ရင်ထဲက သတ္တိသွေးတွေ ပွက်ပွက်ဆူ
Vol. 112 Ch. 1677
“ ဘာ … ဘာပြောတယ်… သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ ဟုတ်လား …”
လင်းရီ၏ အထောက်အထားအား ကြားသိလိုက်ရသည်တွင် အခြားသူတို့က မည်သို့မျှ ထူးထူးခြားခြား ဖြစ်မသွားကြသော်လည်း ချောင်ဟော်ပင်းမှာတော့ စဉ်းနှီတုံးပေါ် အတင်ခံရတော့မည့် ကြက်ဆင်တစ်ကောင်နှယ် ဖင်မငြိမ်နိုင်တော့ချေ။
ကျိုးဟိုင်ရှိ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်သည့် လင်းယွင်အုပ်စုကို သူ မည်သို့ မသိဘဲ နေလိမ့်မည်နည်း။ အထူးသဖြင့် သူကဲ့သို့သော စီးပွားရေး လုပ်ငန်းရှင်များက လင်းယွင်အုပ်စု၏ လွှမ်းမိုးမှုကို သာမန်လူတို့ထက် ပိုပြီး နားလည်သဘောပေါက်ကြသည်။
နိုင်ငံအဆင့်မျှ ကြီးမားသည်ဟု ပြောလျှင်ပင် ချဲ့ကားရာ ကျလိမ့်မည် မဟုတ်ချေ။
သို့တိုင်အောင် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးသည် သူ့ရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာနေသည်။
ဤသည်က သူ အိပ်မက်ပင် မမက်ခဲ့ဖူးသည့် အရာဖြစ်၏။
“ လင်းယွမ် အုပ်စုရဲ့ ဥက္ကဌ … ဥက္ကဌချီက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ မဟုတ်ဘူးလား … သူက ဘယ်လိုလုပ်ပြီး . . . . . .”
“ ရှင် မယုံဘူးဆို သူ့ကို သက်သေပြခိုင်းလိုက်လေ…”
ချောင်ဟော်ပင်း ဆတ်ခနဲ တုန်ယင်သွားပြီး “ ဘယ် … ဘယ်လို သက်သေပြခိုင်းရမှာ ….”
“ ရှင့်မှာ နိုင်ငံခြားကို အထည်တွေ တင်ပို့တဲ့ ကုမ္ပဏီ တစ်ခု ရှိတယ် မလား … သူ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ရှင့်ကုမ္ပဏီ တစ်ပတ်အတွင်း ပိတ်သွားစေရမယ် … မယုံရင် သက်သေပြခိုင်းလိုက်ပေါ့ …”
ဟစ် …
လူတိုင်း ပင့်သက်ရှိုက်မိသွားခဲ့ကြသည်။
သူတို့၏ အကြည့်တို့မှာ ချောင်ဟော်ပင်းနှင့် လင်းရီတို့ နှစ်ဦးကြားတွင် ကူးသွားကူးလာ ဖြစ်နေလေသည်။
ကနေဦးတုန်းက သူတို့တွေးထင်ထားခဲ့သည်မှာ ချောင်ဟော်ပင်း တစ်ယောက်ကပင် အထင်ကြီးစရာ ကောင်လွန်းလှပြီ ဟူ၍ပင်။ ရင်းနှီးမြုပ်နှံသူ တစ်ယောက်နေဖြင့် သူ့တွင် ဇာတ်ကားရုပ်ရှင်အပေါ်၌ ဩဇာလွှမ်းမိုးမှုတို့ ရှိသည်။ ဒါရိုက်တာပင် သူ့အား ဦးညွှတ်၍ ပြောသမျှကို ခေါင်းညိမ့်နာခံရလေသည်။
