← Chapters

ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ် 

Vol. 167 Ch. 2382

ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ် 

Vol. 167 Ch. 2382

"သူက အရမ်းအားကောင်းတာပဲ။"

ယူချင်း၏ တိုက်ခိုက်မှုကို မြင်သည့်အခါ ကျင့်ကြံသူများ၏ နှလုံးသားများက ခုန်ပေါက်သွားခဲ့သည်။ နတ်ဆိုးအကြေးခွံများ ဖြစ်ပေါ်လာပြီးနောက် ယူချင်း၏ အရှိန်အဝါက ပြောင်းလဲသွားသည်။ ၎င်းက မိစ္ဆာနတ်ဘုရားတစ်ပါး၏ သိမ်းပိုက်ခြင်းခံလိုက်ရသလိုပင် ဖြစ်သည်။ ဒဏ္ဍာရီများအရ ထိုနတ်ဆိုးအကြေးခွံသည်  မိစ္ဆာနတ်ဘုရား၏ စွမ်းအားမှ ဖွဲ့စည်းထားခြင်း ​ဖြစ်သည်ဟုဆိုပြီး ထိုသည်ကပင် ၎င်းတွင် မည်သည့်အတွက်ကြောင့် မိစ္ဆာနတ်ဘုရား၏ ဝိညာဥ်ပါဝင်နေပြီး ခေတ်အဆက်ဆက် နတ်ဆိုးအင်ပါယာများသာ ပိုင်ဆိုင်ရသနည်းဟူသော အကြောင်းပြချက် ဖြစ်​လေသည်။

ယခု ယူချင်းက နတ်ဆိုးအကြေးခွံအစုံလိုက်ကို ပိုင်ဆိုင်ထားရာ နတ်ဆိုးလောက၌ သူ၏ အဆင့်အတန်းကို ပြသနေသည်။

နတ်ဆိုးအင်ပါယာက သူ့ကို နတ်ဆိုးပလ္လင်အတွက် ဆက်ခံသူဟု မြင်နေခြင်း ဖြစ်နိုင်သလား။

ထိုသို့ဖြစ်လျှင် သူတို့ရှေ့မှ ဤပုဂ္ဂိုလ်က အနာဂတ် နတ်ဆိုးအင်ပါယာဖြစ်သည့်အတွက် အလွန် မြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားပေသည်။

ဟွားကျွင့်မော့၏ ဟောက်ထျန်းချိပ်စည်းက ဖျက်ဆီးခံလိုက်ရသည်နှင့် လောကအထက် လေဟာနယ်ထဲ၌ မားမားမတ်မတ် ရပ်နေခဲ့သည့် ပုံရိပ်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူက ယခု ဟောက်ထျန်းသဏ္ဌာန် ပြောင်းလဲသွားသော်လည်း ယူချင်းကို ယှဥ်နိုင်စွမ်းမရှိသေးသည်လား။

ဘုန်း...

ကြောက်မက်ဖွယ် ကောင်းလှသည့် နားအူလောက်ဖွယ် ဆူညံသံတို့က လေထဲတွင် ပဲ့တင်ထပ်လာပြီး နတ်အလင်းတန်းတို့ ထိုးထွက်လာပေသည်။ ဟောက်ထျန်း၏ အဆင့်မြင့်စွမ်းအားက လောကတစ်ခွင် အုပ်စိုးထားပြီး လောကအားလုံးကို ပေါင်းစည်းရန် အားထုတ်နေခဲ့သည်။ ကျယ်လောင်သည့်အသံနှင့်အတူ နတ်အလင်းချိပ်စည်းက အောက်သို့ ဆင်းသက်လာသည့်အခါ မရေတွက်နိုင်သော လက်ဝါးသဏ္ဌာန်ချိပ်စည်းတို့က မြေပြင်ပေါ်သို့ ဖြတ်သန်းကျဆင်းလာကာ တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် စွမ်းအားတို့ပါဝင်နေသည်။ လောကကို လွှမ်းမိုးထားသော ချိပ်စည်းများက အရာအားလုံးကို ဖျက်ဆီးဖြိုခွဲပစ်တော့မလို ထင်မှတ်ရပေသည်။ ထိုတိုက်ခိုက်မှုသည် တိုက်ပွဲမြေပြင်၏ တစ်လက်မချင်းစီတိုင်းကို ဖုံးလွှမ်းထားကာ အခြားကျင့်ကြံသူများသည်ပင် တိုက်ခိုက်ခံရခြင်းမှ ရှောင်တိမ်းရန် အလျင်အမြန် ဆုတ်ခွာသွားကြသည်။

