← Chapters

ဧကရီတစ်ပါး၏အမွေအနှစ်လား

Vol. 167 Ch. 2374

ဧကရီတစ်ပါး၏အမွေအနှစ်လား

Vol. 167 Ch. 2374

တားဆီးလိုက်သူကား သာမန်အဝတ်အစားကို ဝတ်ထားသည်။ ထိုနေရာအား ရွှေရောင်အငွေ့အသက်များ လွှမ်းခြုံထားသည်။ သူ့အား လေဟာနယ်မဟာလမ်းစဉ်များ ရစ်ပတ်ထားကာ သူ့မျက်လုံးများမှာလည်း ရွှေရောင်ဝင်းလက်နေသည်။ သူက ရီဖူရှင်းအား ကြည့်သည်တွင် သူ့အကြည့်မှ လေဟာနယ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ရီဖူရှင်းအား တိုက်စားလာသည်။

ရီဖူရှင်းနောက်တွင် ရပ်နေသော ဟွာဂျီယူသည်လည်း ထိုလူအား ပြန်ကြည့်လျှင် တူညီစွာပင် ပုံသဏ္ဌာန်မဲ့ မဟာလမ်းစဉ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာ၏။ နှစ်ယောက်လုံးသည် ထိုအတိုင်း ရပ်နေကြသော်လည်း ကြီးမားသော ဖိအားများသည် တိုက်ပွဲနေရာ၌ စတင်ဖြစ်ပေါ်လာနေသည်။ အဆက်မပြတ် ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့ကာ လေဟာနယ်အက်ကြောင်းများကို မြင်လာရ၏။

ထိုလူက ဟွာဂျီယူအား လှမ်းကြည့်လိုက်သည်။ သူသည် ရှေးနတ်ဘုရားကလန်ထဲမှ တစ်ခုဖြစ်သော ထိုက်ရှန့်ကုန်းမြေမှ ကျန်းကလန်မှ ဖြစ်သည်။ ကျန်းကလန်သည် ထိုက်ရှန့်ကုန်းမြေ၌ ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ကာ ကုန်းမြေသခင်အိမ်တော်သည်ပင် သူတို့အား လေးစားစွာ ဆက်ဆံရ၏။

သမိုင်းနောက်ခံကြီးမားသော သူတို့ကလန်သည် ယခင်က ကောင်းကင်အင်ပါယာကျန်း တည်ထောင်ခဲ့သော ကလန်လည်း ဖြစ်သည်။ သူ ဆုံးပါးသွားပြီးနောက်ပိုင်းတွင် သူ၏သွေးမျိုးဆက်မှာလည်း ပြတ်တောက်သွားရသည်။ ထို့ကြောင့် ကောင်းကင်အင်ပါယာကျန်းသည် သူ၏နတ်စွမ်းအားကိုသုံး၍ ကျန်းကလန်အား ပရမ်းပတာကာလတွင် ပျက်စီးပျောက်ကွယ်မသွားအောင် ကာကွယ်ပေးခဲ့ရာ ကလန်မှာကား ဆက်လက်တည်မြဲခဲ့သည်။ ထို့ကြောင့် မဟာအင်ပါယာ၏အမွေအနှစ်သည် ကျန်းကလန်၌ ယနေ့တိုင် ဆက်လက်တည်မြဲနေခဲ့၏။

ကျန်းကလန်သည် အလွန်လျှို့ဝှက်ကာ သူတို့၏အင်အားအတိမ်အနက်ကို လူအများက မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် သူတို့အား မည်သူမှ အလွယ်တကူ ရန်မစရဲကြပေ။

ယခု တိုက်ခိုက်လိုက်သောလူ၏အမည်မှာ ကျန်းချင်းဖုန်းဖြစ်သည်။ သူသည် ရှေးနတ်ဘုရားကျန်းကလန်၏ အတော်ဆုံးလူငယ်မျိုးဆက်လည်း ဖြစ်၏။ ရန်ဟောင်အဆင့်၏အမြင့်ဆုံးတွင်ရှိသော သူသည် ထိုက်ရှန့်ကုန်းမြေ၌ ယှဉ်နိုင်သူ ရှားပါးပေသည်။

