← Chapters

လျန်ရူရွှယ်၏ သဘောထား

Vol. 112 Ch. 1675

လျန်ရူရွှယ်၏ သဘောထား

Vol. 112 Ch. 1675

ထိုအဖြစ်အပျက် ပြီးနောက် လီဟွာရှင်းမှာ ချက်ချင်း ရဲခေါ်ခဲ့သည်။

ရဲအရာရှိတို့ကလည်း တုံ့ဆိုင်းချင်း အလျဉ်းကင်းစွာ အခင်းဖြစ်ပွားသည့် နေရာသို့ ချက်ချင်းလက်ငင်း ပြေးလာကြလေသည်။

တစ်ချိန်တည်းတွင် မြောင်ကော်ဖုန်းကလည်း အလျင်စလို ပြေးလာပြီး ကိစ္စများအား အတူတကွ ကိုင်တွယ်ရန် ပြင်ဆင်တော့သည်။

သို့သော် လင်းရီမှာ အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီး ဖြစ်၏။

ခွဲစိတ်မှု မစတင်မီကပင် သူ့ဘက်က တစ်စုံတစ်ယောက်အား ခွဲစိတ်ခန်း တစ်ဝိုက် ဧရိယာကို ပိတ်ဆို့ခိုင်းထားသဖြင့် ပါဝင်ပတ်သက်သည့် ကာယကံရှင်များနှင့် ဝန်ထမ်းတစ်ချို့မှ လွဲ၍ မည်သူကမျှ ယခု ကိစ္စ ဖြစ်ပွားခဲ့သည်ကို မသိရှိကြချေ။

ထို့ကြောင့် ၎င်းက ဟွာရှန်းဆေးရုံ၏ ဂုဏ်သတင်းအား ထိခိုက်နစ်နာစေခဲ့ခြင်း မရှိပါချေ။

သို့သော် မြောင်ကော်ဖုန်းမှာမူ အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေလျက် ရှိသည်။

ခေတ်မီ ဆေးဝါး နည်းပညာတို့ဖြင့် စတီးအရိုးထည့်သွင်းသည့် ခွဲစိတ်မှုမှာ အင်မတန် သေးငယ်သည့် ခွဲစိတ်မှုလေး တစ်ခုသာဖြစ်ပြီး အူအတက်ရောင်ရမ်းသည်အား ကုသရသည်နှင့်ပင် တူညီလုနီးပါးပင်။

ဒါရိုက်တာလင်း၏ စွမ်းဆောင်ရည်က ကမ်းကုန်အောင် ဆိုးရွားနေစေကာမူ လူနာတစ်ယောက်လုံးက ခွဲစိတ်စားပွဲတွင် သေသွားသည်အထိတော့ မဖြစ်နိုင်ချေ။

အထဲတွင် ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို သူ သိလည်း မသိချင်သလို မေးလည်း မမေးမြန်းချင်ပေ။ သူ၏ အဆင့်အတန်းဖြင့် များစွာ သိနေသည်က အကျိုးရှိလိမ့်မည် မဟုတ်ချေ။

သို့သော် လင်းရီမှာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်သွားနိုင်ခဲ့၏။ သူ့ဘက်က ခွဲစိတ်နေစဉ်အတွင်း ထင်မှတ်မထားသည့် အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီး သွေးကြောများ ပေါက်ပြဲကုန်ကာ လူနာအား ရုတ်ချည်း အသက်ဆုံးရှုံးမှု ဖြစ်ပေါ်စေသည်ဟု ဆိုခဲ့၏။ ဤသည်က လုံးဝကို ကျိုးကြောင်းဆီလျော်နေပြီး မည်သည့် မှားယွင်းနေမှုတို့မျှလည်း မရှိချေ။

ဆေးရုံက တာဝန်ခံရလျှင်ပင် နစ်နာသည့် ဘက်ခြမ်းအား ငွေကြေးတစ်ချို့ လျော်ပေးလိုက်ရုံမျှဖြင့် အဆင်ပြေသည်။ ဤသည်က လင်းရီအဖို့ ဘာမျှ မဟုတ်ချေ။

