အပြန်အလှန်
Vol. 167 Ch. 2379
ရီဖူရှင်း၏လက်ချောင်းများ လှုပ်ရှားမှုအောက်တွင် ကု့ချင်းသံမှာ ပိုမိုမြန်ဆန်လာသည်။ ကု့ချင်းသံနှင့်အတူ လိုက်ပါလာသည်ကား လေဟာနယ်သည် ပိုမိုမွမ်းကြပ်လာခြင်းပင်။ ကောင်းကင်နှင့်မြေပြင်အကြားမှ မဟာလမ်းစဉ်သည် အေးခဲသွားတော့မည့်အလား ရပ်တန့်တော့မည့်အလား ဖြစ်လာသည်။ ထိုသို့ ဖိအားမြင့်လေဟာနယ်ထဲတွင် ထိပ်သီးရန်ဟောင်လေးဦး၏တိုက်ခိုက်မှုများမှာလည်း ရပ်တန့်သွားခြင်းမရှိဘဲ သူတို့ထံ ကျဆင်းလာခဲ့သည်။
ဟောင်ထျန်းမုဒြာသည် ကောင်းကင်ကို အုပ်မိုးကာ ကျဆင်းလာခဲ့သည်။ ရီဖူရှင်း တီးခတ်သော တီးလုံးတိုင်းမှာလည်း ဟောင်ထျန်းမုဒြာနှင့် တွေ့ဆုံပေါက်ကွဲလျှက် ရှိ၏။ သို့သော်လည်း ဟွားကျွင်းမော့ ထုတ်လွှတ်သော မုဒြာများမှာ ကြောက်မက်ဖွယ်ကောင်းသည်ထက် ပို၏။ ၎င်းသည် ဟောင်ထျန်းအရှင်၏ပုံရိပ်က အရာခပ်သိမ်းကို ဖျက်ဆီးရန် ဆင်းသက်လာသည်နှင့် မခြားပေ။
ထို့အတူ ရီဖူရှင်း၏နောက်တွင်လည်း အင်ပါယာတစ်ပါး၏ပုံရိပ် ပေါ်လာသည်။ ကြယ်များသည် အလင်းများ ထုတ်လွှတ်ကာ ထိုနေရာကို လှည့်ပတ်ကြ၏။
ကု့ချင်းသံစဉ်အောက်တွင် မရေမတွက်နိုင်သော ကြယ်များသည် ဟောင်ထျန်းမုဒြာအား သွားရောက်ထိရိုက်ကာ မုဒြာမှာ အဆက်မပြတ် တုန်ခါနေသည်။ တချိန်တည်းမှာ ရီဖူရှင်းကို ဗဟိုပြုလျှက် တစ်လောကလုံးသို့ ကြယ်များ ပျံ့လွင့်သွားသည်။ ရီဖူရှင်းတို့သုံးယောက်မှာ ကြယ်တာရာကောင်းကင်ထဲသို့ ရောက်နေသည့်အလား ထင်မှတ်ရသည်။ များစွာသော နတ်ဓားများမှာ ကြယ်များ၏တားဆီးခြင်းကို ခံရပြီး ရီဖူရှင်းအနီးသို့ ရောက်လာသော ဓားတချို့မှာလည်း ဂီတသင်္ကေတများ၏ဖျက်ဆီးခြင်းကို ခံရသည်။
ဝုန်း…
ကျန်းချင်းဖုန်း ထုတ်လွှတ်လိုက်သော အာကာသဖျက်ဆီးခြင်းမုန်တိုင်းသည် သူတို့ထံသို့ ရောက်လာခဲ့ကာ နတ်ဘုရားကဒ်ဘေးအလား ဖိနှိပ် တိုက်ခိုက်လာခဲ့သည်။
ဝမ်မြန်ထံမှ ရွှေရောင်လှံချွန်များ ထွက်ပေါ်လာပြီး လေဟာနယ်ကို အက်ကြောင်းများ ဖြစ်ပေါ်စေကာ ရီဖူရှင်းတို့ထံသို့ ကျဆင်းလာခဲ့တော့သည်။
ထိပ်သီးရန်ဟောင်လေးဦး၏ပူးပေါင်းတိုက်ခိုက်ခြင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ လောကကြီးမှာ ကဒ်ဘေးရောက်နေသည့်အလား အရာအားလုံးမှာ ပျက်စီးပျောက်ကွယ်လုနီးပါးဟု ထင်မှတ်ရ၏။