ကျန်းချင်းဖုန်းသည် ဟွာဂျီယူ၏စွမ်းအားကို ခံစားမိသည်။ မဟာလမ်းစဉ်နှင့် ပေါင်းစပ်ထားသော စိတ်စွမ်းအားသည် ထိုနေရာတစ်ခုလုံးအား လွှမ်းမိုးထားသည်။ အတွေးတစ်ချက်မျှဖြင့် သူမသည် အရာအားလုံးကို ရပ်တန့်စေနိုင်ကာ ကျန်းချင်းဖုန်းက သူ၏စွမ်းအားများသည်ပင် ပိတ်ဆို့ခံထားရကြောင်း တွေ့ရသည်။

ဟူး…

ပိုမိုအားကောင်းသော လေဟာနယ်စွမ်းအားများ သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ သူ့ထံမှ အာကာသအားလှိုင်းများသည် ဓားသွားများအလား အသွင်ပြောင်းကာ လေထဲမှ ဟွာဂျီယူ၏စွမ်းအားများကို ခွဲခြမ်းရန် ကြိုးစားကြသည်။

ဟွာဂျီယူကား နတ်အလင်းများ ထုတ်လွှတ်ကာ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်သည်။ သူမ၏မျက်လုံးများသည် နတ်ဘုရားမတစ်ပါး၏မျက်လုံးများအလား ကျန်းချင်းဖုန်း၏မျက်လုံးများနှင့် ဆုံမိသည်။ ထိုအခိုက်တွင် နှစ်ဦးလုံးသည် သီးခြားလောကတစ်ခုသို့ ရောက်သွားဟန်ရသည်။

ကျန်းချင်းဖုန်းသည် သူ၏စိတ်နယ်ပယ်ထဲကို ကျူးကျော်လာသော စိတ်စွမ်းအားကို ခံစားမိ၏။ ၎င်းသည် သူ၏စိတ်နယ်ပယ်အား အနုနည်းဖြင့် တိုက်စားလာခြင်း ဖြစ်သည်။ သူ့ထံသို့ မရေမတွက်နိုင်သော ဟွာဂျီယူ၏ကိုယ်ပွားများ လှမ်းလာနေသည်ကို မြင်ရသည်။ ၎င်းတို့သည် ဟွာဂျီယူ၏ကိုယ်ပွားများမဟုတ်ဘဲ တကယ့် အစစ်အမှန်ဟု ထင်မှတ်ရသည်။

သူ အနည်းငယ် တုန်လှုပ်သွားသည်။ ဗုဒ္ဓနတ်ဘုရားသားတော်သည် အဘယ်ကြောင့် ဒဏ်ရာရသွားသည်ကို သူ နားလည်လိုက်၏။ တစ်ဘက်လူသည် ရန်သူ၏စိတ်နယ်ပယ်ထဲကို တိုက်ရိုက်ဝင်ရောက်ကာ စိတ်ဝိညာဉ်အား တိုက်ခိုက်နိုင်၏။ ထို့အပြင် တိုက်ခိုက်သည့်စွမ်းအားမှာလည်း အလွန်အမင်း ပြင်းထန်ကာ အကြည့်တစ်ချက်ဆုံရုံမျှဖြင့် စိတ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ထွက်သွား…” ကျန်းချင်းဖုန်း၏စိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူ့စိတ်သည် ပြိုပျက်တော့မည့် လေဟာနယ်အလား ပြောင်းလဲသွား၏။ အချိန်နှင့်လေဟာနယ်စွမ်းအားတို့သည် သန်းပေါင်းများစွာသော ပုံရိပ်များအား တွန်းလှန်ရန် ကြိုးစားကြ၏။

သို့သော်လည်း ပျက်စီးသွားသော ပုံရိပ်တစ်ခုချင်းစီမှ အပိုင်းအစများသည်ပင် သူ့စိတ်အား ဒီရေလှိုင်းများအလား ဆက်လက်ဖိအားပေးလာနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရသည်။ သူက အလေးမထားဘဲ မနေရဲတော့ပေ။ သူ့စိတ်နယ်ပယ်သာ ပြိုလဲသွားပါက အကျိုးဆက်မှာ မခန့်မှန်းနိုင်ပေ။

