အဆုံးအဖြတ်တိုက်ပွဲ
Vol. 167 Ch. 2375
ရှေးနတ်ဘုရားကလန်မှ တန်ခိုးရှင်များမှာ ပူးပေါင်းလိုက်သည့်တိုင်အောင် ဖိအားများကို ခံစားနေကြရသေး၏။ ရီဖူရှင်းနှင့် သူ့အဖော်နှစ်ယောက်ကို ရင်ဆိုင်ရာတွင် သူတို့မှာ ယခင်လို ယုံကြည်ချက် မရှိတော့။
ယူချင်းဖြစ်စေ၊ ဟွာဂျီယူနှင့် ရီဖူရှင်း ဖြစ်စေ သူတို့မှာ ထင်မှတ်ထားသည်ထက် ပိုမို သန်မာနေသည်။ ယူချင်းသည် ဗုဒ္ဓနတ်ဘုရားသားတော်၏လက်ကို ဖြတ်တောက်ခဲ့ကာ သူ့အား တိုက်ပွဲမှ ဆုတ်ခွာစေသည်။ ဟွာဂျီယူသည် စိတ်စွမ်းအားဖြင့် ရန်ဟောင်အဆင့်ကိုးနှစ်ဦးကို တားဆီးထား၏။ ရီဖူရှင်းက ဘေးမှ ကာကွယ်ပေးနေခြင်းဖြင့် ဆိုပါက ထိုနေရာမှာ တိုက်ခိုက်ရန် မဖြစ်နိုင်သလောက် ခက်ခဲသည်။
ရီဖူရှင်း တီးခတ်နေသော အောက်မေ့ခြင်းတေးသွားမှာလည်း ပိုမိုအားကောင်းလာနေသည်။ ကု့ချင်းသံစဉ်တွင် မဟာလမ်းစဉ်ကို ဖျက်ဆီးနိုင်လောက်အောင် အားကောင်းသော စွမ်းအားများ ပါဝင်နေ၏။ တချိန်တည်းမှာ ဝိညာဉ်ကိုပင် လှုပ်ယမ်းစေသော စိတ်ခံစားချက်သည် လူတစ်ယောက်အား အဆုံးမဲ့သော ချောက်နက်ထဲကို ကျဆင်းစေနိုင်သည်။
ရီဖူရှင်း တစ်ယောက်တည်းက ထိုတေးသွားကို တီးခတ်ပါက ထိုမျှ လွှမ်းမိုးနိုင်စွမ်း ရှိမည် မဟုတ်သော်လည်း သူသည် ‘ကျွမ့်ကျွမ့်’ နတ်ကု့ချင်းအား တီးခတ်နေခြင်း ဖြစ်သည်။ ၎င်းသည် မဟာအင်ပါယာရှန့်ယင်း၏နတ်ရတနာဖြစ်ကာ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည်။
တေးသွားမှာ တစ်လောကလုံးကို ပျံ့နှံ့ရန် အချိန်သိပ်မလိုလိုက်ဘဲ လူတိုင်းမှာ အဆုံးမဲ့သော အောက်မေ့ကြေကွဲခြင်း၌ ပိတ်လှောင်မိနေကြပြီ ဖြစ်သည်။ ဟွာဂျီယူသည်ပင် ဝမ်းနည်းပူဆွေးခြင်းကို ခံစားရသည်။
မှန်သည်၊ ထိုအသံလှိုင်းများမှာ ဟွာဂျီယူအား ဦးတည်တိုက်ခိုက်ခြင်းမဟုတ်ရာ သူမအတွက် ပြဿနာမရှိသော်လည်း ကောင်းကင်ဒေသမှ လူများ၏စိတ်မှာမူ ဆောက်တည်ရာမရ ဖြစ်နေကြရသည်။
အဆင့်ရှစ်ရန်ဟောင်များမှာကား ထိုဝမ်းနည်းပူဆွေးမှုဒဏ်ကို တောင့်ခံနိုင်ဟန်မတူတော့။ ဥပမာအားဖြင့် ဗုဒ္ဓနတ်ဘုရားသားတော်နှင့် အနန္တနန်းတော်အမွေခံတို့မှာ အဆုံးမဲ့သော ဝမ်းနည်းပူဆွေးခြင်းထဲ၌ ပိတ်မိနေကြပြီဖြစ်သည်။
ယွမ်ရှစ်နန်းတော်မှ တန်ခိုးရှင်၏ကျင့်ကြံခြင်းမှာ အဆင့်ရှစ်ဖြစ်ကာ သူသည် အလွန်သန်မာ၏။ သူ့မျက်လုံးမှ နတ်အလင်းများ ထွက်ပေါ်လာခဲ့ကာ နတ်ဘုရားပြစ်ဒဏ်ဝိညာဉ်စွမ်းအားသည် သူ့ထံမှ ပေါက်ကွဲထွက်လာပြီး ထိုစိတ်ခံစားချက်များအား တိုက်စားဖျက်ဆီးသည်။ သို့သော်လည်း သူ့စိတ်ခံစားချက်များမှာ ထိန်းသိမ်းရန် အလွန်ခက်ခဲနေဆဲဖြစ်ပြီး သူသည် အတိတ်မှ ဝမ်းနည်းစရာဖြစ်ရပ်များကို ပြန်လည်တွေးတောကာ စိတ်နှလုံးမှာလည်း ညစ်ထေးရှုပ်ထွေးလာတော့သည်။
