အခန်း (၁၀၄၈)
Vol. 71 Ch. 1048
ကလေးငယ်လေးယောက်တို့သည် အဆင့်တစ်သိုင်းဆရာအဖြစ်သို့ ရုတ်တရက် ရောက်ရှိသွားလေသည်၊ ထိုအရာသည် အထူးကြောက်မက်ဖွယ် ကောင်းလှ၏၊ သို့ပေမဲ့ ဤနေရာတွင်နေထိုင်ကြသော မြို့သူမြို့သားတို့၏ အမူအရာသည် ပြောင်းလဲခြင်း လုံးဝမရှိကြချေ။ ၎င်းတို့၏ မျက်လုံးထဲ၌ ကျေးဇူးတင်မှုများသာ ထင်ဟပ်လို့နေလေသည်။
လူအုပ်ကြားထဲတွင် ရောက်ရှိနေသော ကျွင်းချောင်ရှောင်းနှင့်လီချင်းယန်တို့သည် ခေါင်းကိုငုံ့ထားကြ၏၊ မဟုတ်ပါက ၎င်းတို့၏မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာများကြောင့် သတိပြုမိသွားပေလိမ့်မည်။
သူတို့ မည်ကဲ့သို့ မတုန်လှုပ်ဘဲ နေမည်နည်း၊ ဘာမှန်းမသိသည့် အလင်းတန်းလွှမ်းခြုံပြီးသည့်အခါမှတော့ ကလေးများ၏ အဆင့်သည် ရုတ်တရက်မြင့်တက်သွားခဲ့၏။
"ထူးဆန်းလိုက်တာ"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်မိ၏။ "ဒါအရမ်းကိုထူးဆန်းလွန်းတယ်"
"အဖေ … အမေ" ကလေးငယ်လေးယောက်တို့သည် မနည်းကြိုးစား မတ်တပ်ရပ်ပြီးနောက်မှာတော့ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "အင်ပါယာက ကျွန်တော်တို့ကို စွမ်းအင်တွေပေးခဲ့တယ်"
စိတ်တစ်ခုလုံး ရှုပ်ယှက်ခတ်နေသော ကျွင်းချောင်ရှောင်းသည် မျက်လုံးထဲတွင်တော့ ရုတ်တရက် စူးရှသည့် အမြင်တစ်ခု ဖြစ်တည်လာခဲ့သည်၊ သူသည် သေသေချာချာကြည့်ရှုလိုက်မိ၏။
"ဒါက ဝိညည်တိုက်ခိုက်မှုဆိုတာ သေချာတယ်။ ဘာလို့ ဒီကလေးတွေအပေါ် မသက်ရောက်ရတာလဲ။ အရမ်းထူးဆန်းလွန်းတယ်" စနစ်ကကျေိန်းသေပေါက် အလေးနက်ထားကာ ပြုလုပ်ကြသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် "တစ်စုံတစ်ခုကို ရယူချင်တယ်ဆိုရင် တစ်စုံတစ်ခုကို ပြန်ပြီးပေးဆပ်ရတယ်ဆိုတဲ့ လောကရဲ့နိယာမလဲ ရှိတယ်လေ။ ဒီတော့ ဒီလိုမျိုး စွမ်းအင်တွေ တိုးတက်အောင်လုပ်တဲ့အခါမှာတော့ ပေးဆပ်မှုတစ်ခုတော့ ရှိကိုရှိရမယ်၊ နောက်ကွယ်မှာပေးဆပ်မှုတော့ ရှိမှာသေချာတယ်။ ဘာကို ပေးဆပ်ရတာလဲ"
"လက်ခံသူ …..မင်းဆီမှာ စနစ်ရှိတယ်လေ ဒါကျတော့ရော"
"ငါမှာစနစ်ရှိတယ်။ ဒါပေမဲ့ ငါ့မှာ ချိန်ကိုက်ဗုံးကြီးရှိနေတယ်။ ပြီးတော့ အလဲအလှယ်အရဆို ငါ့ ဘဝကြီးတစ်ခုလုံးကို ဂိုဏ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုက်ခိုက်နေရတယ်။ ငါနေချင်တဲ့ဘဝမှာ နေလို့မရဘူး။ ငါချစ်တဲ့သူနဲ့လည်း အတူဖြတ်သန်းခွင့် မရှိတော့ဘူး ဒါက အလဲအလှယ်ပဲမဟုတ်လား"
စနစ် သည် တိတ်ဆိတ်ငြိမ်သတ်သွား၏။
