ကိုယ်ခံပညာ ပြိုင်ပွဲ စပြီ
Vol. 112 Ch. 1680
“ ငါတော့ ပြဿနာကြီးကြီးမားမား ရှိမယ် မထင်ဘူး …” ကူရိရန် ခေတ္တ စဉ်းစား၍ ပြောလိုက်ပြီး “ ခေါင်းဆောင်က ဒီကိစ္စကို တော်တော် အရေးစိုက်ထားတယ်… ပြီးတော့ တခြား ဌာနတွေကလည်း ဒီနှစ်ထဲမှာ ထူးချွန်တဲ့ သင်တန်းသားတွေ အများကြီး မွေးထုတ်ထားတယ်ဆိုတော့ ပထမနေရာ ရဖို့က အသာလေးပါ …”
“ လူသစ်နေရာ ရှိသေးတယ်မလား … ဘယ်သူ့ကို လွှတ်ဖို့ စဉ်းစားထားလဲတဲ့ …”
“ အသေးစိတ်တော့ ငါလည်း မသေချာသေးဘူး … ပြောကြတာတော့ ကောင်းရန်ဆိုတဲ့ လူလားပဲ … သူ့ မိသားစုက မြောက်ပိုင်းက … ပြည်နယ် သိုင်းချန်ပီယံဆိုလည်း ဟုတ်တယ်… ခေါင်းဆောင်က သူ့ကို ရှာတွေ့ပြီးတော့ လူသစ် အနေနဲ့ သရုပ်ဆောင်ပြီး ကိုယ်ခံပညာ ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်နေတာလေ…”
“ ဝါး … ဒီလောက်တောင် ရင်းနှီးမြုပ်နှံထားတယ်ဆိုတော့ ပထမဆုက ကျိန်းသေပေါက် ငါတို့ဟာပဲ …”
“ အဲ့လောက်လည်း ယုံကြည်ချက် ပြည့်နှက်မနေနဲ့ .. ဒါက တိုက်ပွဲခွန်အားကို စမ်းသပ်တဲ့ ပြိုင်ပွဲ … သတ္တိကို စမ်းတာ မဟုတ်ဘူး … ဒါကြောင့်မို့ အသင်းလိုက် ပြိုင်ပွဲလည်း ရှိတယ်… ငါတို့ဆီမှာက တစ်ဦးချင်း ပြိုင်ပွဲ အတွက်ပဲ အလေးသာတာ … အသင်းလိုက် ပြိုင်ပွဲကျရင် ဘာဖြစ်မလဲ ပြောရခက်သွားပြီ…” ကူရိရန် ပြောလိုက်ပြီး “ မနှစ်တုန်းကတော့…. ငါမြင်မိသလောက်ဆို အသင်းလိုက် ပြိုင်ပွဲတွေအတွက် စွမ်းဆောင်ရည် တောင်းဆိုမှုက အတော်လေး မြင့်တယ် … တစ်ယောက်တည်း သီးသန့် အစွမ်းထက်နေလို့ မလုံလောက်ဘူး … ဒါကြောင့်မို့ ငါတို့ ပထမ နေရာရမယ်လို့ တပ်အပ်ကြီး မပြောနိုင်တာ …”
ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ ခေါင်းညိမ့်မိလိုက်ကြ၏။ ကူရိရန် ပြောသွားခဲ့သည်က အဓိပ္ပာယ် ရှိလေသည်။
“ ဟေ့ နင် ဖုန်းပဲ ဆော့မနေနဲ့ …”
ကူရိရန် မျက်စောင်းထိုးပြီး လင်းရီအား ကြည့်လိုက်၏။
“ မင်းက စကားပြောတယ်… ငါက နားထောင်တယ်… နားထောင်ရင်း ဖုန်းကြည့်နေတာ မှားလို့လား …”
“ ငါက နင့်ကို အဆင်သင့် လုပ်ထားဖို့ ပြောနေတာ … မနက်ဖြန်ကျရင် နင့်ကို လိုရင် လိုမှာမို့လို့ ကိုယ့်စိတ်ကိုယ် အကောင်းဆုံး ပြင်ဆင်ထား …”
“ ဟမ်… ငါက ဒီမှာ အသစ်လေ … လူသစ်လေးက ဘာများ လုပ်ပေးနိုင်မှာမို့လို့ …”
