← Chapters

လင်းရီ၏ အစီအစဉ်

Vol. 112 Ch. 1673

လင်းရီ၏ အစီအစဉ်

Vol. 112 Ch. 1673

ထျန်းရန် ရေတစ်ဖန်ခွက်ကို လင်းရီအတွက် ငှဲ့ပေးလိုက်ပြီး ဖျော့တော့စွာ ပြောလိုက်၏။

“ နှစ်သစ်ကူး မတိုင်ခင်က ကျွန်မတို့တွေ ဓာတ်ခွဲခန်း အသစ် နေရာချထားဖို့ကိစ္စ ဆွေးနွေးခဲ့ကြသေးတယ်မလား .. အခု ကျွန်မတို့ နေရာလွတ်တွေ ပြတ်လပ်နေပြီ.. ပြီးတော့ ကုမ္ပဏီကလည်း လုပ်ခလစာမြင့် စက်မှုဇုန် တစ်ခု တည်ဆောက်ဖို့ မြေနေရာတစ်ခုကို ပြန်လည်နေရာချထားဖို့ လုပ်နေတယ်…”

“ ခဏလေး ခဏလေး …”

“ အဲ့လောက်ထိ ဒုက္ခခံနေစရာ လိုလို့လား … မြေနေရာ တစ်ခုလုံးကို ပြန်လည်နေရာ ချထားဦးမယ်ပေါ့ …”

“ ဒါက ဒါရိုက်တာချီရဲ့ အိုင်ဒီယာ … ပြီးတော့ ကျွန်မတို့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ခဲ့တာပဲ …” ထျန်းရန် ပြောလိုက်ပြီး “ ဒီလို တည်ဆောက်လိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့ စက်မှုဇုန် အရွယ်အစားကို တိုးချဲ့ရာလည်း ရောက်တယ်… သိတဲ့လူတွေဘက်က ကြည့်ရင် သိပ်ပြီးမှ အဓိပ္ပာယ် မရှိဘူးဆိုပေမယ့် အပြင်လူတွေဘက်ကနေ ကြည့်ရင်တော့ မတူတော့ဘူး … အကျိုးသက်ရောက်မှုက သိသိသာသာကို ကွာဟပြီး လူတွေကြားထဲမှာ ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို တိုးတက်စေနိုင်တယ်…”

ထျန်းရန် ဆံပင်အား နောက်သို့ လှန်ဖြီးရင်း ဆက်ပြီး ပြောသည်။

“ အဲ့ဒီထက် ပိုတာက ဒီလို လုပ်လိုက်မယ်ဆိုရင် မြို့က ခေါင်းဆောင်ကြီးတွေကို နိုင်ငံရေး အောင်မြင်မှုလည်း ရစေနိုင်မယ်… ပိုက်ဆံ အကုန်အကျ ရှိတယ်ဆိုပေမယ့် ရေရှည် အကျိုးစီးပွားအတွက်ကျ အတော်လေး ထိုက်တန်တယ်…”

ထျန်းရန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဘာတွေ ဖြစ်နေလဲဆိုတာကို လင်းရီ သဘောပေါက်သွားခဲ့သည်။ ဤကိစ္စတွေ သူ တကယ်ပဲ အနည်းအကျဉ်းမျှသာ တွေးတောမိခဲ့၏။

“ အိုကေ … ဆက်ပြော …”

“ ဒါရိုက်တာချီ မသွားခင် သူ မြေနေရာတစ်ခုကို အမြင်တွေ့ပြီး သက်ဆိုင်ရာ ဌာနက ခေါင်းဆောင်ကြီးတွေနဲ့တောင် ကြိုတွေ့ပြီးပြီ… သူတို့ပြောခဲ့တာတော့ ဘာပြဿနာမှ မရှိဘူး .. အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုပဲ .. ဒါပေမယ့် အခုရက်ပိုင်း တစ်ခုခု ဖြစ်လာပြီး နောက်ကုမ္ပဏီ တစ်ခုကလည်း အဲ့ဒီ မြေနေရာကို ရဖို့ ယှဉ်ပြိုင်နေတယ်…”