ယခု သူ့ထက်ပို၍ အထင်ကြီးဖို့ကောင်းသည့်လူမှာ သူတို့ရှေ့မှောက်တွင် ထွက်ပေါ်လာပြီဖြစ်ရာ နဂို အထင်ကြီးဖို့ကောင်းသည့် ချောင်ဟော်ပင်းမှာတော့ သိုးငယ်လေး တစ်ကောင်နှယ် ဖြစ်သွားခဲ့ရသည်။
ဤသည်က အရင်းရှင်တို့၏ စွမ်းပကားပင်လော။
ဖြန်း …
ရုတ်တရက်ဆိုသလို ချောင်ဟော်ပင်းသည် ချိန်ကျင်းယာ၏ မျက်နှာအား မာန်ပါပါနှင့် ဖြတ်ရိုက်ပစ်လိုက်၏။
“ ဒါတွေ အကုန် မင်းအမှားပဲ …” ချောင်ဟော်ပင်း လက်ညိုးထိုး ကျိန်ဆဲ၍ “ မင်းကြောင့်သာ မဟုတ်ရင် ငါ ဥက္ကဌလင်းကို အပြစ်ပြုမိခဲ့မှာ မဟုတ်ဘူး …”
ချိန်ကျင်းယာမှာ မှားယွင်းခံလိုက်ရသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ယင်နေကာ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေလျက် ရှိလေသည်။
“ ငါ … ငါ ထင်နေတာ သူက ဒီတိုင်း လွှမ်းမိုးမှု နည်းနည်းလေးပဲ ရှိမယ် ထင်ထားခဲ့တာ … သူ့ကို ဒီလောက်ထိ . . . . .”
ချောင်ဟော်ပင်း၏ အခြေအနေဖြင့် လင်းရီက သူ့ပြိုင်ဘက် မဖြစ်နိုင်ဟု ချိန်ကျင်းယာ တွေးထင်ခဲ့သောကြောင့်သာ သူမ ယခုကဲ့သို့ မောက်မာဝံ့ခဲ့ခြင်းပင်။
သို့သော် သူမရှေ့ရှိ ဤလူသည် နှုတ်စကား တစ်ခွန်းဖြင့်ပင် တစ်ဖက်သူ၏ အနှစ်နှစ်အလလ ကြိုးစားခဲ့ရသည့် ကြိုးစားမှုတို့အား အမှုန့်ချေ ဖျက်စီးနိုင်သည်အထိ စွမ်းပကား ရှိသည့် လူတစ်ယောက် ဖြစ်နေလိမ့်မည်လို့တော့ သူမ ထင်မှတ်မထားခဲ့ပါချေ။
“ မင်းက ဒီလာပြီး ပေါက်တတ်ကရတွေ ပြောနေတာပဲကွ …” ချောင်ဟော်ပင်း ကျိန်ဆဲလိုက်ပြီး “ ခုချက်ချင်း ဥက္ကဌလင်းကို တောင်းပန်လိုက် … မဟုတ်လို့ကတော့ ငါမင်းကို သေအောင် ရိုက်သတ် ပစ်မယ်…”
“ ဥက္ကဌလင်း … ကျွန်မ မှားသွားပါတယ်… ကျေးဇူးပြုပြီး ရှင့်ကိုယ်ရှင် ကျွန်မလိုမျိုး နိမ့်ကျအောင် မနှိမ့်ချလိုက်ပါနဲ့ …”
“ ငါသာ မင်းအဆင့်ရောက်အောင် နှိမ့်ချချင်ရင် မင်းတို့နှစ်ယောက်လုံး ဒီနေရာမှာ ရှိနေတော့မှာတောင် မဟုတ်ဘူး …”
ထိုစကားကြားတော့ နှစ်ယောက်မှာ ခွင့်လွှတ်ခံလိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။
“ ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း .. ကျေးဇူးအများကြီး တင်ပါတယ်…”