တိုက်ခိုက်မှုက ယူချင်းထံသို့ တည့်မတ်စွာ ဝင်ရောက်လာခြင်း ဖြစ်သည်။ ကျင့်ကြံသူများသည် ကောင်းကင်မှ ထိတ်လန့်ဖွယ် လှိုင်းများကိုသာလျှင် မြင်တွေ့ကြရသည်။ ထွက်ပေါ်လာသည့် အသံများက မိစ္ဆာနတ်ဘုရား၏ အသံများနှင့် တူပေသည်။ သူ့ကို ဗဟိုပြုကာ မရေတွက်နိုင်သော မိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်တို့ ထွက်ပေါ်လာကာ သူအသွင်ပြောင်းလဲထားသော ဧရာမမိစ္ဆာနတ်ဘုရားကို ဝန်းရံထားခဲ့သည်။

ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားတို့နှင့် ဖွဲ့စည်းထားသော နတ်ဆိုးဓားသွား​က ယူချင်း၏ လက်ထဲတွင် ပေါ်ပေါက်လာပြီး နတ်ဆိုးစွမ်းအားတို့က အော်မြည်ကာ လှည့်ပတ်နေခဲ့သည်။ ထိုမိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်တို့က တပြိုင်တည်း သူတို့ လက်ထဲမှ နတ်ဆိုးဓားများကို မြှောက်လိုက်ကြသည်။

အနန္တနတ်ဆိုးအလင်းတို့က ယူချင်း၏ နတ်ဆိုးဓားသို့ စုစည်းကာ ကြီးမားကျယ်ပြန့်လာစေသည်။ မိစ္ဆာနတ်ဘုရားက ဓားကို လက်နှစ်ဖက်နှင့် ကိုင်ဆောင်ထားပြီး ခုတ်ပိုင်းလိုက်ကာ ကောင်းကင်ကို ထက်ခြမ်းကွဲသွားစေခဲ့သည်။ ချက်ချင်းပင် မရေတွက်နိုင်သော မိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်တို့က ပြီးပြည့်စုံသည့် အချိန်ကိုက်လှုပ်ရှားမှုနှင့်အတူ တပြိုင်တည်း နတ်ဆိုးဓားများကို ခုတ်ပိုင်းလိုက်ကာ ကျဆင်းလာသည့် ဟောက်ထျန်းမဟာလက်ဝါးချိပ်စည်းနှင့် ထိပ်တိုက်တွေ့ဆုံသွားစေသည်။ တစ်ချိန်တည်းတွင် သူတို့၏ နတ်ဆိုးစွမ်းအားများက နတ်ဆိုးဓား၏ အလယ်ဗဟိုသို့ စုစည်းလာ​ပေသည်။ ထောင်သောင်းချီသည့် နတ်ဆိုးများက ပေါင်းစည်းကာ တသားတည်း တိုက်ခိုက်လိုက်သည်။ ဓားက ရှေ့သို့ ရောက်လာသည့်အခါ အဆုံးမဲ့ ကြီးမားလှသော မိစ္ဆာနတ်ဘုရားပုံရိပ်တစ်ခုက ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ ထိုပုံရိပ်က နတ်ဆိုးအလင်းတို့ ထုတ်လွှတ်နေကာ နတ်ဆိုးဓားအဖြစ်နှင့် ကောင်းကင်ကို ခုတ်ပိုင်းလိုက်သည်။

ချက်ချင်းပင် ကြောက်မက်ဖွယ် အက်ကြောင်းတို့က ကောင်းကင်အထက်နှင့် အောက်ဘက် လောကတစ်ခွင်တွင် ပေါ်ပေါက်လာသည်။ ၎င်း ဖြတ်သန်းသွားသည့် နေရာတိုင်း မဟာလက်ဝါးချိပ်စည်း​က အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးခံလိုက်ရသည်။  နောက်ဆုံးတွင် ဓားက ကောင်းကင်ကို လွှမ်းခြုံထားသည့် ဟောက်ထျန်းမဟာလက်ဝါးချိပ်စည်းကို ထိုးစိုက်သွားသည်။ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအလင်းတို့ ထွက်ပေါ်လာပြီး လက်ဝါးချိပ်စည်းက နတ်ဆိုးဓားများ၏ နတ်ဆိုးစွမ်းအားမုန်တိုင်းကြောင့် အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် နတ်ဆိုးအလင်းတန်းနှင့် နတ်ဆိုးချိပ်စည်းက ထက်ခြမ်းခွဲကာ ဖျက်ဆီးခံလိုက်ရသည်။

ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဆိုးအလင်းတို့က အထက်သို့ ဆက်လက်ရွေ့လျားသွားပြီး ကောင်းကင်ကို ထက်ခြမ်းခွဲကာ ဟောက်ထျန်း၏ ပုံရိပ်က ဖျက်ဆီးခံလိုက်ရသည်။

ကောင်းကင်က ထက်ခြမ်းခွဲခံလိုက်ရပြီး အက်ကြောင်းလိုင်းများ ပေါ်ပေါက်လာ၏။ ဟောက်ထျန်းမဟာအင်ပါယာ၏ ပုံရိပ်ကလည်း ဖျက်ဆီးခံလိုက်ရကာ နတ်ဆိုးအလင်းနှင့် ကောင်းကင်၌ အက်ကြောင်းများသာလျှင် ကျန်ရစ်နေခဲ့ပေသည်။

အားလုံးသော ကျင့်ကြံသူများ၏ အကြည့်တို့က ကောင်းကင်ရှိ အက်ကြောင်းများထံ ရောက်ရှိသွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူတို့၏ နှလုံးသားများက ခုန်ပေါက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် လေဟာနယ်တစ်ခွင်လုံးက တိတ်ဆိတ်သွားပြီး အရာအားလုံးက အေးခဲသွားပုံရလေသည်။

ရုတ်တရက် ကောင်းကင်ထက်မှ သွေးများတစ်စက်စက် ကျဆင်းလာပြီး ၎င်းက ကျင့်ကြံသူများ၏ မျက်လုံးများကို ဖမ်းစားသွားသည်။ ကြည့်ရသည်မှာ ဟောက်ထျန်းက သွေးတို့ ယိုစီးကျလာပုံရသည်။

နတ်အလင်းတို့ ပေါက်ကွဲထွက်လာပြီး ဟောက်ထျန်းမဟာအင်ပါယာ၏ ပုံရိပ်က ဖျက်ဆီးခံရကာ လေထဲ၌ ပျောက်ကွယ်သွားသည်။ ကောင်းကင်ထက်၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ဟွားကျွင့်မော့ ဖြစ်ပေသည်​။ သို့သော် ယခုတွင် သူ၏ နဖူးပေါ်၌ ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေသည်။ သူ၏ အရှိန်အဝါက အတော်လေး မတည်မငြိမ် ဖြစ်နေပြီး သူ့မျက်နှာက ဖြူဖျော့နေခဲ့၏။ သိသာစွာပင် သူက ဒဏ်ရာများစွာ ရရှိသွားခဲ့ပြီး တိုက်ပွဲမှ ပြန်ဆုတ်ခွာသွားခဲ့ပေသည်။

"တိုက်ကွက်တစ်ချက်။"

ကျင့်ကြံသူများ၏ နှလုံးသားတို့က ခုန်ပေါက်နေပြီး ယူချင်း ဖန်တီးထားသည့် မိစ္ဆာနတ်ဘုရားပုံရိပ်ဆီသို့ ကြည့်နေကြသည်။ ထိုသည်မှာ ယခင်က သူတို့တွေ့ခဲ့ဖူးသော ထို အဆင့်ခုနစ် နတ်ဆိုးကျင့်ကြံသူ ဟုတ်ပါသည်လား။

နတ်ဆိုးအကြေးခွံကို ဝတ်ဆင်လိုက်သည့်အခါ သူက အလွန် အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ သူ့ဓားက ကောင်းကင်ကို ခုတ်ပိုင်းကာ တိုက်ရိုက် ဖွင့်ပစ်လိုက်သည်။ ယခုအခါတွင် အက်ကြောင်းများက လေထဲ၌ ရှိနေဆဲဖြစ်ပြီး ဖျက်ဆီးခြင်းမုန်တိုင်းက လေဟာနယ်အတွင်းရှိ အနက်ရောင်အက်ကြောင်းများမှ ဆက်လက်စိမ့်ထွက်လာနေသည်။

လက်ရှိ နတ်ဆိုးလောကကို အုပ်ချုပ်နေသည့် နတ်ဆိုးအင်ပါယာ​က လွန်ခဲ့သော နှစ်ပေါင်းများစွာက လွှမ်းမိုးနိုင်စွမ်းရှိခဲ့သူ ဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်းပါရမီရှင်ဟု ကျော်ကြားပြီး သူ့ကိုယ်ပိုင် နတ်ဆိုးပညာရပ်များစွာ ဖန်တီးနိုင်ခဲ့သည်။ အချို့က ပြောကြသည်မှာ ယနေ့ခေတ်မဟာအင်ပါယာများကြား၌ နတ်ဆိုးအင်ပါယာက ဒဏ္ဍာရီနည်းစနစ်အများဆုံး ပိုင်ဆိုင်ထားနိုင်သည့် တစ်စုံတစ်ယောက် ဖြစ်သည်။ သူ့နောက်ပိုင်းမျိုးဆက်တွင် နောက်ထပ် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သော အရှင်ဒွန်ဟောင်သာလျှင် သူ့ကို ယှဥ်နိုင်ပေသည်။

