← Chapters

ထျန်းယန်မြို့မှ ဝမ်မြန်

Vol. 167 Ch. 2376

ထျန်းယန်မြို့မှ ဝမ်မြန်

Vol. 167 Ch. 2376

လေထဲမှ တိုက်ပွဲတွင် လူခုနစ်ယောက်သာ ရပ်ကျန်ခဲ့သည်။

ရီဖူရှင်းသည် ထိုင်ရက် ကု့ချင်းတီးနေခဲ့ကာ ဟွာဂျီယူသည် သူ့ဘေးတွင် ရပ်နေ၏။ ယူချင်း ဆင့်ခေါ်ထားသော နတ်ဆိုးကိုယ်ပွားများသည်လည်း သူတို့အား စောင့်ကြပ်နေကြ၏။

သူတို့ရှေ့တွင်ကား အဆင့်ကိုးရန်ဟောင်လေးဦးသည် တကွဲတပြား ရပ်နေကြသည်။ တစ်ဦးမှာ နန်ထျန်းကုန်းမြေမှ ဟွားကျွင်းမော့ ဖြစ်၏။ သူသည် ရီဖူရှင်း အနိုင်ယူခဲ့သော ဟွားကျွင်းလိုင်၏အစ်ကိုလည်း ဖြစ်သည်။

အနန္တတောင်ကုန်းမှ ဖေးရှန့်…။

ထျန်းရှန်းကုန်းမြေ၊ ရှေးနတ်ဘုရားကျန်းကလန်မှ ကျန်းချင်းဖုန်း…။

ထျန်းယန်ကုန်းမြေ၊ ထျန်းယန်မြို့မှ ဝမ်မြန်…။

ထိုထိပ်သီးရန်ဟောင်လေးဦးသည် သူတို့၏ကုန်းမြေများတွင် လျှမ်းလျှမ်းတောက် ကျော်ကြားထင်ရှားကြ၏။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း ထူးခြားကောင်းမွန်သည်။

သူတို့မှာ ခြွင်းချက်မရှိ ရှေးနတ်ဘုရားကလန်များမှလည်း ဖြစ်ကြသည်။

ဟောင်ထျန်းကလန်သည် ဟောင်ထျန်းမဟာအင်ပါယာ၏အမွေအနှစ်များကို ဆက်ခံသည့်ကလန်ဖြစ်ကာ အနန္တတောင်ကုန်းသည်လည်း မဟာအင်ပါယာဝူလျန့်၏ဆက်ခံသူများ ဖြစ်ကြသည်။ ကျန်းမိသားစုတွင် မဟာအင်ပါယာကျန်း၊ ထျန်းယန်မြို့တွင် မဟာအင်ပါယာထျန်း အသီးသီး ကြောက်စရာ နောက်ခံများကို ပိုင်ဆိုင်ကြသည်။

သည်မတိုင်ခင် တခြားတန်ခိုးရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခဲ့ကြ၏။ သူတို့က ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် မရည်ရွယ်သော်လည်း စစ်မှန်သော စွမ်းအားများကို ထုတ်ဖော်ခဲ့ကြ၏။ ယခု ထျန်းယန်မြို့မှ ဝမ်မြန်တစ်ဦးတည်းသာ မတိုက်ခိုက်ရသေးပေ။

သူ့ထံမှ နတ်အလင်းများ ပေါက်ကွဲထွက်လာခဲ့ကာ ထိုနတ်အလင်းများသည် ထောင်ပေါင်းများစွာသော မက်ထရစ်ငယ်လေးများအဖြစ် အသွင်ပြောင်းလဲနိုင်ကြသည်။

ကောင်းကင်ဒေသ၏ကုန်းမြေ ၁၈ ခုတွင် ကုန်းမြေတစ်ခုစီ၌ ထူးခြားသော သမိုင်းနှင့် အမွေအနှစ်များ ရှိကြ၏။ ရှေးခေတ်အခါ၌ နာမည်ကျော်ပုဂ္ဂိုလ်များသည် ထိုကုန်းမြေများ၌ ထွက်ပေါ်လာခဲ့ကြကာ အများအပြားသည် မဟာအင်ပါယာအဆင့်အတန်းကို ရရှိခဲ့ကြ၏။ ယနေ့ခေတ်အထိ ကုန်းမြေများသည် သူတို့၏သမိုင်းအမွေအနှစ်များကို ဆက်ခံနေကြဆဲ ဖြစ်သည်။