“ကျန်းချင်းဖုန်း ပြဿနာတက်ပြီ” တစ်ယောက်က လေထဲကို လှမ်းကြည့်ကာ ပြောသည်။ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများသည် ကျန်းချင်းဖုန်း မည်မျှ သန်မာသည်ကို သိကြ၏။ သို့သော်လည်း သူ၏အဆင့်ဖြင့်ပင် ဟွာဂျီယူကို ရင်ဆိုင်ရာတွင် ပြဿနာရှိနေ၏။ ကျန်းချင်းဖုန်းထံမှ ပိုမိုပြင်းထန်သော လေဟာနယ်စွမ်းအားများ ထွက်ပေါ်လာခဲ့သော်လည်း ၎င်းတို့သည် တိုက်ခိုက်ရန်မဟုတ်ဘဲ သူ့အား ရစ်ပတ်နှောင်ဖွဲ့ထားကြသည်။

“ဘယ်လို မဟာအင်ပါယာရဲ့စွမ်းအားကို သူမက လက်ခံရရှိခဲ့တာလဲ” တစ်ယောက်က တအံ့တဩပြောသည်။ ဟွာဂျီယူထံမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားများမှာ သေချာပေါက် မဟာအင်ပါယာအဆင့်ဖြစ်သည်။

ကြည့်ရသည်မှာ ဟွာဂျီယူသည် လေဟာနယ်ကို အပိုင်စိုးကာ ရန်သူ၏စိတ်နယ်ပယ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်၏။

ယား…

ထိုစဉ် မာန်သွင်းသံတစ်ချက်သည် ကောင်းကင်ကို တုန်ဟီးသွား၏။ အနန္တတောင်ကုန်းမှ နတ်သားတော်သည် ရပ်ကြည့်မနေနိုင်ဘဲ စတင်တိုက်ခိုက်တော့သည်။ သန်းပေါင်းများစွာသော နတ်ဓားများသည် ရီဖူရှင်းရှိရာသို့ ဦးတည်သွားကြ၏။ သို့သော်လည်း ဟွာဂျီယူထံမှ ကိုယ်ပွားနှစ်ခု ထွက်လာသည်။ သူမကဲ့သို့ပင် ၎င်းတို့မှာ ပြီးပြည့်စုံသော ကိုယ်ပွားများဖြစ်ပြီး မဟာလမ်းစဉ်စွမ်းအားများသည်ပင် သူမနှင့်အတူတူခန့် ရှိသည်။

“အစစ်အမှန်ကိုယ်ပွား…” အားလုံး၏အကြည့်က အေးခဲသွားသည်။ ဟွာဂျီယူသည် ထိုသို့ ကိုယ်ပွားများ ခွဲထုတ်နိုင်မည်ဟု သူတို့ မထင်ထားကြ။ ထို့အပြင် ကိုယ်ပွားများမှာ သူမကဲ့သို့ပင် သန်မာကြသည်။

ထိုကိုယ်ပွားများထံမှလည်း နတ်အလင်းများ ပေါက်ကွဲထွက်လာကြသည်။ ကိုယ်ပွားများက ခေါင်းမော့ကာ လေထဲကို ကြည့်သည်။ ချက်ချင်းပင် နတ်ဓားများသည် ဖြေးလေးသွားကာ လှုပ်ရှားခြင်းမှ ရပ်တန့်သွား၏။

သည်အမျိုးသမီးက အဘယ့်ကြောင့် သန်မာလွန်းရသနည်း။ ရှေးနတ်ဘုရားကလန်မှ လူများက တွေးတောလိုက်ကြသည်။

“အရင်တုန်းက ဘယ်မဟာအင်ပါယာကများ ဒီလို စွမ်းအားမျိုးတွေ ရှိတာလဲ” တစ်ယောက်က စပ်စုလိုစိတ်ကို မထိန်းနိုင်ဘဲ မေးသည်။ ဝိညာဉ်နည်းစနစ်၊ ကိုယ်ပွားနှင့် စိတ်စွမ်းအား… ၎င်းတို့မှာ ဟွာဂျီယူ ထုတ်သုံးခဲ့သော ပညာရပ်များ ဖြစ်သည်။

“ငါ တစ်ယောက်ကို မှတ်မိသလိုပဲ” ရှေးနတ်ဘုရားကလန်မှ စီနီယာတစ်ယောက်က ပြောသည်။ ချက်ချင်းပင် တန်ခိုးရှင်များက စိတ်ဝင်စားစွာဖြင့် နားစွင့်ကြသည်။