“ နင်က သေနတ်ပစ်တာ တော်တယ် … အသင်းလိုက်ပြိုင်ပွဲမှာ အသုံးကျရင်လည်း ကျမှာပေါ့ … နင့်ကို လိုမယ် မလိုဘူး ဘယ်သူက ပြောနိုင်မှာ … ဒါပေမယ့် နင့်ဘက်က ပြင်ဆင်ထားတာ အကောင်းဆုံးပဲ …”
“ အစ်ကိုလီလည်း မနေ့က ငါ့ကို ဒီအကြောင်း မပြောသွားဘဲကော်…”
“ ငါလည်း မနေ့က မစဉ်းစားမိဘူး … ဒီနေ့မှ နင့်ကို စဉ်းစားမိလို့ …” ကူရိရန် ပြောလိုက်ပြီး “ ဘာလို့ဆိုတော့ ငါ့တို့မှာ ရှိတဲ့ လူတစ်ယောက်ရဲ့ အခြေအနေက သိပ်မကောင်းဘူး … နင့်ရဲ့ ထရိန်နင်တုန်းက စွမ်းဆောင်ရည်တွေကို ပြန်အမှတ်ရတော့ နင့်ကို အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ကြတာ …”
“ ဒီလိုမျိုး စွန့်စားတာ မကြောက်ဘူးလား …”
“ နင် အမှန်အတိုင်း ပြောတာ ကြားချင်လား …”
“ မေးဖို့လိုနေသေးလို့လား …”
ကျန်းတဲ့မင် လင်းရီအား လှမ်းကြည့်လိုက်မိသည်။ ဤလူငယ်လေးက နည်းနည်းတော့ ပြောရဆိုရ လက်ပေါက်ကပ်မည့်ကောင်ပင်။
“ အစ်ကိုလီ စုံစမ်းကြည့်လိုက်တော့ ကျန်တဲ့ သုံးသင်းက အသင်းပြိုင်ပွဲမှာ အတော်လေး စိတ်ဝင်စားနေပြီး အဲ့ဒီအတွက်လည်း တော်တော်ကြာကတည်းကရင် ကြိုပြီး ပြင်ဆင်ထားတာ … သူတို့နဲ့ယှဉ်လိုက်ရင် ငါတို့က နည်းနည်း လိုနေသေးတယ်… တစ်ခုခု လွဲမှား ချော်မှား မရှိဘူးဆိုရင်တော့ ငါတို့က စတုတ္ထပဲ …”
“ ဘိတ်ချေးလို့ပဲ တည့်ပြောလိုက်ပါရောလား …”
“ စကားဆိုတာ လှအောင် ပြောရတယ်… ပြီးတော့ နင်မပြောလည်း ဘယ်သူမှ နင့်ကို အ,တယ် ထင်မှာ မဟုတ်ဘူး... ”
“ ဒီတော့ ငါ့ကို အပြစ်ဖို့လို့ကောင်းအောင် ထည့်ချင်တယ်ပေါ့ … တကယ်လို့ ရှုံးသွားရင် ငါ့ကြောင့် … နိုင်သွားခဲ့ရင်တော့ လူတိုင်းကောင်းလို့ပေါ့ … အဲ့လိုလား …”
“ နင်က မကျေနပ်ဘူးလား … သူများတွေဆို ကြိုးစားချင်တာတောင် အခွင့်အရေး မရှိကြဘူးနော်…”
ကူရိရန် ပြောလိုက်ပြီး “ နင် ငြင်းချင်တယ်ဆိုလည်း အရာရှိလီကို သွားရှာချည် … သူ နင့်ကို အဆိုပြုပေးခဲ့တာပဲ … ဒါ ငါနဲ့ မဆိုင်ဘူး …”
လင်းရီ နှုတ်ခမ်းကိုက်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။
လီရှန်းဟွေ့က စီစဉ်ပေးသည်ဆိုလျှင်တော့ သူ့တွင် ဘာမျှ ပြောစရာ မရှိချေ။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့လေသည်။
ထို့ပြင် ကူရိရန် ပြောသည့်အတိုင်း သာမန်လူဆိုပါက ယခုလို အခွင့်အရေးပင် မရကြချေ။
“ ဟားဟား … လင်းကော … ဒါမင်းရဲ့ တောက်ပမှုတွေကို ပြရမယ့် အချိန်ပဲ … မင်း ကောင်းကောင်း လုပ်ပြလိုက် .. ငါတို့ အားပေးနေမယ်..”
