လင်းရီကို မူးအောင် တိုက်မယ်
Vol. 112 Ch. 1666
ကျီချင်းရန်နှင့် အချိန်တချို့ ဖြုန်းပြီးသည့်နောက် လင်းရီ ဖုန်းချလိုက်၏။
ကားဆရာ ဦးလေးကြီးမှာ လင်းရီအား မျက်လုံးထောင့်ကပ်၍ ကြည့်နေလျက် ရှိပြီး မျက်လုံးထဲတွင်တော့ အထင်ကြီး လေးစားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
သူ လင်းရီအား သင်ကြားပြသမှု တစ်ချို့ပင် တောင်းခံချင်သွား၏။
နာရီဝက်ကြာပြီးနောက် ကားမှာ ကဏန်း အင်ပါယာ စံအိမ်သို့ ရောက်ရှိလာခဲ့သည်။
လင်းရီအား လေးစားသည့်အနေဖြင့် ကားဆရာဦးလေးကြီးမှာ အကြွေ ၂ ယွမ်ကို မတောင်းတော့ပေ။
ကဏန်း အင်ပါယာ စံအိမ်မှာ ကျိုးဟိုင်တွင် နာမည်ကြီးသည့် စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်၏။ မီချယ်လင်း ကြယ်သုံးပွင့် စားသောက်ဆိုင် မဟုတ်သော်လည်း ၎င်းမှာ ထင်ပေါ် ကျော်ကြားဆဲပင်။ အစားအသောက် ဘလော့ဂါ တော်တော်များကလည်း ဤနေရာသို့ လာ၍ မြည်းစမ်းကြည့်ကာ မှတ်ချက်ကိုယ်စီ ပေးတတ်ကြ၏။
“ ဥက္ကဌလင်းမလား ….”
လင်းရီ ဓာတ်လှေကား အလာကို စောင့်နေရင်း ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ သွားခါနီးတွင် တစ်စုံတစ်ယောက်က သူ၏ နာမည်ကို မရေမရာ ခေါ်ဆိုလိုက်သည်အား ကြားလိုက်ရလေသည်။
နောက်လှည့်ကြည့်လိုက်သည်တွင် သက်လတ်ပိုင်း အမျိုးသား တစ်ဦးအား မြင်တွေ့လိုက်ရ၏။ သူ့နောက်တွင် လူတစ်ချို့လည်း လိုက်ပါနေသည်။ ၎င်းတို့ကြည့်ရသည်မှာ စားသောက်ဆိုင် ဝန်ထမ်းများ ဖြစ်ပုံရ၏။
လင်းရီ အဆိုပါ သက်လတ်ပိုင်း လူကြီးအား အစုံအဆန် စူးစမ်းကြည့်လိုက်မိသည်။ သို့သော် မည်သည့်နေရာ၌ ဆုံခဲ့ဖူးလဲဆိုတာကို ဦးနှောက်က မမှတ်မိနိုင် ဖြစ်နေသည်။ သေချာသည်မှာတော့ သူတို့ အချင်းချင်း မသိကြချေ။
“ မင်းက …. “
သက်လတ်ပိုင်း အမျိုးသားမှာ လင်းရီထံသို့ လျှောက်လှမ်းလာပြီး “ ဟယ်လို ဥက္ကဌလင်း … ကျုပ်က ကဏန်း အင်ပါယာ စားသောက်ဆိုင်ခွဲရဲ့ အထွေထွေ မန်နေဂျာ ဝမ်ထျန်းဟူပါ …”
ပြောပြီးနောက် ဝမ်ထျန်းဟူမှ သူ၏ နာမည်ကတ်ကို ကမ်းပေးလာခဲ့သည်။ လင်းရီ သာမန်လျှံကာ လက်ခံလိုက်၏။ သို့တိုင် စိတ်ထဲတွင်တော့ မည်သည့်ထင်မြင်ချက်မျှ ရှိမနေချေ။
“ အိုး ဟယ်လို …” လင်းရီ ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။ “ ခင်များကြည့်ရတာ ရင်းနှီးနေသလိုပဲ … ဒါပေမယ့် ဘယ်နေရာမှာ မြင်ဖူးလဲတော့ မသိဘူး …”
“ ကျုပ်တို့ တစ်ခါမှ မတွေ့ဖူးပါဘူး … ဒါပေမယ့် ဥက္ကဌလင်း ကျုပ် အစ်ကိုနဲ့တော့ သိပါတယ်….”