“ စိတ်ဝင်စားစရာပဲ …” လင်းရီ ရေခွက်အား မော့သောက်၍ ပြုံးလိုက်ပြီး “ ဘယ်သူက ငါတို့နဲ့ ယှဉ်ပြိုင်နေလဲဆိုတာ သိချင်သွားပြီ… တခြား စီရင်စုက ကုမ္ပဏီလာ …”

ထျန်းရန် ခေါင်းညိမ့်လိုက်၏။ “ ဟောင်ကောင် ၊ ဟွမ်ဟိုင် အုပ်စုက …”

“ ဖက်ခ် … ဒီကောင်တွေပဲ ဖြစ်ပြန်ပြီ…”

“ အဲ့လောက်ထိ ချဲ့ကားပြီး တုံ့ပြန်ဖို့ လိုလို့လား …” ထျန်းရန် သင်္ကာမကင်းစွာ မေးလိုက်ရင်း “ မဟုတ်မှ ... ရှင် သူတို့နဲ့ သိနေတာလား …”

“ ဒီ ကုမ္ပဏီက အရင်ကလည်း ချောင်ရန်အုပ်စုနဲ့ မြေကွက်ရဖို့ ယှဉ်ပြိုင်ဖူးသေးတယ်… ငါ သူတို့ကို သင်ခန်းစာ ပေးပြီးတာတောင် ဒီကောင်တွေက အခု ငါ့ကို ပြန်ပြီး ရန်လာစနေတယ်…”

ဟွမ်ဟိုင် အုပ်စုက လူများမှာ သူ၏ နောက်ခံအား သိသည်ဟု လင်းရီ ယုံကြည်သည်။

တစ်ဖက်သူက ဤပရောဂျက် အတွက် မယှဉ်ပြိုင်မီ အကြောင်းစုံအား စုံစမ်းထားမည်ဟုလည်း လင်းရီ ယုံကြည်သည်။ အဆိုပါ အကြောင်းပြချက်တို့ကြောင့်ပဲ ၎င်းတို့၏ လက်ရှိ အပြုအမူမှာ သူ့အား ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ဝံ့ကြောင်းကို ဖော်ပြနေသည်။ ထိုကောင်တွေက သူ့ခေါင်းအား မထိတထိ လာပုတ်နေခြင်းပင်။

“ အဲ့လိုဆိုရင်တော့ ကျွန်မတို့ကို တမင် သပ်သပ် ဆန့်ကျင်နေတယ်ဆိုတာ ဖြစ်နိုင်တယ်…” ထျန်းရန် ပြောလိုက်ပြီး “ ဒါပေမယ့် ဟွမ်ဟိုင် အုပ်စုကလည်း ကုမ္ပဏီကြီး တစ်ခုပဲ … သူတို့ရဲ့ ဥက္ကဌက လီတုံရှင်း … ဟွာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးတယ်… သူသာဆိုရင်တော့ ကျွန်မတို့ရဲ့ ဒီတစ်ခေါက် ပြိုင်ဘက်က တော်တော်သန်မာတာပဲ …”

“ ဘယ်တစ်ခေါက်ကရော ငါတို့ ပြိုင်ဘက်က မသန်မာဖူးလို့ …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ နဂို အစီအစဉ်အတိုင်းပဲ လုပ်နှင့် … ဒီကိစ္စ ငါဖြေရှင်းလိုက်မယ်…”

လင်းရီ တွေးထားသည့်အတိုင်း ဟွမ်ဟိုင်အုပ်စုမှာ အမှန်ပင် သူ့အပေါ် စုံစမ်းထားပြီး ဖြစ်၏။

သို့သော် သူတို့၏ စုံစမ်းမှုက လင်းယွင်အုပ်စု၏ ကျိုးဟိုင်တွင်း လွှမ်းမိုးမှုအထိသာ ရောက်ရှိလေသည်။ ထို့ထက်ပို၍ နက်နက်ရှိုင်းရှိုင်း မည်သည့်အရာကိုမျှ မစုံစမ်းနိုင်ခဲ့ချေ။

လီမိသားစုက လင်းရီနှင့် လျန်ရူရွှယ်၏ ရင်းနှီးပတ်သက်မှုကို သိရှိခြင်း မရှိသကဲ့သို့ လျန်မိသားစု၏ ရန်ကျင်း၌ လွှမ်းမိုးနိုင်စွမ်းကိုလည်း မသိချေ။ လုပေချိန်နှင့် သူ၏ ဆက်ဆံရေးဆိုလို့ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မဟုတ်ပါက သူတို့တွေ ယခုလို မလုပ်ခင် နှစ်ကြိမ်နှစ်ခါ ပိုင်းခြားချင့်ချိန်ကြပေမည်။

