← Chapters

ကြည့်နေခွင့်ရရုံသာ

Vol. 12 Ch. 33

ကြည့်နေခွင့်ရရုံသာ

Vol. 12 Ch. 33

မန်မိုရီစတစ်ထဲက မှတ်ဉာဏ်တွေက တဖြည်းဖြည်းနဲ့ ဝေဝါးပျောက်ကွယ်သွားတယ်။

မက်ဒါနာက သူ့ရဲ့ခေါင်းက မှိုနံတွေနံပြီး မလျှော်ရတာ ကြာပြီ ဖြစ်တဲ့ပုံပေါ်တဲ့ ခေါင်းအုံးနဲ့ထိနေတာကို သတိထားမိတယ်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ပင့်ကူအိမ်တွေ၊ ကျောက်ဂွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ တိုက်ခန်းရဲ့မျက်နှာကျက်ကို မြင်လိုက်ရတယ်။

“ငါ့အခန်းကိုငါ ပြန်ရောက်နေတာလား။”

မက်ဒါနာက ထထိုင်လိုက်တော့ အခန်းထဲက ပစ္စည်းတွေ သူထွက်သွားတုန်းကအတိုင်းပဲ ရှိနေသေးတာကို မြင်ခဲ့ရ ပါတယ်။ နောက်တစ်ပတ်ပိတ်ရက်ကျမှ လျှော်မယ်ဆိုပြီး အဝတ်တောင်းထဲ ထည့်ထားတဲ့ ဝတ်ပြီးသားအဝတ်တွေ အပုံလိုက်။ ပြည့်နှက်နေတဲ့ အမှိုက်တောင်းနဲ့ ရှုပ်ယှက် ခတ်နေတဲ့ ကျောတစ်ခင်းစာ အခန်းငယ်လေး။

“ဘယ်နှစ်ရက်နေ့တောင် ဖြစ်နေပြီလဲ။” မက်ဒါနာက သူ့ရဲ့ ဖုန်းကိုဖွင့်ဖို့လုပ်တော့ ဖွင့်မရဘူး။ အားကုန်နေတဲ့ ပုံပဲ။ ဒါကြောင့် မှန်ကွဲနေတဲ့ ဖုန်းကိုတယုတယကိုင်ရင်းနဲ့ အားသွင်းကြိုးနဲ့ ချိတ်ဆက်လိုက်တယ်။ ဒီတော့မှ ဖုန်းက ပွင့်လာပြီး မက်ဆေ့တွေ တစ်တောင်တောင်နဲ့ တက်လာ တော့တာ။ အကုန်အလုပ်က စာတွေချည်းပဲ။

“ဘုရားရေ၊ ငါအလုပ်မသွားတာ နှစ်ပတ်တောင် ဖြစ်နေပြီပဲ။”

အဲဒီနောက်တော့ မက်ဒါနာက သူ့ရဲ့ဖုန်းက ဒိတ်ကိုကြည့်ပြီး ပြုံးလိုက်မိပါတယ်။ “တော်ပါသေးတယ်၊ အဲဒီနေ့ကို မီသေးလို့။”

နောက်တော့ မက်ဒါနာက အခန်းခြေရင်းက ပလက်စတစ် သေတ္တာလေးကိုဖွင့်ပြီး အတွင်းထဲက နက်ပြာရောင် ယူနီဖောင်းကို ထုတ်လိုက်တယ်။ ယူနီဖောင်းရဲ့ကျောမှာ သန့်ရှင်းရေးလို့ ရေးထားပေမဲ့ အလုပ်သွားရမှာကို အလွန် တက်ကြွနေတဲ့ပုံနဲ့ အဲဒီဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ခဲ့တယ်။

အခုလောလောဆယ်တော့ သူတခြားကမ္ဘာကနေပြီး ကန်ထုတ်ခံခဲ့ရတာကို ဂရုမစိုက်အားသေးပါဘူး။ အဲဒီအစား သူ့မှာပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေပါတယ်။

...