ထိုစဉ် ကု့ချင်းသံစဉ် ရုတ်တရက် ပြောင်းလဲသွားကာ မဟာလမ်းစဉ်သည် နောက်ပြန်စီးဆင်းပြီး အဆုံးမဲ့သော ဓားဝိညာဉ်စွမ်းအားများသည် ကောင်းကင်နှင့်မြေပြင်အကြား ဖြစ်တည်လာသည်။ ရီဖူရှင်း၏အဝတ်စများ တဖျတ်ဖျတ်လွင့်သွားကာ သူတီးခတ်သော တီးလုံးများသည် စူးရှကာ ဓားခွင်းသံများ အဆက်မပြတ် ပေးလာသည်။ မရေမတွက်နိုင်သော နတ်ဓားများသည် ဝင်းလက်စွာဖြင့် တစ်ဘက်မှ တိုက်ခိုက်မှုများဖြင့် ထိတွေ့၏။
တချိန်တည်းတွင် အားကောင်းသော နတ်ဓားတစ်လက်သည် ကောင်းကင်နှင့်မြေပြင်အကြား ပေါ်ထွက်လာသည်။ ထိုဓား ဖွဲ့စည်း ဖြစ်ပေါ်လာသည်တွင် အာကာသထဲ၌ နောက်ပြန်စီးသော လှိုင်းများ ဖြစ်ပေါ်လာသည်။
“နတ်ဘုရားတို့ပူဆွေးခြင်းသံစဉ်…”
ကောင်းကင်ဒေသမှ လူများအားလုံးမှာ မင်တက်သွားကြသည်။ ဤသည်က နောက်ထပ်ကောင်းကင်တေးသွားတစ်ခုဖြစ်သည်။ ရီဖူရှင်းက ဤမျှအထိ ထူးချွန်ပေါက်ရောက်နေမည်ဟု သူတို့ မထင်ထားကြပေ။ သူသည် ကောင်းကင်တေးသွားများကိုပင် စိတ်ဆန္ဒအတိုင်း လိုရာကို ပြောင်းလဲတီးခတ်နိုင်ပြီ ဖြစ်သည်။
အရှင်ထိုက်ရွှမ်သည် ကောင်းကင်ယံမှ အပြောင်းအလဲကိုကြည့်ကာ ကြီးစွာ စိတ်လှုပ်ရှားမိသည်။ ရီဖူရှင်းသည် နတ်ဘုရားတို့ပူဆွေးခြင်းအား တီးခတ်နိုင်ခြင်းမှာ ကံတရား၏ဖေးမမှုကြောင့် ဖြစ်သည်။ ထိုတေးသွားကြောင့် သူသည် ရန်ဟောင်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သည်။ ယခုကား ရီဖူရှင်း၏စွမ်းရည်သည် သူ၏နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို ကျော်လွန်သွားခဲ့ပြီ။ ဤသည်ကပင် ရီဖူရှင်း၏ပင်ကိုယ်ပါရမီ ဖြစ်ပေလိမ့်မည်။
နတ်ဘုရားတို့ ပူဆွေးခြင်းသည် မဟာလမ်းစဉ်ပျက်သုန်းခြင်းကို အခြေခံသည်။ မဟာလမ်းစဉ် ပျက်စီးသောအခါ လေဟာနယ်သည် ပုံပျက်ကာ နောက်ပြန်စီးဆင်းသည်။ ပြင်းထန်စွာ ဖိအားပေးလာသော တိုက်ခိုက်မှုများမှာ တဖန် လျော့ပါးသွားပြန်၏။ သတ်ဖြတ်ရန်အလို့ငှာ ကျဆင်းလာသော လှံချွံများမှာလည်း နှေးကွေးသွားကြသည်။ မကြာခင် မဟာလမ်းစဉ်စွမ်းအားများသည် နောက်သို့ အားကောင်းစွာ စီးဆင်းကြပြီး အချိန်သည်ပင် နောက်ပြန်စီးဆင်းသည်။ ဓားတစ်လက်သည် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်လျှက် လှံများကို တိုက်ခိုက်ဖျက်ဆီးသည်။ ၎င်းကား တဒင်္ဂနတ်ဓားဖြစ်သည်။
အလင်းမီးပွားများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့ကာ ပေါက်ကွဲသံများကို အဆက်မပြတ် ကြားရသည်။ အလင်းများသည် စူးရှလွန်းရကား အဆင့်နိမ့်ရန်ဟောင်များက မျက်လုံများကိုပင်ဖွင့်၍ မရပေ။
