ကြီးမားသောတိုက်ပွဲ
Vol. 167 Ch. 2381
“ဘယ်လိုအကောင်ကြီးလဲဟ…”
အားလုံးက ယူချင်းကို လှမ်းကြည့်ကြသည်။ ထိုနေရာတစ်ခုလုံးမှာ နတ်ဆိုးအရှိန်အဝါများဖြင့် ပြည့်နှက်နေကာ ယူချင်းသည် နတ်ဆိုးချပ်ဝတ်တစ်ခုအား ဖန်ဆင်းဝတ်ဆင်လိုက်သည်ကို မြင်ကြ၏။ ကျယ်ပြောသော မြေနေရာများနှင့် ကောင်းကင်တွင် နတ်ဆိုးအရှိန်အဝါသည် မိုးခြိမ်းသံများပေးကာ တစ်လိမ့်လိမ့် တုန်ဆင်းလာသည်။ လေထဲတွင် အေးစက်သော မျက်လုံးအစုံပေါ်လာကာ ၎င်းအား ကြည့်မိသူတိုင်းမှာ အေးခဲသွားရသည်။
“နတ်ဆိုးအကြေးခွံ”
တန်ခိုးရှင်များ၏မျက်လုံးများက ယူချင်းထံသို့ ရောက်လာသည်။ သူက မည်သူ ဖြစ်သနည်း။
နတ်ဆိုးချပ်ဝတ်သည် အစစ်အမှန်နတ်ဆိုး၏အကြေးခွံဖြစ်ကာ နတ်ဘုရားရတနာလည်း ဖြစ်သည်။ ယူချင်းက နတ်ဆိုးချပ်ဝတ်ကို ဝတ်လိုက်သည်တွင် သူ မည်မျှ သန်မာလာမည်ကို တန်ခိုးရှင်များအားလုံးက စိတ်ဝင်တစား ကြည့်နေကြသည်။
တစ်ဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာခဲ့ကာ ယူချင်း၏နောက်၌ နတ်ဆိုးအရှင်၏ပုံရိပ်ပေါ်လာပြီး ၎င်းသည် သူ၏နတ်ဆိုးအရှိန်အဝါနှင့် ပေါင်းစပ်ကာ စစ်မှန်သော နတ်ဆိုးတစ်ပါးအသွင်သို့ ပြောင်းသွားသည်။
ထို့အတူ ရီဖူရှင်းရှေ့တွင်လည်း နတ်ရတနာတစ်ခု ပေါ်လာခဲ့၏။ မဟာအင်ပါယာရှန်ကျား၏ရုပ်ကြွင်းကို ရီဖူရှင်းက ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ ရီဖူရှင်း၏ဝိညာဉ်သည် သူ့ခန္ဓာမှ ထွက်သွားကာ မဟာအင်ပါယာရှန်ကျား၏ခန္ဓာကိုယ်ထဲကို ဝင်သွားသည်။ တချိန်တည်းတွင် မဟာအင်ပါယာရှန်ကျား၏မျက်လုံးအစုံသည် ဖျတ်ခနဲ ပွင့်လာပြီး ခေါင်းမော့ကာ ကြည့်သည်။ သူ့မျက်လုံးမှ ထွက်လာသော နတ်အလင်းမှာ ကြည့်မိသူတိုင်းအား တုန်လှုပ်ခြောက်ခြားစေ၏။
“သူတို့က နတ်ရတနာတွေကို ထုတ်သုံးပြီလား” တန်ခိုးရှင်များ စိတ်လှုပ်ရှားသွားကြသည်။ ယခု တိုက်ပွဲတွင် ထိပ်သီးရန်ဟောင်လေးဦးသည် ရီဖူရှင်း၏ကု့ချင်းသံကြောင့် အလေးနိမ့်နေသည်။ သူတို့က စွမ်းအားကုန်ထုတ်သုံးနိုင်ခြင်း မရှိခဲ့ကြပေ။ ၎င်းကို တုန့်ပြန်ရန် သူတို့က အစွမ်းအထက်ဆုံးပညာရပ်များအား ထုတ်သုံးခဲ့ကြသည်။ ၎င်းက နတ်ရတနာများကို ထုတ်သုံးလိုက်သည်နှင့် ဆင်တူ၏။ ဤသည်က သူတို့သည် ပိုမိုအဆင့်မြင့်သော ပုံစံတစ်ခုသို့ အသွင်ပြောင်းလိုက်သည်နှင့်တူ၏။