သူက လက်ဆန့်တန်းကြည့်သော်လည်း သူ့လက်များမှာ တောင့်တင်းနေသည်။ သူ့စိတ်က မဟာလမ်းစဉ်စွမ်းအားကို ထုတ်ဖော်ရန် ကြိုးစားသော်လည်း အရာမထင်။ နတ်ဘုရားပြစ်ဒဏ်ဓားများသည် လှုပ်ယမ်းသော်လည်း အစွမ်းမဲ့ကြသည်။ သူ့စိတ်က မတည်ငြိမ်ရာ မဟာလမ်းစဉ်စွမ်းအားကို မည်သို့ ထုတ်ဖော်နိုင်မည်နည်း။
ယူချင်းက ကောင်းကင်မိစ္ဆာနတ်ဆိုးတစ်ပါးအား စေခိုင်းလိုက်သည်။ ထိုနတ်ဆိုးသည် လက်မြောက်ကာ နတ်ဘုရားပြစ်ဒဏ်ဓားအား ခုတ်ချလိုက်သည်။
“သတိထား…” ယွမ်ရှစ်နန်းတော်မှ တန်ခိုးရှင်အား အဖြူရောင်အကြီးအကဲတစ်ဦးက လှမ်း၍ သတိပေးသည်။ သို့သော်လည်း ယွီရှစ်နန်းတော်အမွေခံမှာ အဆုံးမဲ့သော စိတ်ခံစားချက်များ၌ ပိတ်မိနေပြီးဖြစ်သည်။ သူက လက်ကျန်စွမ်းအားဖြင့် ကာကွယ်တားဆီးသော်လည်း သူ့ရှေ့မှ ဓားမှာ ပြင်းထန်စွာ ရိုက်နှက်ခံရသလို သူ့ထံကိုလည်း ဓားခုတ်ချက်တစ်ခု ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
နတ်ဆိုးဓားသည် ပြင်းထန်စွာ ကျဆင်းလာခဲ့ကာ ယွမ်ရှစ်နန်းတော်အမွေခံမှာလည်း နောက်ကို လွင့်စင်သွားခဲ့၏။ ထိုနတ်ဆိုးဓားချက်သည် သူ၏ခန္ဓာကိုယ်တွင် သွေးစီးကြောင်းတစ်ခု ချန်ထားရစ်သည်။
“တားလို့တောင် မရဘူးလား” ကောင်းကင်ဒေသမှ တန်ခိုးရှင်များ၏စိတ်နှလုံးများ တုန်ယင်သွားကြသည်။ သူတို့မှာ ရီဖူရှင်းနှင့် ယူချင်းထက် ကျင့်ကြံဆင့် မြင့်ကြပေသည်။ သိုသော် တိုက်ပွဲ၌ ယူချင်းသည် နတ်ဆိုးစွမ်းအားများကို ထုတ်ဖော်ကာ ရီဖူရှင်းသည် မဟာအင်ပါယာ၏ကု့ချင်းအား အသုံးပြုတိုက်ခိုက်ခဲ့သည်။ သူတို့၏ အတွဲညီသော ပူးပေါင်းမှုဖြင့် ဆိုပါက အဆင့်ရှစ်ရန်ဟောင်များမှာ အဆင့်တူများ မဟုတ်တော့ပေ။
ယူချင်းကလည်း အဆင့်ရှစ်ရန်ဟောင်အများအပြားမှာ တေးသွား၏ဖမ်းစားမှုအောက်ကို ရောက်နေကြောင်း သိသည်။ သူက လေထဲကို တက်သွားကာ နတ်ဆိုးခြောက်ပါးနှင့်အတူ ဓားအား အဆက်မပြတ် ဝှေ့ယမ်း၏။ ဓားချက်များသည် ထိုအဆင့်ရှစ် ရန်ဟောင်များထံသို့ အဆက်မပြတ် ကျဆင်းလာခဲ့သည်။
ထိုအဆင့်ရှစ် ရန်ဟောင်များသည် တတ်စွမ်းသမျှ တားဆီးခုခံကြသော်လည်း ရလဒ်ကား အတူတူသာ ဖြစ်သည်။ သူတို့အားလုံးမှာ ဓားတစ်ချက်စီဖြင့် ဒဏ်ရာများ ရသွားကြပြီး အဝေးကို လွင့်သွားသည်။
ကလင်…
ကု့ချင်းသံသည် သူတို့၏စိတ်ထဲကို အဆက်မပြတ် ကျူးကျော်တိုက်ခိုက်နေခဲ့သည်။ သူတို့အားလုံး၏မျက်နှာများ ပြာနှမ်းလာကာ စိတ်ဝိညာဉ်မှာလည်း ဒဏ်များ ဖြစ်လာကြသည်။
ကောင်းကင်ဒေသမှ လူများသည် သူ့အား အတင်းတိုက်ခိုက်ရန် တွန်းအားပေးခဲ့ကြသည်။ အဆက်မပြတ်သော ရန်စ စော်ကားမှုတွင် ရီဖူရှင်းသည်လည်း အလျှော့ပေးရန် စိတ်ကူးမရှိတော့ပေ။
