နင်က ငါ့ကို ပိုလိုအပ်တယ်
Vol. 12 Ch. 34
အဲဒီနေ့တုန်းကလည်း ဒီလိုနေ့မျိုးပဲ။
ဖလေရာရဲ့မင်္ဂလာဆောင်သတင်းကို ကြားပြီးရတဲ့အချိန်မှာ သူ့တစ်ကိုယ်လုံးက အားအင်တွေကုန်ခမ်းသွားပြီး ပြိုလဲကျ သွားသလိုမျိုး ခံစားရတယ်။ ဒါပေမဲ့ ဒီလိုသတင်းကို ကြားရမယ်ဆိုတာကို ဟိုးအရင်ကတည်းက သူမျှော်လင့် ထားခဲ့ပြီးသား။
ဖလေရာရဲ့သတို့သားလောင်းက ကုမ္ပဏီကို မကြာခဏ လာလည်တတ်ပြီး သူတို့ချင်းက တကယ်ချစ်ကြတဲ့ပုံပါပဲ။ အဲဒီအမျိုးသားကလည်း ချမ်းသာပညာတတ်ပြီးတော့ သူတို့နှစ်ယောက်က နေနဲ့လ၊ ရွှေနဲ့မြလိုပါပဲ။ တစ်ဖက်မှာ လူသားတစ်ယောက် အနိမ့်ဆုံးရောက်နိုင်တဲ့ အခြေအနေ မျိုးမှာရှိနေတဲ့ မက်ဒါနာနဲ့ယှဥ်မယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးလိုပဲ။
နဂိုကတည်းက မဖြစ်နိုင်လွန်းလို့ ခံစားချက်တွေကို မျိုသိပ် ထားခဲ့ပေမဲ့ အဲဒီအချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ရှိနေတဲ့ တံတိုင်းအမြင့်ကြီးက အဆပေါင်းများစွာ ပိုပြီးတော့ မြင့်မားလာခဲ့တယ်လေ။ အဆင့်အတန်းချင်း ကွာတာကို ထည့်မတွက်ရင်တောင် ဖလေရာမှာ ချစ်တဲ့သူရှိနေတာက သူ့အတွက် မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။
အဲဒီနေ့ညက...
သူငှားနေတဲ့ အဆောင်ရဲ့ထိပ်ဆုံး ခေါင်မိုးထပ်ပေါ်ကို တက်ဖြစ်ခဲ့တယ်။ သူများအတွက်လည်း ရှင်သန်စရာ မလိုတော့သလို ကိုယ့်အတွက်လည်း ရှင်သန်ချင်စိတ် မရှိတော့တဲ့အတွက် ဒီမလိုအပ်တဲ့ဘဝကို သူအဆုံးသတ် ပစ်ခဲ့ဖို့ တွေးခဲ့တာ။
ဒါပေမဲ့...
ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ပေါ်က ပေါ်တယ်တစ်ခု ပွင့်ကျလာပြီးတော့ အနက်ရောင် လယ်သာကိုယ်ကျပ် ဝတ်စုံ ဝတ်ဆင်ထားတဲ့ ညိုချောမိန်းကလေးတစ်ယောက် ဆင်းလာ တော့တာပါပဲ။
“နောက်ဆုံးတော့ မမလေးကို ရှာတွေ့ခဲ့ပြီ။ ကျေးဇူးပြုပြီး ကျွန်မတို့ကမ္ဘာကို ကယ်တင်ပေးဖို့ တောင်းဆိုပါရစေ။”
အဲဒီမိန်းကလေးက သူ့လက်ထဲကို နည်းပညာခါးပတ်တစ်ခု ကမ်းပေးခဲ့တယ်။ အစကတော့ တစ်စုံတစ်ယောက်က သူ့ကို နောက်နေတာလို့ ထင်ခဲ့ပေမဲ့ ခါးပတ်ကိုပတ်ပြီး ပထမဆုံး မန်မိုရီစတစ်ကို အသုံးပြုပြီးတဲ့အချိန်မှာတော့ အဲဒီလိုမျိုး မဟုတ်မှန်း သူသိခဲ့ရပါတယ်။
ဒါက... စွမ်းအားတွေ၊ သိပ်ကိုအင်အားကြီးတဲ့ စွမ်းအားကို ပေးစွမ်းနိုင်တဲ့ ခါးပတ်ဖြစ်နေတယ်။