သူ့ဘက်က လီဟွာရှင်းအား လျော်ကြေးကိစ္စပင် စကားပြောခဲ့သေး၏။ သို့သော် တစ်ဖက်သူကလည်း ငွေရေးကြေးရေး ဂရုစိုက်နေသည့် လူစားမျိုး မဟုတ်ပါချေ။

သူ့အား လက်သင့်ခံနိုင်စွမ်း မရှိစေသည့်အချက်အပြင် ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်က လင်းရီသည် မာစန်းအား ယခုလို ပုံစံမျိုးဖြင့် သတ်ဖြတ်လိုက်သည့်အချက်ပင်။

အဆုံးတွင် တစ်နာရီကျော်ကြာအောင် ဆွေးနွေးညှိနှိုင်းပြီးနောက် လင်းရီဘက်က တရားဥပဒေအရ မည်သည့် တာဝန်ယူမှု ၊ တာဝန်ခံမှုကိုမျှ မပြုခဲ့ရချေ။ သို့သော် လူသားချင်း စာနာထောက်ထားမှု အရ လျော်ကြေးငွေ တစ်ချို့တော့ ပေးဆောင်ရပေမည်။

“ မင်း အဲ့ဒီ မြေနေရာကို လိုချင်သေးလား … “ လင်းရီသည် လီဟွာရှင်းအား ကြည့်၍ ပြောလိုက်၏။ “ ဘယ်သူ ရသွားမလဲ ကြည့်ကြတာပေါ့ …”

လီဟွာရှင်း အေးစက်စွာ နှာမှုတ်လိုက်၏။ “ စောင့်ကြည့်ကြတာပေါ့ …”

နှစ်ယောက်မှာ အင်မတန် နီးကပ်စွာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြပြီး အကွာအဝေးက မီတာဝက်ပင် မရှိချေ။ လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ပြီး ထူးဆန်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ အသံကို နိမ့်၍ “ မာစန်းက မင်းရဲ့ လက်မရွံ့ နောက်လိုက်ဆိုတာ ငါသိတယ်… မင်း လုပ်ချင်ပေမယ့် ညစ်ပတ်လို့ မလုပ်ချင်တဲ့ အလုပ်တွေအတွက် သူက အသုံးချခံသပ်သပ်ပဲ … သူသေလို့လည်း မင်း ဝမ်းနည်းနေမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်… မင်းကို ကူညီပေးဖို့ နောက် တခြားတစ်ယောက် ရှာလို့ ရနေတာပဲ ဟုတ်တယ်မလား …”

ပြောပြီးနောက် လင်းရီ ခေတ္တ ရပ်တန့်သွားခဲ့ပြီး “ ဒါပေမယ့် ငါမင်းကို ပြောချင်တာက တရားဝင်ပြီး ကျိုးကြောင်းသင့်တဲ့ ဘယ်လို စီးပွားရေး ပြိုင်ဆိုင်မှုမျိုးကို မဆို ငါ့ဘက်က လက်ခံဖို့ အသင့်ပဲ … ဒါပေမယ့် ငါနဲ့ ထပ်ပြီး ညစ်ပတ်တဲ့ လှည့်ကွက်တွေနဲ့ ကစားနေဦးမယ်ဆိုရင်တော့ နောက်တစ်ခါ သေသွားမယ့်လူက မင်းပဲ … ဒီအတွက် ကိုယ့်စိတ်ကိုယ် သေချာပြင်ဆင်ထား …”

ချက်ချင်းဆိုသလို လီရှင်းဟွာ၏ ကျောတစ်လျှောက် ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ကာ စိတ်ထဲ အတော်လေး တုန်လှုပ်သွားခဲ့၏။

သူ ပြန်ချေပသည့် စကားဆိုချင်သော်လည်း အဆုံးတွင် စကားလုံးတို့က လည်ချောင်းဝ၌သာ တစ်ဆို့နေကာ တစ်လုံးမှ ပြောထွက်မလာခဲ့ချေ။

သူ တုံ့ပြန်နိုင်စွမ်း ရှိသည့် အချိန်၌ လင်းရီမှာ အဝေးသို့ပင် ရောက်ရှိနေလေပြီ။

ဆေးရုံက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ချောင်ရန်အုပ်စုသို့ ပြန်လာခဲ့၏။