ယခု ယူချင်းက နတ်ဆိုးအင်ပါယာထံမှ စွမ်းအားအနည်းငယ်ကို ဆက်ခံထားပုံရသည်။

ဤမြင်ကွင်းသည် အခြားကျင့်ကြံသူသုံးယောက်အား အလွန် ထိတ်လန့်သွားစေခဲ့သည်။ သူတို့ကဲ့သို့ အဆင့်မျိုးတွင် တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုက တိုက်ပွဲမြေပြင်တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီး အခြားမည်သူ့အတွက်မှ နေရာချန်မထားလေရာ တစ်ချိန်တည်း တိုက်ခိုက်ရန်မှာ သူတို့အတွက် ခက်ခဲလှ​ပေသည်။ သူတို့က အဆက်မပြတ် တိုက်ခိုက်ခဲ့လျှင် တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့ဆုံသွားပြီး တစ်ခုနှင့်တစ်ခု အနှောက်အယှက်ဖြစ်ရပေလိမ့်မည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်တွင် တိုက်ခိုက်မှုများက အလွန် အစွမ်းထက်ပြီး တိုက်ခိုက်ရေးအကွာအဝေးက ကျယ်ပြန့်လှသဖြင့် သူတို့က တစ်ယောက်ပြီးမှ တစ်ယောက် တိုက်ခိုက်ရန်ကလွဲပြီး ရွေးစရာမရှိပေ။

သို့သော် ယူချင်းက ဟွားကျွင့်မော့ကို တစ်ချက်တည်းနှင့် ဒဏ်ရာရစေခဲ့သည့်အတွက် အခြားကျင့်ကြံသူသုံးယောက်နှင့် ယူချင်း၏ အဆင့်ကို ပြန်လည်စိစစ်ရန် လိုအပ်ပေသည်။

ထို့ပြင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အသုံးပြုကာ ဝမ်မြန်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည့် ရီဖူရှင်းလည်း ရှိသေးသည်။ ရှင်းလင်းစွာပင် သူက စွမ်းရည်အပြည့်အဝ အသုံးပြုခဲ့ခြင်း မရှိပေ။ ဟွားဂျီယူက ဘေးတွင် နတ်ဝိညာဥ်တေးသွားကို တီးခတ်နေသော်လည်း အမှန်၌ သူမက အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။

တိုက်ပွဲက ယခု သုံးယောက်-သုံးယောက် တိုက်ပွဲဖြစ်ကာ သူတို့အဆင့်များကြားမှ ကွာခြားမှုက လျစ်လျူရှုထား၍ ရနိုင်ပေသည်။ ထိုအချိန်၌ ဝမ်မြန်နှင့် ရှေးဟောင်းနတ်ဘုရားကလန်မှ အခြားသော ကျင့်ကြံသူနှစ်ယောက်က ရီဖူရှင်းတို့အဖွဲ့နှင့် ယှဥ်လျှင် အရေးသာမှု ရှိနေပုံမရပေ။

ဟွားကျွင့်မော့က ဒဏ်ရာပြင်းစွာ ရသွားခဲ့ပြီးနောက် ဖေးရှန့်နှင့် ကျန်းချင်းဖုန်းတို့က အလျင်စလို တိုက်ခိုက်​နေခြင်းအား ရပ်တန့်လိုက်သည်။ အစွမ်းထက်ကျင့်ကြံသူ သုံးယောက်က ကောင်းကင်ထက်၌ ရပ်နေခဲ့ပြီး ရီဖူရှင်း၊ ယူချင်းနှင့် ဟွားဂျီယူကို ငုံ့ကြည့်နေခဲ့သည်။ ရီဖူရှင်းနှင့် ယူချင်းတို့က မတူညီသည့် နေရာတွင် ရှိနေခဲ့ပြီး ဟွားဂျီယူက သူတို့ကြား မြေပြင်မှာ ငြိမ်သက်အေးချမ်းစွာဖြင့် ကု့ချင်းတီးခတ်နေခဲ့သည်။