ထိုအဆင့်ရှစ်ရန်ဟောင်များမှာ ထိပ်သီးအင်အားစုများမှ အတော်ဆုံး ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့မှာ ကိုယ်ပိုင်လျှို့ဝှက်ပညာရပ်များ ရှိကြသော်လည်း ဤသို့သော ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ခုခံရန် ခက်ခဲလှသည်။
အဆင့်ကိုးရန်ဟောင်များကား ထိုလူများကို ကူညီရန် စိတ်ကူး စိုးစဉ်းမျှ မရှိချေ။ တိုက်ပွဲစသည်နှင့် ထိုလူများမှာ အခြေအနေ မကောင်းသည်ကို မြင်ပြီးဖြစ်သည်။ ကု့ချင်း၏စိတ်နှလုံးကို တိုက်ခိုက်မှု၊ စိတ်စွမ်းအားနှင့် ရုပ်ခန္ဓာစွမ်းအား စသည့် အဘက်ဘက်မှ ကြီးမားသော ဖိအားများအောက်တွင် အဆင့်ရှစ် ရန်ဟောင်များမှာ အနည်းငယ်မျှပင် အခွင့်အရေး မရှိချေ။
ကု့ချင်းသံစဉ် ဆက်လက်၍ ထွက်ပေါ်လာသည်။ ရီဖူရှင်း တီးခတ်လျှင် တေးသွားမှာလည်း ပိုမို၍ အားကောင်းလာသည်။ အဆုံးမဲ့သော လေဟာနယ်သည် မမြင်ရသော အသံလှိုင်း၏လွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေပြီးဖြစ်သည်။ အဆင့်ကိုးရန်ဟောင်များမှာ တိုက်ပွဲနေရာတွင် ရှိနေပြီးဖြစ်သည်။ သူတို့က ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရင်းက လေးနက်သော အမူအရာများ ဖြစ်လာသည်။
မြေပြင်တွင် ကောင်းကင်ဒေသမှ လူများသည် အခြေအနေကို မြင်ကြရ၏။ ထိုအခိုက်တွင် တိုက်ပွဲမြေပြင်သည် အလွန်တိတ်ဆိတ်နေ၏။ တိုက်ပွဲဝင်မည့်လူများမှာလည်း သိပ်မကျန်တော့ပေ။
ရီဖူရှင်းတို့သုံးယောက်သည် ကောင်းကင်ဒေသမှ အဆင့်ကိုးရန်ဟောင် လေးယောက်ဖြင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုလေးယောက်သည် ရန်ဟောင်အမြင့်ဆုံး၌ ရှိနေကြကာ လောကတခွင်၌ ကျော်ကြားသူများ ဖြစ်ကြသည်။
ရီဖူရှင်းနှင့် ယူချင်းတို့မှာ အဆင့်ခုနစ်များဖြစ်ကြပြီး ဟွာဂျီယူတစ်ယောက်တည်းသာ အဆင့်ကိုးဖြစ်သည်။ ဤသည်က မျှတသော တိုက်ပွဲတစ်ခုတော့ မဟုတ်ပါ။ သို့သော် ရီဖူရှင်းက နတ်ကု့ချင်းကို အသုံးပြုနေသလို ယူချင်းသည်လည်း နတ်ဆိုးပညာရပ်ဖြင့် အစွမ်း အဆမတန် အားကောင်းနေခြင်းက သူတို့ကိုလည်း အထင်သေးမရသော အခြေအနေ ဖြစ်သည်။
အနောက်အင်ပါယာနန်းတော်သည်ကား တိုက်ပွဲတွင် ပါဝင်ခြင်း မရှိပါ။ ရှီးချီယောင်သည် တိုက်ပွဲအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေသည်။ ကြည့်ရသည်မှာ သူမက ရီဖူရှင်းနှင့် သူ့အဖော်များကို အလွန်လျှော့တွက်ခဲ့ပြီဖြစ်သည်။ ရီဖူရှင်သည်သာ သူ၏ပတ်ဝန်းကျင်၌ အတော်ဆုံးပါရမီရှင်ဟု တွေးခဲ့သည်။ သို့သော် ဟွာဂျီယူနှင့် ယူချင်းတို့မှာလည်း ထူးခြားသော ပါရမီကို ပိုင်ဆိုင်ကြ၏။
တစ်ဘက်တွင် ရီဖူရှင်းတွင်လည်း ကြီးမားသော လျှို့ဝှက်ချက်များ ပိုင်ဆိုင်ကြောင်း ပိုမို ထင်ရှားလာခဲ့ပေသည်။