မက်ဒါနာက ‘ဓာတ်လှေကားပျက်နေပါသည်' ဆိုတဲ့ ဆိုင်းဘုတ်ကို ဂရုမစိုက်ဘဲ အရေးပေါ်လှေကားကနေ အောက်ဆုံးထပ်အထိ ခုန်ဆင်းသွားတယ်။ လမ်းမပေါ် ရောက်တော့ ထွက်ခါနီးဘက်စ်ကားပေါ်တက်လိုက်တယ်။ အနီးအနားက လူတွေက သူဝတ်ထားတဲ့ ယူနီဖောင်းကို မြင်ရုံနဲ့တင် ဘေးကိုဖယ်သွားကြလို့ ဘက်စ်ကားတိုးစီးရတဲ့ အရသာတောင် မရှိပါဘူး။

အထပ်မြင့်တိုက်ကြီးတစ်ခုရှေ့က ဘက်စ်ကားမှတ်တိုင်မှာ ကားရပ်တော့ မက်ဒါနာက ကားပေါ်ကနေဆင်းပြီးတော့ လမ်းကူးတယ်။ လမ်းကူးပြီးတဲ့နောက် အထပ်မြင့်တိုက် အောက်ခြေမှာရှိတဲ့ သန့်ရှင်းရေးရုံးခန်းထဲ ဝင်လိုက်ပေမဲ့ သူ့ကိုမြင်တာနဲ့ ဒေါသထွက်ပြီးစီးကြိုအော်ဟစ်တဲ့ ဆံပင်ဖြူ အထွေးသားနဲ့ အဖွားအိုတစ်ယောက်ကိုသာ သူမြင်လိုက်ရ ပါတော့တယ်။

“ခွင့်မတိုင်ဘဲနဲ့ ဆယ့်သုံးရက်တောင် ပျောက်သွားရဲတယ် ပေါ့။ မက်ဒါနာ။ နင့်ကိုယ်နင် ဘာထင်နေလဲ။ ဂျီအမ်က နင့်ကို အလေးပေးတယ်ဆိုရုံနဲ့ လူပါးဝလို့ရမလား။”

ရုံးရဲ့သန့်ရှင်းရေးဌာနမှူးက သူ့ကိုအော်ဟစ်ဆူပူပြီးတဲ့ နောက်မှာတော့ အတင်းတိုးထိုးပြီးတော့ သူ့ကို လူသား အရင်းအမြစ်ဌာနဆီ ခေါ်သွားတယ်။ နောက်တော့ ခွင့်မတိုင်ဘဲ အလုပ်ပျက်မှုနဲ့ ချက်ချင်းအလုပ်ထုတ် ပစ်လိုက်ပါလေရော။ ဝန်ထမ်းဘက်က တာဝန်ပျက်ကွက်မှု ကြောင့်ဆိုပြီးတော့ လျော်ကြေးလစာတောင် မပေးလိုက်ဘူး။

ဒါပေမဲ့ မက်ဒါနာက အပြုံးမပျက်ပါဘူး။ အဲဒီအစား ရုံးအပြင်က ခုံတန်းလေးမှာထိုင်ပြီး လမ်းမပေါ်ကို ငေးကြည့်ကာ တစ်စုံတစ်ခုကို စောင့်ကြည့်နေခဲ့တယ်။ ပလာဒင်ကော်ပိုရေးရှင်းလို့ ရေးသားထားတဲ့ သတ္တု ဆိုင်းဘုတ်က အလင်းရောင်ပြန်က သူ့မျက်နှာကို လာထိုးနေတာတောင် ဂရုမစိုက်ခဲ့ဘူး။

“ကိုးနာရီထိုးတော့မယ်။ သူလာတော့မယ်။”