“ကဲ... အပြိုင်ကမ္ဘာက တခြားမမလေးတွေကို အနိုင်ယူပြီး လောကကြီးကို အတူကာကွယ်ပေးရအောင်။”
အေမီက သူ့လက်ကို ဆန့်ထုတ်ပြီး သူ့ကိုလက်တွဲကာ တခြားအပြိုင်စကြဝဠာကြီးဆီကို ခေါ်ထုတ်ခဲ့ပါတယ်။ အဲဒီတခြားတစ်ဖက်မှာရှိနေတဲ့ ကမ္ဘာကြီးက သေဆုံး နေခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့တည်ရှိမှုက အဲဒီနေရာမှာ အဓိပ္ပါယ်ရှိနေတဲ့အတွက် သူကျေနပ်မိတယ်။
မူလကမ္ဘာမှာ သူ့ရဲ့တည်ရှိမှုဟာ ဖုန်မှုန့်လေးတစ်ခုလိုပဲ။ သန်းထီလီယံနဲ့ချီပြီး ရှိနေတဲ့ ဖုန်မှုန့်တွေထဲက တစ်ခုခု။ တခြားသူတွေအတွက်တော့ သူ့ရဲ့တည်ရှိမှုက ဘာမှ မထူးခြားခဲ့ဘူး။ သူ့ရဲ့တည်ရှိနေခြင်းနဲ့ ပျောက်ကွယ်သွားခြင်းဟာ လောကကြီးအပေါ်မှာ ဘာထူးခြားချက်မှ ရှိမနေဘူး။ ပျောက်ကွယ်သွားတာကမှ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် နည်းနည်း သက်သာရာရသေးတယ်လို့ ဆိုရမလား။
ရုတ်တရက်ကြီး ဖတ်နေကျ စိတ်ကူးယဥ်ဝတ္ထုတွေထဲကလို ကမ္ဘာကူးပြောင်းလာတဲ့ ဇာတ်ကောင်တစ်ကောင်လို ကြုံခဲ့ရတဲ့အတွက် သူ့စိတ်ထဲ လှုပ်ရှားလာခဲ့တယ်။ ညိုချော ကောင်မလေးကတော့ သူ့လက်ကို ညင်သာစွာဆွဲထားရင်း စိတ်အားထက်သန်စွာနဲ့ ကိစ္စတွေအများကြီးကို ရှင်းပြ နေခဲ့တာပါ။
“အခုကျွန်မတို့ ရောက်နေတဲ့နေရာကို ဂိုင်ယာအာကာသ စခန်းလို့ခေါ်တယ်။ ကျွန်မတို့ကမ္ဘာမှာ အသက်ရှင် ကျန်ရစ်တဲ့ သူတွေအားလုံး နေဖို့အတွက် တည်ဆောက်ထားတဲ့ နေရာပေါ့။”
အတော်ကြာအောင် ဂိုင်ယာအာကာသစခန်းအကြောင်း ရှင်းပြနေခဲ့ပြီးခါမှ အေမီက သူ့ခေါင်းသူ လက်နဲ့အသာ ခေါက်လိုက်ပြီး...
“အာ... မေ့သွားတာပဲ... ကျွန်မကိုယ်ကျွန်မ နှုတ်ဆက် မပေးရသေးဘူးပဲ။”
အေမီက ရင်ဘတ်ပေါ်ကို လက်တင်လိုက်ပြီးတော့ မက်ဒါနာကို ဦးညွှတ်ခဲ့တယ်။ တကယ့်ကို ယဥ်ကျေးပြီး အမြဲလုပ်နေကျ ပုံစံဖြစ်ပုံပဲ။
“ တွေ့ရတာ ဝမ်းသာပါတယ်။ မမလေး။ ကျွန်မက အေမီပါ။ မမလေးရဲ့အနားမှာ အမြဲတမ်းအတူရှိနေပေးမယ့် အန်းဒရိုက်အိမ်စေပါ။”
...
‘ဒါတွေအားလုံးက အလိမ်အညာတွေ ဖြစ်ခဲ့တာပေါ့လေ။' အိမ်အပြန်လမ်းမှာ မက်ဒါနာရဲ့ခြေလှမ်းတွေက သိပ်ကို လေးလံနေခဲ့တယ်။
အေမီပြောခဲ့တာတွေက အားလုံး အလိမ်အညာတွေတဲ့။ ကမ္ဘာကြီးကို ကယ်တင်ဖို့ လိုအပ်တယ်ဆိုတာရော၊ သူ့အနား အမြဲတမ်းရှိနေမယ်ဆိုတာရော။
ဘာလို့လဲ... ဘာလို့လဲ...