“ မင်း အစ်ကိုနဲ့ ဟုတ်လား …”
“ ကျုပ် အစ်ကိုက ဝမ်ထျန်းလုံလေ…”
“ ဟင် လခွမ်း …”
“ ဒါဆို မင်းတို့နှစ်ယောက်က ဆွေမျိုးတွေ… မဟုတ်ဘူး ညီအစ်ကိုတွေပေါ့ …” လင်းရီ ရှော့ခ်ရသွားခဲ့၏။ စိတ်ထဲ ရင်းနှီးနေသည်မှာ မထူးဆန်းတော့ချေ။
“ သူက ကျုပ် ဝမ်းကွဲလေ … ကျုပ် အဖေက သူ့ရဲ့ ဒုတိယ ဦးလေး….”
လင်းရီ အလင်းပွင့်သွားခဲ့၏။ “ ဒါဆို ငါတို့ချင်း ရင်းနှီးတယ် သတ်မှတ်လို့ရတာပဲ …”
“ ဒါပေါ့ ဒါပေါ့ … ကျုပ်တို့ချင်း ရင်းနှီးတယ် ပြောလို့ရတယ်… ကျုပ်လည်း ဥက္ကဌလင်းနဲ့ ဒီနေ့ ဒီနေရာမှာ တွေ့ခွင့်ရလိမ့်မယ်လို့ ထင်မထားဘူး … ဒါက ကျုပ်တို့ ကဏန်း စံအိမ် အတွက် ဂုဏ်ယူဖွယ်ရာပါပဲ …”
“ မင်း ယဉ်ကျေးလွန်းနေပါပြီ… ဒါတွေ ပြောဖို့ မလိုပါဘူး... ”
“ ဥက္ကဌလင်းက ဒီကို ညစာ လာစားတာလား … ကျုပ် ခင်များအတွက် အကောင်းဆုံး သီးသန့်ခန်း လုပ်လိုက်မယ်လေ….”
“ ရေးကြီး ခွင်ကျယ် လုပ်ဖို့ မလိုဘူး .. ငါက ဒီတိုင်း သူငယ်ချင်းတွေနဲ့ ထမင်းတစ်နပ် လာစားရုံပဲ … မဟုတ်ရင် ကောင်းကောင်းစားလို့ ရမှာ မဟုတ်ဘူး …”
ဝမ်ထျန်းဟူမှ သူ့အား အဓိပ္ပာယ်ပါစွာ တစ်ချက် ကြည့်၍ “ သဘောပေါက်ပြီ … ဥက္ကဌလင်းက သိုသိုသိပ်သိပ် နေချင်နေတာပဲ …”
လင်းရီ ပြုံးလိုက်မိ၏။ ဝမ်ထျန်းလုံ၏ ညီငယ်ဆိုသည့်အတိုင်း ချက်ဆိုသည်နှင့် နားခွက်က မီးတောက်ပြီး ဖြစ်၏။
“ ကောင်းပြီ… မင်းနဲ့ ဆက်မပြောတော့ဘူး … အပေါ်တက်တော့မယ်…”
“ အိုကေ အိုကေ … ဂရုစိုက်သွားပါ ဥက္ကဌလင်း …”
ဝမ်ထျန်းဟူသည် လင်းရီအား ဓာတ်လှေကားထဲသို့ တရိုတသေ လိုက်ပို့၍ စားပွဲထိုးအား ပြောလိုက်သည်။
“ ဥက္ကဌလင်း ဘယ်သီးသန့်ခန်းထဲမှာ စားနေလဲ ရှာလိုက် … ဟင်းပွဲ တစ်ချို့နဲ့ ဝိုင်ကောင်းတစ်ချို့ ပို့ပေးလိုက် … ငါတို့ဘက်က ပျက်ကွက်လို့ မရဘူး .. ပြီးတော့ သူ့ဘက်က ပိုက်ဆံပေးလာရင်လည်း မယူနဲ့ …”
“ နားလည်ပြီ ဒါရိုက်တာဝမ်….”