လက်ခံသူပြောသည့် စကားသည် အမှန်ပင်ဖြစ်သည်။ သို့ပေမဲ့ စနစ်က သူ့အား ချိန်ကိုက်ဗုံးကြီးနှင့် ပြိုင်စံရှားဂိုဏ်းဖြစ်အောင် ကြိုးစားစေသည်သာ ရှိ၏၊ ရည်းစားမထားရဟု ကန့်သတ်ထားခြင်း မရှိချေ။ မိမိဘာသာ ရည်းစားရရန်အတွက် လုံလောက်သည့် အရည်အချင်းမရှိခြင်းသည် စနစ်နှင့် မဆိုင်ရေးချ လုံးဝမသတ်ဆိုင်ချေ။
"လီနဲ့ကျန်းမိသားစုရှိကလေးတွေက သိုင်းဆရာအဆင့်ကို မချိုးဖြတ်နိုင်ခဲ့ဘူး ဆိုပေမဲ့ တန်ဖိုးရှိတဲ့ ကလေးတွေတော့ ဖြစ်နေသေးတယ်"
ဟောခန်း၏ ရှေ့တွင်ရှိနေသော မှော်ဆရာသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ "သူတို့ကို အမွေအနှစ်ဟောခန်းဆီမှာ ခနထားခဲ့လိုက်။ အင်ပါယာနန်းတော်ကလူတွေ သူတို့ကို လာခေါ်မလားဆိုတာ စောင့်ကြည့်ကြရအောင်"
"ကောင်းပါပြီ"
ကလေး၏ မိဘများသည် အလွန်တရာ စိတ်လှုပ်ရှားနေကြ၏၊ ၎င်းတို့ကလေးငယ်များသည် အင်ပါယာ၏ ရွေးချယ်ခြင်းကို ခံရပြီးနောက်မှာတော့ စွမ်းအင်အဆင့်များကို လွှဲပြောင်းပေးခြင်းခံခဲ့ရသည်။ ဤသည်မှာ ၎င်းတို့အားလုံးသည် အနာဂတ်တွင် ထူးချွန်လှသည့်လူများ ဖြစ်နေမှာ သေချာတော့သည်၊ ဘိုးဘေးများ ဂုဏ်ယူရမည့် အရာများကို ယူဆောင်လာမည့် ကလေးငယ်များပင် ဖြစ်တော့သည်။
အခမ်းအနားပြီးသည့် နောက်မှာတော့ ကလေးငယ်လေးယောက်တို့သည် လေ့ကျင့်ရေးခန်းမဆီသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ၎င်းတို့သည် မြန်မြန်ဆန်ဆန်ပင် အထဲသို့ဝင်ကာ ပျောက်ကွယ်သွားခဲ့၏၊
ရှိနေသော လူများအားလုံးသည် တီးတိုးဆွေးနွေးခြင်းကို ပြုလုပ်နေကြသည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် အော်ရာများကို အသာပြန်လည်ရုတ်သိမ်းပြီးနောက်မှာတော့ တွေးလိုက်၏။ "ကလေးငယ်လေးယောက်လုံးဟာ သိုင်းဆရာအဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့က မြန်မြန်အဆင့်တက်လိုက်တာကြောင့် အော်ရာတွေက မတည်ငြိမ်ဘူး ကြည့်ရတာ ဒါဟာ ပင်လယ်ထဲမှာ တွေ့ရတဲ့ဓားပြတွေလို့ပဲ။ သူတို့က နည်းစနစ်တစ်ခုကို သုံးပြီးတော့ တိုးမြှင့်ထားကြတာပဲ။ ဒီတော့ တစ်ကယ်ကို အားကောင်းတဲ့ သိုင်းပညာရှင်တွေနဲ့ တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
စနစ်က ပြောလိုက်၏။ "တစ်ကယ်လို့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တစ်ထောင်ကျော်ကို ဖန်တီးလိုက်မယ် ဆိုရင် သိုင်းအုပ်စိုးသူ တစ်ထောင်ကျော်က နိုင်အောင်တိုက်ခိုက်နိုင်မယ်ထင်လို့လား "
"သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူက နိုင်မှာပေါ့"