မက်ဒါနာက သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ မိပါတယ်။ အဲဒီအကြောင်းကို တွေးလိုက်မိတဲ့အခါတိုင်း အသက်ရှုကျပ်လာပြီး ပြိုလဲကျသွားတော့မလိုပဲ။ ရင်ကွဲပြီး သေရတယ်ဆိုတာ ဒါမျိုးလား...
သူတွေးမိတယ်။ ဒီနေရာမှာ သူလဲကျသွားရင် ပြန်ထနိုင်မှာ မဟုတ်တဲ့အကြောင်း သူသိနေတယ်။ ပုံပြင်တွေထဲက နီရှေးလိုမျိုး သူ့စိတ်အလုံးစုံ ပြိုလဲကျသွားပြီးတော့ ရှင်လျက်နဲ့ သေနေတဲ့သူအဖြစ် ပြောင်းသွားရင် ပြောင်းသွားလောက်မှာ။
“နင်က ငါအလိုအပ်ဆုံးအချိန်မှာ ပေါ်လာခဲ့တာလေ။ ငါ့ရဲ့ အလင်းရောင်ဖြစ်လာမယ်လို့ မျှော်လင့်ထားခဲ့တာ။”
အေမီသူ့အနားရောက်လာချိန် မက်ဒါနာ သိပ်ပျော်နေခဲ့တာ။ သူတို့နှစ်ယောက်ရဲ့စွန့်စားခန်းတွေက အဓိပ္ပါယ်မရှိမှန်း သိနေခဲ့ပေမဲ့ မက်ဒါနာ ပျော်နေခဲ့တယ်။ အေမီနဲ့အတူတူ ရှိနေရတဲ့ စက္ကန့်တိုင်းက ပျော်ဖို့အကောင်းဆုံးပဲ။
သူမသိလိုက်ရခင်မှာပဲ အေမီက သူ့ဖို့ အရေးအကြီးဆုံး တည်ရှိမှုတစ်ခု ဖြစ်လာတယ်။ အေမီမရှိတော့တဲ့အချိန်မှာ သူ့ဘဝကြီးက အမိုက်မှောင်ရဲ့ဖုံးလွှမ်းခြင်းကို ခံရတယ်။ နည်းနည်းလေး သတိလွတ်သွားတာနဲ့ အဆိုးမြင်နေတဲ့ သူ့ရဲ့စိတ်အတွေးပင်လယ်ကြားထဲ နစ်မြုပ်သွားတော့မယ့် အခြေအနေမျိုးပဲ။
ခံစားချက်တွေက ပြင်းထန်လာလို့ လဲကျသွားတော့မယ်လို့ ခံစားလိုက်ရတဲ့အချိန်မှာပဲ မက်ဒါနာက တိုက်နံရံတစ်ခုကို လက်နဲ့ထောက်ထားပြီး မားမားမတ်မတ် ပြန်ရပ်လိုက်တယ်။
“မဟုတ်သေးဘူး၊ ငါပြန်သွားရမယ်။ ငါက အေမီကို လိုအပ်တာထက် အေမီက ငါ့ကို ပိုပြီးလိုအပ်နေလောက်တယ်။”
မက်ဒါနာက အေမီသူ့ကို ကန်မထုတ်ခင်က မျက်နှာကို ပြန်ပြီးတော့ မြင်ယောင်ကြည့်လိုက်တယ်။ အေမီရဲ့ မျက်ဝန်းတွေက အရောင်လဲ့မနေဘူး။ သူ့ရဲ့ရည်မှန်းချက် အောင်မြင်သွားပေမဲ့ ပျော်ရွှင်နေတဲ့ပုံမရှိဘူး။
အဲဒီအစား သိပ်ကိုစိတ်ထိခိုက်ပြီး အထီးကျန်နေသလိုပဲ။ “ငါနားလည်တာပေါ့၊ အဲဒီမျက်လုံးတွေက ငါနဲ့အတူတူပဲ။”