မကြာမီ လင်းရီ ဓာတ်လှေကားဖြင့် တတိယလွှာသို့ ရောက်လာခဲ့သည်။
သီးသန့်ခန်း အပြင်ဘက်တွင်သာ ရှိသေးသော်လည်း အထဲတွင် ရယ်မောနေသည့် အသံများအာ သူ ကြားနေရလေသည်။
“ လင်းကော … နင် လာပြီပဲ … ငါတို့ နင့်ကို စောင့်နေတာ အတော်လေးတောင် ကြာပြီ….”
လင်းရီ ဝင်လာသည်ကို မြင်တော့ ကျန်းဇီရှင်းမှာ သူ့အား ချက်ချင်း ဘေးသို့ ဆွဲခေါ်ထိုင်ချလိုက်သည်။
၎င်းတို့၏ ထရိန်နင် ယူနီဖောင်းများအား လဲပြုပြီးသည့်နောက် မိန်းကလေးများ အားလုံး၏ ဆွဲဆောင်မှုမှာ သတိပြုရလောက်သည်အထိ သိသိသာသာ တိုးတက်လာလေသည်။ ယင်းက စားသောက်ဝိုင်း၏ လေထုကို ပို၍ သာယာ စိုပြေသွားစေခဲ့သည်။
လင်းရီမှာ မိန်းကလေး တစ်အုပ်စု၏ ဝိုင်းရံထားခြင်း ခံရသည်ကို မြင်တော့ ကျိုးရှင်းဟိုင်မှာ မျက်လုံးလှိမ့်လိုက်မိသည်။
သူက ဒီနေ့ပွဲကို စီစဉ်တဲ့သူလေ… ဘယ်လိုလုပ်ပြီး လင်းရီက အဓိက ဇာတ်ကောင် ဖြစ်လာခဲ့တာလဲ …
“ လာကြ လာကြ … လူလည်း စုံပြီဆိုတော့ စားစရာတွေ မှာကြမယ်…” ကျိုးရှင်းဟိုင် ပြောလိုက်ပြီး “ လူတိုင်းပဲ … သက်တောင့်သက်သာ နေကြပါ… ငါ မန်နေဂျာကို အသိပေးထားပြီးပြီ… ဒီ စားပွဲဝိုင်းက လျှော့ဈေးနဲ့ … မင်းတို့တွေ တစ်ယောက်မှ အားမနာကြနဲ့ ….”