အရှင်ဒွန်ဟောင်၏နန်းမြို့တော်ရှိရာ အင်ပါယာကုန်းမြေကို မိတ်ဆက်စရာ လိုမည် မထင်။ သို့သော် တခြားကုန်းမြေများမှာလည်း အံ့အားသင့်ဖွယ် ပညာရပ်များ ရှိကြပေသေးသည်။ ထျန်းယန်ကုန်းမြေသည်ကား အာခီမီပညာရပ်များဖြင့် နာမည်အထူးကျော်ကြားသည်။ ထိုကုန်းမြေမှ အင်အားကြီးကလန်များမှာလည်း အာခီမီပညာရပ်ကို အထူးပြုလေ့ကျင့်ကြကာ သူတို့ထုတ်လုပ်စီမံသော ဝိညာဉ်လက်နက်များမှာလည်း ကောင်းမွန်သော ဂုဏ်သတင်းများဖြင့် ကျော်ကြားသည်။

ကောင်းကင်လမ်းစဉ် ပြိုကွဲပြီးနောက်တွင် ကုန်းမြေအသီးသီးမှာ ဆုတ်ယုတ်သွားခဲ့သော်လည်း ထျန်းယန်ကုန်းမြေသည်ကား အာခီမီအမွေအနှစ်များကို ယနေ့တိုင် ထိန်းသိမ်းထားနိုင်ဆဲ၊ ထိုပညာရပ်ဖြင့် ကျော်ကြားဆဲ ဖြစ်သည်။ ထို့အတူ ထျန်းယန်မြို့မှ ထျန်းယန်အရှင်သည်လည်း သူ၏ခေတ်အခါက အလွန်ကျော်ကြားသူ ဖြစ်သည်။

တချို့က ထျန်းယန်အရှင်သည် ယနေ့တိုင် တခြားသော ပုံစံတစ်မျိုးဖြင့် ဆက်လက်တည်ရှိနေသေးသည်ဟု ဆိုကြသည်။ သူသည် ယနေ့တိုင် ထျန်းယန်မြို့၌ ရှိနေသေးသည်ဟုလည်း ဆိုကြ၏။

ထျန်းယန်မြို့သည် မြို့ဆိုသည်ထက် အင်အားစုတစ်ခုဟု သတ်မှတ်နိုင်သည်။ တစ်မြို့လုံးမှာ ထျန်းယန်အရှင်၏မျိုးဆက်များ ဖြစ်ကြသည်။ ဝမ်မိသားစုသည် ထျန်းယန်မြို့ကို အုပ်ချုပ်၏။

သူတို့၏ချပ်ဝတ် ပြုလုပ်ခြင်းစွမ်းရည်များကြောင့် ထျန်းယန်မြို့သည် ကောင်းကင်ဒေသ၏အင်အားစုများထဲတွင် မြင့်မားသော အဆင့်အတန်း ရှိသည်။ ထျန်းယန်မြို့မှ တစ်ခေတ်တစ်ခါ ပါရမီအမြင့်ဆုံးဟု သတ်မှတ်နိုင်သော ဝမ်မြန်သည်လည်း နောင်တွင် မြို့စား ဖြစ်လာရန် သတ်မှတ်ခံရသူ ဖြစ်သည်။