မက်ဒါနာက အေမီနဲ့ပထမဆုံးအကြိမ် တွေ့ဖူးတုန်းက ပုံရိပ်ကို ပြန်မြင်ယောက်မိတယ်။ အေမီရဲ့မျက်လုံးတွေက တောက်ပနေခဲ့ပြီး အရမ်းကို စိတ်လှုပ်ရှားနေတာ။ သူပြောနေတဲ့ အရာအားလုံးက အလိမ်အညာတွေ ဖြစ်နေခဲ့ပေမဲ့ ပျော်ရွှင်နေခဲ့တယ်ဆိုတာက အလိမ်အညာ မဟုတ်ပါဘူး။
“ငါနင့်ကို လိုအပ်တာထက်၊ နင်က ငါ့ကို ပိုပြီးတော့ လိုအပ်နေခဲ့တာလား။ ဒါကြောင့်မလို့ ကမ္ဘာကြီးကို ဖျက်ဆီးရဲတဲ့အထိ ရူးမိုက်သွားခဲ့တာလား။”
မက်ဒါနာက မျက်လုံးကို မှိတ်ထားလိုက်ပြီး အသက်ကို ပြင်းပြင်းရှုလိုက်တယ်။ မတည်မငြိမ်ဖြစ်နေတဲ့ စိတ်တွေ အားလုံးကို ပြန်လည်စုစည်းပြီးနောက်မှာ သူ့မျက်လုံးကို နောက်တစ်ကြိမ်ဖွင့်လိုက်တယ်။ ဒီတစ်ခါတော့ သူ့အကြည့်က ဝေဝါးမနေတော့ဘဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချပြီးတဲ့ သူတစ်ယောက်လိုမျိုး ထက်ရှလို့နေတယ်။
“ကယ်ပေးရတာပေါ့... ကမ္ဘာကြီးကို မဟုတ်ဘဲနဲ့ နင်တစ်ယောက်တည်းကို...”
မက်ဒါနာက ပြန်ပြီးတော့ မားမားမတ်မတ် ရပ်လိုက်တယ်။ သူ့ခြေလှမ်းတွေက ပိုပြီးတော့ အားပါလာတယ်။ အိမ်ကို သူပြန်နေတာဖြစ်ပြီး ခြေလှမ်းတစ်လှမ်းတိုင်းမှာ ပိုပြီး သွက်လက်လာတယ်။ အဲဒီအပြိုင်ကမ္ဘာကို သူဘယ်လို ပြန်သွားရမလဲ မသိပေမဲ့ သူဆုံးဖြတ်ထားပြီးပါပြီ။
“ငါက ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့ ဇာတ်လိုက်သူရဲကောင်း မဟုတ်ပေမဲ့... နင့်တစ်ယောက်တည်းကို ဆိုရင်တော့ ကယ်ပေးနိုင်လောက်တယ် မဟုတ်လား။ အေမီ၊ နင်အဲဒီမှာ စောင့်နေပါ။ နင့်ရဲ့သခင်မလေးက နင့်ကို အထီးကျန်မှု ပင်လယ်ကြားထဲကနေ ဆွဲထုတ်ပေးတော့မှာမလို့။”
...
ဂိုင်ယာအာကာသစခန်းရဲ့အလယ်မှာတော့ အေမီက နေရာမှာရပ်နေရင်းနဲ့ အပြင်ဘက်အာကာသထဲကို ကြည့်လိုက်တယ်။ အသက်မဲ့နေတဲ့ ဂြိုဟ်နီကြီးက လွဲလို့ ဘာဆိုဘာမှရှိမနေဘူး။
“မကြာခင် တခြားအပြိုင်ကမ္ဘာတွေအားလုံးလည်း ဒီလိုမျိုး ဖြစ်လာတော့မှာပါ။” သူက ခါးသီးစွာ ရယ်မောလိုက်ပြီး မက်ဒါနာပတ်ခဲ့တဲ့ နည်းပညာခါးပတ်ကို ခါးမှာပတ်လိုက် ပါတော့တယ်။
အဲဒီနောက် ပထမဆုံးမန်မိုရီစတစ်ကို ခါးပတ်ထဲ ထည့်လိုက်တယ်။
ဗျစ်... ဗျစ်... ဗျစ်...