သူအခုလို ရေရွတ်လိုက်ပြီး မကြာခင်မှာပဲ ကားလေးတစ်စီး ထိုးစိုက်လာခဲ့တယ်။ ကားဒရိုက်ဘာတံခါးက ညင်သာစွာ ပွင့်လာပြီးတဲ့နောက်မှာ ရွှေရောင်ဆံပင်ကို ခပ်တိုတို ညှပ်ထားပြီး ဘလေဇာနဲ့စကပ်တိုကို စတိုင်ကျကျ ဝတ်ဆင်ထားတဲ့ မိန်းမလှလေး ကားပေါ်ကနေ ဆင်းလာပါတော့တယ်။

“မစ်ဖလေရာ၊ ကျွန်မ တစ်ခုခုကူညီပေးရဦးမလား။” မက်ဒါနာက လက်နှစ်ဖက်ကို နောက်ပစ်ပြီး အဲဒီမိန်းကလေးနားကို ကပ်သွားတယ်။

မျက်လုံးပြာလေးတွေနဲ့ သိပ်ကိုလှပတဲ့ အဲဒီမိန်းကလေး ကလည်းပဲ မက်ဒါနာကို လှည့်ကြည့်လိုက်ပြီး ပြန်ပြီးတော့ ပြုံးပြလိုက်တယ်။

“ဟယ်၊ မက်ဒါနာပါလား။ နင့်ကိုမတွေ့တာ အတော်ကြာပြီပဲ။ ခွင့်ယူထားတာလား။”

“အင်း၊ အဲဒီလိုပဲ ဆိုပါတော့။”

ဖလေရာက အရင်ကတည်းက မက်ဒါနာကို ခိုင်းနေကျ ဖြစ်နေဟန်နဲ့ မက်ဒါနာရဲ့လက်ထဲ စက္ကူအိတ်တစ်အိတ် ထည့်ပေးလိုက်တယ်။ အိတ်ထဲမှာတော့ ရှည်လျားပြီး လှပတဲ့ အဖြူရောင်ဂါဝန်တစ်ထည်ကို မြင်နေရတာပေါ့။

“လမ်းကြုံတာနဲ့ ဆိုင်ကနေ ထုတ်လာခဲ့တာ။ မညစ်ပတ်စေနဲ့ဦးနော်၊ စနေနေ့ကျရင် အစ်မဝတ်မယ့် ဟာမလို့လေ။”

ပြောစရာမလိုပေမဲ့ မက်ဒါနာက ဒါဟာ ဖလေရာရဲ့ မင်္ဂလာဆောင် ဝတ်စုံကိုဆိုတာကို သိနေခဲ့ပါတယ်။ ဖလေရာက ရှေ့ကနေလျှောက်တယ်။ မက်ဒါနာက အထုပ်ကိုကိုင်ထားပြီး နောက်ကနေ ငြိမ်ငြိမ်လေး လိုက်ခဲ့တယ်။ သူ့ပုံစံက ဖလေရာအနားမှာ ရှိနေရတဲ့ အတွက်ကို ကျေနပ်နေတဲ့ပုံပါပဲ။

ရုံးရှေ့ကိုရောက်တော့ လုံခြုံရေးတချို့က မက်ဒါနာကို တားဖို့လုပ်ပေမဲ့ ဖလေရာက လက်ကာပြလိုက်ပြီးတော့ “ရပါတယ်၊ ငါပါရင် သူ့ကိုစစ်ဆေးမနေဘဲ ဝင်ခွင့် ပေးလိုက်ပါ။”

ဒါကြောင့်လုံခြုံရေးတွေက မက်ဒါနာကို မစစ်ဆေးတော့ ပါဘူး။ သူတို့နှစ်ယောက်က ဓာတ်လှေကားထဲကို အတူ ဝင်ပြီးတော့ ဖလေရာအတွက် မက်ဒါနာက ထိပ်ဆုံးအထပ် ခလုတ်ကို နှိပ်ပေးလိုက်တယ်။ အဲဒီနောက်တော့...