သူတို့ လမ်းမှာတွေ့ခဲ့ရသော ပင်လယ်ဓားပြတွေသည် အဆင့်တက်မြန်အောင် ဖန်တီး ပြုလုပ်ထားသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတွေ ဖြစ်နေပေမဲ့ သိုင်းအုပ်စိုးသူတွေထက် ပိုပြီးတော့ အားကောင်းလွန်းနေ၏။
စနစ်ကပြောလိုက်သည် "ဒါကြောင့် ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်ဆန်ဆန် တိုးတက်တဲ့ နည်းလမ်းကို အသုံးပြုပြီး အင်ပါယာကျန်းဝေအနေနဲ့ အရမ်းကို အဆင့်မြှင့်တဲ့သူတွေ ဖန်တီးထားမယ်ဆိုရင် အဆင့်နိမ့် ကျင့်ကြံသူတွေ ၊ တခြားအင်ပါယာရဲ့ စစ်သည်တွေက နိုင်အောင်လာတိုက်ခိုက်နိုင်ပါ့မလား "
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက် သွား၏။ စနစ်ပြောသည်သာ အမှန်ဆိုလျှင် အကြီးအကဲကျန်းဝေသည် ကလေးငယ်များကို သနားညှာတာခြင်းမပြုဘဲ အဆင့်တိုးရန်သာ ပြုလုပ်နေလေ၏။
"ဒါက ကလေးလေးတွေပဲ ရှိသေးတယ် အရွယ်ရောက်ပြီးသူတွေနဲ့ သိုင်းကျင့်ကြံသူတွေကိုသာ ဒီလို အဆင့်မြှင့်ထားမယ်ဆို ပိုပြီးကြောက်စရာကောင်းမှာ မဟုတ်လား"
ကျွင်းရှောင်ချောင်းသည် အိပ်ယာပေါ်တွင် လဲလျောင်းရင်းမှ မျက်မှောင်ကုတ်လျှက်ရှိ၏။ "အင်ပါယာကျန်းဝေ ကမရိုးရှင်းဘူး၊ သူကဝိညည်မျိုးနွယ်တွေရဲ့ဝါးမျိုခြင်းခံထားရတာလား"
သူသိသလောက်ဆိုလျှင် ဝိညာဉ်မျိုးနွယ်များသည် အခြားသူများ၏ ကျင့်ကြံခြင်းကို စုပ်ယူ၍ အသက်ရှင် နေထိုင်နိုင်၏၊ သို့ပေမဲ့ အဘယ်ကြောင့် အခြားသူများ၏ ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနေရသနည်း။
"ခေါင်းကိုက်စရာပဲ"
သူသည် ခေါင်းအုံးပေါ်တွင် အသာမှောက်လိုက်ပြီးနောက်မှာတော့ ကုပ်ပိုး ကို တဘုန်းဘုန်း နှင့် ပုတ်လိုက်၏။
စနစ်က ပြောလိုက်သည်။ "အင်ပါယာကျန်းဝေက ဝိညာဉ်မျိုးနွယ်တွေရဲ့ ဝါးမျိုခြင်းခံထားရလား ၊ မခံထားရဘူးလားဆိုတာ အရေးမကြီးဘူး။ အခုအရေးကြီးတာက ……"
ကျွင်းချောင်ရှောင်သည် ဖြတ်ကာပြောလိုက်၏။ "ဆရာဖန်းကို ရှာဖို့ပဲ”
“ဒါအမှန်ပဲ"
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာပြောလိုက်၏။ "အရှေ့ပင်လယ်ဆီ လာတဲ့ခရီးက ရှုခင်းတွေကြည့်ရုံထက် မပိုလောက်ဘူးထင်ခဲ့တာ …. တစ်ကယ်တော့ ထင်ထားတာထက် ပိုပြီးရှုပ်ထွေးလွန်း နေတာကိုး "
သူသည် ပထမတုန်းက လေးလေးနက်နက်မထင်ခဲ့မိချေ၊ သို့ပေမဲ့ ကျန်းဝေအင်ပါယာ၏ တည်နေရာကို ဝင်ရောက်ပြီးနောက်မှာတော့ ဤနေရာကြီး၏ အင်အားအစစ်ကို မျက်ဝါးထင်ထင်တွေ့မြင့်ခဲ့၏။ ထို့နောက် သူသည် စတင်ကာ လေးလေးနက်နက် စဉ်းစားနေမိတော့၏။
"သောက်တလွဲ ဝိညာဉ်မျိုးနွယ်တွေပဲ"
ကျွင်းချောင်ရှောင်းသည် စောဒက တက်လိုက်မိ၏၊ "မင်းတို့ရဲ့ ဘာမှန်းမသိတဲ့တည်ရှိမှုတွေကြောင့် ငါမှာ ရှိတဲ့လူတိုင်းကို သံသယလိုက်ဝင်နေရတယ်။ တစ်ကယ့်ကိုကြောင်တောင်တောင်ပဲ"