သူတို့မှာ ရန်ဟောင်ထိပ်သီးများ ဖြစ်ကြ၏။ ယခု သူတို့က ပိုမိုသန်မာလာသည်။ ရီဖူရှင်းတို့က သူတို့အား မည်သို့ ယှဉ်နိုင်မည်နည်း။
ထို့ကြောင့် ရီဖူရှင်းနှင့် ယူချင်းတို့ကလည်း သူတို့၏အားထားရသော နတ်ရတနာများအား ထုတ်သုံးလိုက်ကြခြင်း ဖြစ်သည်။
ဟွာဂျီယူသည် ‘ကျွမ့်ကျွမ့်’ နှင့် ပို၍ အသားကျလာပြီးနောက်တွင် နတ်ကု့ချင်းမှ ထွက်ပေါ်လာသော အောက်မေ့ခြင်းတေးသွားမှာလည်း ပိုမို၍ အားကောင်းလာသည်။ ထိပ်သီးရန်ဟောင်လေးဦးက သူတို့၏နတ်ရတနာများကို အသုံးပြုရင်းဖြင့်ပင် ဝမ်းနည်းပူဆွေးခြင်းအငွေ့အသက်များသည် သူတို့၏စိတ်နှလုံးများအား အဆက်မပြတ် ကျူးကျော်တိုက်ခိုက်နေကြဆဲဖြစ်သည်။
“သတ်…” သူတို့လေးယောက်က ထပ်စောင့်ရန် မရှိတော့ချေ။ ဝမ်မြန်က ပြောသည်တွင် နတ်ရောင်ခြည်တန်းများသည် အရာခပ်သိမ်းကို ဖျက်ဆီးလျှက် ကျဆင်းလာခဲ့သည်။ ၎င်းတို့သည် နတ်ဘုရားကဒ်ဘေးများအလား ရီဖူရှင်းနှင့် ဟွာဂျီယူတို့ရှိရာသို့ ဖျက်ဆီးရန် ရောက်လာခဲ့သည်။
ဝုန်း…
ကောင်းကင်ထက်မှ နတ်ဆိုးတစ်ပါး ကျဆင်းလာခဲ့သည်။ သူသည်ကား ယူချင်း ဖြစ်သည်။ သူ၏အကြည့်က ကောင်းကင်ထက်ကို ရောက်သွား၏။ သူ၏မျက်လုံးများတွင် အလွန်အာဏာစက်ပြင်းသော အငွေ့အသက်များရှိပြီး ကြည့်မိသူမှန်သမျှ ခေါင်းငုံ့နှိမ့်ချရမည် ဖြစ်သည်။
ကောင်းကင်တွင် နတ်ဆိုးပုံရိပ်များ အဆက်မပြတ် ပေါ်လာခဲ့ကာ ထိုပုံရိပ်တစ်ခုချင်းစီသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့အား ယူချင်းက ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဟမ့်…
နတ်အလင်းတန်းများသည် မိုးစက်မိုးပေါက်များပမာ ကျဆင်းလာပြီး သက်ရှိများအားလုံးကို တိုက်ခိုက်ဖျက်ဆီးသည်။
“ငါ့ တာဝန်ထား…” ရီဖူရှင်းက ယူချင်းရှိရာသို့ တစ်ချက်ကြည့်ကာ ပြောသည်။ ယူချင်းက သူတို့အား ကာကွယ်လိုသည်ကို ရီဖူရှင်း နားလည်သည်။ သို့သော်လည်း ယခုတွင် ယူချင်းကူညီရန် မလိုသေးပေ။
ရီဖူရှင်း၏ရုပ်ခန္ဓာသည် ဟွာဂျီယူဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေကာ မဟာအင်ပါယာရှန်ကျား၏ရုပ်ခန္ဓာ စတင်ရွေ့လျားသည်။ သူတို့ထံသို့ နတ်အလင်းတန်းများ ကျဆင်းလာသည်ကို သူမြင်သည်။ ထို့ကြောင့် အတွေးတစ်ချက်မျှဖြင့် မဟာအင်ပါယာ၏ခန္ဓာကိုယ်မှ သင်္ကေတများသည် တစ်ခုပြီး တစ်ခု ကြွတက်လာ၏။ သူက လက်ညိုးကို ရှေ့သို့ ညွန်လိုက်လျှင် မရေမတွက်နိုင်သော သင်္ကေတများသည် အလင်းအရံအတားအဖြစ် ပြောင်းလဲသွား၏။ တစ်ဘက်မှ တိုက်ခိုက်မှုများအားလုံးမှာ ထိုအလင်းအရံအတားကို ချိုးဖျက်နိုင်ခြင်း မရှိပေ။