ဝမ်မြန်၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ တခြားလူများကဲ့သို့ပင် သူသည် ကု့ချင်းတေးသွား၏လွှမ်းမိုးမှုကို ခံစားရ၏။ သို့သော်လည်း အဆင့်ကိုးရန်ဟောင်ဖြစ်လာခြင်းက သူတို့၏ခိုင်မာသော စိတ်နှလုံးကို ထင်ဟပ်စေ၏။ ပိုမိုမြင့်မားသော အဆင့်မှ လူများသည် အဆင့်နိမ့်မှ လူများ ထုတ်ဖော်သော စွမ်းအားကို အဆင့်ကွာဟချက်ကြီးမားခြင်းကြောင့် လျစ်လျူရှုနိုင်ကြသည်။ ရီဖူရှင်းကား အဆင့်ခုနစ်ရန်ဟောင်မျှသာဖြစ်သည်။

“အမှန်တော့ ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာခဲ့တာ မင်းဆီက ငှားစရာ တစ်ခု ရှိလို့ပဲ” ဝမ်မြန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည် “မင်းသာ သဘောတူမယ်ဆိုရင် ငါအခု ထွက်သွားလို့ရတယ်။ ထျန်းယန်မြို့ကလည်း မင်းကို ကျေးဇူးတင်မှာပဲ”

ကောင်းကင်ဒေသမှ လူများအားလုံး အံ့အားသင့်သွားကြသည်။ ဝမ်မိသားစုက ရီဖူရှင်းထံမှ မည်သည့်အရာကို ငှားလိုသနည်း။

ထျန်းယန်မြို့သည် မည်သို့သောနေရာဖြစ်သည်ကို လူတိုင်း သိကြသည်။ ထျန်းယန်မြို့သည် ကုန်းမြေ ၁၈ခုမှ အစွမ်းအထက်ဆုံး ဝိညာဉ်လက်နက်များကို ပိုင်ဆိုင်သည်ဟု ကောလာဟလများက ဆိုသည်။

ထျန်းယန်မြို့က ရီဖူရှင်းထံမှ မည်သည့်အရာကို လိုလားပါသနည်း။

မဟုတ်လျှင်…

သူတို့က ဖြစ်နိုင်ဖွယ်တစ်ခုကို တွေးမိကြ၏။

ရီဖူရှင်းက ခေါင်းငုံ့ကာ ကု့ချင်းကို ဆက်လက်တီးခတ်သည်။ သူက တစ်ခွန်းတည်းဆိုသည် “မရဘူး”

သူက မည်သည့်အရာဟု မမေးပေ။ ရှေးနတ်ဘုရားကလန်တစ်ခုက လိုချင်သော အရာမှာ သာမန်မဟုတ်သည်မှာ သေချာ၏။ ရီဖူရှင်းကလည်း သူ့အား ထိုသို့ ဖိအားပေးလာခြင်းကို မနှစ်သက်ရာ ဆွေးနွေးညှိနှိုင်းမည် မဟုတ်ပေ။

ဝမ်မြန်နှင့် ထျန်းယန်မြို့မှ လူများသည် ရီဖူရှင်း၏စကားကိုကြားလျှင် မျက်နှာများ အေးစက်သွားကြသည်။ သို့သော်လည်း သူတို့က သိပ်တော့ ဂရုမစိုက်ပေ။ ရီဖူရှင်းက မငှားယမ်းလျှင်လည်း သူတို့က အတင်းလုယက်ယူရန် ကြံစည်ထားပြီးဖြစ်သည်။

ယူချင်းနှင့် ဟွာဂျီယူတို့သည် ရီဖူရှင်းကို လာရောက်ကူကြသော်လည်း အမှန်တရားကား ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများအားလုံး ရီဖူရှင်းကို လာရောက်ဖိနှိပ်ကြခြင်း ဖြစ်ပေသည်။ သူတို့က အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။ ဤသို့သော အခြေအနေတွင် ရီဖူရှင်းကလည်း အလျှော့ပေး၍ မရနိုင်ပေ။ မဟုတ်လျှင် သူသည် သူ၏ဘေးကင်းမှုဖြင့် အလဲအလှယ် လုပ်သလို ဖြစ်သွားပေလိမ့်မည်။