လင်းရီ သူ့လက်အား စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ရင်း “ သွားတော့ … မင်းတို့ကို ငါ့မျက်စိရှေ့ ထပ်မမြင်ချင်ဘူး …”
“ ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း … ငါ … ငါ အရင်သွားနှင့်တော့မယ်… နောင်ကျ မင်းဆီလာပြီး သေချာလာတောင်းပန်ဦးမှာပါ …”
ထိုသို့ ပြောပြီးနောက် ချောင်ဟော်ပင်းနှင့် ချိန်ကျင်းယာတို့မှာ စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
“ ဥက္ကဌရန် … ကျုပ် . . . . .” ဒါရိုက်တာမှာလည်း ကတုန်ကယင် အသံလေးဖြင့် မဝံ့မရဲလေး စကားစလာသည်။
သူ့မှာလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့နေမိလျက် ရှိ၏။
ဤလူ၏ အဆင့်အတန်းဖြင့်ဆိုပါက သူ့စကားတစ်ခွန်းနှင့်တင် အလုပ်ပြုတ်ရုံမျှမက မိမိကိုယ်၌လည်း နယ်ပယ်တစ်ခုလုံးတွင် အမည်ပျက် စာရင်း အသွင်းခံလိုက်ရနိုင်သည်။
လင်းရီ သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ရမ်း၍ ထွက်သွားခိုင်းလိုက်ပြီး အပိုစကား မပြောတော့ချေ။
မကြာမီ ရုပ်ရှင်ရိုက်ကူးသည့် အဖွဲ့သားတို့မှာ ဇာတ်လမ်းကို ပြန်လည်၍ ဆက်လက်ရိုက်ကူးပြီး ပုံမှန် ပြန်ဖြစ်သွားခဲ့လေသည်။
“ နင် ငါ့ဖို့ ထည့်စဉ်းစားနေစရာ မလိုပါဘူး … သူက ရင်းနှီးမြုပ်နှံသူ တစ်ယောက်ဆိုပေမယ့် သူ့နေရာကို အချိန်မရွေး အစားထိုးလို့ ရပါတယ်…”
“ အဲ့လောက်ထိ တွက်ချက်နေဖို့ မလိုပါဘူးကွာ …” လင်းရီ ပြုံးလျက် ပြောလိုက်၏။
“ နင် ဘယ်တုန်းက အဲ့လောက်ထိ စိတ်သဘောထား ပွင့်လင်းတဲ့လူ ဖြစ်လာတာလဲ ဟမ် …”
“ အကုန်လုံးက ပါမွှား ယင်ကောင်လေးတွေချည်းကို ငါသာ ဒီလိုလူတွေနဲ့ နေ့တိုင်း ရန်ဖြစ် ငြင်းခုန်းနေရရင် မောလွန်းလို့ သေတောင် သွားနိုင်တယ်…”
လင်းရီမှာ အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းကို ရန်စီ သတိပြုမိလိုက်သည်။ သူ၏ စိတ်အခြေအနေက ပိုပြီး ကျယ်ပြန်လာသကဲ့သို့ အမြင်နှင့် ရှုထောင်တို့ကလည်း ယခင်ကနှင့် မတူညီတော့ချေ။ သူ့ဘက်က ဤကဲ့သို့သော လူများကို ဂရုစိုက်နေခြင်း မရှိတော့ပါချေ။
စတူဒီယိုတွင် ခေတ္တနေပြီးနောက် နှစ်ယောက်သား နီးစပ်ရာ ကော်ဖီဆိုင်သို့ ထွက်လာခဲ့ကြသည်။
