဆိုးဝါးကောင်တွေဆို ထည့်ပြောနေဖို့တောင် မလိုတော့ဘူး။ နယ်နိမိတ်အစွန်အဖျားမှာပဲ နေနေရင်တောင် သွေး‌နံ့ရဲ့ဆွဲဆောင်ခံလိုက်ရတဲ့ မကောင်းဆိုးဝါးတွေက သူ့ကို လာဆွဲကြမှာပဲ။ ဒီနယ်နိမိတ်အပြင်ဘက် အစပ်နားမှာ လာရပ်ရင်တောင် သူ့အတွက် မလုံခြုံနိုင်ဘူး”

“သူကလည်း အဲဒါကို သတိမထားမိဘဲနေမှာ မဟုတ်ဘူး”

ကျန်းလီယဲ့မှ ဖြည့်စွက်ပြောသည်။

ဖန်းရှစ်ကျုံးမှလည်း သူ၏အတွေးအမြင်ကို ထုတ်ဖော်ပြောခဲ့သည်။

ထို့နောက် ဟွမ်ကျိုးစီရင်စု၏အရာရှိမှ ပြောသည်။

“ဒါဆို အဲဒီကလိမ်ကကျစ်ကောင်က ငါတို့ကို မျှော်လင့်ချက်မရှိတာကို လိုက်ရှာခိုင်းလိုက်တာပဲ။ သူ မြူခိုးထဲကို ဝင်သွားတယ်လို့ ငါတို့အထင်မှားအောင်လို့ တမင်ရည်ရွယ်ပြီး ဒီနေရာကို မျှားခေါ်ခဲ့တာပေါ့?”

ကျန်းလီယဲ့မှ ခေါင်းညိတ်သည်။

“အဲဒီလိုဖြစ်နိုင်တယ်။ သူအခု တောင်ပေါ်က တစ်နေရာရာမှာ ပုန်းနေလောက်မယ်ထင်တယ်”

ထိုအခါ အရာရှိ၏မျက်နှာသည် ရုတ်ချည်းအေးစက်သွားတော့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အဲဒီကောင်ကို အမိဖမ်းရမယ်!”

“သခင်ကြီးကူ သခင်ကြီးဖန်း!”

အရာရှိသည် ဒေသခံခေါင်းဆောင်နှစ်ဦးကို ခေါ်လိုက်သည်။

“ရှန်းထောင်မြို့ရဲ့ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ရဲ့ တပည့်တွေအားလုံးကို အခုချက်ချင်း အ‌သိပေးလိုက်ပါ။ ဒီနေ့ည တောင်တစ်တောင်လုံးကို ပိုက်စိပ်တိုက်ရှာဖွေမယ်။ သေချာပေါက် အောင်မြင်ရမယ်လို့!”

“ဟုတ်ကဲ့ပါ”

ခေါင်းဆောင်နှစ်ဦးမှ ပြန်လည်တုံ့ပြန်သည်။

ဟွမ်ကျိုးစီရင်စု၏အရာရှိထံမှ သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို မြင်သောအခါ ‌ခန်းမအရှင်သခင်နှစ်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အရာရှိ၏တောင်းဆိုချက်ကို သဘောတူညီခဲ့ကြသည်။ ထို့နောက် အတူတကွ တောင်အောက်သို့ ဆင်းခဲ့သည်။ ကျန်းလီယဲ့သည် အရာရှိနှင့်အတူ ဤပတ်ဝန်းကျင်တွင် ရှာဖွေရန် ကျန်နေခဲ့သည်။

တောင်အောက်သို့ဆင်းနေစဉ် ကုချင်းဖုန်းမှ ပြောသည်။

“လောင်ဖန်း၊ အဲဒီအရာရှိကို ဘာများဝင်ပူးနေတာလဲပဲကွာ၊ အတင်းအကျပ်ကို ညတွင်းချင်း ရှာဖွေဖို့ လုပ်နေတော့တာပဲ။ အပြင်ဘက်မှာ ပုန်ကန်သူတွေမှ အများကြီးရှိတာပဲကို ဒီတစ်ယောက်ကို ဘာကိစ္စ အရမ်းတွေစိတ်နှစ်မြှုပ်ပြီး ရှာဖို့ကြိုးစားနေတာလဲပဲ”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“သိသာနေတာပဲ မဟုတ်ဘူးလား။ အဲဒီဟယ်ချွမ်တင်းရွှမ်းက နီမန့်ဇစ်ရဲ့လက်ထဲမှာ သေသွားခဲ့တာလေ။ အဲဒီတော့ သူက နီမန့်ဇစ်ကို ဖမ်းမမိဘဲနဲ့ ပြန်သွားနိုင်ပါ့မလား