“မင်္ဂလာဆောင်အတွက် စိတ်လှုပ်ရှားနေပြီလားဟင်။” မက်ဒါနာက စိုးရိမ်နေပေမဲ့ သိချင်စိတ်နဲ့ မေးခဲ့တယ်။

ဖလေရာက ခေါင်းညိတ်လိုက်ရင်း “မစ္စတာရစ်ချက်က တည်ငြိမ်ပေမဲ့ နားလည်ပေးတတ်တဲ့ လူတစ်ယောက်ပါ။ သူက အစ်မအကြံအတိုင်း မင်္ဂလာပွဲကို အကြီးကြီး မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ မြို့ထဲက ချက်ကျောင်းတစ်ခုမှာပဲ လုပ်ကြမှာ။ အဲဒါပြီးရင်တော့ ဟာဝိုင်ရီကို ဟမ်းနီးမွန်း ထွက်ကြမှာ ဆိုပေမဲ့ပေါ့။”

“ချစ်ရတဲ့သူနဲ့ လက်ထပ်ခွင့်ရတာ ဝမ်းသာဖို့ ကောင်းလိုက်တာ။”

မက်ဒါနာက ဒီကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တာ ငါးနှစ်လောက် ရှိခဲ့ပြီ။ တရားဝင်အလုပ်လုပ်ဖို့အတွက် အသက်ပြည့်တဲ့ အချိန်ကတည်းကပဲ။ အမြဲတမ်း ရိုးသားကြိုးစားခဲ့တဲ့ အတွက်ကြောင့် အောက်ခြေသိမ်းအလုပ်သမား ဖြစ်ပေမဲ့ ဂျီအမ်ဖြစ်နေတဲ့ ဖလေရာရဲ့ယုံကြည်မှု ရခဲ့တယ်။

ဒါပေမဲ့ သဘာဝကျနစွာနဲ့ပဲ ဖလေရာက မက်ဒါနာကို ပုဂ္ဂိုလ်ရေးအရရင်းနှီးတာမျိုးတော့ မဟုတ်ပါဘူး။ အလုပ်သမားတစ်ယောက်နဲ့ အထက်လူကြီးတစ်ယောက် ကြားက ဆက်ဆံရေးလိုပါပဲ။

တစ်ဖက်မှာတော့ မက်ဒါနာက ဖလေရာကို စွဲလမ်း သွားခဲ့မိတယ်ဆိုပါတော့။

“မက်ဒါနာ၊ အလုပ်မရှုပ်ဘူးဆိုရင် အစ်မကားကို ဆေးပေးလို့ရမလား။ အလုပ်ဆင်းရင် မုန့်ဝယ်ကျွေးမယ်လေ။”

ဓာတ်လှေကားတံခါး ပွင့်သွားတော့ ဖလေရာက အခုလို မေးလိုက်တယ်။ မက်ဒါနာက ခေါင်းကိုခါယမ်းရင်းနဲ့ “ရပါတယ်။ ဒါက ကျွန်မအလုပ်ပဲဥစ္စာ။”

အဲဒီနောက်တော့ မက်ဒါနာက ဖလေရာရဲ့ဂါဝန်ကို ရုံးခန်းထဲအထိ လိုက်ပို့ပေးပြီး အောက်ထပ်ကို ပြန်ပြီး ဆင်းလာခဲ့တယ်။ ကားပါကင်မှာ ကားကိုဆေးဖို့လုပ်တော့ လုံခြုံရေးက လာတားဖို့လုပ်သေးပေမဲ့ မက်ဒါနာက ဒူးထောက်လုမတတ် တောင်းပန်ခဲ့တဲ့အတွက် ဟိုက စောင့်ကြည့်နေရုံပဲ စောင့်ကြည့်နေတော့တယ်။