ခဏကြာအောင် စကားပြောပြီးသည့်နောက် လင်းရီ ထွက်ခွာသွားခဲ့လေသည်။ ရန်စီ အလုပ်လုပ်နေသည်အား သူ အနှောင့်အယှက် မပေးချင်ခဲ့ချေ။
ထို့နောက် ချောင်ရန်အုပ်စုသို့ ထွက်လာကာ ကျီချင်းရန်ကို ကြို၍ အိမ်သို့ ပြန်လာခဲ့လိုက်၏။
နောက်တစ်နေ့ နံနက်ခင်းတွင် ထုံးစံအတိုင်း ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့ပြီးနောက် ရဲစခန်းသို့ ကိုယ့်ဘာကိုယ် ထွက်လာသည်။
သူ အစည်းအဝေးခန်းသို့ ရောက်သည့်အချိန်၌ အခြားသူများအားလုံးမှာ ရောက်နှင့်နေကြပြီး ဖြစ်သည်။
“ လင်းကော … နင် လာပြီပဲ …”
သူ အထဲသို့ ဝင်သည်နှင့် သူ့အား လက်ဝှေ့ရမ်းပြနေသည့် ကျန်းဇီရှင်းအား မြင်တွေ့လိုက်ရလေသည်။ ကျန်းဖန့်လည်း သူမ ဘေးတွင် ရှိနေခဲ့၏။
မီတင်၏ လုပ်ငန်းစဉ်တို့က အင်မတန် တည့်တိုးဆန်လှသည်။ ခေါင်းဆောင်မှ ဦးစွာ မိန့်ခွန်းပြောကြားပြီး ထို့နောက်တွင် ရောက်ရှိနေကြသည့် သင်တန်းသားများထဲမှ ရဲအရာရှိ တစ်ဦးမှာ ကိုယ်စား မိန့်ခွန်း ပြောကြားလေသည်။
ပြောကြားသည့်လူက အမျိုးသမီး တစ်ဦး ဖြစ်၏။ သူမနှင့် လင်းရီကြားတွင် သာမန် ထိတွေ့ဆက်ဆံမှုမျိုးတို့ ရှိသည်။
လင်းရီ တစ်ချက် တွက်ချက်ကြည့်လိုက်၏။ ယခုလို သင်တန်းသား ကိုယ်စားလှယ်အဖြစ် မိန့်ခွန်း ပြောနိုင်သည်ကို ကြည့်ပါက သူမတွင်လည်း အဆက်အသွယ်တစ်ချို့ ရှိနေသည့်ဟန်ပင်။ မဟုတ်ပါက စင်ပေါ်တွင် စကားပြောနေရမည့်လူမှာ သူ ဖြစ်နေသင့်သည်။
သူမ၏ မိန့်ခွန်း ပြီးဆုံးသွားပြီးနောက် မီတင်မှာ အခြားသော အရေးကြီးသည့် ကဏ္ဍရပ်များသို့ ဦးတည်လာခဲ့၏။
ဥပမာ…
ရဲယူနီဖောင်းပင်။
လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် တန်းစီ၍ မိမိတို့၏ ယူနီဖောင်းများအား လက်ခံကြရ၏။
မိန်းကလေး ဆယ်ယောက်ကျော်မှာတော့ ကူရိရန်၏ ဦးဆောင်မှုဖြင့် အစည်းအဝေးခန်း အသေးစားလေးထဲသို့ အဝတ်လဲရန် ခေါ်ဆောင်သွားခြင်း ခံရသည်။
ကျန်သည့် ယောက်ျားလေးများကတော့ ယခု အခန်းထဲတွင်သာ ဝတ်စုံလဲရလေသည်။ အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံခံရမှုကတော့ လုံးဝ တူညီခြင်း မရှိချေ။
“ သွားစို့လေ… အဲ့နားမှာ ဘာရပ်လုပ်နေတာ …” ကူရိရန် ပြောလိုက်၏။
“ ငါတို့ လင်းကော အဝတ်လဲတာ ကြည့်ချင်လို့ … ငါတို့ သူ့ abs တွေ ကြည့်ချင်တယ်…”