အချိန်က မွန်းလွဲ သုံးနာရီ အချိန်ဖြစ်ပြီး ဝမ်ရင်းနှင့် လေ့ကျင့်ခန်း ခေတ္တလုပ်ပြီးနောက် ကျီချင်းရန်အား အိမ်သို့ ခေါ်လာခဲ့သည်။

“ နင့်ရဲ ယူနီဖောင်းက ဘယ်တော့ ရမှာလဲတဲ့ … ငါမနေ့က မေးမလို့ဟာ မေ့သွားလို့ …”

အိမ်သို့ ပြန်ရောက်သည်တွင် ကျီချင်းရန်က အသီးတစ်ချို့အား စိတ်နေရင်းဖြင့် မေးလာခဲ့၏။

“ သန်ဘက်ခါကျ သွားပြီး သတင်းပို့ရမှာဆိုတော့ အဲ့ဒီအခါကျ တရားဝင်စပြီး အလုပ်လုပ်ရမယ် ထင်တာပဲ …”

“ နင် အိမ်မှာကော ယူနီဖောင်းဝတ်လို့ရလား …”

“ အင်း ရတယ်… ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရဆို ယူနီဖောင်းနဲ့ ဓာတ်ပုံတွေက လျှောက်ပြီး တင်လို့မရဘူးနော် …”

“ ငါ နားလည်ပါတယ် နင်ကလည်း … လျှောက်ပြီး မရှဲပါဘူး … ဒီတိုင်း ကိုယ့်ဘာကိုယ်ကြည့်ဖို့ ပုံနည်းနည်းလောက် ယူထားမလို့ …”

လင်းရီ ငိုရမယောင် ၊ ရယ်ရ မယောင် ဖြစ်နေမိတော့သည်။ သို့သော် ကျီချင်းရန်က တစ်ခုခု လုပ်နေသည်ဟုတော့ စိတ်ထဲ ခံစားလိုက်ရ၏။

နောက်တစ်နေ့တွင် နှစ်ယောက်မှာ ပုံမှန်အတိုင်း အလုပ်သို့ သွား၏။

ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့ပေးပြီးနောက်တွင် လင်းရီသည် လျန်ရူရွယ်၏ နေရာသို့ ထွက်လာခဲ့လေသည်။

လင်းရီ၏ ဆံပင်ပုံစံအသစ်ကို မြင်တော့ လျန်ရူရွှယ်မှာ ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်၏။

“ နင့်ပုံစံက ဘာလို့ ထောင်ထဲက လွတ်လာတဲ့ ပုံစံ ပေါက်နေရတာလဲ ဟမ် …”

“ ကြည့်ကောင်းတယ် မထင်ဘူးလား …”

“ နင့် နဂို ဆံပင်ပုံစံလောက်တော့ ကြည့်မကောင်းဘူး …”

“ ဒါပေမယ့် ပိုပြီး ယောက်ျားပီသသွားတယ်လို့ မခံစားရဘူးလား …”

လျန်ရူရွှယ်မှာ လင်းရီအား အစုံအဆန် အကဲခတ်၍ “ ဪ … နင်က နင့်ရဲ့ ယောက်ျားပီသတာကို ဆံပင်ပုံစံလေးနဲ့ ထိန်းနေရပြီပေါ့ …”

“ လဂိုးပဲ …”

တစ်မနက်ခင်းလုံး လင်းရီ ဘာမျှ မလုပ်ချေ။ လျန်ရူရွှယ်၏ နေရာတွင် ခေတ္တ နေပြီးနောက် သူမ အလုပ်လုပ်နေသည်အား နှောင့်ယှက်သည်ဟု ဆိုကာ နေ့လည်ရောက်တော့ မောင်းထုတ်ခံလိုက်ရ၏။

လျန်ရူရွှယ်၏ နေရာမှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် ရန်စီထံသို့ သွားလည်သည်။