စနစ်ကပြောလိုက်သည်။ "လက်ခံသူနဲ့တပည့်တွေက ရှေး သိုင်းအင်ပါယာ အေမွအနှစ်ကို ဆက်ခံခဲ့တယ်။ ဒီတော့ လောကကြီးကိုကယ်တင်ဖို့ တာဝန် ကျရောက်လာတာ ညီမျှတဲ့အလဲအလှယ်ပဲမဟုတ်လား"
………
နောက်တစ်ရက်မှာတော့ ကျွင်ချောင်ရှောင်းနှင့် ရုပ်ဖျက်ထားသော သူ၏တပည့်များသည် မတူညီသည့် မြို့အရွယ်အစား အသီးသီး ကို ဖြတ်သန်းကာ ခရီးဆက်လျက်ရှိနေကြသည်။ သူတို့သည် ဖြတ်သန်း သွားလာသည့်မြို့တိုင်းတွင် အခမ်းအနားကို ပြုလုပ်နေသည့် မှော်ဆရာများကို မြင်နေရ၏။
ရီချင်းချန် နှင့် ဟယ်ဝူတီ တို့သည် ထိုအချင်းရာကိုမြင်သည့်နောက်မှာတော့ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ကြသည်။ "အလင်းတန်းတစ်ခုက သိုင်းကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်တယ် ဟုတ်လား … မယုံကြည်နိုင်စရာပဲ"
သို့ပေမဲ့ သူတို့မြင်တွေ့လိုက်ရသည်မှာ အဆင့်နိမ့်သိုင်းကျင့်ကြံသူများသာ ဖြစ်လို့နေ၏၊ ထို့ကြောင့် အံ့အားသင့်သည်ဆိုသော်လည်း လက်ခံနိုင်သည့် အတွင်းတွင် ရှိလို့နေ၏။
သုံးရက်ကြာပြီးသည့်နောက်မှာတော့ သူတို့သည် ကျန်းဝေမြို့နှင့် အနီးစပ်ဆုံးမြို့ကို ရောက်ရှိလာကြ၏၊ ထိုနေရာမှာတော့ သိုင်းစစ်သူကြီးအဆင့်မှ သိုင်းဘုရင်အဆင့်သို့တိုးတက်သွားသော လူပေါင်းတစ်ရာကျော်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။
အားလုံးသည် စိတ်နှလုံးများတုန်ယင်သည်အထိ ထိတ်လန့် တုန်လှုပ်နေကြ၏။ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည်လည်း တဆတ်ဆတ်နှင့် တုန်ယင်၍နေတော့၏။
ပြိုင်စံရှားဂိုဏ်းတွင်လည်း တပည့်များ အဆင့်တိုးမြှင့်ပေးနိုင်သည့် အရာများရှိလို့နေ၏၊ သို့ပေမဲ့ အနီရောင်အလင်းတန်းကို ခံယူလိုက်ရုံနှင့် အဆင့်တိုးတက်သွားသည်မှာ မည်ကဲ့သို့သောနည်းစနစ်များဖြင့် ပြုလုပ်ထားသနည်း။
အကယ်၍ ဤကျောက်ရုပ်ထုကြီးဘေးတွင် တင်းကြပ်သော အစောင့်များသာ မရှိပါက ကုန်းရှန့် သည် ချက်ချင်းပဲ ထိုအရာကြီးကို ခွဲ၍ အထဲ၌ မည်သည့်အရာတွေများ ရှိနေသနည်းဟု သွားရောက်ကာ လေ့လာမိပေလိမ့်မည်။
"အမ်"
ကျွင်းချောင်ရှောင်းသည် အနည်းငယ်စိတ်ဓာတ်ကျနေတုန်းမှာပဲ သိုင်းဘုရင် အဆင့်သို့ချိုးဖြတ်သွားသူတို့၏ မျက်လုံးထဲတွင် အနီရောင်အလင်းတန်းများတောက်ပသွားပြီး တွေဝေငေးငိုင်သွားသည်ကို တွေ့လိုက်ရ၏။
"ဒါက ကျင့်ကြံခြင်းကို ရုတ်တရက် တိုးမြှင့်လိုက်တဲ့အတွက် စွမ်းအင် တစ်မျိုးမျိုးရဲ့လွှမ်းမိုးခြင်းကို ခံလိုက်ရတဲ့ ပေးဆပ်ခြင်းဖြစ်နိုင်တယ်..."