ကူရိရန် “ …”
“ နင်တို့တွေ ပေါက်တတ်ကရ လျှောက်မလုပ်ကြနဲ့ … ဒါ အရေးကြီးတဲ့ ပွဲနော်… ခေါင်းဆောင် သိသွားလို့ရှိရင် နင်တို့တွေ အဆူခံရနိုင်တယ်…”
“ ဟီးဟီး … ဟုတ် လာနေပြီ…”
မိနစ် နှစ်ဆယ် ကြာပြီးနောက် လူတိုင်းမှာ ယူနီဖောင်းများ ထပ်ပြီးသွားခဲ့ပြီး အစည်းအဝေးခန်းထဲသို့ ပြန်ရောက်လာခဲ့ကြ၏။
“ ဘုရားရေ … လင်းကောက သိပ်ခန့်တာပဲ …”
ယူနီဖောင်းနှင့် လင်းရီကို မြင်တော့ မိန်းကလေး ဆယ်ယောက်ကျော်မှာ ပြိုင်တူ မြည်တမ်းမိသွားခဲ့ကြ၏။ သူမတို့၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ထွက်ကျလာမည်ကိုပင် စိုးရိမ်နေရ၏။
ထို့ပြင် လူသစ်လေးများသာလျှင် မကဘဲ တချို့သော ရဲမေများကပင် သူမတို့၏ အကြည့်များကို ယူနီဖောင်း ဝတ်ထားသည့် လင်းရီအနားမှ မရုတ်သိမ်းနိုင်ကြချေ။
ထိုအခိုက်အတန့်တွင်တော့ သူတို့အားလုံး စစ်မှန်သည့် ယူနီဖောင်း၏ ဆွဲဆောင်မှုကို နားလည်သဘောပေါက်သွားခဲ့ကြလေသည်။
လူကို အင်မတန် ဆွဲဆောင်နိုင်လွန်းလှ၏။
“ ဟုတ်ပြီ… လူတိုင်းပဲ … တိတ်ကြမယ်… နောက် ငါတို့ ကျမ်းသစ္စာ ကျိန်ဆိုကြမယ်…” လီရှန်းဟွေ့မှ ပြောဆိုလိုက်၏။
လူ အယောက်လေးဆယ်ကျော်မှာ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ၍ ရှေ့တွင် စီတန်းလိုက်ကြသည်။
လွန်ခဲ့သည့် တစ်စက္ကန့်ကပင် မိန်းကလေးအများစု လင်းရီ၏ ကိုယ်အား မျက်စိအစာကျွေးနေကြသည်မှာ ငမ်းကမ်းတက် ဖြစ်လုမတတ်ပင်။ သို့သော် နောက် တစ်စက္ကန့်၌ အားလုံး၏ အမူအရာမှာ လေးနက်တည်ကြည်သွားခဲ့ကြသည်။
သူတို့ရှေ့ရှိ အလံကို ကြည့်ရင်း လူတိုင်း မတ်မတ်ရပ်ကာ အကြည့်တို့မှာ ပြင်းထန်နေခဲ့ကြ၏။
လင်းရီလည်း ခြွင်းချက် မရှိချေ။ ထိုအခိုက်အတန့်တွင် သူ့ရင်ဘက်ထဲရှိ သွေးတို့ ပွက်ပွက်ဆူလာသည့် သယောင် ခံစားလိုက်ရ၏။
သူ၏ ဘဝသည်ပင် ဤ အနီရောင် အလံရှေ့မှောက်၌ သိမ်နုပ်သွားသည့်သယောင်ပင်။
မိနစ် အနည်းငယ်ကြာပြီးနောက် ကျမ်းသစ္စာ ကျိန်ဆိုပွဲလည်း ပြီးဆုံးသွားခဲ့ကာ လူတိုင်း ကိုယ့်ထိုင်ခုံကိုယ် ပြန်ထိုင်သွားခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် နောက်လာမည့် အရာက ယခု အခမ်းအနား၏ အရေးကြီးဆုံး ကဏ္ဍတစ်ရပ် ဖြစ်နေသောကြောင့် ဖြစ်လေသည်။