“ ဒါပေမယ့် မီနူးကို ကြည့်ရသလောက်တော့ ၃၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ဆိုရင်တောင် ဈေးက မသက်သာဘူးပဲ …”
“ အဆင်ပြေတယ်… လူတိုင်း ဒီနေ့ တစ်ယောက်ကို ယွမ် ၁၀၀ ပဲ ထုတ်ကြ … ကျန်တာ ငါ့တာဝန်ထား … ဟုတ်ပြီလား ... ”
ကျိုးရှင်းဟိုင်၏ မိသားစု နောက်ခံမှာ မဆိုးလှသော်လည်း ဤ လူ အယောက် ၄၀ ကျော် အုပ်စုကြီးကို တစ်ယောက်တည်း ကျွေးမွေးနိုင်သည်အထိတော့ မဟုတ်သေးချေ။
အကယ်၍ တစ်ယောက်ကို ယွမ် ၁၀၀ စီ ထည့်ဝင်မည်ဆိုပါက ကျန်လိုအပ်သည့် ပမာဏကို သူကြည့်ကြပ် ရွှိုင်းလိုက်၍ ရလေသည်။ ဤသည်က သူ လမ်းတွင် စဉ်းစားခဲ့သည့် နည်းလမ်းတစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် ကူရိရန်လည်း ယနေ့ ဤနေရာတွင် ရှိနေသဖြင့် သူ့ဘက်က ရက်ရောမှုကို ပြသပြီး သူမ၏ မျက်နှာသာအား ရအောင် ယူရလိမ့်မည်။
“ အဲ့လို လုပ်လို့ ဘယ်ဖြစ်မှာလဲ … ငါတို့တွေ မျှမျှတတ လုပ်သင့်တာပေါ့ … နင့်မိသားစု ပိုက်ဆံကလည်း အပင်ပေါ်က ခူးလာတာမှ မဟုတ်တာ …”
“ အသေးမွှားကိစ္စလေးပါ … ပြဿနာ မရှိဘူး …”
ဆယ်မိနစ် ကြာပြီးနောက် လူတိုင်း မှာယူ၍ ပြီးစီးသွားခဲ့ကြသည်။
ဟင်းပွဲများ လာချပေးသည်ကလည်း အတော်မြန်ဆန်သည်။ မိနစ် ၂၀ ကြာပြီးနောက် တစ်ပွဲပြီး တစ်ပွဲ စားပွဲဝိုင်းပေါ်သို့ စုံလင်စွာ ရောက်ရှိလာခဲ့တော့သည်။
စားပွဲပေါ်တွင် သွားရည်ယိုဖွယ်ကောင်းသည့် ပင်လယ်စာများကို မြင်တော့ လူတိုင်း၏ စားသောက်လိုစိတ်မှာ အလိုလို တိုးပွားလာကာ ၎င်းတို့အား လွေးရန် ဟန်ပြင်ကြတော့၏။
“ ငါတို့ရဲ့ ဟိုင်ကောက ရက်ရောလွန်းတယ်… ဒီလောက် ကောင်းတဲ့ နေရာမျိုးမှာ ငါ အခု စားဖူးတာ ပထမဆုံးပဲ ..” တင်းချောင် အပြုံးလေးဖြင့် ပြောလိုက်၏။
“ အသေးမွှားလေးပါကွာ … ဘယ်လောက်မှ များတာလည်း မဟုတ်ဘူး … နောင်လည်း မင်းတို့ကို ထပ်ပြီး ဧည့်ခံဦးမယ်…” ကျိုးရှင်းဟိုင် ခွက်ကို မြင့်မြင့်မြောက်၍ အားမာန် အပြည့်လေသံဖြင့် “ လာကြ လာကြ … ငါတို့ရဲ့ ခွက်တွေ ဖြည့်ပြီး နည်းပြလီနဲ့ နည်းပြကူအတွက် ခွက်ချင်းတိုက်ကြရအောင် …”
လူတိုင်း တုံ့ပြန်လိုက်ကြပြီး ၎င်းတို့၏ ခွက်များအား ဖြည့်၍ သူတို့နှစ်ယောက်အား တို့စ်လုပ်လိုက်လေသည်။
“ ယဉ်ကျေးနေဖို့ မလိုပါဘူး …” လီရှန်းဟွေ့လည်း ခွက်မြောက်၍ ပြောလိုက်ပြီး “ မင်းတို့ထဲက တစ်ချို့က အောက်မှာ ရှိတဲ့ ရဲဌာနတွေမှာ တာဝန်ကျမယ်ဆိုရင်တောင် မင်းတို့အားလုံးက ဗျူရိုရုံးခွဲရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိတယ်… နောင်ကျ … မင်းတို့အချင်းချင်း ကူညီကြပြီး တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် ရှိကြဖို့ မမေ့နဲ့ …”
“ နားလည်ပါပြီ နည်းပြလီ..”