ကုချင်းဖုန်းမှ ခေါင်းခါသည်။

“ငါ့တော့ အဲဒီထက်ပိုတဲ့အကြောင်းအရင်း ရှိနေဦးမယ်ထင်တယ်။ အစကတည်းက တစ်ခုခုမှားယွင်းနေသလို ခံစားရတယ်။ သူတို့တွေ နီမန့်ဇစ်ကို သူ့အိမ်မှာ ချောင်ပိတ်ဖမ်းလို့ ရပါရဲ့နဲ့ နီမန့်ဇစ် ဘယ်သွားလဲဆိုတာကို ကျိန်းသေပေါက် လိုက်ကြည့်ချင်နေခဲ့တာလေ”

“လောင်ဖန်း အဲဒီနီမန့်ဇစ်က ဟွမ်ကျိုးစီရင်စု အစိုးရ‌ရုံးတော်က ရတနာတစ်ခုခုကို ခိုးယူထားတာဖြစ်နိုင်တယ်လို့ မင်း မထင်မိဘူးလား”

“သူတို့ ဒီတစ်ကြိမ် ဒီကိုရောက်လာရတဲ့အကြောင်းရင်းကို အမှားကြီးပြောထားပြီး တကယ်တမ်းကျ နီမန့်ဇစ်ရဲ့လက်ထဲက ရတနာကို ယူချင်တာလေ”

“အဲဒီလို မဖြစ်နိုင်ဘူးလား”

ဖန်းရှစ်ကျုံးသည် မျက်လုံးအိမ်တို့မှေးကျုံ့လျက် နားထောင်နေခဲ့သည်။ သူ၏မျက်နှာအမူအရာသည် တည်ငြိမ်အေးဆေးနေသော်ငြား ထိုသို့ဖြစ်နိုင်ခြေကြောင့် သိသိသာသာ စိတ်ယိမ်းယိုင်သွားခဲ့ပေသည်။

ကုချင်းဖုန်းမှ ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ်ကွာ ငါတော့ ဒီတစ်ကြိမ် သူတို့ရဲ့ရည်ရွယ်ချက်က မရိုးရှင်းလောက်ဘူးထင်တယ်။ ပြီးတော့ မင်းဒါကို တွေးမိသလား။ နီမန့်ဇစ်ကို အလစ်တိုက်ခိုက်တုန်းက အရာရှိနှစ်ယောက်က နီမန့်ဇစ်ကို အသက်ရှင်လျက်ဖမ်းဆီးတာ ပိုကောင်းမယ်လို့ အကြိမ်ပေါင်းများစွာ အ‌လေးထားပြောခဲ့ကြသေးတယ်။ ဒါက ဝန်ခံထွက်ဆိုချက်ရယူဖို့အတွက်ဆိုတာ ထင်ရှားနေတာပဲလေ”

“နီမန့်ဇစ်ရဲ့ပုန်ကန်မှုက ရုတ်တရက် ခေါင်းထဲဝင်လာလို့ လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလိုပဲ။ သူ့ကြည့်ရတာ ကြံရာပါလည်း ရှိပုံမပေါ်ဘူး။ အဲဒါကိုမှ နီမန့်ဇစ်ကို အသက်ရှင်လျက်ဖမ်းဖို့ ကြိုးစားနေတာက တစ်ခုခုရဲ့နေရာကို ခြေရာခံဖို့ဖြစ်လိမ့်မယ်။ ဟွမ်ကျိုးစီရင်စုက အရာရှိတွေကို အရမ်းစိတ်အားထက်သန်နေအောင် လုပ်နိုင်တဲ့အရာက ဘာများဖြစ်လိမ့်မလဲ”

“ငါလည်း သေချာမသိပေမဲ့ သာမန်ပစ္စည်းတော့ သေချာပေါက် မဖြစ်နိုင်ဘူး။ အဲဒီပစ္စည်းရဲ့တန်ဖိုးက စီရင်စုအရာရှိတစ်ယောက်ရဲ့အသက်ထက် ပိုတန်ဖိုးရှိတာတော့ သေချာတယ်”

သူတို့နှစ်ဦးသည် ထိုသို့စကားပြော‌ဆိုဆွေးနွေးရင်းဖြင့် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

စာစဉ်ပြီး၏

All Chapters