မြို့အပြင်ဖက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များနှင့် အတူ ထွက်လာခဲ့၏။
လက်ထဲတွင်ဆွဲသီးလေးတစ်ခု ကိုင်ဆောင်ထားသော လှပသည့် မိန်းမပျိုလေးသည် ဒူးထောက်ချလျက် ငိုကြွေးနေသည်ကိုတွေ့လိုက်ရသည်။
"အီး … အီး … အကိုဖန်း …. ရှင်ကျမကို လက်ထပ်မယ်ပြောပြီးတော့ အင်ပါယာနန်းတော်သွားပြီးကတည်းက ဘာလို့ ပြန်မလာခဲ့တာလဲ။
အင်ပါယာနန်းတော် ထိုအရာသည် အင်ပါယာကိုယ်တိုင် တည်ထောင်ထားသော နေရာဖြစ်ပြီး အရည်အချင်း ရှိသည့်သူများသာ တက်ခွင့်ရှိသည်။
ကျွင်းချောင်ရှောင်းသည် မြို့သူ မြို့သားများ၏နေထိုင်မှုပုံစံကို သိရှိပြီးဖြစ်သည်။ သူတို့သည် အင်ပါယာနှင့် အင်ပါယာနန်းတော်ကိုသာဝင်ခွင့်ရရန် အားတက်တရော ကြိုးစားတတ်ကြ၏။
"ဂိုဏ်းချုပ်"
လီချင်းယန်ကပြောလိုက်သည်။ "ဒီလမ်းအတိုင်းသာ သွားမယ်ဆိုရင် ကျန်းဝေမြို့ကို နှစ်နာရီအတွင်းရောက်လိမ့်မယ်"
ကျွင်းချောင်ရှောင်းသည် ငိုယိုနေသည့်မိန်းကလေးကို တစ်ချက်လှမ်းကြည့်ပြီးနောက်မှာတော့ လက်ကို ဝေ့ယမ်းလိုက်သည်။
"သွားကြရအောင်..."
နှစ်နာရီခန့် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်လေးယောက်ကိုခေါ်ဆောင်ကာ ကျန်းဝေမြို့တံခါးအဝင်တွင် ရပ်လျက်ရှိ၏။ ဤတံခါးသည် ၎င်းတို့၏အင်ပါယာမြို့တံခါးနှင့် နှိုင်းယှဉ်၍ပင်ရနေ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တိုက်ပွဲများဖြစ်ပွားနေသည်ဆိုသော်လည်း မည်သူမျှအင်ပါယာမြို့အား လာ၍ မတိုက်ရဲကြပေ။ နှစ်ပေါင်းတစ်သောင်းနီးပါးခန့် ကောင်းကောင်းဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခဲ့တော့၏၊ ထို့ကြောင့်ပင် အခြားသောစီရင်စုများနှင့်နှိုင်းယှဉ်လျှင် ရန်ကျုး၏ အင်ပါယာမြို့တော်သည် အလွန်တရာ ခမ်းနားလွန်းနေသည်။
ဟုတ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ ကျန်းဝေမြို့သည် အရှိန်အဝါအရဆိုလျှင် အင်ပါယာမြို့ထက်ပင် ပိုသာလွန်နေ၏။
ကျွင်းချေင်ရှောင်း နှင့်သူ၏တပည့်များသည် မြို့တံခါးတွင် ရပ်ပြီးသည့်နောက်မှာတော့ မြို့အတွင်းမှ ထွက်ပေါ်နေသည့် အော်ရာများကို ခံစားလိုက်မိကြသည်။ ဤအရာမှာ အချိန်မရွေးစစ်ပွဲဖြစ်ပွားသွားနိုင်သော အော်ရာမျိုးဖြစ်သည်။
"ဝင်ကြရအောင်"
ဂိတ်တံခါးတွင် စောင့်ကြပ်နေသော ရဲမက်တစ်ယောက်သည် ၎င်းတို့၏ မှတ်ပုံတင်များကို သေချာ စစ်ဆေးပြီးနောက် ဝင်ခွင့်ပြုလိုက်တော့သည်။
ကျွင်းချောင်ရှောင်းသည် လီချင်းယန်နှင့်အခြားတပည့်များကို ခေါ်ဆောင်ကာ အထဲရောက်သည့်အခါမှာတော့ သူတို့သည် ကြီးမားလှသည့် ရုပ်ထုကြီးအားမြင်တွေ့လိုက်ရ၏။ "အင်ပါယာကျန်းဝေလား … ကျုပ် … ကျွင်းချောင်ရှောင်း ရောက်လာပြီ"