ကူရိရန် ကျန်းတဲ့မင်အား နှုတ်ဆက်၍ ရုံးခန်းထဲမှ ပြန်ထွက်သွားခဲ့လေသည်။
လင်းရီ တွေးကြည့်လိုက်၏။
သူ မနက်ဖြန်ကျ ဘယ်လို သရုပ်ဆောင်သင့်လဲ ….
ဘာပဲဆိုဆို ရှုံးသွားရင်တော့ တော်တော် ရှက်ဖို့ကောင်းမှာ …
နောက်တစ်နေ့ နံနက်တွင် လင်းရီသည် ကူရိရန် ပို့ပေးလာသည့် လိပ်စာအတိုင်း ကိုယ်ခံပညာ ပြိုင်ပွဲ ကျင်းပမည့် နေရာသို့ ရောက်လာခဲ့လေသည်။
ကိုယ်ခံပညာ ပြိုင်ပွဲကို မိုးလုံလေလုံ အဆောက်အဦး တစ်ခု၌ ကျင်းပသည်။ သို့သော် နေရာက နည်းနည်းတော့ ဝေးလံခေါင်သီ၏။
ကူရိရန် ပြောသည့်အတိုင်း ပြိုင်ပွဲက တစ်ဦးတည်း ယှဉ်ပြိုင်မှုသာလျှင် မကဘဲ အသင်းလိုက် ယှဉ်ပြိုင်မှုတို့ပါ ပါဝင်နေသဖြင့် နေရာအား နည်းနည်း ဝေးလံသည့် နေရာ၌ ရွေးချယ်ထားခြင်း ဖြစ်သည်ဆိုပင်။
နေရာသို့ ရောက်သည်နှင့် လင်းရီ ဝေးလံခေါင်သီသည်ဟု ဖော်ပြသည်က လျှော့ပေါ့ပြီး ပြောထားခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်၏။ ခြောက်ကပ်ပြီး အင်မတန် သာမန်ဆန်သည့် နေရာဟု သုံးနှုန်းလျှင်ပင် လုံးဝ ချဲ့ကားရာ ကျမည် မထင်ပေ။
ဤနေရာမှ မီတာ တစ်ရာလောက် အကွာတွင် စွန့်ပစ်ထားသည့် ဓာတု စက်ရုံတစ်ခုရှိ၏။ ကူရိရန် ပြောသည်ကတော့ ထိုနေရာက ပွဲကျင်းပမည့် နေရာဆိုပင်။
ရုပ်ရှင် ဇာတ်ကားထဲက မြင်ကွင်းကဲ့သို့ပင်။ သို့သော် မိုးလုံ လေလုံတော့ ဟုတ်ပါသည်။
ဒီလူတွေ ဒီနေရာ ဘယ်ကနေ ဘယ်လို ရှာတွေ့သွားကြလဲ လင်းရီ မသိချေ။
အသင်း ယှဉ်ပြိုင်ပွဲ ဖြစ်သဖြင့် လင်းရီသည် စက်ရုံဝင်ပေါက်ဝသို့ မောင်းနှင်သွားလိုက်၏။
အနီးနားဝန်းကျင်တွင် ဘက်စ်ကား တော်တော်များများ ထိုးရပ်ထားပြီး ယာယီတဲများလည်း ဟိုတစ်စု ၊ ဒီတစ်စုဖြင့် အမျိုးမျိုး စုဝေးနေကြသည်။
တဲများအား အရောင်အားဖြင့် အနီ၊ အပြာ၊ အဖြူ နှင့် လိမ္မော် ဟူ၍ လေးရောင် ခွဲခြားထားသည်။ ရှင်းရှန်း ဗျူရိုရုံးခွဲရှိ လူများအားလုံးက အနီရောင် တဲအတွင်း ရှိပြီး ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ ရှိနေသည့် နေရာပင်။
ကျန်သည့် သုံးသင်းကတော့ ယွမ်ဟော် ရုံးခွဲ၊ ထိုက်ဖျင် ရုံးခွဲနှင့် ပေါင်ရှန်း ရုံးခွဲ တို့ ဖြစ်ကြ၏။
“ လင်းကော …”
လင်းရီကို မြင်တော့ ကျန်းဇီရင်း လက်ဝှေ့ရမ်းပြလျက် သူ့အား လက်ယပ်ခေါ်သည်။
“ ပြိုင်ပွဲက မစသေးပဲကို ဘာတွေ လောနေတာ …”