ကားဆေးလို့ပြီးချိန်မှာတော့ ခုံတန်းဆီကိုပဲ ပြန်သွားပြီး လမ်းမပေါ်က ကားတွေဖြတ်သွားတာကိုသာ ငိုင်ငိုင်ကြီးနဲ့ ကြည့်နေမိတယ်။ သူ့မှာ ရှေ့ဆက်ဘာလုပ်ရမလဲဆိုတဲ့ စိတ်ကူးမျိုးမရှိဘူး။

မက်ဒါနာအတွက်တော့ ဘဝဆိုတာက အစီအစဥ်မဲ့၊ ကသောင်းကနင်း ဖြစ်ချင်ရာတွေ ဖြစ်နေခဲ့တာ ငယ်စဥ် ကတည်းကပါပဲ။

တဖြည်းဖြည်းသူကြုံနေရတဲ့ အရာတွေအကြောင်းကို စဥ်းစားခန်းဝင်ရင်းနဲ့ ပင်ပန်းလာသလိုမျိုး ခံစားရတယ်။ ဒါကြောင့် ခါးကိုင်းကာ မျက်နှာကို ပေါင်ပေါ်အပ်ပြီး တစ်ချက် မှေးလိုက်တယ်။ မှေးလိုက်တယ် ဆိုပေမဲ့ သူ့ခေါင်းထဲကို အတိတ်က အကြောင်းအရာတွေက ဝင်ရောက်နေရာယူတဲ့အတွက် ယူနီဖောင်းဘောင်းဘီ အနားစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတယ်။

...

“ဆံပင်ဖြူနဲ့မွေးလာတဲ့ ကလေးတွေက ခိုက်တတ်တယ်တဲ့။”

ဘယ်သူက စလိုက်တဲ့စကားမှန်းတော့ မသိပေမဲ့ သူရဲ့မွေးရပ်မြို့ငယ်လေးမှာ အဲဒီလိုရှေးရိုးစံတဲ့ အစွဲအလမ်းတစ်ခု ရှိနေခဲ့တယ်။

မက်ဒါနာ အမိဝမ်းကနေကျွတ်တဲ့ နေ့မှာပဲ ဖခင်ဖြစ်တဲ့သူက ဆောက်လုပ်ရေးမတော်တဆမှုတစ်ခုကြောင့် တိုက်ပေါ်က ပြုတ်ကျပြီး ဆုံးသွားခဲ့တယ်။

အဲဒီကနေပြီး ကော်လာဟလတွေ ထွက်လာခဲ့တာ ဆိုပေမဲ့ မေမေသီတာက သူ့ကို အတော်ကြာအောင် ပြုစု စောင့်ရှောက်ခဲ့ပါသေးတယ်။ ကံမကောင်း အကြောင်းမလှလို့ လူလိမ်ခံရပြီး ရှိစုမဲ့စုလေးတွေ အားလုံး လူလိမ်ခံခဲ့ရပေမဲ့ပေါ့။

မက်ဒါနာအသက်ဆယ်နှစ်မှာပဲ မက်ဒါနာရဲ့အမေစီးပွား ပျက်သွားခဲ့ပြီး နှစ်ယောက်လုံး အိမ်ငှားဘဝနဲ့ နေရာပြီး တစ်နေရာ ပြောင်းနေခဲ့ရတယ်။ မေမေသီတာကတော့ အိမ်ငှားခနဲ့ မက်ဒါနာရဲ့ကျောင်းစရိတ်တွေအတွက် အချိန်ပိုတွေတအားလုပ်ရင်း ပိန်သည်ထက် ပိန်လာခဲ့တယ်။