လက်ညိုးတစ်ချက်ညွန်လိုက်ခြင်းဖြင့် ရီဖူရှင်းသည် အရာအားလုံးကို တားဆီးနိုင်သော လောကတစ်ခုအား ဖန်ဆင်းလိုက်သည့်အလားပင်။
ထိုစဉ် ဝမ်မြန်သည် နတ်လှံဖြင့် ကောင်းကင်မှ ဆင်းသက်လာကာ ထိုးနှက်တိုက်ခိုက်လိုက်၏။
စူးရှသော ကျယ်လောင်သံတစ်ချက် ထွက်ပေါ်လာခဲ့ကာ အလင်းအရံအတားမှာ ကြေပျက်သွားသည်။ နတ်လှံသည် အလင်းအရံအတားကို ချိုးဖျက်ကာ ရီဖူရှင်းရှိရာသို့ ဆက်လက်ဆင်းသက်လာပြီး သူ့အား သတ်ဖြတ်ရန် ကြိုးစား၏။
မဟာအင်ပါယာရှန်ကျားသည် အပေါ်ကို ပျံတက်သွား၏။ သူသည် ရှောင်ဖယ်ခြင်း အလျဉ်းမရှိဘဲ တစ်ဘက်မှ နတ်လှံအား ဦးတည်လျှက် လက်မြောက်လိုက်၏။ ဤတွင် သူသည် နတ်ဓားအသွင်သို့ ပြောင်းလဲသွားခဲ့ကာ အလင်းတန်းနှစ်ခု လေထဲတွင် တွေ့ဆုံပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသည်။
“ကျိုးပျက်စမ်း…” မဟာအင်ပါယာက မာန်သွင်းသည်။ ချက်ချင်းပင် သူ၏ဓားဝိညာဉ်စွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးသွားတော့သည်။ ဝမ်မြန်၏မျက်နှာက လေးနက်နေသည်။ တစ်လောကလုံးမှ နတ်အလင်းများသည် သူ၏လက်၌ လာရောက်စုစည်းကြကာ နတ်လှံအဖြစ် ပြန်လည်ဖွဲ့စည်းလာသည်။ သူက တဖန် နတ်လှံဖြင့် ရီဖူရှင်းအား တိုက်ရိုက်ရင်ဆိုင်၏။
မဟာအင်ပါယာရှန်ကျား၏ခန္ဓာကိုယ်သည် မကျိုးပျက်နိုင်သော ဓားတစ်လက်နှင့်တူသည်။ ၎င်းသည် နတ်လှံနှင့် ရင်ဆိုင်တွေ့သည်တွင် ပတ်ဝန်းကျင်မှာ တသိမ့်သိမ့်တုန်ပြီး အဆက်မပြတ်သော ပေါက်ကွဲမှုများ ဖြစ်လာသည်။
“လမ်းစဉ်ဖျက်ဆီးခြင်း…” မဟာအင်ပါယာရှန်ကျားက ဆိုသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ နတ်အလင်းများ ပေါက်ကွဲထွက်လာကာ ကောင်းကင်မှ နတ်စက်ကွင်းများထံသို့ ရိုက်ခတ်သွားသည်။ ကြောက်မက်ဖွယ် ဓားအလင်းများသည် နတ်စက်သွားများအား တစ်ခုပြီး တစ်ခု တိုက်ခိုက်ဖျက်ဆီးသွားသည်။