“ မဟုတ်ဘူး … အဓိကက နင် ဝင်ပြိုင်ရတော့မှာမို့လို့ …”
“ ဟင် … တကယ်ကြီး ငါ့ကို သုံးတော့မှာပေါ့ …” လင်းရီ လီရှန်းဟွေ့အား လှမ်းကြည့်၍ “ တကယ်ကြီးလား …”
“ ငါလည်း စစချင်းတုန်းက မင်းကို ဝင်ပြိုင်ခိုင်းဖို့ မစီစဉ်ထားဘူး … ဒါပေမယ့် တစ်ယောက်က အရေးပေါ် ထဖြစ်တော့ ငါတို့လည်း အစားထိုးဖို့ လူက ရှိမနေဘူး … ဒါကြောင့် မင်းကို ဝင်ပြိုင်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာ ….”
“ ကျုပ်တော့ ခင်များတို့တွေ တစ်ခုခုဆို အပြစ်တင်စရာ လူရှိအောင် တမင် လုပ်နေတယ်လို့တောင် ထင်လာပြီ…”
လင်းရီအား စူးကနဲ ကြည့်လိုက်ရင်း လီရှန်းဟွေ့ သကောင့်ကားအား ဘေးသို့ ဆွဲခေါ်သွားသည်။
“ မင်းကတော့ မင်းအတွက် ဘာက ကောင်းလဲ မသိတဲ့ကောင်ပဲ …”
“ ကျုပ်ပြောနေတာ အမှန် မဟုတ်လို့လား …”
“ မင်းရဲ့ အဆင့်ကို မင်းသိတယ်… မင်းကို ရလဒ်ကောင်းတွေ ရဖို့လည်း ငါ မမျှော်လင့်ထားဘူး .. ပြီးတော့ မင်းက လူသစ် … မင်း ရှုံးရင်တောင် ဘယ်သူမှ အပြစ်မတင်ဘူး …”
“ ဒါဆို ကျုပ်ကို ဘာလို့ သွားခိုင်းချင်ရတာ …”
“ ဒီအခွင့်အရေးကို အသုံးချပြီး ခေါင်းဆောင်ကြီးတွေ ရှေ့မှာ မင်းကိုယ်မင်း သက်သေပြစေချင်တာ ..” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒီ အသင်းပြိုင်ပွဲမှာ မင်းကို သူတို့ မျက်စိကျသွားရင် နောင်ကျ မင်းအတွက်လည်း အကျိုးရှိတယ်…”
လင်းရီ နှုတ်ခမ်းကိုက်လိုက်မိ၏။ “ ဒါဆိုရင်တော့ ကျုပ် တကယ်ကြီး အထင်လွဲနေခဲ့မိတာပဲ …”
“ ဒါကြောင့်မို့ မင်း ပိုပြီး လေးနက်တည်ကြည်နေစမ်းပါ … ပြီးတော့ မင်းက ဉာဏ်ကောင်းတယ်.. တစ်ခုခုဆို နေရာမှာတင် ချက်ချင်း တုံ့ပြန်နိုင်တယ်… ဒါက မင်းအတွက် ကိုယ့်ကိုယ်ကို ပြသဖို့ အခွင့်အရေးကောင်းပဲ …”
“ ကျုပ် နားလည်ပြီ…”
လီရှန်းဟွေ့ ဘေးဘီအား ကြည့်၍ တီးတိုးလေသံဖြင့် “ ငါ ပြောပြမယ်… ခေါင်းဆောင်က ဒီပြိုင်ပွဲအတွက် မျှော်လင့်ချက် သိပ်ထားတာ မဟုတ်ဘူး … သူ့ဘက်က ထုတ်သာမပြောတာ … ဒါကြောင့်မို့ အခွင့်အရေးရရင် ကြွားသာ ကြွားကွာ … ငါပြောတာ မင်း သဘောပေါက်တယ် မလား …”
လီရှန်းဟွေ့မှာ လင်းရီအား တန်ဖိုးထားပြီး အနာဂတ်တွင် သူ့ဘေးနားခေါ်ထားလိုသောကြောင့်သာ ယခုလို ဂရုစိုက်ပေးနေခြင်းပင်။
" နားလည်ပြီ..."