လင်းရီ ဖုန်းထုတ်၍ မာစန်းအား ခေါ်ဆိုလိုက်သည်။

ဖုန်းဝင်သွားသည်နှင့် မာစန်း၏ အမြင်ကတ်စရာ ရယ်မောသံကြီးအား သူ ကြားလိုက်ရလေသည်။ မာစန်းမှာ သူ အဘယ်ကြောင့် ဖုန်းဆက်လာခဲ့လဲဆိုတာကို ကြိုသိနေဟန်ပင်။

“ ဥက္ကဌလင်း … မတွေ့တာ ကြာရောပေါ့ … ဘာကြောင့်များ ငါ့ဆီ ဖုန်းဆက်လာတာပါလိမ့် …”

“ မင်းတို့ ဟောင်ကောင်က လူတွေက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ … လက်တစ်ဖက် ဖြတ်ခံထားရတာတောင် မလုံလောက်သေးလို့ လာပြီး ရန်စရဲနေသေးတာလား ဟုတ်လား...."

“ ကံဆိုးစွာနဲ့ပဲ .. ဒါက မင်းအမှားပဲလေ…”

မာစန်း ပြောလိုက်ပြီး “ ကျိုးဟိုင်က ဒီလောက်ကြီးတာ မင်း တစ်ယောက်တည်း ဒီမှာ စီးပွားရေး လုပ်လို့ရတာလား … တခြားသူတွေကရော မင်းလို့ လုပ်လို့ မရတော့ဘူးလား … မင်း တအား လက်ဝါးကြီး အုပ်လွန်း မနေဘူးလား …”

“ ကြည့်ရတာ အချိန်ရရင် စကားကို ဘယ်လိုလေသံနဲ့ ပြောရမလဲဆိုတာ လာသင်ပေးရမယ့် ပုံပဲ … “ လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ လာလေ .. ငါလည်း မင်းနဲ့ စကားပြောရတာကို ကြိုက်တယ်.. ဒါပေမယ့် အဲ့တာမတိုင်ခင် ငါ ဘယ်မှာ ရှိလဲဆိုတာတော့ သိဖို့ လိုတာပေါ့ …”

မာစန်း လင်းရီအား စကားပြောရန် အခွင့်အရေးမပေးဘဲ ဖုန်းချပစ်လိုက်သည်။

ဖုန်းချပြီးနောက် လင်းရီ မတ်တပ်ရပ်လိုက်၏။

“ ချီကြီးလည်း ဒီမှာ မရှိဘူး … ကုမ္ပဏီကို လောလောဆယ် ဂရုစိုက်ထားလိုက် … မကိုင်တွယ်နိုင်တာ တစ်ခုခု ရှိရင် ငါ့ဆီ ဖုန်းဆက်….”

“ နားလည်ပြီ…”

“ ဟော်ယွမ်ယွမ်က ဘယ်မှာလဲ …”

“ သူ ရှော့ပင်ထွက်နေတယ် ထင်တယ်…”

“ ဖက်ခ်….”

အလုပ်ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီသည် ထျန်းန်အား ညွှန်ကြား၍ အခြားသော အမှုအဆောင် အဖွဲ့ဝင်များအား စုဝေးကာ အတွင်းအစည်းအဝေး ကျင်းပရန် ပြောလိုက်သည်။

ဤအတောအတွင်း ချီရှန်းကျောက်က ကုမ္ပဏီ၌ ရှိမနေသဖြင့် လင်းရီသည် အဆင့်အဆင့် ကိစ္စရပ်တို့အား ကိုင်တွယ်ရန် ပြင်ဆင်ရတော့၏။

အစည်းအဝေးက ခြောက်နာရီထိုးတော့မှသာ ပြီးဆုံးသွားခဲ့ပြီး … ထို့နောက် သူလည်း ကျီချင်းရန်အား အလုပ်မှ သွားကြိုရန် ဟန်ပြင်လိုက်သည်။