အဖြူရောင်လျှပ်စီးကြောင်းတွေက ခါးပတ်ကနေ ပေါ်ထွက် လာခဲ့ပြီး အေမီဒူးထောက်ကျသွားတယ်။ သူ့တစ်ကိုယ်လုံး မီးခိုးတွေထွက်နေပြီး ပျက်စီးသွားတော့မလိုပဲ။ ခါးပတ်က သတိပေးသံထွက်လာတယ်။
[သတိပေးချက်: အသုံးပြုသူရဲ့တည်ရှိမှုအငွေ့အသက်နဲ့ မန်မိုရီစတစ်အငွေ့အသက်မှာ တူညီခြင်းမရှိပါ။ တည်ရှိမှု ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်ပါသဖြင့်၊ အသုံးပြုခြင်းကို အကြံမပြုပါ။]
မန်မိုရီစတစ်တွေအားလုံးက မက်ဒါနာမူကွဲတွေရဲ့တည်ရှိမှုနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အေမီမူကွဲတွေဆီက ပြုလုပ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့...
“ငါ့ရဲ့အကြံအစဥ်က အပြိုင်စကြဝဠာတိုင်းရဲ့Main Point ဖြစ်နေတဲ့ မက်ဒါနာဆီကနေ စမှရမှာ။ တခြားရွေးစရာ မရှိဘူး။ မမလေးက တခြားစကြဝဠာတွေဆီကြည့်ဖို့ ပြတင်းပေါက်ကို ဖန်တီးလိုက်ကတည်းက တခြားနည်းလမ်း မရှိတော့ဘူး။”
အေမီက အံ့ကိုတင်းတင်းကျိတ်လိုက်ပြီး ခါးပတ်ကို အတင်းအကျပ်ဖိအားပေးကာ မန်မိုရီစတစ်ရဲ့စွမ်းအားကို အသုံးပြုလိုက်တယ်။
[Error... Error.... Doctor... Error...]
အေမီရဲ့ကိုယ်ပေါ်မှာ အဖြူရောင်သိပ္ပံပညာရှင်ကုတ်အင်္ကျီ ပေါ်လာတယ်။ သူ့ရဲ့အနက်ရောင်ဆံပင်တချို့ အဖြူရောင် ပြောင်းသွားပြီး မျက်လုံးတစ်ဖက်က မီးခိုးရောင်အဖြစ် ပြောင်းသွားတယ်။ ဒါပေမဲ့ အေမီက မရပ်သေးဘဲ နောက်ထပ် မန်မိုရီစတစ်ကို ထပ်ပြီးတော့ ထိုးထည့် လိုက်ပြန်တယ်။
[Error... Error... Idol... Error]
ဒေါက်တာဝတ်စုံက ပျောက်သွားပြီး အေမီရဲ့ကိုယ်ပေါ်မှာ အိုက်ဒေါတွေဝတ်တဲ့ ဂါဝန်အဖြူလေးပေါ်လာတယ်။ ဆံပင် ထပ်ဖြူသွားပြီး မျက်လုံးနောက်တစ်ဖက်လည်း မီးခိုးရောင် ဖြစ်သွားတယ်။ တတိယမန်မိုရီစတစ်ကို ထုတ်ယူလိုက်တဲ့ အချိန်မှာတော့ အေမီက ကြမ်းပြင်ပေါ်ကို လဲကျတော့မလို ဖြစ်နေပါပြီ။ ဒါပေမဲ့... သူက မန်မိုရီစတစ်တွေ တစ်ခုပြီး တစ်ခုကို ဆက်တိုက်အသုံးပြုနေဆဲ။
[Error... Error... Garuda]
[Error... Error... Silver Moon]
[Error... Error... White Wyvern]
[Error... Error... White Phantom]
...