လင်းရီ အနည်းငယ် ခံစားသွားခဲ့ရ၏။
မည်သို့ပင်ဆိုစေ ဤလူက တကယ်ကြီး သူ့အတွက် စဉ်းစားပေးနေလေသည်။
နှစ်ယောက်သား တီးတိုး ပြောဆိုပြီးနောက် လီရှန်းဟွေ့သည် လင်းရီအား လျိုကွမ်းရှန်ထံ ခေါ်ဆောင်လာခဲ့ပေး၏။
" ခေါင်းဆောင် ... ကျုပ်သူ့ကို အသေးစိတ် ပြောထားပြီးပြီ... သူ အခု စိတ်ဓာတ် တက်ကြွလွန်းလို့ မိုးတောင် မြှောက်တော့မယ်.... "
လျိုကွမ်းရှန် ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်၏။
" လင်းလေး... ဒါက လီလေး မင်းကို ပေးတဲ့ အခွင့်အရေးကောင်းနော်... သူ ပြောတာ မင်းရဲ့ သေနတ်ပစ်တဲ့ အရည်အချင်းက လုံး၀ကို ခြွင်းချက်မဲ့ တိကျတယ်ဆို... ငါ့ကို စိတ်မပျက်စေနဲ့ .... ငါ မင်းအပေါ် အရာအားလုံး လောင်းကြေးထပ်ထားတာ.... "
" ပြဿနာ မရှိဘူး... စိတ်ချပါ ခေါင်းဆောင်.... "
" လီလေး... သူ့ကို တခြား အဖွဲ့၀င်တွေနဲ့ ရင်းနှီးအောင် ခေါ်သွားပေးလိုက်... ပြိုင်ပွဲက ခဏနေရင် စတော့မှာ... သူတို့ချင်း အရင် ရင်းနှီးပါစေ.... "
" ဟုတ်ကဲ့.... "
လီရှန်းဟွေ့၏ ဦးဆောင်မှုအောက်တွင် နဏ္ဍစ်ယောက်သား ဘက်စ်ကားသို့ ရောက်ရှိလာခဲ့၏။
အထဲတွင်တော့ လူလေးယောက် ရှိနေသည်။ သူတို့၏ ပျှမ်းမျှ အသက်က ၃၅ ၀န်းကျင်လောက် ရှိကာ လင်းရီထက် ဘယ်လောက်မျှ အသက်ကြီးသည့်ပုံ မပေါ်ချေ။ ကားထဲတွင် မည်သို့ တိုက်ခိုက်ကြမလဲဆိုတာကို ဗျူဟာချ ဆွေးနွေးနေကြပြီး လေထုမှာ ပုံမှန်မဟုတ် သိပ်သည်း ပြင်းထန်နေတော့၏။
" ငါတော့ လူသစ်ကောင် ရောက်လာမှာကို တွေးမိတာနဲ့ တိုက်ပွဲပလန် ဆွေးနွေးဖို့တောင် စိတ်မပါတော့ဘူးကွာ... စစချင်းတုန်းက 5 vs 5 တိုက်ပွဲ... အခု လူသစ်လာမှာဆိုတော့ 4 vs 5 ဖြစ်သွားပြီ... "
စာစဉ် (၁၁၂) ပြီး၏။