လူတိုင်း အရက်ခွက်များအား တစ်ကျိုက်တည်း အပြတ်ဖြတ်လိုက်ကြပြီး လေထုမှာလည်း ချက်ချင်းဆိုသလို လှုပ်ရှားသက်ဝင်လာလေတော့သည်။
“ ဒီနေ့ …… စိတ်ကျေနပ်တဲ့အထိ သောက်ကြမယ်… မမှောက်မချင်း မပြန်ဘူး … မမူးမချင်း မပြန်ဘူး …”
ထိုသို့ပြောပြီးသည့်နောက် ကျိုးရှင်းဟိုင်မှာ တင်းချောင်အား တံတောင်ဖြင့် တွတ်လိုက်သည်။ သကောင့်သားမှာလည်း ချက်ချင်း အကောင်မြင်သွားခဲ့ကာ သူ၏ ခွက်အားမြောက်လိုက်၏။
“ ခေါင်းဆောင်လင်း … မင်းက အမြဲတမ်း ငါတို့ကို စုပြီး သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ အားစိုက်ထုတ်ခဲ့ရတယ်… လာခဲ့ ... ဒီတစ်ခွက်ကို မင်းနဲ့ သောက်ပေးမယ်…”
“ ဖျံက ကြက်ကို အရိုအသေပေးနေတယ်ဆိုကတည်းက ကောင်းတဲ့ ရည်ရွယ်ချက်တော့ ရှိမှာ မဟုတ်ဘူး …” ကျန်းဖန့် ပြောလိုက်၏။
“ မင်း ဘာတွေ လာပြောနေတာ … ငါ တို့စ်လုပ်ပေးတာက မှားလို့လား …”
“ မင်းတို့ကောင်တွေက အမြဲတမ်း လင်းကောကို အမြင်မကြည် ဖြစ်နေကြတာ မဟုတ်ဘူးလား … မင်းတို့ကောင်တွေ သူ့ကို တို့စ်လုပ်ပေးရတဲ့ အထိ ကြင်နာမယ်လို့တော့ ငါမထင်ဘူး …”
“ ငါတို့ အတိတ်မှာ အထစ်အငေါ့တွေ ရှိခဲ့ဖူးတာ မှန်တယ်… ဒါပေမယ့် အခု ထရိန်နင်က ပြီးသွားပြီ… အဲ့ဒီ အရာတွေလည်း ပျောက်ကွယ်သွားပြီ… ငါ အသင်းခေါင်းဆောင်လင်းကို တို့စ်လုပ်ပြီး ပြီးခဲ့တာတွေကို ပြီးခဲ့တဲ့အတိုင်းပဲ သင်ပုန်းချေလိုက်တော့မယ်… အဲ့လိုလုပ်တာက မမှားဘူးမလား …”
“ ငါကတော့ မင်း . . . . . .”
“ အဲ့လောက်ထိ ကပ်တွက်နေစရာ မလိုပါဘူးကွာ … ဒီတိုင်း အရက်တစ်ခွက်တည်းမလား …”
လင်းရီလည်း သူ၏ ဖန်ခွက်အားဖြည့်၍ “ လာ … သောက်မယ်….” “ ငါ အရင် သောက်မယ်…”
လင်းရီ တုံ့ဆိုင်းချင်း မရှိ သူ၏ ခွက်အား မြှောက်၍ တစ်ကျိုက်တည်း အပြတ်ဖြတ်လိုက်သည်။
“ လင်းကောက သိပ်တော်တာပဲ ..” ကျန်းဇီရှင်းမှာ ဖန်ဂဲလေး တစ်ယောက်ကဲ့သို့ လက်ခုပ်လက်ဝါးတီး၍ အားပေးလိုက်၏။
တစ်ချိန်တည်းတွင် ကျိုးရှင်းဟိုင်လည်း သူ၏ ခွက်အား မြှောက်လိုက်သည်။
“ လင်းရီ … ငါ ဒီတစ်ခွက်ကို မင်းနဲ့ သောက်ပေးမယ်… ငါတို့တွေ အရင်က အပေါက်အလမ်း မတည့်ခဲ့ဘူးဆိုရင်တောင် ပြီးခဲ့တာတွေကို ပြီးခဲ့တဲ့အတိုင်း ဒီတစ်ခွက်နဲ့ ရေစုန်မျှောပစ်မယ်.. “
“ ငါ မြင်မိသလောက်တော့ မင်းတို့ကောင်တွေ ငါ့ကို မူးအောင် လုပ်ချင်နေတဲ့ပုံပဲနော်..”