အလုပ်ခွင် နေရာချထားပေးခြင်းပင်။
တစ်နာရီကျော်ကြာပြီးနောက် လူတိုင်း ကိုယ်စီ အလုပ်ဝင်ရမည့် နေရာများအား သိရှိသွားခဲ့ကြသည်။
ဗျူရို ရုံးခွဲတွင်တော့ လူ ၁၁ ယောက် ကျန်နေရစ်ခဲ့လေသည်။
လင်းရီ ၊ ကျန်းဖန့် ၊ ကျိုးရှင်းဟိုင်နှင့် ကျန်းဇီရှင်းတို့လည်း ဗျူရိုရုံးခွဲ၌ နေရာချခြင်း ခံရသည့် လူစာရင်းထဲတွင် ပါဝင်သည်။ သို့သော် သူတို့အားလုံးက သာမန် ရဲအရာရှိ ရာထူးမှ စတင်ရမည် ဖြစ်၏။ နောင်တွင် မည်သို့သော အနာဂတ်က စောင့်မျှော်နေမည်လဲဆိုတာတော့ ပြောပြရန် စောနေပါသေးသည်။
ကျန်သည့် လူ ခုနစ်ယောက်ကတော့ ရုံးစာရေး လုပ်ကိုင်သည့်နေရာသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။ ကျန်သည့် အခြားလူများလည်း အခြားနေရာ ဒေသများရှိ ဗျူရို ရုံးခွဲ၏ အုပ်ချုပ်မှု အောက်တွင်ရှိ ဌာနခွဲများသို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။
အပေါ်ယံတွင် ကွဲပြားမှုက သိသာမှု သိပ်မရှိလှပေ။ သို့သော် လက်တွေ့တွင်တော့ ၎င်းတို့၏ အလုပ်အကိုင် တက်လမ်းများသည်လည်း ယခု အချိန်မှစ၍ တူညီတော့မည် မဟုတ်ချေ။ တချို့က လွယ်ကူနိုင်သော်လည်း တချို့မှာ လက်ရှိ ရာထူးနေရာမှ နှစ်ပေါင်းများစွာ ကြာသည်ထိတိုင်အောင် မတက်နိုင်သည်မျိုးလည်း ဖြစ်သွားနိုင်သည်။ ကံတရားကြီးကသာ အရာရာကို ဆုံးဖြတ်ပေးသွားပါလိမ့်မည်။
သို့တိုင် ယခု လက်ရှိ လူတိုင်းကတော့ သစ်လွင်သည့် ယူနီဖောင်းများနှင့် တောက်ပသည့် အနာဂတ်အား ကိုယ်စီ မျှော်လင့်ချက်တို့ဖြင့် စိတ်ထဲ ရှင်သန်နေကြပါသည်။
စီစဉ်ဆောင်ရွက်မှုများ အားလုံးပြီးဆုံးသည့်အခါ၌ မွန်းလွဲပိုင်းတွင် သူတို့ လက်ရှိ ခန့်အပ်ပေးခြင်း ခံထားရသည့် နေရာအသစ်၌ တာဝန်ထမ်းဆောင်ရန် စာလွှာမိန့် ထုတ်ပြန်လာသည်။
လင်းရီမှာ ဤအလုပ်အကိုင် အသစ်က အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားနေရ၏။
နေ့လည်စာ စားနေစဉ် လီရှန်းဟွေ့မှလာပြီး လင်းရီ အရှေ့တွင် ဝင်ထိုင်သည်။
“ အရာရှိလီ …”
လင်းရီ ၊ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ သူ့အား နှုတ်ဆက်လိုက်ကြ၏။
“ သန်ဘက်ခါကျ… ဗျူရိုရုံးခွဲမှာ ကိုယ်ခံပညာ ပြိုင်ပွဲ ရှိတယ်… အဲ့ကိစ္စ မင်းတို့ သိကြလား …”