တစ်နေ့တော့ အလုပ်မှာလဲကျသွားခဲ့ပြီး ဆေးစစ်တော့ အဆုတ်ကင်ဆာက ဒုတိယအဆင့်တောင် ရောက်နေပြီတဲ့။ ပြီးတော့ အဆိုးဝါးဆုံးမျိုးကွဲဖြစ်တဲ့ ရေမြုပ်အဆုတ်ဆိုတဲ့ အခြေအနေမျိုး။ စိတ်ဖိအားကို ဖြေဖျောက်ဖို့ နောက်ပိုင်း ခေတ်စားနေတဲ့ အီးစီးကရက်ဖိသောက်ရင်း ဖြစ်ခဲ့တဲ့ဒဏ်ပေါ့။ ကုဖို့ပိုက်ဆံရော ကျန်းမာရေး အာမခံပါမရှိတာကြောင့် သေမယ့်အချိန်ကို ထိုင်စောင့် နေဖို့ပဲ ရှိတော့တာ။

အဲဒီအဖြစ်အပျက်ကြောင့် ဆံပင်ဖြူနဲ့ကလေးတွေက ခိုက်တတ်တယ်ဆိုတဲ့ သတင်းစကားက မြို့ထဲမှာ နားမခံ သာလောက်အောင်ကို ပြန့်နှံလာခဲ့တယ်။ ကျောင်းက ကျောင်းနေဘက်တော်တော်များများက အဲဒီအကြောင်း မက်ဒါနာရဲ့နောက်ကွယ်မှာ ပြောတတ်ကြတယ်။

အစကတော့ လစ်လျူရှုထားခဲ့တယ်ဆိုပေမဲ့ တစ်နေ့ အိမ်စာလုပ်မလာလို့ ဆရာမကဆူတော့ သူ့အတန်းပါ ခိုက်တယ်ဆိုပြီး ဆူတာခံရတဲ့အတွက် မက်ဒါနာ အတော်လေး စိတ်ထိခိုက်သွားဖူးတယ်။

နောက်ပိုင်း အမေက အလုပ်မလုပ်နိုင်တဲ့ အခြေအနေမလို့ ကျောင်းမတက်တော့ဘဲ အလုပ်ကို တိတ်တိတ်လေး ခိုးလုပ် ခဲ့ပေမဲ့ အမေက သိသွားပြီး သူ့ရဲ့ပထမဆုံးလုပ်အားခကို ဆွဲဖြဲပစ်​တော့တာပဲ။

“ဆံပင်ဖြူနဲ့မိစ္ဆာမ... နင်က နင့်ကိုယ်နင် အရွယ်ရောက်ပြီလို့ ယူဆပြီးတော့ အတောင်စုံဖြန့်ပြီး အိမ်ကနေ ထွက်တော့မယ် ပေါ့လေ။ နင့်ကို ဘယ်သူက အလုပ်လုပ်ပြီး ငါ့ကိုရှာကျွေး ခိုင်းနေလို့လဲ။”

အမေက မာနသိပ်ကြီးခဲ့တယ်။ အခုအချိန်မှာ ပြန်စဥ်းစားရင် စေတနာနဲ့ သမီးကို အလုပ် ထွက်မလုပ်စေချင်လို့ ပြောတာ ဖြစ်ခဲ့နိုင်ပေမဲ့ ဆံပင်ဖြူနဲ့မိစ္ဆာမလို့ အခေါ်ခံလိုက်ရတဲ့ မက်ဒါနာအတွက်တော့ နောက်ဆုံးစည်းကို ဖြတ်ကျော် ခံလိုက်ရသလိုပဲ။

အဲဒီနေ့ကနေစပြီး မက်ဒါနာက ကျောင်းကို ဘယ်လိုလွှတ်လွှတ် မသွားတော့ဘူး။ အလုပ်တွေပဲ ဖိလုပ်နေခဲ့ပြီး အိမ်ကိုတောင် ပြန်လာချင်မှ ပြန်လာ တော့တာ။ ၁၆နှစ် ပြည့်ပြည့်ချင်းမှာပဲ အိမ်သီးသန့် ငှားနေခဲ့တယ်။

နောင်မှာ နောင်တရရမယ့် ကိစ္စတစ်ခု ဖြစ်နေခဲ့တယ် ဆိုပေမဲ့ပေါ့။

...