ဝမ်မြန်သည် ရီဖူရှင်း၏ငြင်းပယ်မှုကို ကြားဟန်မတူဘဲ ဆက်ပြောသည် “အင်ပါယာရီမှာ မဟာအင်ပါယာရှန်ကျားရဲ့ရုပ်ကြွင်းခန္ဓာ ရှိတယ်။ ကျုပ်တို့က မဟာအင်ပါယာရဲ့ရုပ်ကြွင်းကို ငှားပေးဖို့ မျှော်လင့်ပါတယ်”

“ထင်သားပဲ…”

ကောင်းကင်ဒေသမှ လူများမှာ အထူးတလေ အံ့အားသင့်ခြင်း မရှိကြပေ။ သူတို့က ဝမ်မြန်လိုချင်သော အရာကို တွေးမိပြီးဖြစ်သည်။

ဝမ်မိသားစုသည် မည်သို့သော အင်အားစုနည်း။ သူတို့မှာ ကောင်းကင်ဒေသ၏အင်အားအကြီးဆုံး အာခီမီ,မိသားစု ဖြစ်သည်။ သူတို့ လိုချင်သည့်အရာမှာ လက်နက်ပြုလုပ်ခြင်း သို့မဟုတ် နတ်ဝိညာဉ်ရတနာသွန်းလုပ်ရာတွင် သင့်တော်သော အရာ သေချာပေါက် ဖြစ်ရပေမည်။ ထို့ကြောင့် ရီဖူရှင်း ပိုင်ဆိုင်သော အရာများထဲမှ နတ်ကု့ချင်း သို့မဟုတ် မဟာအင်ပါယာရှန်ကျာ၏ရုပ်ကြွင်း တစ်ခုကို သူက အလိုရှိခြင်း ဖြစ်သည်။

“မင်း ပါးစပ်ပိတ်ထား…” အေးစက်ကာ မာန်ပါသော အသံတစ်ခုကို ကြားရသည်။ နတ်ဆိုးအရှိန်အဝါသည် ကောင်းကင်တခွင့် ပျံ့လွင့်သွားကာ ယူချင်းက နတ်ဆိုးဓားဖြင့် ဝမ်မြန်ထံသို့ ပိုင်းချလိုက်သည်။

ဝမ်မြန်က ငှားယမ်းခြင်းဟု သုံးစွဲသော်လည်း လုယက်ခြင်းနှင့် မခြားပေ။ သူတို့က ထိပ်သီးအင်အားစုများ ဝိုင်းဝန်း ဖိအားပေးနေစဉ် ပါဝင်ဖိအားပေးပြီး ရီဖူရှင်းထံမှ တစ်စုံတစ်ခုကို တောင်းဆိုသည်။ ၎င်းက လုယက်ခြင်းနှင့် မခြားပေ။

ဝမ်မြန်၏မျက်လုံးများတွင် ရွှေရောင်နတ်အလင်းများ ဝင်းလက်နေသည်။ သူက သူ့ရှေ့ကို တိုးဝင်လာနေသော နတ်ဆိုးဓားချက်အား ကြည့်သည်။ ရုတ်တရက် ရှေးသင်္ကေများ ရေးထွင်းထားသော ရွှေရောင်တံတိုင်းတစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။ ၎င်း သင်္ကေတများသည် တံတိုင်းမှ ထွက်ပေါ်လာခဲ့ကာ အားကောင်းသော စွမ်းအားများဖြစ် ပြောင်းလဲသွားကြ၏။

ဒိန်း…

စူးရှကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအခိုက်တွင် လေဟာနယ်ကိုပင် ခွင်းနိုင်သော ကောင်းကင်မိစ္ဆာဓားချက်သည် တံတိုင်းအား မည်သည့် ထိခိုက်မှုမှ မဖြစ်စေနိုင်ခဲ့ပေ။

ထျန်းယန်မြို့မှ ထိပ်သီးရန်ဟောင်အဆင့် ဝမ်မြန်သည် မည်မျှ အစွမ်းကြီးသနည်း။

ထိုတန်ခိုးရှင်လေးဦးက အခြေအနေကို လေးနက်စွာ သဘောထားသောအခါ ရီဖူရှင်းတို့သုံးယောက်မျှက အနိုင်ရရန် မျှော်လင့်ချက် မရှိချေ။

All Chapters