တူညီသော အားလှိုင်းတစ်ခုသည်လည်း ဝမ်မြန်ထံသို့ ရောက်သွားကာ သူသည် ညည်းသံတစ်ချက်ပေးလျှက် အဝေးကို လွင့်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ကောင်းကင်ဒေသမှ လူများမှာ အကြီးအကျယ် ထိတ်လန့်ရသည်။ ယခင်က ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ရုပ်ကြွင်းကို အသုံးပြုနိုင်သည်ဟု သူတို့ ကြားသိခဲ့ရ၏။ သို့သော်လည်း ဤမျှလောက် အားကောင်းမည်ဟု မထင်ထားကြ။ ဝမ်မြန်သည် အဆင့်ကိုးရန်ဟောင်ဖြစ်ကာ နတ်ဘုရားလက်နက်ကိုလည်း အသုံးပြုထားသည်။ သို့တိုင်အောင် ရီဖူရှင်း၏ဖိနှိပ်ခြင်းကို ခံရ၏။
ဝမ်မြန်၏လက်သည် တုန်ခါနေ၏။ သူ၏လက်ထဲမှ တုန်ခါနေဆဲ လှံအား သူက ကြည့်သည်။ ဤသည်က မဟာအင်ပါယာ၏လမ်းစဉ်ဖျက်ဆီးခြင်းစွမ်းအား ဖြစ်ပေမည်။
ထိုရင်ဆိုင်တွေ့မှု၌ သူသည် လမ်းစဉ်ဖျက်ဆီးခြင်းစွမ်းအားကို ခံစားမိခဲ့သည်။
တခြားတစ်ဘက်တွင် ထိပ်သီးရန်ဟောင်သုံးယောက်ကတည်း ရပ်ကြည့်နေခြင်းတော့ မပြုပေ။ ဟွားကျွင်းမော့သည် အရှင်ဟောင်ထျန်းအဖြစ် ပုံစံပြောင်းသွားကာ ကြီးမားသော အရှိန်အဝါကို ထုတ်သည်။ ဧရာမချိပ်စည်းလက်ဝါးတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်ကို အုပ်မိုးလျှက် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ထံသို့ ကျဆင်းလာသည်။
ဝိညာဉ်လွှင့်ကာ မဟာအင်ပါယာရှန်ကျား၏ရုပ်ခန္ဓာကိုယ်အား ထိန်းချုပ်ခြင်းသည် အလွန်အန္တရာယ်များသည်။ အကယ်၍ သူ၏ရုပ်ခန္ဓာ ပျက်စီးသွားပါက ပြန်လည်ကုစားရန် လွယ်မည် မဟုတ်ပေ။
ယူချင်းက ကောင်းကင်ထက်ကို ကြည့်သည်။
သူ့ခန္ဓာကိုယ်သည် အဆက်မပြတ်ကြီးထွားလာခဲ့ကာ ဧရာမနတ်ဆိုးတစ်ပါးအသွင် ဖြစ်လာသည်။ မရေမတွက်နိုင်သော ပုံရိပ်များသည် ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား ကာကွယ်နေစဉ် ယူချင်းသည် ကောင်းကင်ထက်ကို ပျံတက်သွားပြီး ချိပ်စည်းနှင့် ရင်ဆိုင်သည်။
တစ်လောကလုံးသည် တဖန် မိုးသက်မုန်တိုင်းများကျကာ မြေငလျင်များ လှုပ်လျှက် အရာခပ်သိမ်း ပျက်စီးတော့မည့်အလား ဖြစ်လာသည်။ လေဟာနယ်သည် ပုံပျက်ကာ အနက်ရောင်အငွေ့အသက်များသည် နေရာအနှံ့ ပျံ့ကျဲလာသည်။ ထိုစွမ်းအားက ကောင်းကင်အာဏာစက်မြို့မှ လူအားလုံးကို ထိတ်လန့်စေသည်။
နတ်ဆိုး၏ခန္ဓာကိုယ်သည် အနက်ရောင်အလင်းများ စူးရှစွာ တောက်ပနေသည်။ နတ်ဆိုးအငွေ့အသက်များသည် သူ့ထံမှ ပျံ့လွင့်နေကာ အားကောင်းသော အရှိန်အဝါသည် တစ်ဘက်လူအားများ သိမ်ငယ်စိတ်များ ဝင်စေအောင် သက်ရောက်အားပြင်းသည်။ ပြင်းထန်သော ပေါက်ကွဲမှုများနောက်တွင်ကား ချိပ်စည်းလက်ဝါးသည် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားတော့သည်။