“ မင်းကို မူးအောင် လုပ်တယ်ဆိုတာက ဘာစကားတုန်း … ဒီလို ပျော်ဖို့ကောင်းတဲ့ နေ့လေးမှာ ငါတို့ကိုယ်ငါတို့ အပြည့်အဝ ပျော်သင့်တာပေါ့ … မင်းတစ်ယောက်တည်း မဟုတ်ဘူး … လူတိုင်း မူးရမယ်…”
ကူရိရန် ခေါင်းအား တိတ်တဆိတ် ခါရမ်းလိုက်သည်။ သူမ တစ်ချက်ကြည့်ရုံမျှဖြင့် ကျိုးရှင်းဟိုင် တွေးနေသည်အား ဖောက်မြင်နိုင်လေသည်။
လင်းရီအား မူးအောင် လုပ်ချင်နေသည်မှာ အသိသာကြီးပင်။ သို့သော် လင်းရီ၏ အရက်သောက်နိုင်စွမ်းအား သူမကိုယ်၌ မျက်မြင်ကြုံတွေ့ခဲ့ရ၏။
Ace of spades လေးပုလင်းလုံး သောက်၍ပင် မမူးသည့်လူက ဤသို့ လွယ်လွယ်နှင့် မှောက်သွားလိမ့်မည်လော။
“ လုံလောက်ပြီ… နင် ခုနက တစ်ခွက်သောက်ထားပြီးပြီ… ဆက်သောက်နေစရာ အကြောင်း မရှိဘူး …” ကူရိရန် ပြောလိုက်၏။
ကူရိရန်၏ စကားက ကျိုးရှင်းဟိုင်အား အတော်လေး ဝမ်းသာအားရ ဖြစ်သွားစေသည်။
သူ ငါ့ကို စိတ်ပူပေးနေတယ်… ဂရုစိုက်တယ်….
ငါ လင်းရီကို မှောက်အောင်လုပ်ပြီး နည်းပြကူအတွက် ကလဲ့စား ပြန်ချေပေးရမယ်…
“ နည်းပြကူ .. မင်း ဘာမှ စိတ်မပူနဲ့ … ငါ့ရဲ့ အရက်သောက်နိုင်စွမ်းက မဆိုးဘူး … ဒီလောက် အရက်နည်းနည်းလေးက ငါ့အတွက် ဘာမှမပေါက်ဘူး ..” ကျိုးရှင်းဟိုင် အပြုံးလေးဖြင့် ပြောလိုက်လေသည်။
“ ငါ မှတ်မိသလောက်ဆို ကျောင်းတုန်းက ဟိုင်ကော ဘီယာ ဆယ်ပုလင်းကျော်ကို တစ်ယောက်တည်း သောက်ခဲ့တာမလား … လူတိုင်း သေမတတ် ပြန်အန်ထုတ်ကြတာတောင် သူတစ်ယောက်တည်း အကောင်းကြီး … ဒီလောက် အရက်နည်းနည်းလေးက သူ့အတွက် တကယ်ကို ဘာမှ မပေါက်တာ…” တင်းချောင်ကလည်း ဝင်ပြောလာခဲ့သည်။