ထိုစီနီယာက ရှင်းပြသည် “ရှေးခေတ်က အမျိုးသမီး မဟာဧကရီတစ်ပါးရှိတယ်။ သူမက သူမအုပ်စိုးတဲ့လောကကို သန်းပေါင်းများစွာသော ကိုယ်ပွားတွေ ထုတ်လွှတ်ပြီးတော့ ပညာရပ်တွေ သင်ကြားပို့ချခဲ့တယ်။ သူမရဲ့ပညာရပ်ကို ကျင့်ကြံသူတိုင်းဟာ သူမရဲ့ကျင့်ကြံခြင်းကို အကျိုးပြုသူတွေ ဖြစ်ကြတယ်။ သူမက မရေမတွက်နိုင်တဲ့လူတွေကိုတောင်မှ တိုက်ရိုက်ထိန်းချုပ်နိုင်ပြီးတော့ မဟာအင်ပါယာတွေကြားထဲမှာ အရမ်းနာမည်ကျော်ကြားခဲ့တယ်”

မြေပြင်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မူလဘုံမှ လူများအားလုံးတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာသည်။ ထိုသို့သော မဟာဧကရီတစ်ပါး ရှိခဲ့သည်လား။

မူလဘုံ၏ဒဏ္ဌာရီအရ ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မသည် အလွန်ထူးခြားသော ပညာရပ်ကို ကျင့်ကြံကာ ဘုံသုံးထောင်သို့ ကိုယ်ပွားများ မရေမတွက်နိုင်သော ထုတ်လွှတ်ကျင့်ကြံစေခဲ့သည်။ ထိုကိုယ်ပွားများသည် သူမ၏ကျင့်ကြံခြင်းအထောက်အကူများဖြစ်ကြကာ ဟွာဂျီယူမှာ ၎င်းတို့အထဲမှ တစ်ယောက်ဖြစ်၏။

ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မ ကျင့်ကြံသော နည်းစနစ်မှာ အမှန်တကယ်ပင် ထိုရှေးခေတ်က မဟာဧကရီ၏ပညာရပ်လား။

ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မ၏စွမ်းအားများကို ဆက်ခံသော ဟွာဂျီယူသည် ကောင်းကင်ဒေသတွင် ၎င်းနှင့် ဆက်စပ်နေသော အမွေအနှစ်များကို ထပ်မံရှာတွေ့ခဲ့သည်များလား။

သူတို့ ပြောနေစဉ်မှာပင် မရေမတွက်နိုင်သော ဂီတသင်္ကေတများ ပျံ့လွင့်လာသည်။ ၎င်းတို့သည် အလွန်ဝမ်းနည်းဆို့နင့်ဖွယ် ခံစားချက်ကို သယ်ဆောင်လာခဲ့ကာ နတ်ဓားများအား စတင်ရိုက်ခတ်လာကြ၏။ ချက်ချင်းပင် လေဟာနယ်အတွင်းမှ နတ်ဓားများသည် စတင်ပျက်စီးယိုယွင်းလာကြပြီး တေးသွားသည် မုန်တိုင်းအသွင်ဖြင့် ပိုမိုကျယ်ပြောသော ပတ်ဝန်းကျင်သို့ ပျံ့လွင့်လာသည်။

တချိန်တည်းမှာပင် အားကောင်းသော အောက်မေ့တမ်းတစိတ်သည် လေဟာနယ်ထဲ လွှမ်းခြုံလာပြီး တေးသံကို ကြားရသူတိုင်းမှာ ဝမ်းနည်းခြင်း ကြေကွဲခြင်းနှင့် အောက်မေ့ခြင်းများ စိတ်နှလုံးအတွင်း၌ ကိန်းအောင်းလာကြသည်။ ထိုဂီတသင်္ကေတများသည် သူတို့၏စိတ်ဝိညာဉ်အား တိုက်ရိုက် တိုက်ခိုက်ကျူးကျော်လာကြ၏။ ကု့ချင်းသံတွင် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားများ ကပ်ငြိနေကာ စွမ်းအားမြင့်တန်ခိုးရှင်များသည်ပင် ထိုခံစားချက်ကို တားဆီးရန် ခက်ခဲလာ၏။ တစ်ယောက်စီတိုင်းက အောက်မေ့တမ်းတခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းတို့ကို ခံစားကြရသည်။

All Chapters