သူ ရောက်လာသည်ကိုမြင်တော့ ရန်စီမှာ ရွှင်မြူးသွားခဲ့၏။

လင်းရီအား အံ့အားသင့်သွားစေည်က ရန်စီ ရင်းနှီးမြုပ်နှံထားသည့် ရုပ်ရှင်မှာ စတင်ရိုက်ကူးနေခြင်းပင်။

ရုံးအဆောက်အဦးထဲတွင် စတူဒီယို တစ်ခုတည်ဆောက်ပြီး သေချာလေး ရိုက်ကူးနေလျက် ရှိ၏။ ပရိုဂျူဆာနှင့် ရင်းနှီးမြုပ်နှံသူ တစ်ယောက် ဖြစ်သည့်အားလျော်စွာ ရန်စီသည် ဘာတစ်ခုမျှ ပြုလုပ်ရန် မလိုအပ်ချေ။ သို့ပေမယ့် ဤသည်က သူမ၏ ပထမဦးဆုံး ထုတ်လုပ်သည့် ရုပ်ရှင် ဖြစ်သဖြင့် ပြီးပြည့်စုံအောင် ကြိုးပမ်းနေရင်း တစ်စုံတစ်ရာ မှားယွင်းသွားမည်အား အလိုမရှိ‌ချေ။

လင်းရီ၏ ဆံပင်ပုံစံကို မြင်တော့ ရန်စီမှာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး … ထို့နောက် အူတက်အောင် ရယ်မောတော့၏။

“ ဆံပင်ကို ဘာလို့ ဒီလိုပုံကြီး ညှပ်လိုက်တာလဲ … ဥက္ကဌကျီ နင့်ကို ဘာမှ မပြောဘူးလား …”

“ မင်း မရယ်(ရီ)လို့မရဘူးလား …” လင်းရီ ပြောလိုက်ပြီး “ ငါတော့ တော်တော်လေးမိုက်တယ် ထင်တာပဲ … ဘာလို့ မင်းတို့အားလုံးက ဒီလိုပုံစံကြီးတွေ လုပ်ပြနေကြတာ …”

“ အဓိကက နင့်အရင် ဆံပင် ပုံစံအပေါ်မှာ သဘောအထားအမြင်က တော်တော် နက်ရှိုင်းနေလို့လေ… ပြီးတော့ နင်နဲ့လည်း တော်တော်လိုက်တာကိုး … ဒီလို ရုတ်တရက်ကြီး ခက်ထန်တဲ့ အသွင်မျိုး ပြောင်းလဲသွားတော့ နေသားကျဖို့ နည်းနည်းခက်တယ်…”

“ ကောင်းပြီ… ဒီအကြောင်း ထပ်မပြောကြစို့ …” လင်းရီ ပြောလိုက်ပြီး “ ဇာတ်ကားရိုက်တာ အခြေအနေ ဘယ်လိုလဲ … အခက်အခဲ ရှိရင် ပြောနော် … ငါ ကူညီပေးမယ်…”

“ အခက်အခဲက မရှိတာတော့ မဟုတ်ပါဘူး .. ဒါပေမယ့် ငါ့ဘာငါ ကိုင်တွယ်လည်းရတယ်…”

“ အဲ့တာကောင်းတယ်..” လင်းရီ ပြောလိုက်ပြီး “ သွားပြီး တစ်ချက်ကြည့်ကြစို့ … ငါလည်း အားနေလို့ ဒီကို အချိန်လာဖြုန်းတာ …”

“ အင်း .. ကံဆိုးချင်တော့ နင်က ခုမှလာခဲ့တာပဲ …” ရန်စီ ပခုံးတွန့်လိုက်ပြီး “ နင်သာ တစ်ရက်လောက်လေး စောလာခဲ့မယ်ဆိုရင် အပြင်ထွက်ပြီး နင်နဲ့အတူ လည်ပေးလို့တောင် ရဦးမယ်… ဒီနေ့ကျ လုပ်စရာတွေက အများကြီး … နင့်ကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး …”

“ အလုပ်က ပိုအရေးကြီးတာပေါ့ … တခြားဟာတွေ စဉ်းစားမနေနဲ့ …”