အဲဒီနေ့ညက အမေ့ဆီက ဖုန်းလာခဲ့ပေမဲ့ ခါတိုင်းလိုပဲ သူလစ်လျူရှုပြီး အလုပ်ကိုတန်းသွားခဲ့တာ။ ဒါပေမဲ့ အလုပ်ပြန်လာတော့ သိလိုက်ရတာက... ဆေးရုံက ဆရာဝန်က သူ့အမေအစား သူ့ကိုလှမ်းဆက်သွယ်နေတာ ဖြစ်နေပြီးတော့ အရေးပေါ်ဆေးရုံတင်ထားရတဲ့အကြောင်း လှမ်းဆက်တာပါတဲ့။

သွားပြီးတွေ့ဖြစ်တဲ့အချိန်မှာတော့ သူ့အမေရဲ့နောက်ဆုံး အချိန်ကို မမီခဲ့ပါဘူး။

...

အဲဒီနေ့က စပြီးတော့ မက်ဒါနာရဲ့ဘဝကြီးမှာ အလင်းရောင် ကင်းမဲ့သွားခဲ့တာ။ သူ့ကိုယ်သူ ဘာအတွက် ရှင်သန်နေရမှန်း မသိတော့ဘူး။ သူရှာနေတဲ့ပိုက်ဆံတွေက ဘယ်သူ့ဖို့လဲ။ သူ့မှာ ထောက်ပံပေးရမယ့် မိသားစုဆိုလို့ မရှိတော့ဘူး။ သူ့ကိုယ်သူ အသက်ဆက်ရှင်နိုင်ဖို့လို့ ပြောဖို့ကလည်း ရှင်သန်ချင်စိတ် မရှိတော့ဘူး။

အကြိမ်ကြိမ် သူ့ဘဝသူ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမဲ့...

...

ရုတ်တရက် သူ့လက်မောင်းကနေ အေးခနဲ ခံစားရတဲ့ အတွက်ကြောင့် ခေါင်းမော့ကြည့်လိုက်တော့ သူ့ကို ပြုံးပြနေတဲ့ ဖလေရာကို တွေ့လိုက်ရတယ်။ ဖလေရာက လက်ထဲမှာ စပျစ်သီးဆိုဒါတစ်ပုလင်းကို ကိုင်ထားပြီး သူ့ကိုကမ်းပေးနေတယ်။

“ပင်ပန်းနေပြီလား... ဆိုဒါနည်းနည်းလောက်လိုက်ရင် အဆင်ပြေသွားမယ်ထင်လား။”

ဖလေရာက မက်ဒါနာရဲ့လက်ထဲကို ဆိုဒါပုလင်း ကမ်းပေးပြီးနောက် ဘေးမှာဝင်ထိုင်ပါတယ်။ “နင်ဘာလို့ ငါ့ကိုအမှန်အတိုင်း မပြောခဲ့တာလဲ။ ခွင့်မတိုင်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတယ်ဆို... အစ်မပြောပေးရင် ရမှာပါ။ နည်းနည်းပါးပါး တအားဖျားနေလို့ ခွင့်မတိုင်ဖြစ်လိုက်တာ ဆိုပြီးတော့ ဒရမ်မာခင်းပြလိုက်။”

ဖလေရာက အကောင်းအတိုင်း ပြောနေတာ ဖြစ်ပေမဲ့ မက်ဒါနာက ခေါင်းခါပြလိုက်ပါတယ်။ “ရပါတယ်၊ ပြီးခဲ့တာတွေ ပြီးပါစေတော့။”