ထိုညတွင် နှစ်ယောက်မှာ အိမ်တွင် မစားကြချေ။ လင်းရီ၏ ပြန်လာမှုအား အောင်ပွဲခံရန်အတွက် ဟော့ပေါ့ အတူသွားစားကြ၏။

အိမ်သို့ ပြန်ရောက်လာပြီးနောက်တွင် ကျီချင်းရန်မှာ စာကြည့်ခန်းသို့ ချက်ချင်း မသွားချေ။ ထိုအစား လင်းရီနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်၍ ဇာတ်လမ်း အတူကြည့်နေသည်။

ကျီချင်းရန်မှာ သူ၏ ပေါင်ကို ခေါင်းအုံးလုပ်ထားရင်း လင်းရီမှာ တစ်ခါတစ်ရံ သူမအား အသီးများအား ခွံ့ကျွေးနေလျက် ရှိကာ သိမ်မွေ့ ဂရုစိုက်တတ်သည့် အချိန်ပိုင်း နာနီ တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားတော့၏။

တိတ်ဆိတ်နေသည့် ကာလအတွင်း လင်းရီသည် လက်တစ်ဖက်ကို ကျီချင်းရန်၏ ဗိုက်ပေါ် တင်ထားလေသည်။ သူမဘက်က ခုခံခြင်း မရှိ‌ချေ။ တစ်ခါတစ်ရံ သူ့ဘက်က အဆိုပါ ချပ်ရပ်နေသည့် ဗိုက်လေးအား ပွတ်သပ်နေမိ၏။

“ ဒီလောက် ပွတ်သပ်နေတာကို နင် တစ်ခုခု မခံစားမိဘူးလား …” ကျီချင်းရန် တခစ်ခစ်ရယ်ရင်း သူ့အား မော့ကြည့်ကာ မေးလာသည်။

“ အသားက ပျော့အိအိနှင့် မဆိုးဘူး … ဝိတ်က အနေတော်လောက်ပဲ … မကြာခင် ဒီဝက်ပေါက်လေးက အစားခံရဖို့ အသင့်ဖြစ်တော့မယ်…”

“ အသားက ထာဝရ အသက်ကို ပေးနိုင်တဲ့အထိ အရသာ ရှိမယ်ဆိုတာ အပြည့်အဝ အာမခံနိုင်တယ်…”

“ မင်းတော့ တဖြည်းဖြည်းနဲ့ အရှက်မဲ့လာပြီပဲ … အဲ့လို အရာမျိုးတွေတောင် ပြောထွက်နေပြီပေါ့…”

“ ဟီးဟီး … ဘာပဲ ဖြစ်ဖြစ် အပြင်လူတွေမှ မရှိတာ …”

သူမ၏ ထုံးစံအတိုင်း ကျီချင်းရန်သည် ရေချိုးခန်းသို့ ဦးတည်ကာ ကိုယ်လက်သန့်စင် ဆေးကြော၏။

လင်းရီကတော့ ဆိုဖာတွင် ထိုင်ရင်း ဖုန်းယူကာ လီချူးဟန်ထံသို့ ဝီချက် မက်ဆေ့ချ် ပို့လိုက်လေသည်။ မာကျားလျန်၏ ခွဲစိတ်မည့် အချိန်ကို သိရတော့ မြောင်ကော်ဖုန်းထံ ဖုန်းဆက်လိုက်သည်။

သူတို့ မိနစ် ၂၀ ကျော်ကြာအောင် ဖုန်းပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။

အရာအားလုံး စီစဉ်ပြီးနောက် လင်းရီသည် မေးစေ့အား ပွတ်သပ်၍ ကိုယ့်ဘာကိုယ် ရေရွတ်လိုက်၏။

“ ကျိုးဟိုင်က ငါ့ ပိုင်နက်ပဲ … အသက်ရှင်နိုင်တာကိုပဲ ပျော်နေရမှာကို ဘာလို့ လာပြီး ဟိတ်ဟန်ထုတ်ပြချင်နေရတာလဲကွာ ….”