ပြီးနောက် ရန်စီသည် လင်းရီအား စတူဒီယိုသို့ ခေါ်သွားပြီး သူ့အား ပါမစ် တစ်ခု ထုတ်ပေးလိုက်သည်။ သို့မှသာ လွတ်လွတ်လပ်လပ်နှင့် သွားလာနိုင်မှာ ဖြစ်၏။

“ ဒီမှာ ခဏလေးနေဦးနော်… ငါ ခဏကျရင် အွန်လိုင်းမီတင် တစ်ခု တက်စရာ ရှိတယ်… မိနစ် ၂၀လောက်ပဲ … ပြီးရင် နင့်ဆီ လာရှာမယ်…”

ထိုသို့ပြောပြီးနောက် ရန်စီသည် လင်းရီ၏ နားရွက်ကိုကိုင်၍ တီးတိုးပြောလိုက်၏။

“ ငါ ကိုးနာရီလောက်ဆို ပြီးပြီ… နင် စောင့်နိုင်ရင် ငါတို့ တခြားဟာတွေ လုပ်လို့ရတယ်…”

“ မင်းတော်တော်ဆိုးတဲ့လူပဲ ဟမ်… ငါကတော့ မင်းကို မိတ်ဆွေကောင်းလို သဘောထားတာ ဒါပေမယ့် မင်းကကျတော့ ငါနဲ့ အတူအိပ်ချင်နေတယ် ဟုတ်လား …”

“ အိုး .. ဒီတော့ နင်က မလိုချင်ဘူးပေါ့ …” ရန်စီ ဆွဲဆောင်မှုရှိစွာ ပြောလိုက်ရင်း “ ငါ လတ်တလော gym လည်း ဆော့ထားတယ် … ညအိပ်ဝတ်စုံ အသစ်တွေလည်း ဝယ်ထားသေးတယ်… တစ်စုံတစ်ယောက်က တွေ့ကြုံခံစားနိုင်မလားဆိုတာတော့ သူ့ရဲ့ လုပ်ပုံကိုင်ပုံကို ကြည့်ရမှာပေါ့ …”

“ အလုပ်များတဲ့ ဒီကာလပြီးသွားရင် မင်းဆီ ဖုန်းဆက်လိုက်မယ်လေ… တစ်ချို့အရာတွေက ပြသသင့်တဲ့ အချိန်ရောက်ရင် ဖုံးကွယ်ထားလို့ မသင့်ဘူးဆိုတာ မင်းသိတယ်မလား …”

“ ကျစ် … မကောင်းတဲ့ကောင် …” ရန်စီ ဆတ်ကနဲ ပြောလိုက်ပြီး “ ငါ အလုပ်သွားလုပ်တော့မယ် … နောက်မှ နင့်ဆီ လာပြီး အဖော်လုပ်ပေးတော့မယ် … ဟုတ်ပြီလား …”

“ သွား သွား သွား …”

ရန်စီ ထွက်ခွာသွားပြီးနောက် လင်းရီလည်း စတူဒီယိုတစ်ခွင်သို့ လိုက်ပြီး စပ်စုတော့သည်။

ရွှင်ပျော်ပျော် ကျေးရွာ၌ variety show ရိုက်သည့် မြင်ကွင်းအား မြင်ခဲ့ဖူးသော်လည်း ရုပ်ရှင်ဇာတ်ကား ရိုက်သည့် မြင်ကွင်းနှင့် ခံစားရသည့် ခံစားချက်ချင်းတော့ လုံးဝ မတူညီချေ။

အထူးသဖြင့် တချို့ ရင်းနှီးနေသည့် မြင်ကွင်းမျိုးကို ဖြစ်၏။ TV ဖန်သားပြင်ပေါ်တွင် ကြည့်ရှုသည့်အခါ၌ ဘာမှ သိပ်မခံစားရသော်လည်း အပြင်တွင် မြင်တွေ့ရသည့် အခါ၌ ကြုံတွေ့ရသည့် ခံစားချက်က အနည်းငယ် ထူးဆန်းလှ၏။

ထိုအခိုက်အတန့်တွင် ထင်မှတ်မထားသည့် အသံတစ်သံက ထွက်ပေါ်လာသည်။

“ နင် ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ …”

All Chapters