[Error... Error... Silver Knight]
နောက်ဆုံးမန်မိုရီစတစ်ကို ခါးပတ်ထဲထည့်ပြီးနောက်မှာ အေမီရဲ့ဆံပင်တွေနဲ့မျက်လုံးတွေက လုံးဝ အရောင်အဆင်း ကင်းမဲ့သွားပြီ။ ပခုံးတစ်ဖက်မှာ ဂဋ္ဌုန်ရဲ့လက်မောင်းကာ ရှိနေပြီး တခြားတစ်ဖက်က နဂါးဖြူစက်ရုပ်ကြီးရဲ့ လက်မောင်းကာပါ။ ဝတ်စုံကတော့ ဆေလာကျောင်းသူဝတ်စုံ ဖြစ်ပေမဲ့ အနက်ရောင်ပါ။ ကျောကနေလည်း နတ်သမီး တောင်ပံတွေ ထွက်နေသေးတယ်။ လည်ပင်းမှာတော့ အိုက်ဒေါမက်ဒါနာရဲ့လည်ကျပ်(choker)ရှိနေပြီး ဒေါက်တာ မက်ဒါနာရဲ့သေနတ်ကတော့ ခါးမှာ။ ကျောမှာတော့ ငွေရောင် စစ်သည်ရဲ့ဓားပြားကြီးရှိနေပြီး တစ္ဆေဖြူရဲ့ဝတ်ရုံကြီးကို အေမီကခြုံထားတယ်။
တည်ရှိမှုတွေက တစ်ခုနဲ့တစ်ခုပွတ်တိုက်နေတာကြောင့် အေမီရဲ့ရုပ်သွင်က ဝေဝါးကာ အထွေထစ်သလိုဖြစ်နေပြီး လောကကြီးကတောင် သူ့ရဲ့တည်ရှိမှုပုံစံကို ဖော်ပြပေးနိုင်စွမ်း မရှိတော့သလိုဖြစ်နေတယ်။
“ပြင်ဆင်တာတွေ အားလုံးပြီးသွားပြီ။ အခုက တခြားကမ္ဘာတွေကို ကျူးကျော်ရမယ့်အချိန်ပဲ။”
အေမီက ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။ နောက်က တောင်ပံတွေကို ခတ်စရာမလိုဘဲ သူ့ခန္ဓာကိုယ်က လေထုထဲ မျောလွင့်နေပြီး မျက်လုံးတစ်ဖက်က အနီရောင်တောက်ပ လာပြီး တခြားတစ်ဖက်ကတော့ အပြာရောင်တောက်ပလို့ နေတယ်။ ခန္ဓာကိုယ်က ဝေဝါးသွားလိုက် ပြန်ထင်ရှားလာလိုက်နဲ့ဖြစ်နေပြီး နံရံကိုမရှိသလိုမျိုး သဘောထားကာ အာကာသစခန်း အပြင်ဘက်ကို ဝိညာဥ် တစ်ကောင်လိုမျိုး ဖြတ်ကျော်ထွက်သွားတယ်။
အာကာသထဲကိုရောက်တော့ သူ့အနီးအနားပတ်ဝန်းကျင်က အချိန်စကြဝဠာတည်ရှိမှုက တစ်မျိုးတစ်မည်လေးပင်ပြီး မူမမှန်ဖြစ်နေတယ်။ အဝေးကနေကြည့်ရင် အေမီနားမှာ ဘလက်ဟိုးလ်တစ်ခု ရှိနေသလိုပဲ။ အေမီရဲ့တည်ရှိမှု ကိုယ်တိုင်က စကြဝဠာကြီးရဲ့ဥပဒေသတွေကို ချိုးဖောက် ထားသလိုမျိုးဖြစ်နေပါပြီ။
သူက ပတ်ဝန်းကျင်က ပြောင်းလဲမှုတွေကို ကြည့်ရင်းနဲ့ နှုတ်ခမ်းကို ကွေးညွှတ်သွားအောင် ပြုံးလိုက်ပါပြီ။ “အပြစ်သားသခင်တစ်ယောက် ဖြစ်လာရတဲ့ ခံစားချက်က ဒီလိုမျိုးလား။”
“စလိုက်ကြရအောင်....”
ဖျောက်...
အေမီက လက်မနဲ့လက်ညိုးကို ကွေးလိုက်ပြီး လက်ဖျောက်တီးတယ်။ အာကာသထဲမှာ လေထုမရှိပေမဲ့ စကြဝဠာတစ်ခုလုံးကို လက်ဖျောက်တီးသံက ပြန့်နှံသွားပြီး အာကာသအနှံမှာ ဟင်းလင်းပြင်အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတယ်။ အက်ကွဲကြောင်းတွေကနေတစ်ဆင့် အပြိုင်ကမ္ဘာမြောက်မြားစွာကို မြင်နေရပြီးတော့ အေမီရဲ့ စက်ရုပ်စစ်တပ်ကြီးကတော့ အဲဒီစကြဝဠာတွေဆီ ဦးတည် ချီတက်နေကြတယ်။
အဲဒီနောက်တော့ အေမီကိုယ်တိုင်လည်း ကိုယ်ပွားပေါင်း မြောက်မြားစွာအဖြစ် ခွဲဖြာထွက်သွားပြီး အပြိုင်စကြဝဠာ အက်ကွဲကြောင်းတိုင်းဆီကို တစ်ပြိုင်နက်တည်း ဝင်ရောက် သွားပါတော့တယ်။