နောက်တစ်နေ့ နံနက်တွင်တော့ ထုံးစံအတိုင်း မနက်စာ စားပြီးသည့်နောက် လင်းရီသည် ကျီချင်းရန်အား ရုံးသို့ လိုက်ပို့ပေးသည်။

ထို့နောက် ဟွာရှန်း ဆေးရုံသို့ ရောက်လာပြီး အရိုးအထူးကု ဌာန၏ ဒါရိုက်တာ စွန်းရှောင်ဂန်းနှင့် တွေ့ဆုံသည်။

“ ရို.... ဒါရိုက်တာလင်း … မင်း ဘာကိစ္စရှိလို့လဲ …”

ရုံးခန်းထဲတွင် စွန်းရှောင်ဂန်းသည် မတ်တပ်ရပ်၍ လင်းရီအား ကြိုဆိုလိုက်၏။

“ ကျုပ် တစ်ခု ပြောချင်တာလေး ရှိလို့ပါ ..” လင်းရီ ပြောလိုက်ပြီး “ ဆယ်နာရီကျရင် မာကျားလျန်လို့ခေါ်တဲ့ လူနာတစ်ယောက်ကို ခွဲစိတ်ဖို့ ရှိတယ်မလား …”

“ အင်း … မတိုင်ခင် နာရီဝက်လောက် လိုသေးတယ်… အကြို ကျန်းမာရေး စစ်ဆေးတာတွေ အားလုံးလည်း ပြီးပြီဆိုတော့ မကြာခင် စတော့မှာ …”

စွန်းရှောင်ဂန်း အပြုံးလေးဖြင့် ပြော၍ “ ဘာလို့လဲ ဒါရိုက်တာလင်း … မာကျားလျန်က မင်းရဲ့ ဆွေမျိုးမို့လား … ငါ့ကို ဒီတိုင်း ဖုန်းဆက်ပြောလည်း ရနေတာကိုကွာ … ကိုယ်တိုင် ရောက်လာရတယ်လို့ …”

“ ဘယ်သူ့ကိုမှ မပြောနဲ့ .. ဒီခွဲစိတ်မှုကို ကျုပ်ကိုယ်တိုင် လုပ်မယ်…”

“ မင်း ကိုယ်တိုင် လုပ်မလို့လား …”

စွန်းရှောင်ဂန်း အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး “ ခွဲစိတ်မှု ကြီးကြီးမားမားလည်း မဟုတ်တာကို … ဒါပေမယ့် မင်းက နှလုံး ခွဲစိတ် ဌာနက မလား … ဒီ အရိုးခွဲစိတ်မှု လုပ်ဖို့ ပြဿနာ မရှိတာ သေချာရဲ့လား …”

“ ဒါပေါ့ … အသေးအမွှားကိစ္စလေးပဲကို ..” လင်းရီ ရောက်လာပြီး စွန်းရှောင်ဂန်း၏ ပခုံးအား ပုတ်၍ ကျုံးဟွာ ဆေးလိပ် နှစ်ဘူးကို အိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။

“ ဒီအကြောင်းတွေ တွေးပူမနေနဲ့ … ခွဲစိတ်မှု တစ်ခုလုံးကို ကျုပ်ကိုယ်တိုင် ကိုင်တွယ်လိုက်မယ်… ခင်များ လုပ်ပေးဖို့ လိုတာက သူ့ကို ခွဲစိတ်မယ့် စားပွဲပေါ် တင်ပေးဖို့ပဲ … ကျန်တာကို ကျုပ်တာဝန် ထားလိုက် … ”

“ ဒါပေမယ့် ဒါက စည်းမျဉ်းတွေကို ဆန့်ကျင်နေတယ်လေ… ငါက ဒီတိုင်း ဒါရိုက်တာလေးပါကွာ … ပြီးတော့ အခုလို ကိုယ်ရေးကိုယ်တာ သီးသန့် နေရာလဲတာကြီးကို ခွင့်မပြုထားဘူးဟ ….”

“ ရတယ် … ကျုပ်ဘက်က အထက်ကို အကြောင်းကြားထားပြီးပြီ… ခင်များ တစ်ခုခု ဖြစ်မှာကို စိုးရိမ်စရာ မလိုဘူး …”

စွန်းရှောင်ဂန်း စိတ်သက်သာရစွာဖြင့် သက်ပြင်းချမိလိုက်သည်။

“ ဒီလိုဆိုရင်တော့ ငါလည်း စိတ်သက်သာရသွားပြီ… မင်း ပြောတဲ့အတိုင်းပဲ လုပ်တာပေါ့ ….”

All Chapters