အဲဒါကြောင့် ဖလေရာက သက်ပြင်းချလိုက်တယ်။ “ဒီ ကုမ္ပဏီမှာ မလုပ်ချင်တော့လို့လား။ အစ်မအသိတွေဆီမှာ အလုပ်အပ်ပေးရမလား။ အလုပ်ကြိုးစားပြီး ရိုးသားတဲ့ ယုန်ဖြူမလေးကို နောက်မမြင်ရတော့မှာ ဝမ်းနည်းမိတယ် ဆိုပေမဲ့ပေါ့။”

မက်ဒါနာက ဖလေရာကို မျက်ရည်တွေ ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်မိတယ်။ လောလောဆယ် ဒီကမ္ဘာကြီးမှာ သူ့အတွက်နောက်ဆုံးကျန်တဲ့ အလင်းရောင်က ဖလေရာပါ။ ဒါပေမဲ့ အဲဒီအလင်းရောင်က သူ့ဆီကနေပြီး ပိုမိုဝေးကွာတဲ့ အရပ်တစ်ခုဆီကို ထွက်ခွာ သွားနေပါတယ်။ ပြောရမယ်ဆိုရင် အစကတည်းက...

“ငါနဲ့သက်ဆိုင်တဲ့ အရာတစ်ခုမှမဟုတ်တာ...” မက်ဒါနာက လေသံတိုးတိုးလေးနဲ့ ရေရွတ်လိုက်တာမလို့ ဖလေရာက သေချာမကြားခဲ့ဘူး။

“ဟင်၊ တစ်ခုခုပြောလိုက်တာလား။” ဖလေရာက ပြန်ပြီး မေးခဲ့ပေမဲ့ မက်ဒါနာက ခေါင်းခါပြီး ပြုံးပြလိုက်တယ်။

“အဲဒီလို မလုပ်ပါဘူး။ ကျွန်မက ဒီအတိုင်း....” သူ့အပြုံးက ပျောက်သွားပြန်တယ်။

ဖလေရာကို နောက်တစ်ကြိမ်ကြည့်လိုက်မိပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ထဲက ခံစားချက်တွေ ဆူပွတ်လာပြီးတော့ သတ္တိတွေကိုစုစည်းကာ ချစ်ကြောင်းဝန်ခံချင်ခဲ့ပေမဲ့ သူ့ပါးစပ်ကနေ ဘာသံမှ ထွက်မလာပြန်ဘူး။

“ဒါဆိုရင်လည်း အိမ်ပြန်ပြီးတော့ နားတော့။ တစ်ခုခု အကူအညီလိုတာရှိရင် အစ်မကို ဖုန်းခေါ်လိုက်။ ယုန်ဖြူလေးဆီကဆိုရင် နားထောင်ပေးမယ်။”

ဖလေရာက မက်ဒါနာရဲ့ခေါင်းကို ပုတ်လိုက်ပြီး ဖိတ်စာ တစ်စောင်ကို ကမ်းပေးလိုက်တယ်။ “ဒါကတော့ အစ်မရဲ့ မင်္ဂလာဆောင်ဖိတ်စာ။ အချိန်ရရင် လာခဲ့လေ။ ဒါနဲ့ အရံသတို့သမီးတစ်နေရာစာ လွတ်နေသေးတယ် သိလား။”

ဖလေရာက မက်ဒါနာကို ဖိတ်စာပေးပြီးတဲ့နောက် သူ့ကားဆီ ပြန်သွားပြီး ထွက်ခွာသွားပါတော့တယ်။ မက်ဒါနာကတော့ ဖိတ်စာကို ကိုင်ထားရင်း ခြောက်သွေ့နေတဲ့ပါးစပ်ကို ဟလိုက်ပေမဲ့ ဘာစကားသံမှ ထွက်မလာပြန်ဘူး။ အဲဒီအစား မျက်ရည်တွေသာ ကျဆင်းလာခဲ့တယ်။

“ငါဘာလို့ သူ့ကိုချစ်တယ်လို့တောင် မပြောနိုင်ရတာလဲ။”

All Chapters