ကု့ချင်းသံက ဆက်လက်ထွက်ပေါ်လာသည်နှင့် အောက်မေ့ခြင်းတေးသွားဝိညာဉ်က ပို၍ အားကောင်းလာသည်။ အမှန်တကယ်တွင် လက်ရှိ ကျန်ရစ်ခဲ့သော ကျင့်ကြံသူခြောက်ယောက်နှင့် ဟွားဂျီယူသည် နတ်ဝိညာဥ်တေးသွားကို မတီးခတ်ဘဲနှင့်ပင် တိုက်ပွဲအား ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။

"မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းက ဒီမှာပဲ။ လာယူလိုက်။" မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်ထက်တွင် ရပ်နေသော ဝမ်မြန်ကို ပြောလိုက်ခြင်း ဖြစ်သည်။ ယခင်က ဝမ်မြန်သည် ရီဖူရှင်းအား မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို လက်လွှဲပေးစေလိုခဲ့ပြီး ထိုသို့ ပြုလုပ်ပါက ရီဖူရှင်းကို အခွင့်အရေးတစ်ခု ပေးမည်ဟုပင် ရဲတင်းစွာ ပြောဆိုခဲ့သည်။

ယခု ရီဖူရှင်း၏ စိတ်ဝိညာဥ်က တိုက်ပွဲဝင်ရန် မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းအတွင်း ဝင်ရောက်သွားကာ သူ့ကို ကြီးစွာသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လျှင်ပင် သူက ဝမ်မြန်တန်ဖိုးတစ်ခု ပေးဆပ်ရစေရန် အမှန်တကယ် ပြုလုပ်မည် ဖြစ်သည်။

ရီဖူရှင်း၏ စကားလုံးများကို ကြားသောအခါ ဝမ်မြန် အကြည့်တို့က အလွန် ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဖြစ်လာကာ ရွှေရောင်လှံကို တစ်ဖန်မြှောက်လိုက်သည်။ သို့သော် ဤတစ်ကြိမ်၌ သူ၏ မျက်ဝန်းတို့​က မတူညီသော တစ်စုံတစ်ရာအဖြစ် ပြောင်းလဲသွား​ပေသည်။ ၎င်းတို့က သူ၏ ကိုယ်ပိုင်မျက်လုံးများ မဟုတ်တော့ဘဲ နတ်မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရီဖူရှင်းက ခေါင်းကို မော့ကာ ဝမ်မြန်အား ကြည့်လိုက်သည့်အခါ အလွန် ပြင်းထန်သော စွမ်းအားတို့က ဝမ်မြန် ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာပေသည်။

ယခင်ကကဲ့သို့ ဝင်္ကပါအစီအရင်များက ကောင်းကင်ထက်တွင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသော်လည်း ယခုတစ်ကြိမ်၌ ၎င်းတို့၏ အရှိန်အဝါများက ပိုမိုကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်လှသည်။ ဝမ်မြန်ထံမှ ထွက်ပေါ်လာသည့် နတ်အလင်းတို့က ဝင်္ကပါအစီအရင်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ဝမ်မြန်က လက်ကို မြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ သူက ကြောက်မက်ဖွယ် အကြည့်တို့နှင့်  ကောင်းကင်သို့ ကြည့်ခဲ့သည်။ ဝင်္ကပါအစီအရင်များက ရောယှက်ကာ စတင်ပေါင်းစည်းလာပြီး အဆုံးမဲ့ ကြီးမားသည့် အစီအရင်အဖြစ် ပြောင်းလဲသွားကာ လောက၏ မဟာလမ်းစဥ် စွမ်းအားများကို ဝါးမြိုသွားသည်။ ထိုကြောက်မက်ဖွယ်အစီအရင် ပေါ်ပေါက်လာသည်နှင့် ကျယ်ပြောသော လေဟာနယ်အတွင်း အားလုံးသော စွမ်းအားများက ထိုအထဲသို့ ဆွဲယူခံလိုက်ရသည်။ ၎င်းတို့​က ပို၍ အားကောင်းလာအောင် ပြုလုပ်နေပြီး ကောင်းကင်ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ် နတ်စွမ်းအားလှိုင်းများ တဖြေးဖြေး ဖြစ်ပေါ်လာပေသည်​။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်သောအခါ ကောင်းကင်ဒေသမှ အဆင့်မြင့်ကျင့်ကြံသူများ အားလုံး၏ နှလုံးသားတို့က အဆမတန် ခုန်ပေါက်နေခဲ့ပေသည်။ ထိုသည်မှာ ထျန်းယန်မဟာအင်ပါယာ၏ ကောင်းကင်မွမ်းမံခြင်းနတ်ဘုရားပညာရပ်ပင် ဖြစ်လေသည်။

All Chapters