ကောင်းကင်ထက်တွင် အင်အားနှစ်ခု ရင်ဆိုင်တွေ့ကာ နတ်ဓားနှင့် လှံချွန်တို့သည် တပြိုင်နက်တည်း ပျောက်ကွယ်သွား၏။
ကောင်းကင်ထက်မှ တိုက်ပွဲကိုကြည့်ကာ တန်ခိုးရှင်များ စိတ်လှုပ်ရှားကြရသည်။ ကု့ချင်းသံစဉ်သီးသန့်မျှကပင် ထိပ်သီးတန်ခိုးရှင်လေးဦး၏ပူးပေါင်းတိုက်ခိုက်မှုကို တားဆီးခဲ့သည်။
ကြည့်ရသည်မှာ ရီဖူရှင်းက ဟွာဂျီယူ၏စွမ်းအား အထောက်အကူဖြင့် ကောင်းကင်တေးသွားကို တီးခတ်ခြင်းသည် သူ၏ကိုယ်ပိုင်ခွန်အားထက် ကြောက်စရာ ကောင်းချေသည်။
“ဂျီယူ… ကောင်းကင်တေးသွားကို ကိုယ်တိုင် လာတီးချေ” ရီဖူရှင်းက ဟွာဂျီယူအား ပြောသည်။
“အင်း..” ဟွာဂျီယူက ခေါင်းညိတ်သည်။ သူမက ရီဖူရှင်းဘေးတွင် ထိုင်လိုက်၏။ ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်သည်တွင် နတ်ကု့ချင်း “ကျွမ့်ကျွမ့်” သည် ဟွာဂျီယူ၏ရှေ့၌ ပေါ်လာသည်။ သူမသည် ဟွာဖန်းလူ၏သမီး ဖြစ်သည်။ သူမက ငယ်စဉ်ကတည်းက ကု့ချင်းကို တီးခတ်လာခဲ့ကာ ဂီတလမ်းစဉ်ကို အဆုံးအထိ မလျှောက်လှမ်းခဲ့သော်လည်း ဂီတ၏သဘောတရားများကို နားလည်ပေသည်။
လက်ရှိတွင် သူမနှင့် ရီဖူရှင်းတို့၏စိတ်မှာ တသားတည်း ဖြစ်နေရာ သူမအနေဖြင့် ဂီတပညာရှင် ဖြစ်ရန် မလိုအပ်တော့ပေ။ သူမက ရီဖူရှင်း တီးခတ်နိုင်သည့် မည်သည့်အရာကိုမဆို တီးခတ်နိုင်၏။
နတ်ကု့ချင်း ‘ကျွမ့်ကျွမ့်’သည်လည်း မဟာအင်ပါယာ၏ဝိညာဉ်ကိန်းအောင်းနေသော နတ်ရတနာဖြစ်သည်။ ကု့ချင်းကိုယ်တိုင်က အဆုံးစွန်သော ဝမ်းနည်းခြင်းအငွေ့အသက်များကို ပေးနိုင်သည်။
ဟွာဂျီယူက ကြိုးများကို စတင်တီးခတ်လိုက်သည်နှင့် သူမသည် ကြီးမားသော ဝမ်းနည်းခြင်းထဲ နစ်မြောသွားဟန်ရသည်။ သူမသည် ဂီတ၏အနှစ်သာရနှင့် ပြီးပြည့်စုံသော ဟန်ချက်အား ချိန်ညှိထားနိုင်သည်။ ကောင်းကင်တေးသွားမှ ဖန်တီးထားသော အငွေ့အသက်များမှာ လေဟာနယ်ထဲ ပျံ့လွင့်နေဆဲဖြစ်သည်။ ယခု ဟွာဂျီယူက စတင်တီးခတ်လိုက်နှင့် ၎င်းတို့သည် သက်ဝင်လှုပ်ရှားလာကြ၏။
“ဝမ်းနည်းစရာကောင်းလိုက်တာ…”
ဘေးမှ ကြည့်နေကြသော ကောင်းကင်ဒေသမှ တန်ခိုးရှင်များအားလုံးမှာ ဂီတသံစဉ်ကို ကြားသည်တွင် ရေရွက်မိကြသည်။ ဟွာဂျီယူက ကောင်းကင်တေးသွားကို တီးခတ်ခြင်းသည် ရီဖူရှင်း တီးခတ်သည့် ခံစားချက်အတိုင်းဖြစ်သော်လည်း သူမပေးသော အနုပညာရသသိမှာ ကွဲပြားခြားနားသည်။ ဟွာဂျီယူအနေဖြင့် တွေ့ကြုံခဲ့ရသော ဘဝအတွေ့အကြုံမှာ ရီဖူရှင်းထက် နာကျင်ကြေကွဲစရာကောင်းနေခြင်းလည်း ဖြစ်နိုင်သည်။ အမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် မိသားစုနှင့် ကွဲကွာကာ ရီဖူရှင်းနှင့် မပတ်သက်ရန် တားမြစ်ခံရသည်။ သူမသည် သေခြင်းရှင်ခြင်းနှင့် လက်တလုံးခြားတွင်ရပ်ကာ တခြားလူများကို ကာကွယ်ခဲ့ရသည်။ သူမသည် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ကာ တခြားတစ်ယောက် ဖြစ်သွားခဲ့သည်။ သူမ တွေ့ကြုံခံစားခဲ့ရသည်များကား အဆုံးမဲ့သော ဝမ်းနည်းကြေကွဲခြင်းဖြစ်သည်။
ထို့အပြင် ဟွာဂျီယူသည် မရေမတွက်နိုင်သော ဘဝများကို ဖြတ်သန်းတွေ့ကြုံဖူးပြီး အဆုံးမဲ့သော နာကျင်မှုများဖြင့် ကြုံခဲ့ရသည်။
သူမသည် ကောင်းကင်တေးသွားကို တခဏမျှသာ တီးခတ်ခဲ့ရသေးသော်လည်း သူမ၏မျက်လုံးများတွင် မျက်ရည်စများ ကျဆင်းနေပြီ ဖြစ်သည်။
ဟွာဂျီယူက ကု့ချင်းကို တီးခတ်နေသည့်အတွက် ရီဖူရှင်းက မလှုပ်ရှားဘဲ မနေချေ။ သူက လက်မြောက်လိုက်သည်တွင် မဟာလမ်းစဉ်မှသည် ကု့ချင်းကြိုးများအဖြစ် အသွင်ပြောင်းလာသည်။ ကု့ချင်းဝိညာဉ်သည် ရီဖူရှင်း၏သက်စောင့်ဝိညာဉ်ဖြစ်ကာ ‘နှစ်လုံးသားများ တစ်ပေါင်းစည်းတည်း’ သည် ဟွာဂျီယူနှင့် ပေါင်းစပ်ကာ နှစ်ယောက်သားကို နှစ်ကိုယ့်တစ်စိတ် ဖြစ်စေ၏။
ရီဖူရှင်း၏အကြည့်က ကောင်းကင်ထက်မှ အငွေ့အသက်များကို အာရုံခံစားသည်။ ဟွာဂျီယူ ကောင်းကင်တေးသွားကို တီးခတ်နေခြင်းမှာ သူ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ တချိန်တည်းတွင် သူသည် ဟွာဂျီယူ၏ထူးခြားသော နည်းစနစ်များအား အာရုံခံထားသည်။
သူက မျက်လုံးကို မှိတ်လိုက်သည်တွင် တစ်လောကလုံးသည် သူ့ထိန်းချုပ်မှုအောက်ကို ရောက်သွား၏။ သူ၏စိတ်စွမ်းအားနယ်ပယ်ထဲတွင် အရာအားလုံးမှာ သူ့အမိန့်ကို နာခံရ၏။ သူသည် ထိပ်သီးရန်ဟောင်လေးဦး၏ဝိညာဉ်များကိုပင် မြင်နေရသည်။
“ဘာလဲဟ…” ရန်ဟောင်လေးဦးများက တစ်စုံတစ်ခုကို ခံစားမိကာ မျက်လုံး ပြူးသွားကြသည်။ တစ်စုံတစ်ယောက်က သူတို့၏ဝိညာဉ်အား စောင့်ကြည့်နေသည့် ခံစားချက်ဖြစ်သည်။ သူတို့တွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့ချေ။
လေထဲတွင် ရီဖူရှင်းက လက်တစ်ချောင်းကို မြောက်လိုက်သည်။ ၎င်းသည် ကြိုးများကို တီးခတ်လိုက်သည့်အလား အနည်းငယ် တုန်ခါသွား၏။ ထိုအခိုက်တွင် အားလုံး၏စိတ်နှလုံးသည်လည်း တုန်ခါသွားသည်။ သူတို့၏ဝိညာဉ်က ရုတ်တရက် တုန်ခါသွားသည့်အလား..။ ၎င်းသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း အလွန်မသက်မသာ ခံစားချက် ဖြစ်ချေသည်။